အပိုင်း ၆၀
Viewers 12k

Chapter 60


ဘန်မှာ မြို့တော်နှင့် အတန်ငယ်ဝေးသော သူ၏ မြို့စားမင်း ပိုင်နက်နယ်မြေများကို စစ်ဆေးနေသည်။   ယခုဆောင်းဦးတွင် ဆန်စပါးပေါများခဲ့သဖြင့်  ကုန်လှောင်ရုံတို့မှာ တစ်နှစ်တာလုံး လုံလောက်နိုင်သည့် စားနပ်ရိက္ခာတို့ဖြင့် ပြည့်နေသည်။ 


"ကောက်ရိတ်ပွဲတောင် လုပ်တော့မှာပဲ"


"ဘယ်တော့လဲ?"


"နောက်လေးရက်နေရင်လို့ ပြောတာပဲ"


ကောက်ရိတ်ပွဲသည် ရွာသူရွာသားတို့ ယခုနှစ်ဆန်စပါးအတွက် ပျော်ရွှင်ကြပြီး နောက်လာမည့်နှစ်အတွက် ကောင်းမွန်စွာရရှိစေရန် ဆုတောင်းပျော်ရွှင်ဆင်နွှဲကြရာ အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲပင်ဖြစ်သည်။ မြို့တော်တွင် ကျင်းပသော ခပ်သေးသေးကောက်ရိတ်ပွဲလိုမဟုတ်၊ ကျေးရွာ နယ်ပယ်များတွင် ပြုလုပ်သည်မှာ ပွဲတော်အကြီးစားပင်ဖြစ်သည်။


"သူတို့ ကောက်ရိတ်ပွဲအတွက် တစ်ခုခုလိုမယ်ဆိုရင် သူတို့လိုသမျှ ထောက်ပံ့ပေးမယ် ပြောလိုက်ပါ"


"နားလည်ပါတယ် ဆရာ"


အားချန်သည် ရွာသူကြီးနှင့်စကားပြောရန် ထွက်သွားခဲ့သည်။ 


တစ်ဦးတည်းကျန်ခဲ့သော ဘန်မှာမူ နယ်မြေများကိုပတ်ကြည့်သောအခါ ရွာသားများ ကြောက်လန့် မသက်မသာဖြစ်ကြရသဖြင့် ပြန်လှည့်ထွက်လာခဲ့လိုက်သည်။


ဘန်မှာ တောလမ်းအတိုင်း ခြေဦးတည့်ရာ လျှောက်လှမ်းရင်း သစ်ရွက်ကြွေများကို နင်းချေမိသည်။ သူဘေးနားရှိ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်သောအခါ စမ်းချောင်း ခပ်တိမ်တိမ်လေးကို တွေ့လိုက်ရသည်။ သူက ယူနီဖောင်းဝတ်ရသည်မှာ သက်တောင့်သက်သာ မရှိသဖြင့် လက်နှင့် လည်ပင်းကြယ်သီးကိုဖြုတ်လိုက်ရင်း တိတ်ဆိတ်စွာ အခုလက်ရှိ အခြေအနေအကြောင်း စဉ်းစားနေမိသည်။


အလုပ်နှင့် စစ်ဆေးခြင်းများဖြင့် သူလည်း ပင်ပန်းနေသည်။ ပင်ပန်းနေသည့် မျက်လုံးများကို ဖိရင်း တောင့်တင်းနေသော ပုခုံးများကို ပုတ်လိုက်မိသည်။ မျက်နှာမှာလည်း ပိုသွယ်ကျသွားကာ နဂိုကတည်းက ထင်ရှားသောမေးရိုးမှာ ပိုမို ထင်းလာသည်။ အခုစဉ်းစားကြည့်မိကာမှ အလုပ်များတောက်လျှောက်လုပ်နေရသဖြင့် နောက်ဆုံး အစာကောင်းကောင်း စားခဲ့သည့်အချိန်ကိုပင် မမှတ်မိတော့။


ဆာစီးနီယာကို ထိခိုက်အောင်လုပ်မိမည်စိုး၍ ရှောင်ဖယ်နေခဲ့ကာ နေပြည်တော်က ထွက်လာခဲ့သည်မှာ ၁၀ရက်ပင် ကျော်လာပေပြီ။ ထိုနေ့က သူဘာလုပ်ရန်ကြံရွယ်ခဲ့သည် အဘယ်သို့လုပ်ခဲ့သည်ကို မမေ့နိုင်။ ဆာစီးနီယာ၏ ပိန်သွယ် အားငယ်သော လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်ထားရသည့် ခံစားချက်ကိုလည်း သတိရနေသည်။


"ဟူး..."


သူ၏ သုန်မှုန်နေသော မျက်လုံးများဖြင့် ကောင်းကင်ကိုမော့ကြည့်နေမိသည်။ ဆာစီးနီယာကို သူမတွေ့ရလေလေ  သူပိုတမ်းတမိလေပင်။ အလုပ်လုပ်နေရင်းနှင့်ပင် ဆာစီးနီယာ၏ မျက်နှာလေးကိုမြင်ယောင်မိသည့်အတွက် ဘောပင်ကို ချထားရသည့်အကြိမ်ရေကိုပင် မရေတွက်နိုင်။ သူတည်တည်ငြိမ်ငြိမ်ဖြင့် သူမအကြောင်းမတွေးဘဲ နေဖို့ကြိုးစားသော်လည်း ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေ။


တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာလေ အတိတ်တုန်းကလို ဆာစီးနီယာကို သူသတိရမိလေပင် ဖြစ်သည်။ သို့ပေမယ့် သူ့အခြေအနေက ယခင်ကလို မှန်းဆစိတ်ကူးနေရရုံဘဝမဟုတ်ပေ။ အတိတ်ကလို သူ့ခြေလက်တွေမှာလည်း တုပ်နှောင်မခံထားရဟု ခြေလက်များကို ကြည့်ရင်းတွေးမိသည်။ 


"ကိုယ်မင်းကို သတိရတယ်"


လျှို့ဝှက်ထားသော ခံစားချက်များကိုဖွင့်ဟရင်း ဆာစီးနီယာကို မြင်တွေ့ချင်သည့်စိတ်တို့ တစ်ခေါင်းလုံးပြည့်နှက်လာနေပြန်သည်။ သူမကို ဘယ်လောက်‌တောင် သတိရမိနေကြောင်း ထိန်းချုပ်ထားရသည်မှာ နာကျင်လှကြောင်း ပြောပြချင်သည်။


"ကိုယ်မင်းကိုလွမ်းတယ်"


"ကိုယ်မင်းကို တကယ်လွမ်း‌တယ်"


"ကိုယ်မင်းကို အခုအရမ်းလွမ်းနေတယ်"


ဘန်က ထိုင်နေရာမှ ခုန်ထလိုက်ကာ အပြေးသွားချင်စိတ်ကို မထိန်းချုပ်နိုင်တော့။ ဆာစီနီးယာကို ရှောင်နေရသည့် အကြောင်းရင်းကို သူ့ခေါင်းထဲမှ မေ့သွားခဲ့ပြီ။ သူ့စိတ်ထဲတွင်လည်း အခု အရမ်းတွေ့ချင်နေသော အတွေးများသာ ဖုံးလွှမ်းနေသည်။


"သံအမတ်ကြီး၊ ဆရာ့အတွက် ကျွန်တော်တို့ နေစရာစီစဉ်ထားပါတယ်"


တောအုပ်ထဲသို့ အချိန်မှီပင်ရောက်လာသော အားချန်က ပြောလိုက်သည်။


"ငါ မြို့တော်ကို ပြန်တော့မယ်"


ဘန်က အားချန်ကို အမြန်ကျော်လာပြီး တောအုပ်ထဲမှ ထွက်လာခဲ့သည်ကို နားမလည်နိုင်သော မျက်နှာဖြင့်ကြည့်ရင်း အားချန်မေးလိုက်မိသည်။ 


"တကယ်လား? ဆရာအခုသွားမလို့လား?  ကျွန်တော်အဖော်လိုက်ခဲ့ပါ့မယ်"


"အခုနောက်ကျနေပြီ၊ အားချန် မနက်ဖြန်မနက်မှ ပြန်လာခဲ့လိုက်တော့"


ထိုစကားလုံးများနှင့်အတူ ဘန်က မတွန့်မဆုတ်ဘဲ အရှိန်ဖြင့်ပြေးထွက်လာသည်။ မြင်းစောင်းထဲတွင် ထားသော အနက်ရောင်မြင်းပေါ်တက်ရင်း ဇက်ကြိုးကိုအမြန်ဆွဲလိုက်သည်။ 


သူ့မျက်စိရှေ့တွင်ပင် နေမှာ တဖြည်းဖြည်းစောင်းလာသည်။ ယခုနေရာမှာ မြို့တော်နှင့် အတော်ဝေးသဖြင့် မြို့စားမင်းခြံဝင်းသို့ ‌ရောက်ရန် သူတစ်ညလုံး အကျော့နှင်ရ‌လိမ့်မည်။ ညသန်းခေါင်မှ ရောက်လိမ့်မည်ဖြစ်၍ ဆာစီးနီယာကိုလည်း တန်းတွေ့နိုင်မည်မထင်။ သို့ရာတွင် သူ အခုချက်ချင်းပင် ထွက်လာချင်သည်။ သူနောင်တများဖြင့် ပြန်လာခဲ့ပေမယ့် ဆာစီးနီယာကိုတော့ တွေ့မှရမည်။ ကျဉ်းမြောင်းသော မြေလမ်းမပေါ်တွင် မြင်းခွာသံမှာ ပြင်းထန်ကျယ်လောင်စွာ စည်းချက်မှန်မှန်ပဲ့တင်နေသည်။


 ***


ထင်ထားသကဲ့သို့ပင် ဘန်ပြန်ရောက်သည့်အချိန်မှာ ညအတော်နက်နေပြီဖြစ်သည်။


"သံအမတ်ကြီး စံအိမ်မှ ပြန်လည်ကြိုဆိုပါတယ်"


စံအိမ်ထဲသို့ဝင်သည့်အချိန်တွင် သူ့ကိုပထမဆုံး နှုတ်ဆက်လိုက်သည်မှာ ဘဏ္ဍာထိန်းအားချန်ဖြစ်သည်။ စံအိမ်တစ်ခုလုံးမှာမူ အကုန်အိပ်မောကျနေသလို တိတ်ဆိတ်မှုက လွှမ်းခြုံနေသည်။


"ဆရာပင်ပန်းနေမှာပဲ ရေချိုးဖို့ပြင်လိုက်ပါ့မယ်"


"ငါ အဆင်ပြေတယ်"


ဘန်က မားချန်၏ ပြောဆိုမှုကို ငြင်းလိုက်ပြီး လှေကားထက်သို့ အမြန်နင်းတက်လာခဲ့သည်။ ခရမ်းရင့်ရောင် မျက်လုံးများမှာ ဆာစီးနီယာကို တမ်းတမှုဖြင့် လရောင်အောက်တွင် တဖိန့်ဖိန့်လက်နေသည်။


သူ၏ခြေလှမ်းများမှာ ပြေးတော့မလိုပင် သွက်နေသည်။ သူ့အတွက် စံအိမ်ကြီးမှာ မလိုအပ်ဘဲ ကြီးမားနေသလို ပထမဆုံးအကြိမ်ခံစားလိုက်ရသည်။  ဆာစီးနီယာ၏ အခန်းရှေ့အရောက်တွင်တော့ မည်သည့်အသံမျှ အခန်းထဲမှ မကြားရ။ ဘန်က ရှုပ်ထွေးနေသော ဆံပင်များကိုသပ်ရင်း ဆာစီးနီယာမှာ ညအချိန်ဖြစ်လို့ အိပ်ပျော်နေလောက်မည်ဟု တွေးတောမိနေသည်။


'အခန်းထဲကို ခဏသွားပြီး သူမရဲ့ အိပ်ပျော်နေတဲ့မျက်နှာလေးကို ကြည့်ရမလား မနက်ထိပဲ စောင့်လိုက်ရမလား?'


သူ့ဘာသာ မေးခွန်းထုတ်နေသော်လည်း အဖြေကိုမူသိပြီးသားဖြစ်သည်။ သူ၏လက်မှာ တံခါးလက်ကိုင်ကို ကိုင်ရင်းလှည့်ဖွင့်မိနေလေပြီ။ သူမကို အခုချက်ချင်းပင် မြင်တွေ့ချင်နေပြီဖြစ်သည်။ မနက်ထိမစောင့်နိုင်တော့။


အသက်အောင့်ထားရင်း သူ အခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လိုက်သည်။ သို့သော်အိပ်ယာထက်တွင် မည်သူမျှမရှိ။ သူ့မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားကာ နှလုံးခုန်သံပင် ရပ်တန့်သွားသလိုပင်။ 


'မဖြစ်နိုင်ဘူး။ ဒါဆိုရင်..."


'ဆာစီးနီယာက တစ်ခွန်းမှမပြောဘဲ ထွက်သွားပြီလား?'


သူ့နှလုံးသားကို လှံချက်ပေါင်းများစွာ ထိုးခွင်းဝင်ရောက်သွားသည်။ သူ့မျက်လုံးမှာ ပြူးကျယ်လွန်းရကာ ရှေ့မှ နေရာလွတ်ကို မြင်ရသည်မှာပင် နာကျင်နေသည်။ တုန်ယင်နေသော လက်ကို လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်ပြီး အဆုတ်များပင် နာကျင်လာသည့်အတွက် အသက်ကိုပြင်းထန်စွာ ရှူနေရသည်။


"ဟာ..."


အသက်ပြင်းပြင်းရှိုက်ရင်း သူ့ရင်အုံကိုဆွဲညှစ်ထားရသည်။ မျက်နှာမှာလည်း နှင်းတောကဲ့သို့ ဖြူဖျော့နေပြီး ကြောက်လန့်စိတ်ပျက်မှုများမှာ လှိုင်းလုံးပမာ သူ့ကိုဖုံးလွှမ်းသွားသည်။ သူ့မေးရိုးမှာ ပြင်းထန်စွာ တုန်ယင်နေပြီး မျက်ဝန်းထောင့်တွင်လည်း မျက်ရည်များဖြင့် စိုစွတ်နေသည်။ ဆာစီးနီယာ၏ ပျောက်ကွယ်မှုမှာ သူ့အတွက် သူမသေဆုံးသွားသည်ကို မြင်လိုက်ရသကဲ့သို့ အလွန်အမင်းတုန်လှုပ်ခြောက်ခြားနေရသည်။ 


'သူမတကယ်မရှိတော့တာလား?'


'ငါ့နားမှာ မရှိတော့ဘူး...'


ဖတ် ဖတ်


ဘန်မှာ သူ့ရဲ့ ဝေးကွာနေသောစိတ်ကို အတင်းဆွဲကိုင်ထားနေရချိန်တွင် ခြေလှမ်းသံ ခပ်တိုးတိုးမှာ တိတ်ဆိတ်သော စင်္ကြကိုဖြတ်ကာ ပဲ့တင်ထပ်လာသည်။ သူလှည့်ကြည့်မိလိုက်သောအခါ အသက်ကင်းမဲ့နေသော သူ့မျက်လုံးမှာ  ပြူးကျယ်သွားသည်။ သူ့ရှေ့တွင်ကား ရှည်လျားသော ဆံနွယ်အနီရောင်များက တောက်ပလျက်ရှိနေသည်။


"ဆာစီးနီယာ?"


သူ့ကိုယ်နေဟန်ထားကိုပြင်လိုက်ရင်း ရှေ့မှ ထော့နဲ့နဲ့ ပုံရိပ်ဆီသို့ခြေလှမ်းလိုက်သည်။ ‌သူ့ရဲ့ ခြေလှမ်းများမှာ မြန်သထက်မြန်လာလေသည်။


"ဆာစီးနီယာ..."


ဘန်မှာ ထိုဖြည်းညှင်းစွာလျှောက်လာသော ပုံရိပ်ရှေ့တွင် ရပ်တန့်လိုက်ပြီး တုန်နေသော သူ့လက်ကို လှမ်းလိုက်သည်။ သူသေချာ သတိထားရင်း သူထင်ယောင်ထင်မှားဖြစ်နေခြင်းလားဟု ကြောက်လန့်ကာ သူမကို မထိမိခင် လေထဲကို လက်ဖြင့်စမ်းကြည့်လိုက်သည်။  နွေးထွေးသော ကိုယ်ငွေ့လေးကို သူ့လက်ထဲတွင်ခံစားလိုက်ရသည်။


'ဒါအစစ်ပဲ'


'ဒါပုံရိပ်ယောင်မဟုတ်ဘူး။ သူမအစစ်ပဲ'


ဘန်မှာ ဟန်ဆောင်ထိန်းထားသမျှကိုလွှတ်ချလိုက်သောအခါ မျက်ရည်ပူများမှာ သူ့မျက်ဝန်းအိမ်ထဲမှ စင်္ကြန်ပေါ်ရှိ ကော်ဇောထက်သို့ပင် စီးဆင်းကျလာရသည်။  မရှင်းပြနိုင်သော ခံစားချက်ပေါင်းများစွာပြည့်နှက်နေသည့် မျက်ရည်ပူများထဲမှ အကြီးမားဆုံးသော ခံစားချက်မှာ စိတ်သက်သာရာရသွားခြင်းပင်ဖြစ်သည်။


"...ဆာစီးနီယာ"


သူခေါ်လိုက်သော်လည်း ဆာစီးနီယာမှာ မျက်လုံးများပွင့်မလာ။  ဘန်က ဤသွင်ပြင်လက္ခဏာမှာ သူမ ခံစားခဲ့ရသော အိပ်ရင်းလမ်းလျှောက်ခြင်းဖြစ်ကြောင်း သတိရလာသည်။


"ကိုယ်က မင်းတိတ်တိတ်လေးပျောက်သွားပြီ ထင်နေတာ..."


သူမ မကြားနိုင်မှန်းသိရက်နှင့်ပင် သူ ဆက်ပြောနေမိသည်။


"မင်းထွက်သွားပြီဆိုတဲ့ အတွေးကြောင့် ကိုယ်အရမ်းကြောက်သွားမိတာ"


ဘန်မှာ ယခုအချိန်လေးကို အသုံးချကာ သူ့ခံစားချက်များအားလုံးကို ဖွင့်ထုတ်ပြောနေမိသည်။ သူမထံမှတော့ ပြန်ဖြေသံ မကြားရမြဲပင်။


ဘန်က စိုစွတ်နေသော မျက်လုံးများကိုပင့်ကြည့်လိုက်ရာတွင်တော့ မျက်လုံးများညင်ညင်သာသာ မှိတ်ထားသော သူမမှာ သူ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတုန်းကလိုပင် မျက်နှာလေးမှာ တောက်ပပြီးလှပနေသည်။ ဘန်မှာ မြင်နေလျက်နှင့်ပင် လွမ်းမောနေရသည်။


ဘန်၏ကျောမှ ဒဏ်ရာများမှာတုန်ခါ နာကျင်လာသည်။ ထိုဒဏ်ရာများပေးသောသူမှာ လူ့လောကတွင် မရှိတော့စေကာမူ သူက အခုတိုင် အိပ်မက်ဆိုးများမက်ဆဲပင်ဖြစ်သည်။ ထိုရက်များမှာ သူ့အတွက် အနာကျင်ရဆုံးနေ့ရက်များ ဖြစ်ခဲ့သည်။


"ကိုယ်မင်းရဲ့အခန်းထဲကို ခေါ်သွားပေးမယ်"


သူမ သတိပြန်မဝင်သေးသည်ကို သိနေသော်လည်း သူ့မှာ အခြားရည်ရွယ်ချက်မရှိသည်ကို သူမ သိစေရန် ဖွင့်ပြောနေမိသည်။ ဤသည်မှာ သူမကိုသာ အမြဲဦးစားပေးပြီး သူမအတွက်သာ ပထမဆုံးတွေးပေးသော သူ့ရဲ့ အကျင့်ကြောင့်ပင်ဖြစ်သည်။ သူက ဆာစီးနီယာကို ဂရုတစိုက်ပွေ့ဖက်ရင်း အခန်းတွင်းသို့ ဝင်လာခဲ့လိုက်သည်။


ယခုပြန်ကြည့်မိမှပင် စောင်မှာ တစ်စုံတစ်ယောက်သုံးထားသလို တွန့်ကြေနေကြောင်း သူသတိထားမိသည်။ ဘန်မှာ ဆာစီးနီယာကို မတွေ့လိုက်ရသဖြင့် ‌ရှော့ရကာ ဤသည်ကိုပင် သတိမထားမိခဲ့လိုက်။ အိပ်ယာပေါ်တွင် လှဲ‌လျောင်းနေ‌ပြီဖြစ်သည့် ဆာစီးနီယာကို တောက်လျှောက်ငုံ့ကြည့်နေရင်း စောင်ဖြင့် လွှမ်းခြုံ ပေးလိုက်သည်။


သူမကို မတွေ့ရသည့် ဆယ်ရက်ကျော်အတွက် အကြွေးအနေနှင့် သူမကို ကြာမြင့်စွာ ကြည့်နေလိုက်သည်။ ဆာစီးနီယာအစစ်မှန်း သေချာနေသည့်တိုင် တံလျှပ်လို ပျောက်ကွယ်သွားမှာစိုးရိမ်ကာ သူ မျက်တောင်ပင် တစ်ချက်မှမခတ်။ မြို့တော်တွင် တော်ဝင်မိသားစုမှလွဲ၍ သူသည် အာဏာအကြီးမားဆုံးဖြစ်ရာ အဘယ်ကြောင့် လွန်ခဲ့သော သုံးနှစ်ကလို ပြုမူနေခဲ့မိသည် မသိ‌?


'ငါဘာလို့ သူရဲဘောကြောင်နေတုန်းလဲ?'


'သနားစရာပဲ'


သူ့ကိုယ်သူ ပြောဆို ဝေဖန်ရင်း ခေါင်းငိုက်စိုက်ကျမိသည်။


"ဟင်း...."


ဆာစီးနီယာက ‌မျက်မှောင်ကြုံ့ရင်း လူးလွန့်မိသောအခါ ဘန်မှာ အံ့အားသင့်ပြီး ခေါင်းထောင်လာမိသည်။ ကံအားလျော်စွာပင် သူမမှာ အိပ်ပျော်လျက်ရှိနေပြီး အသက်ကို ‌ဖြည်းညှင်းစွာ ရှူထုတ်နေသည်။ သို့ရာတွင် အသံတစ်သံ သူမပါးစပ်မှ ထွက်ပေါ်လာသည်တွင် သူ့ရင်တစ်ခုလုံး တုန်ခါသွားသည်။


"...ဘန်"


သူမအိပ်မက်ယောင်နေခြင်းဖြစ်စေ သူ့ကိုမသိစိတ်မှ ခံစားရ၍ဖြစ်စေ ဘန် ကိုတော့ သူမ ခေါ်လိုက်လေသည်။ သူ့နှလုံးသားမှာတော့ ရှေးဟောင်းနာရီကြီးမှ အသံလို ကျယ်လောင်စွာ ခုန်နေသည်။


"အင်း"


သူ့ရဲ့ ခြောက်ကပ်နေသောနှုတ်ခမ်းများကို သပ်ရင်းဖြေလိုက်မိသည်။ သူ မကြားရတာ‌ကြာပြီဖြစ်သော သူမရဲ့အသံမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နွေးတက်လာစေသည်။ သူ‌ဖြေလိုက်သော်လည်း ဆာစီးနီယာထံမှ ဘာသံမှထွက်မလာတော့သည်မှာ သူထင်သည့်အတိုင်း အိပ်‌မက်ယောင်နေခြင်းပင်ဖြစ်သည်။ သို့ပေမယ့် ဘန်မှာ ဆာစီးနီယာက သူ့ကို အိပ်မက်ထဲတွင်ပင် ခေါ်နေသောကြောင့် အလွန်ပျော်ရွှင် ကြည်နူးကာ ရင်ထဲသို့ စီးဝင်သွားသည်။


'သူမ တကယ် ဖမ်းစားနိုင်တာပဲ'


သူ မည်သို့ဖြစ်ဖြစ် ချစ်ရသည့် သူမ။ သူမကို သိသူတိုင်းမည်သူမဆို သူမအလှတွင် ကျရှုံးပေလိမ့်မည်။


"ကိုယ်မင်းနားမှာ နေနိုင်ခွင့်ရှိရဲ့လား မသိဘူး" 


သူ့အသံမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းထွက်လာသည်။


ဘန် သူ့ကိုယ်သူ အမြဲသံသယပွားနေရသည်။ သူ့ဘာသာ သူမနားမှာနေခွင့်ရှိရဲ့လားဟု မပြီးဆုံးနိုင်အောင် မေးမြန်းနေမိသည်။


"ကိုယ်မင်းကို ထိခိုက်နာကျင်စေမိမှာ ကြောက်တယ် ဆာစီးနီယာ"


သူ၏ အတွင်းစိတ်နှင့် လွဲမှားသော ဆန္ဒတို့ကြောင့် သူမကို အချိန်မရွေးနာကျင်ထိခိုက်လာနိုင်မှာ စိုးရိမ်နေမိသည်။


"ကိုယ်မင်းကို အနာဂတ်မှာ နာကျင်စေမိမလား တကယ်မသိဘူး"


ဘန်၏ မျက်ဝန်းများမှာ ဝမ်းနည်းစွာ မှေးမှိန်သွားသည်။


"မဖြစ်နိုင်ပါဘူး"


ကြည်လင်သောအသံ‌တစ်ခု သူ့နားထဲသို့တိုးဝင်လာသည်။ ဆာစီးနီယာ၏အသံမှာ အလွန်ကြည်လင်နေပြီး ခုနက အိပ်မက်ယောင်သလို တီးတိုးရေရွတ်နေခြင်းမျိုး မဟုတ်ပေ။ သူ ဖြည်းဖြည်းချင်း တုန်ရင်နေသော အကြည့်တို့ဖြင့် ဆာစီးနီယာကို ကြည့်မိလိုက်သည်။ 


"ဆာစီးနီယာ"


ဆာစီးနီယာမှာ မည်သည့်အချိန်ကတည်းက နိုးနေသည်မသိ။ သူ့ကို ကြည်လင်သော သူမရဲ့ မျက်လုံးလေးများဖြင့် ကြည့်နေလေသည်။