အပိုင်း ၆၄
Viewers 12k

Chapter 64


ကောက်ရိတ်သိမ်းပွဲတော်နေ့တွင်။


မြို့တော်သည် မြို့စားမင်းပိုက်နက်နှင့် အနည်းငယ်ကွာဝေးသည့်အတွက် မနက်စောစောထွက်ရန် လိုအပ်သည်။ မေသည် ဘန်နှင့်ဆာစီးနီယာနှစ်ယောက်တည်း ကောက်ရိတ်သိမ်းပွဲတော်ကို သွားမည်စီစဉ်ထားသည်ကို သိသွား၍ဆာစီးနီယာကိုပြင်ဆင်ပေးမည်ဟု တာဆူလို့နေသည်။ မေသည် ဆာစီးနီယာကို ကူညီမည်ဟုဆိုကာ သူ၏အင်္ကျီလက်ကိုဆွဲတင်လိုက်သည်။ ‌ဆာစီးနီယာသည် ဘာမျှမလုပ်ဘဲနေခြင်းက ကူညီပေးသလိုပဲဟုပြောလိုက်သော်လည်း မေသည်လက်မလျှော့ပေ။


“အခုက အိပ်နေဖို့အချိန်မဟုတ်တော့ဘူး” မေသည် ဆာစီးနီယာ၏တံခါးကိုဆွဲဖွင့်ရင် အော်ပြောလိုက်သည်။


 


ကောင်းကင်တွင် လအလင်းရောင်မျှမျှဖြင့် အပြာရောင်သန်းနေဆဲပင်ဖြစ်သည်။


 


“ဟင် မနက်အစောကြီးပဲရှိသေးတာကို…”


 


‌ဆာစီးနီယာသည် အိပ်ချင်မူးတူးဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်နေသည်။ အိပ်ရေးမဝသည့်အတွက် သူ၏မျက်လုံးများ မဖွင့်နိုင်ဖြစ်နေသည်။


 


“အဆင်သင့်လုပ်ထားလိုက်တော့ အခုကစပြီး ကြိုးကြိုးစားစားလုပ်‌ရတော့မှာ”


 


“ကျွန်မလည်း ကူညီမယ်”


 


ဗားန်သည် ရေချိူးခန်းထဲသို့ တည့်တည့်မတ်မတ်ဝင်သွားကာ ရေချိုးကန်ထဲမှရေဘားကိုဖွင့်၍ ပြန်ထွက်လာခဲ့သည်။ ဆာစီးနီယာသည် အိပ်ရေးမဝ၍မျက်လုံးမပွင့်တပွင့်ဖြင့် သူတို့ကိုကြည့်နေသည်။ ဗားန်နှင့်မေသည် အလွန်ပင် တက်ကြွနေကြသည်။


 


‘အာ ငါမပြောဘဲနေလိုက်ရမှာ’


 


ဆာစီးနီယာသည် မည်သည်မျှမပြောဘဲ စံအိမ်တော်မှပျောက်သွားလျှင် စိုးရိမ်နေကြမည်စိုးသည့်အတွက် ပြောပြခဲ့သည်။ သို့သော် ယခုတော့နောင်တရနေလေ‌ပြီ။ သူတို့ကိုဘာမျှမပြောချင်သည့်အတွက် သူ၏မျက်နှာကိုသာ ခေါင်းအုံးနှင့်ကာထားလိုက်သည်။


 


“မြန်မြန် မြန်မြန်ထပြီး မျက်နှာသစ်တော့”


 


မေသည် ဆာစီးနီယာကိုယ်ပေါ်မှ စောင်ကိုဖယ်လိုက်သည်။ အေးအေးဆေးဆေးဖြင့် ပြီးသွားမည့်ပုံ‌မပေါ်ပေ။


 


“အခုဘယ်အချိန်လဲရော သိရဲ့လား”


 


“နောက်ကျနေပြီလေ မြန်မြန်ရေချိုးခန်းထဲသွားတော့”


မေသည် ဆာစီးနီယာ၏လက်ကို အတင်းဆွဲနေသည်။ တွေ့ရန်ပြောထားသည့်အချိန်မှာ မနက်စာစားပြီးသည့်အချိန်ဖြစ်သည်။ သို့သော်ယခုမှာ လေးနာရီလောက်ပင် စောနေသေးသည်။


 


“မမလေးဆာစီးနီယာ အကုန်လုံးပြင်ဆင်ပြီးပါပြီ


မမလေးမြန်မြန်ထပြီး ရေချိုးဖို့ပဲလိုပါတော့တယ်”


 


ဗားန်သည်လည်းမေနှင့်အတူတူပင် ဆာစီးနီယာကို အလျင်စလိုအိပ်ရာမှထခိုင်းနေသည်။ ဆာစီးနီယာသည် သူ၏နားကိုမကြားရအောင်ပိတ်ထားသော်လည်း နားပူနားဆာလုပ်နေသည်မှာ မရပ်တန့်သွားသည့်အတွက် အိပ်ရာမှထဖို့မှလွဲ၍ရွေးစရာမရှိတော့ပေ။ ဘန်ဖွင့်ပြောခဲ့သည်ကို မပြောပြခဲ့မိသည်မှာ တော်သေးသည်။ အဲဒါသာပြောမိခဲ့လျှင် ယခုထက်ပင်ပိုဆိုးမည်ဖြစ်သည်။


“မြန်မြန်မျက်နှာသစ်‌ရေချိုးတော့


ခေါင်းလည်းလျှော်ရမယ်”


 


မေသည် ဆာစီးနီယာရေချိုးခန်းထဲသို့ မဝင်မချင်းတရစပ်ပင် ပြောနေသည်။ ဆာစီးနီယာသည် အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲသို့ဝင်သွားသည်။ နာရီအနည်းငယ်မျှအိပ်ရသေးသည့်အပြင် နံနက်အာရုံတက်ကတည်းကပင် အနှိုးခံလိုက်ရသည့်အတွက် ပင်ပန်းနေသည်။ ထိုပင်ပန်းမှုနောက်တွင် စိတ်လှုပ်ရှားမှုများလည်းပါဝင်နေသည်။


 


ရေချိုးကန်ထဲမှ သူ၏လက်ကိုဆွဲထုတ်လိုက်ကာ ကြည့်နေသည်။ ထိုလက်ဖြင့် ဘန်၏လက်ကိုဆွဲခဲ့သည်။ ဘန်၏အပြုံးနှင့် သူပျော်သည့်အကြောင်းများပြောလျှင် ဆာစီးနီယာသည် ရင်ခုန်ခဲ့ရသည်။ ‌‌ဆာစီးနီယာသည် သူ၏ရန်လို‌တတ်သောအမူအကျင့်ကြောင့် အရှက်ရနေကာ သူ၏ခေါင်းခဲတွင် ပူထူနေသည်။


 


‘ငါဘာလို့ အဲလိုလုပ်ခဲ့ရတာလဲ’


 


ဆာစီးနီယာသည် ဘန်အားငြင်းရန် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ မပြတ်မသားသောအမူအရာများပြလေလေ ဘန်အတွင်ပို၍နာကျင်ရလေလေဖြစ်မည်ကိုသိသည်။


 


“ဒီနေ့တော့ ဘန်ကိုပြောမှကိုဖြစ်မယ်”


ဘန်အား ငြင်းဆိုမည့်အပြုအမူများ ပေါ်လွင်ရန်လိုအပ်သည်။ စဉ်းစားလိုက်ရုံနဲ့တင် စိတ်အေးသွားရသည်။ ဆာစီးနီယာသည် တစ်ခဏလောက်ဖြစ်ဖြစ် သူ၏ဝန်ထုပ်ဝန်ပိုးများကို ပေါ့သွားစေချင်သည့်အတွက် သူ၏ခေါင်းကို ရေချိုးကန်ထဲရှိရေအောက်တွင် မြှုပ်ထားလိုက်သည်။


 


* * *


“မိတ်ကပ်လား 


ဘာလို့မိတ်ကပ်လိမ်းရမှာလဲ” ဆာစီးနီယာသည် အလန့်တကြားဖြင့် အော်လိုက်သည်။


 


ရေချိုးပြီးသည့်အခါ ဆာစီးနီယာသည် သူ၏စိုစွတ်နေသည့် ဆံပင်များကိုနှစ်နာရီတိုင်တိုင် ခြောက်သွေ့အောင်သုတ်နေသည်။ ထိုသဘက်မှာလည်း ဗားန်နှင့်မေယူချလာသည့် သဘက်ပင်။ ဆာစီးနီယာ ရေသုတ်နေစဉ်တွင် သူတို့သည် အလှကုန်ပစ္စည်းများကိုယူလာကာ စားပွဲပေါ်တွင် စီ၍ချထားသည်။


 


မေသည် ကျီစယ်သည့်အပြုံးဖြင့်ပြုံးကာ 


“ချိန်း‌တွေ့ဖို့သွားမှာဆိုတော့ လှအောင်ပြင်ပေးဖို့လိုတယ်လေ”


 


“ချိန်း‌တွေ့တာ မဟုတ်ပါဘူး”


 


ဘန်နှင့်တွေ့ရန်အတွက် မိတ်ကပ်လိမ်းသည်မှာ အရမ်းများလွန်းလှသည်။ ထိုအတွက်ကြောင့် ဘန်သည် ဆာစီးနီယာကို အထင်အမြင်လွဲမှားသွားနိုင်သည်။ ထိုင်ခုံမှထကာပြေးရန်ကြံသော်လည်း နေသည်ပခုံးကိုဖိထားသည့်အတွက် ထိုင်နေရုံမှတစ်ပါးမတတ်နိုင်ပေ။


 


“မမ‌လေးဆာစီးနီယာ မြို့တွင်းမှာကျင်းပတဲ့ ကောက်ရိတ်သိမ်းပွဲတော်ကို မြို့စားမင်းနဲ့အတူတူပွဲတက်ရင် ဘာဖြစ်မလဲသိလား”


 


“ဘာဖြစ်မှာလဲ”


 


“ဟုတ်တာ‌ပေါ့ ရာထူးကြီးပိုင်းကလူတွေ မမလေးဆာစီးနီယာကို စိုက်ကြည့်နေကြမှာမလား 


ပြီးတော့ မြို့စားမင်းဘေးနားကဘယ်သူလဲဆိုပြီး တီးတိုးပြောနေကြမှာ”


 


မေသည် ဆာစီးနီယာကို မည်သို့သိမ်းသွင်းရမည်ကို ကောင်းကောင်းသိ၏။ မေသာ သူချိန်းတွေ့ည့်အခါ ဝတ်ကောင်းစားလှများဝတ်မည်ဟုပြောလျှင် ဆာစီးနီယာသည်အဆုံးထိငြင်းမည်ဖြစ်သည်။ ဆာစီးနီယာသည် တစ်စုံတစ်ယောက်ကြောင့်မဟုတ်ဘဲ သူ၏အတွက်သာဝတ်ခြင်းကြောင့်ပင်ဖြစ်သည်။ သို့သော်ယခုသည် တစ်စုံတစ်ယောက်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ကြိုးစားနေသည့် အခြေအနေတွင် ရှိနေသည်။ နူးညံ့၍စဉ်းစားဆင်ခြင်တတ်သည့် ဆာစီးနီယာသည် ထိုအခြေအနေတွင် သူမကြိုက်လျှင်တောင် ဝတ်ကောင်းစားလှများကို ဝတ်မည်ဖြစ်သည်။ မေသည် ဆာစီးနီယာနှင့် အချိန်ကြာမြင့်စွာ သိကျွမ်းခဲ့ရသည်အတွက် ထိုသို့ပြောလိုက်လျှင် မငြင်းမည်ကို အသေအချာပင်သိနေသည်။


 


“…”


 


မေထိုသို့ပြောလိုက်သည့် အကြောင်းအရင်းကို ဆာစီးနီယာသည်ရိပ်မိသည်။


 


“ကြည့်နေတဲ့မျက်လုံးတွေရှိမှာသေချာပေါက်ပဲ


ဆိုတော့ မိတ်ကပ်လိမ်းမှရမယ်”


 


“…အတည်ကြီးပြောနေတာ မဟုတ်ဘူးမလား”


 


ဆာစီးနီယာသည် တွန့်‌ဆုတ်နေ‌သော်လည်း လက်ခံလိုက်ရသည်။ မေသည်ဗားန်ကို မျက်လုံးနှင့်အချက်ပြလိုက်ကာ စိတ်ထဲတွင်ပျော်မြူးနေသည်။ ဗားန်သည် ခေါင်းငြိမ့်လိုက်ကာ တံခါးဖွင့်ရန်ထွက်သွားသည်။


 


“အခုစလို့ရပါပြီ”


 


တံခါဖွက့်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှအစေခံများသည် အလျင်အမြန်ဝင်လာကြသည်။


 


“အကုန်လုံးက…”


ဆာစီးနီယာသည် အံ့ဩသွားသဖြင့် မေရိုးပင်ပြုတ်ထွက်တော့မည့်အတိုင်း ပါးစပ်မှာ‌ဟနေသည်။ သူ၏ပြူးကျယ်နေသည့် မျက်လုံးများဖြင့် အစေခံများမှာ သူ့အားဂါရဝပြု‌နေသည်ကို တွေ့လိုက်ရသည်။


 


“ဒါက ပညာရှင်တစ်ယောက်ရဲ့အထိအတွေ့မျိုး လိုအပ်တဲ့ အရေးကြီးအလုပ်ပဲ”


 


မေသည် ပြုံးလိုက်ကာ အမူအရာတသ်ချို့ပြလိုက်သည်နှင့် အစေခံများသည် ပြိုင်တူစတင်လှုပ်ရှားကြသည်။ ဆာစီးနီယာသည် ထိုင်ခုံပေါ်တွင် မည်သည်မျှမသိဘဲ ထိုင်၍သာနေခဲ့သည်။ သူ၏မျက်နှာပေါ်သို့ ထပ်ကာထပ်ကာဖြင့် မိတ်ကပ်များလိမ်းပေးနေကာ သူ၏ဆံပင်သည်လည်း အားဖြင့်ဆွဲခံနေရသည့်အတွက် ကျွတ်ထွက်တော့မည့်အလား ဖြစ်နေသည်။ မိတ်ကပ်လိမ်းခြယ်ခြင်း အဆုံးသတ်တော့မည့် အရိပ်အယောင်ပင် မတွေ့ရချေ။


 


ဆာစီးနီယာသည် မည်သည်မျှမတွေးဘဲ နေခဲ့သည်။ မေအား ခေါင်းညိမ့်လိုက်ကတည်းကပင် ဆာစီးနီယာသည် ပြန်လမ်းမရှိသည့် လမ်းမပေါ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မှုန်မှိုင်းသော အားရုံတက်ချိန်မှာ ကုန်လွန်လုနီးပြီဖြစ်သည့်အတွက် နေရောင်၏အလင်းရောင်မျှမျှကိုပင် မြင်နေရသည်။ ဆာစီးနီယာသည် အလှဆင်ခံနေရသည့်အချိန်တွင် ထိုကဲ့သို့လပသည့် နေထွက်ချိန်ကိုမြင်တွေ့လိုက်ရသည်။ ဆာစီးနီယာသည် မေ၏သဘောဆန္ဒအတိုင်း ဂါဝန်လှလှလေးအား ဝတ်ဆင်ထားသည်။ စံအိမ်တော်မှ မထွက်ခွာခင်အချိန်အထိ ဆာစီးနီယာသည် ဘန်အားမရင်ဆိုင်ရဲပေ။ ဆာစီးနီယာသည် အိပ်ရေးမဝခဲ့ရသည့်အတွက် အလွန်ပင်အိပ်ငိုက်နေကာ ဗိုက်လည်း‌ဆာနေသည်။


 


“‌မျှော်လင့်ထားတဲ့အတိုင်း အရမ်းလှတာပဲ”


 


“အရမ်းကိုလှပလွန်းလှပါတယ် မမလေးဆာစီးနီယာ”


 


ဆာစီးနီယာ၏အလှကို တစ်ယောက်တစ်မျိုးဖြင့် ချီးကျူးစကားများဆိုကြသည်။ သူ၏မျက်နှာပေါ်မှ မိတ်ကပ်မှ အင်မတန်ကိုမှ ထူးခြားပြောင်မြောက်လှသည်။ ဆာစီးနီယာသာ မိတ်ကပ်လိမ်းလျှင် ၁၀ မိနစ်ခန့်သာကြာမည်ဖြစ်သော်လည်း ယခုမှာတစ်နာရီခန့်ပင် ကြာမြင့်ခဲ့သည်။ ဒုတိယအကြိမ်ချိန်းတွေမှုရှိလာခဲ့၍ ထိုကဲ့သို့သာထပ်ပြင်ရမည်ဆိုလျှင် သေသွားနိုင်လောက်သည်။


 


“ဝိုး လှလိုက်တာ” မေသည် တအံ့တဩဖြင့် ပြောလိုက်သည်။


 


“မမ‌လေးက တကယ်ကျွန်မတွေ့ဖူးသမျှလူတွေထဲမှာ အလှဆုံးပဲ” ‌ဗားန်သည် အင်မတန်မှအံ့ဩတကြီးဖြင့် စိတ်လှုပ်ရှားနေသည့်အတွက် သူ၏ပါးသပ်ကို မည်မျှလောက်ဟထားမိမှန်းပင်မသိပေ။


 


ဆာစီးနီယာသည် သူတို့စနေသည်လား တကယ်လား‌ဆိုသည်ကိုသိချင်းသည့်အတွက် သူ၏ခန္ဓာကိုယ်ကို မှန်ရှေ့‌တွင်ရပ်ကာ ကြည့်လိုက်သည်။


 


“…”


 


ပြောစရာစကားလုံးများပင် ရှာမရတော့ပေ။


 


အရင်ကနှင့် မည်သည်မျှမပြောင်းလဲသွားသော်လည်း သူ၏ပုံရိပ်သည် တစ်ခုခုပင်ထူးခြားနေသည်။ သူ၏မျက်လုံးမှာ ယခင်ကထက်ပင် စူးရှနေသည်။ မျက်ခုံးမွှေးများမှာ ယခင်ကထက်ထူနေသည်။ နှုတ်ခမ်းမှာ တလည်းသီးစေ့သဖွယ် အနီရောင်ဖြင့်တောက်ပနေသည်။ သူ၏ဂါဝန်အဖြူရောင်မှာ ကိုယ့်ကိုယ်ကိုယ်ပင်ပြန်‌မြင်ရလောက်အောင်အထိ တလက်လက်တောက်ပနေသည်။ သူ၏ အမြဲပင်ဖားလျားချထားတတ်သည့် ဆံကေသာသည် သေးငယ်သောကျစ်ဆံမြီးများဖြင့် ရှိနေသည်။ အရင်က သူ၏ပုံပန်းသွင်ပြင်ကို နှင်းဆီပန်းကလေးဖြင့် တင်စားဖူးသော်လည်း ယနေ့မှာ ဖြူစင်သော လီလီပန်းကလေးအဖြစ် တင်စားရပါလိမ့်မည်။


 


“လှတယ်မလား” မေသည် ကျေနပ်နေဟန်ဖြင့် ပြုံးလိုက်သည်။


 


“အာ ဂါဝန်က... မမလေးနဲ့ အတတ်နိုင်ဆုံးလိုက်ဖက်မဲ့ဟာ ရွေးပေးထားပါတယ်”


ဗားန်နှင့်မေသည် တစ်ယောက်ပခုံးအပေါ်တစ်ယောက်လက်တင်လိုက်ကာ အဝတ်ဗီရိုဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ဆာစီးနီယာသည် မှန်ထဲမှကိုယ့်ကိုယ်ကိုယ်ကိုသာ စိုက်ကြည့်လို့နေသည်။ သူ၏ပုံပန်းသွင်ပြင်အသစ်သည် သူနှင့်အလွန်ပင် မရင်းမနှီးဖြစ်နေကာ ထူးဆန်းနေသည်။ ထိုပုံစံကြောင့် ဘန်နှင့်ချိန်းတွေ့ရမည်ကို ပို၍စိတ်လှုပ်ရှားလို့နေသည်။


 


* * *


 


“တံခါးအ‌ရှေ့မှာစောင့်နေပါတယ်”


 


မေသည် ဆာစီးနီယာ၏ဝတ်စုံကို အ‌ဆုံးထိပင်စစ်ဆေးနေသည်။ ဆာစီးနီယာသည် အဝတ်အစားမရွေးရသေးခင်တွင် လွတ်လွတ်လပ်လပ်ရှိ‌အောင် ရှင်မီးဝတ်စုံကိုဝတ်ထားသည်။ အနီရောင်တောက်တောက်ဝတ်စုံများမှာ သူ၏ဆံပင်နှင့်လိုက်ဖက်၍နေသည်။ ထို့အပြင် သူ၏အဝတ်ဗီရိုထဲတွင် ထိုဝတ်စုံသာထင်းနေ၍ အကောင်းဆုံးဖြစ်နေသည်။ 


 


“ကျွန်မကူညီ‌ပေးပါမယ်”


 


ဆာစီးနီယာသည် ဗားန်၏အကူအညီဖြင့် လှေကားမှဆင်းသွားခဲ့သည်။ သူသည် ယခင်ကထက်မြင့်သောဖိနပ်ကိုပင် စီးထား၍ ခြေလှမ်းများမှာ တုန်ရီနေသည်။ လဲကျမသွားအောင် ဂရုတစိုက်ဖြင့် ခြေလှမ်းနေခဲ့ရသည်။ သူ၏ခြေလှမ်းများ တစ်လှမ်းချင်းတစ်လှမ်း လှမ်းပြီးနောက်တွေ တံခါးရှေ့တွင်စောင့်နေသည့် တစ်စုံတစ်ယောက်၏ရှည်လျားသည့်ခြေထောက်များကို တွေ့လိုက်ရသည်။ ခြေလှမ်းများပို၍နီးကပ်လာလေလေ ကျယ်ဝန်းသောရင်ဘတ်နှင့် သပ်ရပ်သောအဝတ်အစားတို့သည် သူ၏မျက်ဝန်းကိုအကြည့်လွှဲမရနိုင်အောင် ဖြစ်စေနေသည်။


ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ဘန်၏ပုံစံကို သူ၏မျက်လုံးထဲတွင် အပြည့်အဝမြင်လိုက်ရသည်။ နေရောင်၏အောက်တွင် ဘန်၏အနက်‌ရောင်ဆံပင်မှာ တောက်ပလို့နေကာ သူ၏ခရမ်းရင့်ရောင်မျက်လုံးများသည်လည်း ယခင်နှင့်ပင်မတူ။ ထူးခြားနေသည်။ ထိုမျက်လုံးများ၏အောက်တွင် ချွန်ထက်မြင့်မားနေသည့် နှာတံနှင့် တင်းကြပ်စွာပိတ်ထားသည့် နှုတ်ခမ်းတစ်စုံ။ မေရိုးများသည်ပင် အသေအချာပင် ထုစစ်သွန်းလုပ်ထားသည့် ပန်းပုရုပ်သဖွယ်ပင်။ ထိုကဲ့သို့ ပြည့်စုံလှ‌သောအသွင်အပြင်ဖြင့် ဘန်သည် ဆာစီးနီယာအား ရပ်စောင့်နေခဲ့သည်။


 


ဆာစီးနီယာ၏နှလုံးသားသည် တလှပ်လှပ်ခုန်နေခဲ့သည်။ သူ့အားစောင့်နေသည့် ဘန်၏ပုံစံကိုတွေ့လိုက်ရခြင်းသည် သူ၏နှလုံးသားတစ်ခုလုံးကို လှုပ်ခါလိုက်သလိုပင်။ 


 


ဆာစီးနီယာသည် ရှက်စိတ်ကြောင့်မွန်ကြပ်ကာ တိတ်ဆိတ်လို့နေသည်။ ဘန်၏အကြည့်တစ်ချက်မှာ အနေရခက်အောင်လုပ်နေသလိုပင်။ ထို့ကြောင့် ဆာစီးနီယာသည် အလျင်အမြန်ပင် ဆင်းရန်ကျန်ရှိနေသည့် လှေကားထစ်များကို ဆင်းသွားလိုက်သည်။


 


“အာ မမလေးဆာစီးနီယာ”


ဆာစီးနီယာသည် အဆင်းလှေကားထစ်တွင် ခလုတ်တိုက်သွားခဲ့သည်။  ‌ဗားန်၏အသံကြောင့် သူ၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားသည်။ အဖြစ်အပျက်များမှာ အလွန်မြန်ဆန်သည့်အတွက် မည်သည်မျှမတုံ့ပြန်နိုင်ဘဲ လဲကျသွားတော့မည်ဟု ထင်ခဲ့သည်။


ဘုတ်


 


“အဆင်ပြေရဲ့လား”


 


သူ၏ပါးပြင်တွင် နွေးထွေးသောအသက်ရှူခြင်းကို ခံစားမိလိုက်သည်။ မည်သည့်နာကျင်မှုမျှမခံစားရချေ။ သူ့အား အတင်းအကြပ်ဆုပ်ကိုင်ထားသည့် နွေးထွေးသည့် လက်တစ်စုံသာရှိနေသည်။ သူ၏ခါးကို ပွေ့ဖက်ထားသည့် ဘန်၏လက်များကို တအံ့တဩဖြင့်ကြည့်နေမိသည်။ ဆာစီးနီယာ ခေါင်းကိုမော့ကြည့်လိုက်သည်။ ဘန်နှင့်သူမှာ အလွန်နီးကပ်နေကာ သူတို့၏နှုတ်ခမ်းများပင် ထိလုနီးသည့် အကွာအဝေးတွင်သာရှိနေသည်။