အပိုင်း ၆၂
Viewers 12k

Chapter 62

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလမ်းနေတယ်


Chapter 62


မည်သည့်အလင်းရောင်မျှမရှိဘဲ မှောင်မိုက်နေသည့်ညပင်ဖြစ်သည်။


ယောက်ျားကြီးသည် သူ၏လက်ထဲတွင်ရှိနေသော အရာအားလုံးကိုပစ်ချကာ မိန်းမကြီးထိုင်နေသောပြတင်းပေါက်ရှိရာဘက်သို့သွားခဲ့သည်။ အခန်းသည် မည်သည့်အလင်းရောင်မှမရှိ၍ မှောင်မိုက်နေသည်။ လ၏အလင်းရောင်းပင်မရှိချေ။


 


“‌နောက်ကျသွားတာ တောင်းပန်ပါတယ်နော်”


ယောက်ျားကြီးသည် ဖယောင်းတိုင်ကိုထွန်းလိုက်သည်။ ဖယောင်းတိုင်ကို ညင်သာစွာထွန်းညှိလိုက်သည့်အခါတွင် ယောက်ျားကြီး၏မျက်နှာသည် ဖယောင်းတိုင်အလင်းရောင်နှင့်အတူ ပေါ်ထွက်လာသည်။ သူအိမ်ပြန်မလာသည်မှာ အချိန်နည်းနည်းကြာပြီဖြစ်၍ ယောက်ျားကြီး၏ပုံစံမှာမသပ်မရပ်ဖြင့် စိုးရိမ်တကြီးဖြစ်နေသည်။


“အဆင်ပြေရဲ့လား”


ယောက်ျားကြီးသည် ခန်းစီးပြတင်းပေါက်နားတွင် ထိုင်နေသော မိန်းမကြီးနားသို့သွား၍ မတ်တပ်ရပ်လိုက်သည်။


 


“သူ့ကိုတွေ့လိုက်တယ်”


 


“ဘယ်သူ့ကို‌ပြောတာလဲ”


 


“ဆာစီးနီယာ”


 


မိန်းမကြီး၏စကားကြောင့် ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ယောက်ျားကြီး၏မျက်နှာသည် ကျေနပ်အားရသလိုဖြစ်နေသည်။ သူသည် တစ်ခုခုပြောချင်သလိုပင် မျက်မှောင်ကိုကြုတ်ထားသော်လည်း မည်သည်မျှမပြောချေ။ ‌ထိုယောက်ျားကြီး၏ဘေးနားတွင်ရှိနေသော မိန်းမကြီး၏မက်လုံးများသည်လည်း ကြောက်စရာကောင်းနေသည်။ အမုန်းတရားများဖြင့် လောင်ကျွမ်းနေသောထိုမျက်လုံးကို ယောက်ျားကြီးသည် ကြောက်နေသည်။


 


“သူ‌ကောင်းကောင်းနေနေရတဲ့ပုံပဲ”


မိန်းမကြီးသည် ကြောက်စရာကောင်းသောပုံစံဖြင့် တခစ်ခစ်ရယ်မောကာ ပြောခဲ့သည်။


 


“ဟားဟားဟားဟား”


 


အချိန်အတော်ကြာ‌လောက်ရယ်မောခဲ့သည်။ ယောက်ျားကြီးသည် သူ၏နားတွင်တစ်ချိန်လုံး တိတ်တဆိတ်ဖြင့်သာ ရပ်နေခဲ့သည်။ ထိုအဖြစ်အပျက်အမြန်ပြီးဆုံးသွားစေချင်၍ သူ၏မျက်လုံးကိုအတင်းအကြပ်မှိတ်ထားလိုက်သည်။ ထိုအသံများထွက်မလာဖို့သာ ပြင်းပြင်းထန်ထန် ဆုတောင်းနေမိသည်။


“မဟုတ်ဘူး မင်းလုပ်လို့မရဘူး”


 


မိန်းမကြီးသည် အရယ်ရပ်လိုက်ကာ ထိုင်နေသောနေရာမှ ထလာသည်။ ယောက်ျားကြီး၏ပခုံးကို မဖော်ပြနိုင်သောပုံစံဖြင့် ပုတ်လိုက်သည်။ နှုတ်ခမ်းထောင့်မှ အေး‌စက်စက်အပြုံးသည် သူ့ကိုကြက်သီးမွှေးညှင်းပေ ထသွားစေသည်။


“ကျွန်မသူပိုင်ဆိုင်တဲ့အရာမှန်သမျှကိုယူမှာ”


 


သူ၏အာဃာတကြီးမားနေသည့်အသံသည် ယောက်ျားကြီးကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။


 


“ကျွန်မက ဒီအတိုင်းရှင့်ကိုအသိပေးရုံပါပဲ”


ထိုသို့ပြောပြီးနောက်တွင် မိန်းမကြီးသည် အခန်းထဲမှအေးအေးဆေးဆေးဖြင့် ထွက်သွားခဲ့သည်။ ထိုအမျိုးသမီးထိုင်ခဲ့သော နေရာတွင်စက္ကူအစုတ်များပြန့်ကျဲနေသည်။ စက္ကူထဲတွင် တစ်စုံတစ်ယောက်ကို တိုက်ရိုက်ကျိန်ဆဲထားသည့်စကားလုံးများဖြင့် ပြည့်နှက်နေသည်။


* * *


“…”


 


ဆာစီးနီယာသည် တွေဝေနေခဲ့သည်။ ဘန်၏ဖွင့်ပြောမှုကို မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားမရချေ။


 


‘ဘန်ကို‌ ငါလောဘကြီးခွင့်ပေးခဲ့တာပဲ ပြီးတော့သူက ငါ့ကိုဖွင့်ပြောလိုက်တယ်…’


 


ဘန်ထံမှာ မမျှော်လင့်ထားသောစကားကြောင့် မည်သည်မျှစဉ်းစားမရဖြစ်နေသည်။ ဘန်သည်လည်း အဖြေပေးရန်အတင်းမတိုက်တွန်းဘဲ မည်သည်မျှလည်းမပြောချေ။ သို့သော်ဆာစီးနီယာကိုသာ ညင်သာစွာစိုက်ကြည့်နေသည်။ ဆာစီးနီယာသည် တစ်ခုခုပြောစရာရှိသလိုပုံစံမျိုးဖြင့် သူ၏ပါးစပ်ကို အလျင်စလိုဖွင့်လိုက်သည်။ 


 


“ကျွန်မလည်း ရှင့်ကိုသ‌‌ဘောကျနေတယ်လို့ထင်တယ်”


ရှက်‌နေ‌သောကြောင့် သူ၏အသံသည် ကွဲအက်နေသည်။ ယခုချက်ချင်းပင် ထိုနေရာမှထကာ ရှောင်ထွက်သွားချင်နေပြီဖြစ်သည်။


“တကယ်လား”


 


‘ငါသူ့ကို သူငယ်ချင်းလို သဘောကျတာဆို‌တာရော တကယ်သိရဲ့လား’


 


မည်သို့ပင်ဖြစ်စေ ဆာစီးနီယာသည် ဘန်လိုချင်သောအဖြေကို ပေးနိုင်မည်ဟု ယုံကြည်မှုမရှိသောကြောင့် သတ္တိကြောင်စွာဖြင့် သူ၏အကြည့်မှ ရှောင်လွှဲလိုက်သည်။


“ဆာစီးနီယာ”


သူ၏နာမည်ကိုခေါ်လိုက်သည့်အတွက် ဘန်၏အကြည့်မှထိုထက်ပို၍ရှောင်လွဲ၍မရတော့သောကြောင့် မော့ကြည့်လိုက်ရသည်။ သူတို့၏တုန်ရီနေသော မျက်လုံးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မတူသောအတွေးများကိုတွေးနေကြသည်။ ဘန်သည် ဆာစီးနီယာ၏မျက်နှာကိုကြည့်နေရင်းမှပင် သူ၏လက်ကိုဆန့်ထုတ်လိုက်ကာ ဆာစီးနီယာ၏မျက်နှာပေါ်သို့ဦးတည်လိုက်သည်။


 


“မင်းဒဏ်ရာ”


 


ဘန်သည် ဆာစီးနီယာ၏မျက်ခုံးပေါ်တွက်ရှိနေသော ဆံပင်များကို ဂရုတစိုက်ဖယ်ပေးနေခဲ့သည်။ ‌ဆာစီးနီယာသည် ဘန်၏ရုတ်တရက် ထိတွေ့မှုကြောင့် လန့်သွားကာ အံ့ဩမှုဖြင့် တုန်ရီနေသည်။


 


“ပျောက်သွားပြီ”


ဆာစီးနီယာ၏ဒဏ်ရာသည် သေချာအနီးကပ်ကြည့်မှသာ သတိထားမိလောက်အောင်အထိကို ပျောက်ကင်းသွားခဲ့ပြီ။


 


“‌တော်သေးတာပေါ့”


 


“ဆရာဝန်က နေ့တိုင်းလာပြီးကြည့်ပေး‌နေတာကိုး”


ထိုကဲ့သို့ ဒဏ်ရာပျောက်ကင်းသွားရသည်မှာ သူ့အားနေ့စဉ်လာရောက်ကုသပေးနေသော ဆရာဝန်ကြောင့်ပင်။


 


“ဆရာဝန်ကို ကျွန်မအဆင်ပြေသွားပြီမလို့ မလာလည်းရပြီလို့ ပြောလိုက်တော့နော်


ရှင်ဘာမှမပြောအချင်း ကျွန်မဘာပြောပြော သူကလာနေဦးမှာတဲ့ အဲဒါကြောင့် ရှင်ပြောလိုက်နော်”


 


ဆာစီးနီယာသည် ထိုကဲ့သို့စောဒကတက်ခဲ့သည်။ ဆရာဝန်သည် ဆာစီးနီယာကို မနက်အစောကြီးလာလာကြည့်တတ်သောကြောင့် မနက်တိုင်း အိပ်အပျော်လွန်သွားမှာစိုးရိမ်၍ သံပတ်‌ပေးစရာပင်မလိုချေ။


“အခုဒဏ်ရာကသက်သာသွားပြီဆို‌တော့ ဆရာဝန်ကို တစ်ပတ်တစ်ခါမှလာဖို့ပြောလိုက်မယ်”


 


ဘန်ထိုသို့ပြောလိုက်သောကြောင့် ဘဝင်မကျဖြစ်နေသော‌ဆာစီးနီယာကို ကြည့်ကာလှောင်ပြုံး‌ပြုံးနေသည်။


“မဟုတ်ဘူး‌လေ လုံးဝမလာခိုင်းတော့လို့ မရဘူးလား”


 


“ဆရာဝန်နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပုံမှန်စစ်ဆေးဖို့လိုတယ်လေ”


 


“ကျွန်မတကယ် အဆင်ပြေပါတယ်”


 


ပုံမှန်စစ်‌ဆေးမှုမပြုလုပ်ဘဲနဲ့တောင် ဆာစီးနီယာ၏စိတ်အခြေအနေသည် အဆင်ပြေနေပြီဖြစ်သည်။ သူသည်ပုံမှန်စား ပုံမှန်အနားယူနေခဲ့ခြင်းကြောင့် ယခုကဲ့သို့တိုးတက်လာခဲ့ခြင်းပေဖြစ်သည်။


 


“အဲလိုမှ ကိုယ်စိတ်အေးနိုင်မှာ”


 


ဘန်သည် စိတ်ပူသောမျက်နှာဖြင့် ပြောနေသောကြောင့် သူ့မျက်နှာကိုပင် မကြည့်ရဲချေ။ နောက်ဆုံးမှာတော့ ဆာစီးနီယာသည် ဖြည်းဖြည်းချင်းခေါင်းညိမ့်ခဲ့သည်။ သူသည် ဟိုးအရင်ကတည်းကပင် ဘန်၏ထိုကဲ့‌သို့မျက်နှာအမူအရာကိုတွေ့လျှင် မည်သို့မျှမငြင်းပယ်နိုင်ချေ။


 


“ဟုတ်ပါပြီ”


 


“ည‌တောင်အတော်နက်နေပြီ”


 


ဘန်သည်ထိုင်နေရာမှ ထိုင်မတ်တပ်ရပ်လိုက်သည်။ ဘန်ဖွင့်ပြောထားသည့်စကားမှာ လေထဲ၌ပင် ပျောက်ကွယ်သွားပြီ။ သို့သော် ဆာစီးနီယာကို အတင်းမတိုက်တွန်းရန် ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဖြစ်စေ တစ်နေ့နေ့တွင် ဆာစီးနီယာသည် ဘန်၏ခံစားချက်များကို သိလာပေလိမ့်မည်။


 


“မင်းအိပ်နေတာ မနှောင့်ယှက်တော့ပါဘူး”


 


သူ‌ဖွင့်ပြောခဲ့သည်ကို ငြင်းခဲ့သည့်အတွက် မနာကျင်ခဲ့သောသူတစ်ယောက်သယောင်ဖြင့် ဆာစီးနီယာကိုတောက်ပစွာပြုံးပြခဲ့သည်။ မည်သည့်အတွက်ကြောင့်မျှ ဆာစီးနီယာကို အပြစ်ရှိသလိုမခံစားစေချင်ပေ။ ဘန်နာကျင်သွားရသည်ကိုသာ ဆာစီးနီယာသိသွားလျှင် စိတ်ပူလိမ့်မည်မှာသေချာသည်။


 


“ဆာစီးနီယာ”


“‌ပြောလေ”


 


ရုတ်တရက်သူ၏နာမည်ကို ခေါ်သံကြောင့် ရုတ်ခနဲလှည့်ကြည့်ကာ ဖြေလိုက်သည်။ သူ၏နှလုံးသားသည် အလွန်ခုန်နေသောကြောင့် သူ၏ပါးစပ်မှပင်ထွက်ကျလာတော့‌မည့်ပုံလို ခံစားနေရသောကြောင့် အံ့ဩသွားခဲ့သည်။


 


“ကိုယ်မင်းနဲ့ မနက်စာအတူတူစားချင်တယ်”


 


“ဟုတ်ပြီ‌လေ… စားကြတာပေါ့”


 


ဆာစီးနီယာသည်ခေါင်းညိမ့်ခဲ့သည်။ သို့သော် ထိုကဲ့သို့ပြောမိသည်ကို သူ့ကိုယ်သူပင်မယုံနိုင်အောင်ဖြစ်နေသည်။ ဘန်သည် တစ်ခုခုပြောခဲ့သော်လည်း ဆာစီးနီယာ၏နှလုံးခုန်သံကြောင့် မည်သည်မျှမကြားလိုက်ရချေ။


“အဲဒါဆို မနက်ကျမှတွေ့မယ်နော်”


ပြောပြောဆိုဆိုဖြင့်ပြုံးလျက် အခန်းထဲမှထွက်သွားသည်။ ဘန်ထွက်သွားသည့်နောက်တွင် ဆာစီးနီယာသည် အိပ်ခန်းတည်းတွင်တစ်ဦးတည်း ကျန်ရှိနေတော့သည်။


 


“ဟား…”


 


သူသည် အရမ်းပင်ပန်းခဲ့သောကြောင့် သူ၏ခံန္ဓာကိုယ်မှ အားပင်များကုန်ဆုံးနေသည်။ မျက်နှာကြတ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏နလုံးနှုန်းသည် ယခုအချိန်အထိမြန်နေဆဲပင်ဖြစ်သည်။ သူ၏လည်ပင်းသည် ပူကျစ်နေကာ ပါးပြင်မှာလည်း ယခင်ကထက်ပင် တအုံ့တနွေးနွေး‌ဖြင့်ပူနေသည်။


 


“ဘာဖြစ်‌နေတာလဲ... ကိုယ့်ကိုကိုယ်ထိန်းစမ်းပါ”


 


ထိုစကာတစ်ကြောင်းတည်းဖြင့် ရပ်တန့်လိုက်ဖို့ပင် ခက်ခဲနေသည်။


 


“…”


 


“အာ…”


 


ဆာစီးနီယာသည် သူ၏မျက်နှာကို လက်ဖြင့်ကာလိုက်သည်။


 


‘ရုတ်တရက်ကြီး ဖွင့်ပြောတာလား’


 


‘သူက ဘာလို့အဲဒါကို ရုတ်တရက်ကြီးထပြာရတာလဲ’


 


သူငိုချင်နေခဲ့သည်။ ရှေ့ဆက်ဘန်ကိုဘယ်လိုရင်ဆိုင်ရမလဲမသိ ဖြစ်နေသည်။


 


“ကိုယ်မင်းကိုချစ်တယ်”


 


“ကိုယ်မင်းကို အရမ်းချစ်တယ်”


 


သူ၏နှလုံးသားထဲတွင် ဘန်၏အသံကိုထပ်၍ကြားနေရသည်။ ဆာစီးနီယာသည် သူ၏ဆံပင်ကိုဖွကာ အိပ်ရာပေါ်တွင် လူးလိမ့်လိုနေသည်။ ဘန်ပြောခဲ့သောစကားကြောင့် ဆာစီးနီယာသည်ချိန်ကိုက်ဗုံးတစ်ခုကိုင်ထားရသဖွယ် ဖြစ်နေသည်။ ဆာစီးနီယာ၏တည်ငြိမ်နေသောနှလုံးသားကို ချိန်ကိုက်ဗုံးပစ်လိုက်ကာ ဆူနာမီတစ်ခု ဖန်တီးလိုက်သလိုပင်။ သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ ထိုညက ဆာစီးနီယာ အိပ်၍မပျော်ခဲ့ချေ။


* * *


“မမ‌လေးဆာစီးနီယာ ကောင်းကောင်းအိပ်မ‌‌ပျော်ခဲ့ဘူးလား”


 


အိပ်ရာလေးတွင်ထိုင်နေသော ဗားန်က ဆာစီးနီယာကိုကြည့်၍ မေးလိုက်သည်။ ဆာစီးနီယာ၏မျက်ကွင်းများသည်ညိုနေကာ သူ၏အသားအရေများသည်လည်း ခြောက်သွေ့သဖွယ်ဖြစ်နေသည်။


 


“မဟုတ်ပါဘူး ‌အိပ်ပျော်ခဲ့ပါတယ်”


 


ထိုသို့ပြောရင်းနှင့်ပင် ဆာစီးနီယာသည် သူ၏မျက်လုံးကိုဖြည်းညင်းသွာပုတ်ခတ်လိုက်သည်။ တစ်ညလုံးမအိပ်ဘဲနေခဲ့သောကြောင့် သူ၏မျက်ခွံများသည် လေးလံနေသည်။


 


“မ‌နေ့ညက သခင်ပြန်လာတယ်


သခင်ကပြောတယ် မမလေးနိုးလာရင် မမလေးနဲ့မနက်စာအတူတူစားမယ်တဲ့”


 


ဗားန်၏စကားကြောင့် ဆာစီးနီယာမျက်လုံးပြူးသွားသည်။ သူသည် ယခုအချိန်ထိ မည်သည်မျှဆုံးဖြတ်ချက်မချရသေးသော်လည်း ဘန်နှင့်မနက်စာစားရန်ကတိပေးလိုက်မိသည်။ ယခုမှာတော့ ဘန်ကိုရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဆာစီးနီယာသည် အိပ်ရာပေါ်ပြန်လှဲလိုက်ကာ စောင်ကိုခေါင်းမြီးခြုံလိုက်သည်။


“အစ်မ‌နေမကောင်းဘူး… မဟုတ်ဘူး မနိုးသေးဘူးလို့ပြောလိုက်”


“သခင်နဲ့မနက်စာအတူတူမစားဘူးလားဟင်” ဗားန်သည်စိတ်ရှုပ်သွားသောဟန်ဖြင့် မေးလိုက်သည်။


“အစ်မအရမ်းအိပ်ငိုက်နေတယ် နေ့ခင်းလောက်မှနိုးမလားမသိဘူး”


“ဒါပေမဲ့ သခင်က... ဟုတ်ကဲ့ပါ သခင့်ကိုပြောလိုက်ပါ့မယ်”


ဗားန်သည် အတင်းတိုက်တွန်းရန်ကြိုးစားသော်လည်း လက်လျှော့လိုက်ရသည်။ သူသည် ဆာစီးနီယာကို သူ၏သခင်နှင့်အတူတူစားစေချင်သည်။ သို့သော် ဆာစီးနီယာသည် ထိုကဲ့သို့သိသိသာသာဖြင့် ရှောင်နေ‌သည့်အတွက် ဆက်လက်တိုက်တွန်းပါက အခြေအနေကိုပိုဆိုးအောင် လုပ်မိသလိုပဲ ဖြစ်ပါလိမ့်မည်။


“အဲဒါဆိုရင် ကျွန်မသွားလိုက်ပါတော့မယ် ကောင်းကောင်းအနားယူပါ မမလေး”


ဗားန်သည် စိတ်မကောင်းဖြစ်သွားသောမျက်နှာဖြင့် တံခါးကိုပိတ်လိုက်သည်။ သူ၏သခင်သည် စံအိမ်တော်သို့ ပြန်ရောက်ရောက်ချင်းတွင် ဆာစီးနီယာကိုသာ ရှာခဲ့သည်။ ဆာစီးနီယာကို လွမ်းနေသောကြောင့်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သို့သော် ယခုတွင်ဗားန်သည် ဆာစီးနီယာ၏ငြင်းဆိုမှုအကြောင်းကို ပြောပြရတော့ပေမည်။ ထိုသို့ပြောရမည်မှာ သူ့အတွက် အလွန်ပင်အဆင်မပြေဖြစ်လှသည်။ ဆာစီးနီယာဆီသို့ သွားခဲ့တုန်းကနှင့်မတူဘဲ သူ၏သခင်ဆီသို့ သွားမည့်ခြေလှမ်းများမှာ အားပျော့နေသည်။


* * 


“ဟူး~”


စောင်၏အောက်တွင်ရှိနေသော ဆာစီးနီယာသည် ဗားန်ထွက်သွားသည့်အခါ သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူ့ကိုယ်သူသရဲဘောကြောင်သည်ဟု သိသော်လည်း မည်သည်မျှမတတ်နိုင်ချေ။ ထိုကဲ့သို့ရှောင်နေလိုက်ရုံနှင့်ပင် အရာအားလုံးကျော်လွန်သွားမည်မဟုတ်သည်ကို သိသော်လည်း ဘန်ကို မျက်နှာချင်းမဆိုင်နိုင်ပေ။ စိတ်မသက်မသာဖြစ်နေသောကြောင့် အိပ်ရာပေါ်တွင်သာ လူးလိမ့်၍နေသည်။


ယနေ့တွင် ဆာစီးနီယာသည် မေထက်ပင် ဗရမ်းဗတာနိုင်နေသည်။ သူ၏ဘေးတွင် မေစိတ်လှုပ်ရှားစွာဖြင့် စကားလာပြောနေလျှင် ဘာစကားမှထွက်မလာခဲ့ပေ။ အသက်ပြင်းပြင်းသာရှူ၍နေသည်။


“ဘယ်တုန်းကတည်းက…”


‘ဘယ်တုန်းက ဘန်ရဲ့ခံစားချက်တွေ ဒီလိုဖြစ်သွားတာလဲ’


‘ဘယ်အချိန်ကတည်းက ဘန်ဒီလိုခံစားခဲ့ရတာလဲ’


‘သုံးနှစ်ကြာပြီး သူပြန်ရောက်လာတုန်းကလား


အဲနေ့မိုးရွာခဲ့တဲ့အချိန်က ငါ့အိမ်မှာမိုးလာခိုခဲ့တုန်းကလား


မဟုတ်ရင် လွန်ခဲ့တဲ့သုံးနှစ်က ငါတို့အတူတူရှိခဲ့တုန်းကလား…’


“ငါတကယ်ကို မ‌သိတော့ဘူး”


သူ၏မှုန်ရီနေသောအသံသည် တိမ်ဝင်သွားခဲ့သည်။ ယမန်နေ့ညကတည်းကပင် သူ၏နှလုံးသားသည် မရိုးမရွဖြစ်နေခဲ့သည်။ ဘန်၏ဖွင့်ပြောမှုမှာ တစ်နေ့တောင်ကြာသွားပြီဖြစ်သော်လည်း ဆာစီးနီယာမှာ ယခုအထိပင်ရင်ထဲတွင် ဗလောင်ဆူနေဆဲပင်။


‘ငါဘန်ကို ငြင်းလိုက်ရင် ဘာတွေ‌ဖြစ်မှာလဲ’


‘သူနဲ့အရင်လို ဆက်ခင်သွားနိုင်ပါ့မလား’


သူ၏စိတ်သည် လုံးဝကို ‌ဗလောင်ဆူနေသည်။ အရာအားလုံးကို စိတ်မရှည်ဖြစ်လို့နေသည်။ ဘာကိုအရင်လုပ်ရမည်ကို စဉ်းစားမရဖြစ်နေသည်။


“ဘာလို့ ဘန်ကရုတ်တရက်ကြီး ဖွင့်ပြောခဲ့ရတာလဲ”


‘မဟုတ်သေးဘူးဟာ တော်တော်များနေပြီ’


ဘန်ကိုအပြစ်တင်နေမိသောကြောင့် သူ့ကိုယ်သူဒေါသထွက်နေခဲ့သည်။ ဘန်ကိုလောကကြီးရန်သတ္တိရှိလာအောင် ပြောခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။ ဆာစီးနီယာသည် သူ၏အိပ်ရာပေါ်တွင် အချိန်ကြာမြင့်စွာ လဲလျောင်းနေခဲ့သည်။ သူသည် ပန်းခြံထဲသို့သွားကာ သူအမြဲလုပ်နေကျအတိုင်း စိတ်အေးအေးဖြင့်ထိုင်စဉ်းစားနေချင်သည်။ သို့သော် သူအိပ်နေသည်ဟုပြောထားမိသောကြောင့် အခန်းထဲမှပင် ထွက်၍မရချေ။ အပြင်ထွင်လိုက်လျှင် ဘန်ကိုရှောင်ချင်သောကြောင့် လိမ်လိုက်သည်ကို သိရှိသွားမည်ဖြစ်သည်။


ဆာစီးနီယာသည် သူကိုယ်တိုင်တူးထားခဲ့သည့်တွင်းထဲမှ သူ့ကိုယ်သူဆွဲထုတ်နိုင်ရန် သူ၏ဆံပင်က်ုဆွဲကာအသိပေးနေသည်။ ဘန်ဖွင့်ပြောခဲ့သည့်အချိန်က လရောင်အောက်က ဘန်၏မျက်နှာမှအပြုံးကိုအမှတ်ရနေသည်။ သူ၏အပြုံးသည် ဆာစီးနီယာ၏စိတ်နှလုံးသားထဲတွင် ဆွဲထုတ်၍မရ‌နိုင်အောင် စွဲထင်‌ကျန်‌ရစ်နေခဲ့သည်။ မနက်မိုးလင်းနေပြီဖြစ်သော်လည်း ထိုအကြောင်းသာတွေးမိနေခဲ့သည်။


“ဘာလို့အဲလိုပြုံးနေခဲ့တာလဲ”


‘သူအဲလိုပြုံးနေတာက ငါ့ကိုဘယ်လိုကြီးမှန်းမသိတဲ့ခံစားချက်တွေဖြစ်စေနေတယ်…’


ဆာစီးနီယာသည် သူ၏အနားမှခေါင်းအုံးကိုဆွဲကာ ဖျစ်ညှစ်ထားလိုက်သည်။


Xxxxx