Chapter 63
ဆာစီးနီယာအတွက် ဘန်၏ဖွင့်ပြောခြင်းသည် အိမ်စာသဖွယ်ဖြစ်နေသည်။ အစကတည်းကပင်သူ၏ရှေ့တွင် ပြဿနာများသည်တောင်လို့ပုံနေသည့်အပြင် ဘန်ကြောင့်ပါ တစ်ခုထပ်လို့တိုးသွားသည်။ ကောလဟာလများလည်း ဘန်၏နားတွင်းသို့ရောက်လာသည်။ ဘန်၏ကျောပေါ်မှဒဏ်ရာသည် ဗားန်တွင်ရှိသောဒဏ်ရာနှင့် တစ်ထပ်တည်းတူနေသည်။
‘ဘာမှဖြေရှင်းလို့မရသွားဘူး’
ဖြစ်နိုင်လျှင် ဆာစီးနီယာသည်ဘန်၏ဖွင့်ပြောခဲ့သည့်အကြောင်းကို စိတ်ထဲမှဆွဲထုတ်ပစ်ချင်နေသည်။ သို့သော်သူ၏စိတ်ထဲတွင် ဖြစ်ပေါ်နေသည်မှာ ထိုကိစ္စတစ်ခုတည်းသာဖြစ်သည်။
“ရူးတော့မယ် တကယ်ပါပဲ”
နောက်ဆုံးတွင် ဆာစီးနီယာသည် ဘန်ကိုထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ရှေ့ဆက်၍ ဘန်ကိုမည်သို့ဆက်ဆံရမည်၊ ဘာဖြစ်ချင်သနည်းဆိုတာကို သိရှ်ိရန်တော့လိုအပ်သည်။ ထိုအကြောင်းကိုသူတွေးမိလေလေ ဘန်နှင့်သူ၏ဖြတ်သန်းခဲ့ဖူးသည့်မှတ်ဉာဏ်များကို သတိရလာလေလေဖြစ်သည်။
အလောင်းကစားအိမ်တွင် သူတို့စတွေ့ခဲ့သည့်အချိန်က ဘန်အားနာမည်ပေးလိုက်သည်ကို မည်မျှသဘောကျနေပုံ၊ သူတို့အခန်းငယ်လေးထဲတွင် နေခဲ့ကြသည့်အချိန်က ပုံရိပ်များ၊ ဆိပ်ကမ်းတွင် သူတို့ပေးခဲ့သည့် ကတိများအကြောင်းများကို ပြန်မြင်ယောင်နေသည်။
ထိုမှတ်ဉာဏ်တိုင်းတွင် ဘန်၏ထိုမျက်လုံးနှင့်အပြုံးသည် အမြဲပါဝင်လို့နေသည်။ သူ၏နှလုံးသားကို လှုပ်ရှားစေသော အချစ်စိတ်များပါဝင်နေပေသည်။ ဆာစီးနီယာ၏မှတ်ဉာဏ်သည် တင်းမာလာသည်။
‘ငါတကယ်ပဲ အဲဒါကိုမမျှော်လင့်ထားခဲ့တာလား’
ဘန်၏ခံစားချက်တွေကို ဆာစီးနီယာအစကတည်းကပင် မသိခဲ့လေသလား။ သူတစ်ခါမျှ ဘန်၏ခံစားချက်တွေကို မရိပ်မိခဲ့လေသလား။
‘မဟုတ်ဘူး အဲလိုမဟုတ်သေးဘူး’
ဘန်သည်တစ်ခါမျှ ဆာစီးနီယာကိုချစ်သည့်အကြောင်း တိုက်ရိုက်မပြောဖူးပေ။ သို့သော် ဆာစီးနီယာနှင့် အတူတူနေချင်သည်ဟုသာ ပြောဖူးသည်။ ဆာစီးနီယာသူ့ကိုထိလိုက်တိုင်း သူ၏မျက်နှာသည်နီရဲသွားသည်။ သူ၏နှလုံးသားသည်လည်း အဆမတန်ခုန်နေခဲ့သည်။ သုံးနှစ်ကြာပြီးမှ ဆာစီးနီယာရှေ့ကို ပြန်ရောက်လာခဲ့ပေမဲ့ ယခုအချိန်ထိပင် ဆာစီးနီယာအနားတွင် နေရန်သာကြိုးစားလို့နေသည်။ ထိုသိသာသောအမူအရာများကိုတွေ့နေရသည့်တိုင် သူ၏ခံစားချက်ကို မသိမမြင်မိတာ မဖြစ်နိုင်ပေ။
“ငါ့အတွက်ငါသက်သောင့်သက်သာရှိချင်ရုံနဲ့ သူ့ရဲ့ခံစားချက်တွေကို မသိချင်ယောင်ဆောင်ခဲ့တာ…”
လွန်ခဲ့သည့် သုံးနှစ်အတွင်းမှာ ဘန်သည်သူ၏ခံစားချက်များကို ရရင်ရသလိုဖြင့်ဖော်ပြခဲ့သည်။ ဆာစီးနီယာသည် သူတို့၏ဆက်ဆံရေးပြောင်းလဲသွားမည်ကို စိုးရိမ်သောကြောင့် ယခုအချိန်ထိပင် မသိချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။ ဆာစီးနီယာသည် သူ၏လက်ထဲတွင်ကိုင်ထားသောခေါင်းအုံးကိုဖယ်လိုက်ကာ လေထဲသို့စိုက်ကြည့်နေသည်။
‘အဲလိုဆိုတော့ရော ဘာလဲ
ငါဘာလုပ်သင့်လဲ’
အခုအချိန်သည် အချစ်နှင့်ကစားကာ အေးဆေးနေရတော့မည့်အချိန်မဟုတ်ပေ။ ဆာစီးနီယာသည် ဟိုးအရင်ကတည်းကပင် ဖိအားများနှင့်နေခဲ့ရသည်။ သူ၏အကြောင်းကိုသာ စိတ်ပူနေရ၍ တခြားသူအကြောင်းတွေးဖို့ရန် သတိမရမိချေ။
“ငါဘန့်ကို ငြင်းရမယ်” ဆာစီးနီယာသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူ့ကိုယ်သူပြောနေသည်။
သူ၏တည်ငြိမ်မှုမရှိသော အနာဂတ်ကြောင့် ထိုထက်ပို၍မတွေးနိုင်ချေ။ သူ၏အခန်းတွင်းတွင် သူ၏အသက်ရှူသံများသာ ပဲ့တင်ထပ်လို့နေသည်။
ဒေါက်ဒေါက်
“ဆာစီးနီယာ”
“အာ…”
အံ့ဩသွားသောကြောင့် အသံပြုမိတော့မလိုဖြစ်သွားသည်။ ကံကောင်းစွာဖြင့် အလျင်အမြန်သူ၏လက်ဖြင့် အသံမထွက်အောင်ကာလိုက်နိုင်သည်။
“ဝင်လာလို့ရမလား”
“မရဘူး”
ဘန်ရုတ်တရက်ရောက်လာသောကြောင့် သူမနည်းတည်ငြိမ်အောင်လုပ်ထားရသည့်နှလုံးသားမှာ မတည်ငြိမ်တော့ပေ။
“မင်း အဆင်ပြေရဲ့လား”
ဘန်သည် တံခါး၏အပြင်ဘက်မှနေ၍ မေးလိုက်သည်။ ထူပိန်း၍ကြီးသောတံခါးကြီး၏အပြင်ဘက်တွင် သူ့အားစိုးရိမ်နေသည့်အသံကိုကြားရသည်။
“နည်းနည်းပင်ပန်းနေလို့ပါ”
စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့် ဆာစီးနီယာသည် မျက်မှောင်ကြုတ်ထားလိုက်သည်။ ဘန်ကို ယခုလိုရှောင်၍မရနိုင်ပေ။ ဆာစီးနီယာ၏နှလုံးသားသည် အင်မတန်မှ ခုန်လို့နေသည်။
“မင်း နေမကောင်းဖြစ်နေတာလား”
“မဟုတ်ပါဘူး ကျွန်မနေကောင်းပါတယ်
ဒီအတိုင်း နည်းနည်းအနားယူချင်နေရုံပါ”
“ကိုယ်မင်းကိုပြောစရာရှိလို့ပါ
ဒီကနေပဲပြောလိုက်ရမလား”
သူတို့နှစ်ယောက်သည် တံခါးတစ်ဖက်တစ်ချပ်စီတွင် စကားပြောနေကြသည်။ ဆာစီးနီယာကို စိတ်ပူသောကြောင့် သတင်းလာမေးသည့်ဘန်သည် သူ၏အခန်းထဲကိုတောင် ဝင်မရသည်မှာ ကြေကွဲစရာပင်ကောင်းလှသည်။ ဘန်တံခါးရှေ့တွင် ရပ်နေစဉ်တွင် ဆာစီးနီယာသည် တံခါးဖွင့်ရမည်လား မဖွင့်ရမည်လားဖြင့် ကြံရာမရဖြစ်နေသည်။
ဘန်ကိုအခုချက်ချင်းတွင် တွေ့ရမည်မှာခဲယဉ်းလွန်းလှသည်။ သို့သော် ဒီစံအိမ်တော်၏ပိုင်ရှင်မှာ ဘန်ပင်ဖြစ်သည်။ အစေခံတစ်ယောက်ယောက်ကသာ ဘန့်ကိုအခန်းထဲပေးမဝင်သဖြင့် တံခါးရှေ့မှာရပ်နေရသည်ကိုသာ တွေ့သွားခဲ့လျှင် သူ၏ဂုဏ်သိက္ခာကျဆင်းသွားမည်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်မည်ကို သဘောမကျပေ။ တစ်စုံတစ်ယောက်မှ ဘန်အားမကောင်းပြောမည်ကို မလိုချင်ပေ။
“ခဏလေးနော်”
ဆာစီးနီယာသည် အိပ်ရာမှကမန်းကတမ်းထလိုက်ကာ ရေချိုးခန်းထဲသို့အလျင်စလိုဝင်သွားသည်။ မည်သည်မျှအာရုံစိုက်၍မရနိုင်ဖြစ်နေသောကြောင့် မျက်နှာကိုသာအသည်းအမဲသစ်ကာ လိုရှင်းကိုသာ လိမ်းနေသည်။ သူ၏ရှုပ်ပွနေသောဆံပင်သည် ရေ၏အစိုဓာတ်နှင့် ခေါင်းဖြီးလိမ်းမှုကြောင့် ပျော့စင်းသပ်ရပ်သွားသည်။ သို့သော်တစ်ညလုံးမအိပ်ခဲ့ရသည့်အတွက် သူ၏မျက်နှာမှာ ယခင်ကထက်ပင် အားနည်းနေဟန်တူနေသည်။
“နှုတ်ခမ်းနီဆိုးလိုက်ရင် ကောင်းမလား…”
‘ဒီလိုမျက်နှာကို နှုတ်ခမ်းနီဆိုးလိုက်ရင်ရော ပိုကြည့်ကောင်းသွားမှာမလို့လား’
ဆာစီးနီယာသည် မှန်ရှေ့တွင်ရပ်ကာ သူ၏ပုံပန်းသဏ္ဍာန်ကို ဆန်းစစ်လို့နေသည်။
‘ငါဘာတွေလုပ်နေတာလဲ’
ဆာစီးနီယာသည် ဘန်အားငြင်းရန်ဆုံးဖြတ်ထားသော်လည်း ယခုအဘယ်ကြောင့် ဘန်၏ရှေ့တွင် ရုပ်ဆိုးနေမည်ကို စိုးရိမ်နေရပါသနည်း။ ထိုသို့တွေးမိသော်လည်း နောက်ဆုံးအချိန်ထိ သူ၏မျက်လုံးများ မဲနေမမဲနေကို စစ်ဆေးလို့နေသည်။ ထို့နောက် ပိတ်ထားသောတံခါးရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ တံခါးလက်ကိုင်ကိုကိုင်ကာ ဖွင့်လိုက်ရုံကာမည်သည့်ပြဿနာမျှမဖြစ်နိုင်ချေဟုတွေးကာ တံခါးကိုဖွင့်လိုက်သည်။
“ဆာစီးနီယာ”
တံခါးပွင့်သွားသည့်အခါ ဘန်၏မှုန်မှိုင်းနေသောမျက်နှာသည် တောက်ပလို့သွားသည်။ ဘန်၏အပြုံးကြောင့် ဆာစီးနီယာသည် ခိုက်ခိုက်တုန်နေသည်။ဘန်၏မျက်နှာသည် ပုလဲကဲ့သို့တောက်ပသည့်အပြုံးရှိနေသည်။ ဘန်သည်တောက်ပလွန်းသောကြောင့် သူ၏နောက်မှ ကိုယ်ရောင်ကိုယ်ဝါကိုပင် မြင်နေရသည်။
‘သူဘာလို့ အဲလောက်တောင် ချောရတာလဲ’
ဘန်၏ဖွင့်ပြောမှုကြောင့် ဆာစီးနီယာသည်တစ်ညလုံးအိပ်မရခဲ့၍ မျက်နှာမှာအားလျော့နေသည်။ သို့သော်ဘန်၏မျက်နှာသည် သူနှင့်မတူဘဲတောက်ပနေသည်။ ညကလုံးဝအိပ်ရေးဝနေခဲ့သည့်ပုံပေါ်သည်။
“ဝင်လာပါ”
ဆာစီးနီယာသည် တစ်ညလုံးစိုးရိမ်ပူပန်နေရပေမဲ့ စိတ်လှုပ်ရှားစွာဖြင့် မည်သည်မျှမခံစားခဲ့ရပုံဖြစ်နေသည့် ဘန်၏အနားသို့လျှောက်သွားခဲ့သည်။ ဘန်သည် ချစ်စရာကောင်းနေသည့်ဆာစီးနီယာကို အချစ်စိတ်များဖြင့်ကြည့်နေကာ အနောက်မှလိုက်သွားသည်။ သူတို့နှစ်ယောက်သည် ပြတင်းပေါက်ကို မျက်နှာမူထားသည့် ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ကြသည်။
“ညက ကောင်းကောင်းအိပ်ပျော်ခဲ့တဲ့ပုံပဲ”
ဆာစီးနီယာသည် စားပွဲပေါ်မှပွင့်အာနေသောပန်းကလေးများကို ဆော့ကစားနေခဲ့သည်။ ဘန်သည် ဆာစီးနီယာကို တိတ်တဆိတ်ပြုံးကာတစိမ့်စိမ့်ကြည့်နေ၍ သူ၏မည်သည့်လှုပ်ရှားမှုကိုမျှ လွတ်သွားသည့်ပုံမပေါ်ပေ။
“ပုံမှန်ပါပဲ
ဟို နောက်သုံးရက်နေလို့ရှိရင် မြို့မှာကောက်ရိတ်သိမ်းပွဲတော်ကျင်းပမယ်တဲ့”
“ကောက်ရိတ်သိမ်းပွဲတော် ဟုတ်လား”
ဆာစီးနီယာ၏မေးခွန်းကို ဘန်သည်ခေါင်းညိမ့်၍ဖြေခဲ့သည်။ တစ်ခဏမျှတိတ်ဆိတ်သွားကာ စိတ်လှုပ်ရှားနေသောပုံဖြင့် သူ၏နှုတ်ခမ်းများကိုဖွင့်လိုက်သည်။
“ကိုယ်မင်းနဲ့အတူတူ သွားချင်တယ်”
“…”
“ချိန်းတွေ့ဖို့ တောင်းဆိုတာပါ”
ဘန်သည်စကားအဆုံးတွင် ခေါင်းငိုက်စိုက်နေသည်။ သူ၏စိတ်လှုပ်ရှားမှုကြောင့် လက်များ၌ပင်ချွေးများစိုရွှဲကာ တုန်ရီနေသည်။ ခေါင်းငုံ့ထားသောကြောင့် ပေါ်လွင်ထင်ရှားနေသည့် နားရွက်များမှာလည်း နီရဲလို့နေသည်။
ဘန်၏အမူအရာကိုကြည့်နေသည့် ဆာစီးနီယာသည် စိတ်အိုက်လာသလိုရှိ၍ တံတွေးမျိုချလိုက်သည်။ ဘန်၏တုန်လှုပ်မှုနှင့် ဖိအားတို့သည် ဆာစီးနီယာ၏အပေါ်သို့လည်း ကျရောက်သွားသည်။
‘ချိန်းတွေ့တာ…’
ဘန်သည် ဆာစီးနီယာအား နေ့စဉ်နှင့်အမျှစဉ်းစားရကြပ်စရာများသာ ပေးနေသည်။ ဆာစီးနီယာ၏မွှေးညှင်းများသည် ကြက်သီးများထနေသည့်အတွက်ထောင်လို့နေသည်။ သူ၏နှလုံးသားသည်လည်း ပူလောင်လို့နေသည်။ သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်နေကာ သွေးခုန်နှုန်းလည်းမြန်နေသည်။ သူ၏ခံစားချက်များကို မည်သို့ပင်ဖော်ပြရမည်ကို မသိပေ။ သူယခုဖြစ်နေသော ခံစားချက်များကို ဖော်ပြရန်မည်သည့်စကားလုံးမျှလည်း ရှိမည်မထင်ပေ။
“ကိုယ်နဲ့သွားချင်လားဟင်”
ဆာစီးနီယာထံမှ မည်သည်အသံမျှမကြားရသည့်အတွက် သူ၏ခေါင်းကိုဖြည်းဖြည်းချင်းမော့ကာ တုန်ရီနေသည့်နှုတ်ခမ်းများဖြင့် ထပ်မေးလိုက်သည်။
“…ကျွန်မ စဉ်းစားကြည့်ပါဦးမယ်”
ဆာစီးနီယာသည် သူ၏လက်များကို စားပွဲအောက်တွင် ဆုပ်ကိုင်လျက် ဘန်၏မေးခွန်းကိုဖြေလိုက်သည်။ သူ၏အသံများတုန်ရီမနေဖို့သာ အာရုံစိုက်နေသည်။ မနေ့ကလိုမျိုး ကွဲအက်တုန်ရီနေသည့်အသံ မဖြစ်ချင်တော့သည့်အတွက်ဖြစ်သည်။
“အဆင်မပြေဘူးဆိုရင် ငြင်းလိုက်လို့ရပါတယ်”
“ဟုတ်ပါပြီ”
တည်ငြိမ်နေသယောင်ဟန်ဆောင်ရန်အတွက် ပြတင်းပေါက်ကိုကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်သာ ဘန်၏အကြည့်နှင့်ဆုံလိုက်လျှင် ခံစားချက်များတားဆီးမရအောင် ထွက်ပေါ်လာနိုင်သည်။ သူကိုယ်တိုင်လည်း ထိုခံစားချက်ကိုသေချာမသိသေးပေ။
“အဲဒါဆို ကိုယ်သွားတော့မယ်နော်”
ဘန်သည် ထိုင်နေရာမှထရပ်လိုက်သည်။ နေ့လယ်စာစားရန်အတွက်တောင် ရှောင်နေသည့် ဆာစီးနီယာအား ထပ်၍ဝန်ထုပ်ဝန်ပိုးဖြစ်ကာ ဖိအားပေးမိသလိုဖြစ်နေမည်စိုးသောကြောင့်ဖြစ်သည်။
‘ဒါပေမဲ့ သူနဲ့တကယ်သွားချင်တာ’
သူ၏ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းချင်နေသည်။ ဆာစီးနီယာနှင့်အတူ လွန်ခဲ့သည့်သုံးနှစ်ကအတိုင်း ပြုံးရွှင်၍လမ်းအတူတူလျှောက်ချင်သည်။ သို့သော် သူတို့နှစ်ဦးသည် သုံးနှစ်အကြာပြန်ဆုံအတွေ့အပြီးတွင် ထိုကဲ့သို့မလုပ်ဖြစ်တော့ပေ။
“…”
ဘန်ထွက်သွားသည်ကိုကြည့်ရန် ဆာစီးနီယာသည် အနောက်မှလိုက်သွားသည်။ တိတ်ဆိတ်နေသောအခန်းကြီးထဲတွင် သူတို့ဘေးတစ်ဖက်တစ်ချပ်စီဖြင့် တံခါးကြီးဆီသို့လျှောက်သွားသည်။ ထိုအချိန်မှာပင် ဆာစီးနီယာ၏နှလုံးသည် သူပင်ကြားရလောက်အောင်အထိကို ခုန်လို့နေသည်။ တံခါးသို့ရောက်ရမည့်အချိန်မှာ အရင်ကထက်ပိုကြာသလိုပင်။ ဆာစီးနီယာသည် ဖိအားကြောင့် မွန်းကြပ်လာသည်။
“ကောင်းကောင်းအနားယူပါ”
ဘန်သည် တံခါးနားသို့ရောက်သည့်အခါ ဆာစီးနီယာဘက်သို့လှည့်၍ ပြောလိုက်သည်။
‘ဘန်ငါ့ကို ပြုံးပြနေတာတော့သိတယ် ဒါပေမဲ့ ဘာလို့သူပုံကဝမ်းနည်းနေတဲ့ပုံ ဖြစ်နေရတာလဲ’
အနောက်သို့ပြန်လှည့်သွားကာ အခန်းတွင်းမှထွက်ရန် ခြေလှမ်းလှမ်းလိုက်သည်။ သူ၏နောက်ကျောနှင့် လက်သည်တဖြည်းဖြည်းချင်းဖြင့် ဆာစီးနီယာထံမှဝေးကွာသွားသည်။
“ကျွန်မသွားမယ်”
ဆာစီးနီယာသည် လှည့်ထွက်သွားသော ဘန်၏လက်ကိုလှမ်းဆွဲ၍ ပြောလိုက်သည်။ ဘန်သည်လည်း အံ့အားသင့်စွာဖြင့် ဆာစီးနီယာအား ပြန်လှည့်၍ကြည့်နေသည်။ အံ့ဩမှုကြောင့် သူ၏မျက်လုံးများမှာ ကျယ်နေသည်။
“ကျွန်မသွားမယ် ကောက်ရိတ်သိမ်းပွဲတော်ကို”
ဆာစီးနီယာကိုယ်တိုင်သည်ပင် မည်သည်ကြောင့် ထိုကဲ့သို့ပြုလုပ်ခဲ့သည်ကို နားမလည်နိုင်ဖြစ်နေသည်။
‘ငါအစက ဘန်ကိုငြင်းဖို့စီစဉ်ထားပြီးတော့ ဘာလို့ရုတ်တရက်ကြီး သူ့ကိုလှမ်းဆွဲလိုက်ရတာလဲ
ကောက်ရိတ်သိမ်းပွဲတော်ကို သူနဲ့အတူတူသွားဖို့တောင် ကတိပေးလိုက်သေးတယ်’
သို့သော် သူ၏လုပ်ရပ်မှာမှန်သည်ဟုတွေးကာ ထိုကဲ့သို့သာမလုပ်ခဲ့လျှင် ဘန်သည် သူနှင့်အဝေးကြီးကိုထွက်သွားလိမ့်မယ်ဟု ထင်နေသည်။
“ကိုယ် အရမ်းပျော်တာပဲ”
ဘန်သည် ခေါင်းကိုငုံ့၍ရှက်ပြုံးပြုံးနေခဲ့သည်။ သူ၏လက်ကိုအတင်းအကြပ်ဆုပ်ကိုင်ထားသည့် ဆာစီးနီယာ၏လက်ကြောင့် ရင်မှာအလွန်ပင်ခုန်နေခဲ့သည်။ ဘန်သည် ဆာစီးနီယာ၏လက်ကို နူးညံ့စွာဖြင့်ပြန်ကိုင်လိုက်သည်။ သို့သော် မလုံလောက်သေးသဖြင့် ဆာစီးနီယာ၏လက်ချောင်းကြားထဲတွင် သူ၏လက်ချောင်းများထည့်ကာနူးညံ့စွာ ကိုင်ထားသည်။
ဆာစီးနီယာသည် ဘန်နှင့်သူ၏ယှက်ဖြာနေသည့် လက်ချောင်းများကိုကြည့်နေသည်။ သူ၏လက်များတွင် နွေးထွေးမှုများကို ခံစားခဲ့ရသည်။ သူ၏နှလုံးသားသည်လည်း လျှပ်စစ်ဖြင့်တို့ခံရသဖွယ် ဖြစ်နေသည်။ သူ၏နှလုံးသားထဲတွင် လေပြေညင်းတစ်ချက် တိုက်ခတ်သွားသည်။ ဟိုးအချိန်အခါကတည်းကပင် တိုက်ခတ်ရန်အသင့်ဖြစ်နေသည့် လေညင်းလေးပင်။ ဆာစီးနီယာသည် မည်သည်မျှမစဉ်းစားနိုင်တော့ပေ။ ရုတ်တရက်လုပ်မိခဲ့သည့် အဖြစ်အပျက်သည် ဆာစီးနီယာ၏စိတ်ကို ပြောင်းလဲသွားစေသည်။ သူနှင့်ဘန်အတွက် အချိန်သည်ရပ်နေသကဲ့သို့ပင်။