အပိုင်း ၆၆
Viewers 12k

I raised him.66


အိမ်ရှေ့မင်းသား လိုင်မာဖီးရပ်စ် သည် သူ့အလုပ်ပြီးသည်နှင့် မြို့စားမင်းပိုင်နက်သို့ သွားရန်ပြင်လိုက်သည်။ စာရွက်စာတန်းများကို ကိုင်တွယ်ဖြေရှင်းဖို့ သူ နှစ်ပတ်ခန့် အချိန်ယူခဲ့ရသည်။


 "အားလုံးက မင်းကြောင့်ပဲ"


လိုင်မာဖီးရပ်စ် က လက်ထောက် အဲရစ်ကို စိုက်ကြည့်နေသည်။


 "ဟုတ်ကဲ့ တောင်းပန်ပါတယ်ခင်ဗျာ"


အဲရစ်ကို ကိစ္စအားလုံး  စောင့်ကြည့်ခိုင်းထားပြီးနောက် သူလည်း မြို့စားမင်းပိုင်နက် ကို ထွက်လာခဲ့တော့သည်။


သူတို့ စပါးရိတ်သိမ်းပွဲသို့ သွားကြသည် ဆိုသော သတင်းသည် သူ့ကို ကြိုဆိုလိုက်လေသည်။


လုံးဝ အဓိပ္ပါယ်မရှိတာပဲ…


 "ဒီနေ့ပဲ ငါက အားတာ… ဒါပေမယ့် ဒီနေ့မှ ရွေးပြီး သူတို့က ဘာလို့ သွားရတာလဲ”


 "ကျွန်တော် သွားလည်ပြီးတာနဲ့ အဲဒီကိုထပ်သွားကြည့်လိုက်တော့ သိပ်လည်း မဆိုးပါဘူး… ဒါပေမယ့် ဒီနေ့မှ ရွေးပြီး ဘာလို့အဲဒီကိုသွားရတာပါလိမ့်"


ယနေ့သည် မြို့တော်ကို စစ်ဆေးရမည့်နေ့ဖြစ်ပြီး ဘန် နှင့် ဆာစီးနီယာတို့ စပါးရိတ်သိမ်းပွဲသို့ သွားသည့်အချိန်နှင့် တိုက်နေတော့သည်။ လိုင်မာဖီးရပ်စ် က မြင်းပေါ်တက်လိုက်သည်။ အမြဲသပ်ရပ်နေတတ်သော သူ့ ရွှေရောင်ဆံပင်ကေမှာ ထူးဆန်းစွာ ပွယောင်းလျက်ရှိသည်။


ကံကောင်းစွာပင်၊ မြို့တော်ကို စစ်ဆေးရမည် ဖြစ်သောကြောင့် ဘန် နှင့် ဆာစီးနီယာ တို့ကို တွေ့ဆုံရန် ပိုလွယ်သွားရသည်။ 


သူ မြင်းပေါ် အမြန်တက်ကာ အသော့နှင်လိုက်တော့သည်။


 "ငါ ဖာဘီယမ်းလမ်းကို သွားမယ်"


"ဧကရာဇ် နန်းတော်ကို မသွားဘူးလားဗျ"


 "အခု ထွက်တောင် ထွက်လာပြီးနေပြီ……ဝေးနေပြီဆိုတော့ ပြန်မနေတော့ပါဘူးလေ"


သူပုံစံမှာ ပေါ့ပေါ့ပါးပါး အဝတ်အစားနှင့် ဦးထုပ်ဆောင်းထား၍  လျှို့ဝှက်ခရီးလိုမျိုး ဖြစ်နေရသည့်အတွက် စိတ်ထဲပျော်သွားရသေးသည်။


 အဲရစ်သည် ပြဿနာတက်တော့မည်ဆိုတာကို သိနေသော်လည်း ဘာမှမတတ်သာဘဲ သူ့နောက်မှ လိုက်လာရလေသည်။


 “ဟူး…ထူးဆန်လိုက်တာ"


ဖာဘီယမ်း လမ်းကို ရောင်လာပြီး သစ်သားထည်တွေကို ကြည့်လိုက်ရင်း လိုင်မာဖီးရပ်စ် က အော်ပြောလိုက်သည်။


 “ဒါတွေက မနေ့က မုလိန်းရွာက ရောက်လာတာ တွေပါ” 


ပိုင်ရှင်က ရှင်းပြနေသည်။ 


လိုင်မာဖီးရပ်စ် သည် သူ့လက်ထဲက ပန်းပုရုပ်ကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သစ်သားဖြင့်ပြုလုပ်ထားသော ပန်းပုရုပ်သည် အမျိုးသမီးတစ်ဦး  ဆုတောင်းနေပုံကို ထုထားခြင်း ဖြစ်သည်။ အင်္ဂတေပန်းပုရုပ်များထက် ပိုနွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေပြီ  အလွန်လည်း လှသည်။


 "အင်း.. ငါဝယ်မှရမယ်" 


လိုင်မာဖီးရပ်စ် က အဲရစ်ဆီမှ ပိုက်ဆံတာင်းလိုက်သည်။


"အလှဆင်ဖို့ဆိုရင် ထားစရာနေရာမရှိဘူး နော်…အရှင့်သား…"


 အဲရစ်က  သူ့အနား လျှောက်လာရင်း လိုင်မာဖီးရပ်စ် ကို ပြောလိုက်သည်။ 


"ဒါဆို ဗီရိုတစ်ခု ထပ်မှာလိုက်" 


သို့သော်လည်း ထိုစကားကိုပြောပြီး သုံးစက္ကန့်ကြာမှ နောင်တရသွားသည်။ အဲရစ်က သူ့ကို ပြောထားသဖြင့် ထိုနည်းလမ်းသည် အလုပ်မဖြစ်ပေ။


 “သီအိုဒေါ ဆိုတဲ့လူက လက်မှုပညာမှာ အရမ်း နာမည်ကြီးနေတယ်လို့ ကြားတယ်…သူ့ကို ရအောင် လုပ်ပေးခိုင်းပါ"


 "ဟုတ်ကဲ့…အရှင့်သား" 


ဒေါသတကြီးဖြစ်သွားသူ လိုင်မာဖီးရပ်စ်က အဲရစ်ကို လုပ်စရာနှစ်ခု ခိုင်းလိုက်သည်။အဲရစ်သည် ခေါင်းကိုက်နေပြီဖြစ်သော်လည်း လီမာဖက်စ်နောက်ကို တကောက်ကောက် လျှောက်လိုက်နေရတော့သည်။


"ရှင်တို့ ကျွန်မကို မလွှတ်ဘူးလား"


 "မင်းက ဆာစီးနီယာ ကို တော်တော် သဘောကျနေပုံရတယ်… ငါကြည့်နေတာကြာပြီ…မင်း ဘယ်တော့မှ သူမကို ကာကွယ်ပေး နိုင်မှာမဟုတ်ဘူး…မင်းသဘောပေါက်လား"


 ဆူညံနေသော ဖာဘီယမ်းလမ်းတွင် ဆာစီးနီယာ ဆိုသော အမည်သည် လိုင်မာဖီးရပ်စ် နားထဲတွင် ပဲ့တင်ထပ်သွားရသည်။ 


" ဆာစီးနီယာ လို့ ကြားလိုက်သလိုပဲ"


လိုင်မာဖီးရပ်စ် လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် ဆူညံသံတွေ ရှိနေသော်လည်း တစ်ယောက်ယောက်က ဆာစီးနီယာ ဟု ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။ထို ဆာစီးနီယာသည် သေချာပေါက် မြို့စားမင်းပိုင်နက် သို့ ဘန် နှင့်အတူ လိုက်ပါလာသူသာ ဖြစ်ရမည်။


 "ကျွန်တော်တော့ မကြားပါဘူး" 


"သေချာပေါက် ဆာစီးနီယာ လို့ ပြောသံကြားပါတယ်"


အဲရစ်က သူ့ကို တားဖို့ ကြိုးစားသော်လည်း လိုင်မာဖီးရပ်စ် က လူအုပ်ကြီးကို ဖြတ်ပြီး လျှောက်ရှာနေသည်။


“…ဆာစီးနီယာ” 


ကြားရပြန်ပြီ...


လိုင်မာဖီးရပ်စ် သည် လူအုပ်ကြားထဲ လှည့်ပတ်၍ အသံလာရာကို  ရှာဖွေနေတော့သည်။


 "ဘယ်ကလာမှန်းတောင် မသိတဲ့ အဲဒီမိန်းမကို မင်းက ယုံသလား…အိမ်မက်ကနေ နိုးတော့...ဗားန်"


 "မမလေး ဆာစီးနီယာ ကို မစော်ကားနဲ့"


 'တွေ့ပြီ'


လိုင်မာဖီးရပ်စ် သည် မှောင်မိုက်သော လမ်းကြားထဲတွင် ရှိ‌နေသူတို့ကို တွေ့သွားရသည်။ မဆိုင်းမတွပင် သူလည်း ထိုလမ်းကြားထဲ ဝင်လာခဲ့သည်။ 


"ငါတို့က သူမကို စော်ကားတယ် ဟုတ်လား… ဘာကိုဆိုလိုတာလဲ" 


“အဲဒီတုန်းက မင်းကို လွှတ်ပေးဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ပေမယ့် ဒီနေ့တော့ မင်းကို လွှတ်မပေးနိုင်ဘူး…အရင်ရက်တွေတုန်းကလည်း မင်းကို လွှတ်ပေးခဲ့မိလို့ ရင်ထဲ တနုံ့နုံ့ဖြစ်နေခဲ့ရတာ"


 


ထိုလူက ပွန်းပဲ့နေသော သူ့နှာခေါင်းကို လက်ဖြင့် ပွတ်ရင်း ရင်တုန်နေပုံလည်း ရသည်။


 "ဗားန်… ဒီနေ့ မင်းကို ဘယ်သူမှ မကာကွယ်ပေးနိုင်တော့ဘူး"


 "မင်းရဲ့ အခြေအနေကို နားလည်ပြီလား"


ဗားန် ၏ ဘေးပတ်ပတ်လည်ရှိ လူသုံးယောက်သည် တခစ်ခစ်ရယ်မောနေကြသည်။


“မမလေး ဆာစီးနီယာကို အဲဒီလို  မပြောနဲ့… ဒီတစ်ခါကျရင် ရှင် တစ်သက်လုံး ဒဏ်ရာတွေ ရသွားလိမ့်မယ်"


ဗားန် သည် ကြောင်နှင့်တူသော သူမ၏ မျက်လုံးများဖြင့် ယောက်ျားများကို အကြောက်အလန့်မရှိ စိုက်ကြည့်နေသည်။ 


လိုင်မာဖီးရပ်စ် သည် လမ်းကြားရှိ အရိပ်ထဲတွင် ခိုကာ ရပ်နေ၏။ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းသည့် မိန်းကလေးကို သူ စောင့်ကြည့်နေခြင်းပင်။ သူမသည် ယောက်ျားသားများနှင့် ဘာမှ မယှဥ်နိုင်သော်လည်း တစ်စက်ကလေးတောင် ကြောက်ဟန်မပြချေ။


 


'မိုက်လှချည်လား' 


"ငါ့ဆီကတော့ ဒါပဲရမယ်' 


ခွပ် 


နှာခေါင်းတွင် အဖုအထစ်များ ရှိသော အမျိုးသားတစ်ဦးသည် ဗားန် ကို လက်ရွယ်လိုက်သည်။ 


လိုင်မာဖီးရပ်စ် အံ့အားသင့်သွားပြီး ကြားဝင်ရန် ကြိုးစားသော်လည်း အရိုက်ခံရသူမှာ အမျိုးသမီးမဟုတ်ဘဲ ထိုလူ အရိုက်ခံရကြောင်းသိလိုက်မှ သူလည်း ခြေလှမ်းတုံ့သွားသည်။


 


"အား…ဒီကောင်မ တကယ်ပဲ"


နှာခေါင်းမှာ ဒဏ်ရာရှိသူသည် အသားနာသွားရသဖြင့်  ဗားန် ၏ဆံပင်ကို လှမ်းဆွဲလိုက်သည်။ တစ်ချက်က‌လေးတောင် မအော်ဘဲ ဗားန် သည် သူမ ဆံပင်ကိုကိုင်ထားသည့် သူ့လက်ကို ပြန်ဆွဲကုတ်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။ နောက်ထပ် အမျိုးသားတစ်ယောက်သည် သူမတို့နှစ်ယောက် ရန်ဖြစ်နေသည်ကိုကြည့်ကာ ဗားန် ကို ပါးရိုက်ရန် လက်ရွယ်လိုက်၏။


 ဖျောင်း


ကျယ်လောင်သော အသံနှင့်အတူ ဗားန်၏ ခေါင်းမှာ ချာကနဲလည်ထွက်သွားရသည်။ ထိုစဉ် လိုင်မာဖီးရပ်စ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။


"ရပ်…ရပ်လိုက်ကြစမ်း” 


လိုင်မာဖီးရပ်စ် သည် အရိပ်ထဲက ထွက်လာပြီး သူတို့ရှေ့မှာ ပေါ်လာသည်။သူ မြန်မြန်ဝင်လာ သင့်သော်လည်း မိန်းကလေး၏ တုံ့ပြန်ပုံမှာ စိတ်ဝင်စားစရာကောင်းလှသောကြောင့် ဝင်လာဖို့ မေ့သွားရခြင်းပင်။


 "မင်းဘာလိုချင်လို့လဲ…ကိုယ့်လမ်းကို သွားတာ အကောင်းဆုံးပဲ"


ဗားန် ကို ပါးရိုက်လိုက်သော လူက  လိုင်မာဖီးရပ်စ် ကို စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ပြောလိုက်သည်။


 


“ယောက်ျားသုံးယောက်က မိန်းမတစ်ယောက်ကို အနိုင်ကျင့်နေတာလား…ဒါနဲ့များ မင်းတို့ကိုယ် မင်းတို့ ယောက်ျား လို့ ခံယူထားသေးလား"


"ကြည့်စမ်း… မင်း အသား မနာချင်ရင် မင်းလမ်းမင်း လျှောက်လိုက်" 


လိုင်မာဖီးရပ်စ် သည် သူ ယနေ့ဝတ်လာသော အဝတ်အစားကို ရိုးလွန်းသည်ဟုပင် ထင်သွားရသည်။ သူသာ ဓားတစ်ချောင်း ကိုင်ထားလိုက်လျှင် သူတို့ လာစော်ကားရဲမှာမဟုတ်ပေ။


 


“အရှင့်...” 


အဲရစ်က လမ်းကြားထဲကို ပြေးလာပေမယ့်လည်း တခြားသူတွေကို တွေ့လိုက်သည်နှင့် စကားကို ရပ်ထားလိုက်သည်။


 


"မသွားနိုင်ဘူးဆိုရင် ဘာလုပ်ချင်လဲ" 


"ငါတို့ကလည်း မင်းကို နာအောင်လုပ်ရတော့မှာပေါ့"


လိုင်မာဖီးရပ်စ် က ဟားတိုက် ရယ်မောလိုက်သည်။ 


မဖိတ်ခေါ်ထားသော ဧည့်သည်က သူတို့ကို လာလှောင်နေသဖြင့် သူတို့သုံးယောက် တုန်လှုပ်သွားကြသည်။ သို့သော်လည်း သုံးယောက်၊တစ်ယောက်မို့ လန့်မသွားပေ။အနည်းဆုံးတော့  ရန်ဖြစ်ရဲပေသည်။


 "မင်း အရိုက်ခံရင် မင်းလိုချင်တာကို ငါတို့ ပေးမယ်" 


"ဟား… ဟားဟား"


လိုင်မာဖီးရပ်စ် သည် သူ့ဘဝတစ်သက်တာတွင် ရယ်စရာအကောင်းဆုံး  စကားကို ကြားလိုက်ရသည့်အတွက် ဟန်မဆောင်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့ရယ်သံများ ပိုကျယ်လာသည်နှင့်အမျှ လူသုံးယောက်၏ မျက်နှာမှာလည်း မည်းပုပ်သွားကြသည်။


"ကောင်စုတ်" 


ဗိုက်ကိုဖိကိုင်ရင်း ရယ်မောနေသည့် လိုင်မာဖိီးရပ်စ်ဆီ သို့ လူတစ်ယောက် ပြေးချလာသည်။ချက်ချင်းပင် သူသည် ရယ်မောနေရာမှ ပေါ့ပေါ့ပါးပါး ခုန်လိုက်ကာ ထိုလူကို ကိုင်ပေါက်ပစ်လိုက်သည်။


" ဟေ့ မင်းတို့က ဘာလို့ လာမတိုက်တာလဲ…အချိန်ကုန်သက်သာတယ်…သုံးယောက်လုံး လာခဲ့" 


သူက လေးနက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။


 "အရူး‌ကောင်"


တစ်ချိန်တည်းမှာပင် လူနှစ်ယောက်က သူ့ကို လှမ်းကြည့်နေသည်။ 


အဲရစ် နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူ ဝင်မကူညီရင်တောင် နောက်ဆုံး ဘယ်သူအနိုင်ရမယ်ဆိုတာ ကို သိနေ၏။သိပ်မကြာခင်မှာပင် ‌တိုက်သံခိုက်သံတွေက လမ်းကြားထဲတွင် လွှမ်းမိုးသွားရသည်။


 


" မင်းတို့က ယောက်ျား မဟုတ်ဘူးပဲ"


 


လိုင်မာဖီးရပ်စ်က ပြုံးပြီး မြေပြင်ပေါ်တွင် လဲနေသော လူသုံးယောက်ကို ကြည့်ရင်း ပြောလိုက်သည်။ 


“…”


ဗားန် သည် တခဏချင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် အံသြသွားရသည်။ ထူးဆန်းသည့် လူတစ်ယောက် ပေါ်လာပြီး သူမကို အချိန်တိုအတွင်း အနိုင်ကျင့် နေသူများအား တိုက်ခိုက်ပေးခဲ့လေသည်။ထိုသူသည် တိုက်ရည်ခိုက်ရည် ကောင်းမွန်လှပြီး  လက်သီးကို အကြိမ်ပေါင်းများစွာ မလွှဲဘဲ တစ်ချက်တည်း ဆောင့်ထိုးလိုက်ရုံနှင့် သုံးယောက်လုံး မှောက်သွားရသည်။


"သုံးစက္ကန့်အတွင်း မင်းတို့ ငါ့ရှေ့ကနေ ပျောက်မသွားဘူးဆိုရင် ငါပြန်ပြီး တိုက်မယ်" 


ထို့နောက် သူသည် ကရုဏာမဲ့စွာ ရေတွက်တော့သည်။ 


"တစ်"


လိုင်မာဖီးရပ်စ် စတင် ရေတွက်လိုက်သည်နှင့် ထိုလူ သုံးယောက်သား လမ်းကြားမှ အမြန် ပြေးထွက်သွားကြ တော့သည်။ လိုင်မာဖီးရပ်စ် သည် သူတို့ကို ကြည့်လိုက်ပြီး ဦးထုပ်ကို ချွတ်ကာ ဆံပင်ကို လက်ဖြင့် ကြမ်းတမ်းစွာ ပွတ်သပ်လိုက်သည်။


 ' လူဆိုးဂိုဏ်းတွေ ရှိနေတာ ငါ မယုံနိုင်ဘူး' 


ဖာဘီယမ်းလမ်း ၏ လုံခြုံရေးကို ပိုမိုခိုင်မာစေရန် အမိန့်ပေးသင့်သည်ဟု သူထင်သည်။


 "ကျေးဇူးတင်ပါတယ်" 


ဗားန်က ဦးညွှတ်လိုက်သည်။ သူမ နောက်တစ်ကြိမ် မော့ကြည့်လိုက်တော့ သူမ ကို စူးစိုက်ကြည့်နေသော သူ့မျက်လုံးနှင့် ဆုံမိကြသည် ။ 


"ဆာစီးနီယာ နဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ" 


လိုင်မာဖီးရပ်စ် က သူသိပ်သိချင်နေသည့်မေးခွန်းကို မေးလိုက်သည်။ထို့ကြောင့်လည်း သူမကို ဝင်ကူညီရခြင်းပင်။


 


"…ရှင်က ဘယ်သူလဲ… မမလေး ဆာစီးနီယာ နဲ့ သိလား" 


ဗားန် သည် သူ့ကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်နေရာက မျက်နှာပြောင်းသွားပြီး သူ့ကို သတိထားကြည့်လိုက်သည်။


လိုင်မာဖီးရပ်စ် သည်လည်း။စက္ကန့်ပိုင်းအတွင်း အချိုးပြောင်းသွားသည့် သူမ အကြောင်းကို သိချင်လာသည်။


 “တစ်နေ့တော့ သိလာမှာပါ…ဒါဆို စကား ဆက်လိုက်ရအောင်…ဆာစီးနီယာ နဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ" 


သူ့မျက်လုံးများက စိတ်မရှည်ပုံပေါက်နေကြသည်။


 "ဘာလို့ပြောရမှာလဲ"


 သူမက လေသံစူးစူးကလေးဖြင့် ပြောလိုက်သည်။


 လိုင်မာဖီးရပ်စ် ပြုံးလိုက်မိသည်။ သူမကို တစ်ယောက်ယောက်က မဟုတ်တာလုပ်မိပါက လက်သည်းထုတ်ပြီး သွားဖြဲ၍ ရန်လိုနေသော ကြောင်မလေးတစ်ကောင်နှင့် တူနေတာကြောင့်ပင်။


 သူ့ထက်ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက် သူ့ဆီ ခုန်အုပ်တော့မတတ် စွာတေးလန်နေပုံကိုလည်း ရယ်ချင်မိသည်။


ဗားန် သည် သူမကို တိတ်တဆိတ် ပြုံးပြနေသည့် လိုင်မာဖီးရပ်စ်ကို မြင်လိုက်ရသောအခါ ရင်ထဲ ဒိတ်ကနဲ ဖြစ်ရသည်။ အထူးသဖြင့် ဆာစီးနီယာ အကြောင်းကို မေးပြီး တစ်မျိုးကြီး ပြုံးနေသောကြောင့် သူသည် လူကောင်းမဟုတ်ဟု သူမ ထင်သွားရသည်။


 နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။


သို့နှင့် ဝတ္ထုမှာလည်း ဆက်လက် လည်ပတ်နေတော့သည်။