I raised him.67
AvangelineMarch 13, 2023
၆၇
ဆာစီးနီယာ နှင့် ဘန် တို့သည် ဗိုက်ပြည့်အောင် စားပြီးနောက် ပွဲတော်ပြီးဆုံးချိန်ကို စောင့်မျှော်နေသည်။
ဘန် သည် နေဝင်လာလျှင် အအေးပိုလာမည်ဖြစ်၍ စောင်တစ်ထည်ယူရန် ထွက်သွားသည်မှာ အတော်ကြာနေပြီဖြစ်သည်။ နှစ်ယောက်သား စောစောက ဝယ်ထားသည့် လက်ပတ်တွေကို ဆင်တူ ဝတ်ထားကြသည်။ ဈေးသည်ကြီးက စမ်းဝတ်ကြည့်ဖို့ ပြော၍ ဝတ်ကြည့်လိုက်ရာ သူတို့လည်း ပြန်တောင်မချွတ်ချင်လောက်အောင် ကြိုက်သွားရသည်။
သူမတွင် ခရမ်းညိုရောင် လက်ပတ်တစ်ခုနှင့် ဘန် တွင် ကြက်သွေးရောင်လက်ပတ်တစ်ခု ရှိသည်။ သူတို့နှစ်ယောက်လုံး လက်ပတ်ဆင်တူ ၀တ်ဆင်ထားကြသည်။
ဆာစီးနီယာ သည် လက်ပတ်ကို သေချာ ကြည့်လိုက်သည်။ ခရမ်းညိုရောင် လက်ပတ်သည် ဘန့် ကို သတိရသွားစေသည်။ အထူးသဖြင့် ဤအရောင်သည် ဘန် ၏မျက်လုံးများနှင့် အလွန်တူနေသည်။
"ကြက်သွေးရောင် လိုချင်တယ်"
တောင့်တနေသော သူ့မျက်လုံးများနှင့် ဩရှရှ သူ့အသံကို သူမ သတိရသွားရသည်။ ထိုမျက်လုံးများကို တစ်ခါ ကြည့်လိုက်လျှင်တောင် သူ့အကြည့်ထဲ၌ ရူန်းမထွက်နိုင်လောက်အောင် နက်ရှိုင်းစွာ နစ်မြုပ်သွားပေလိမ့်မည်။
“ဟား…”
အပြစ်ကင်းလှသည့် လက်ပတ်ကလေးကို သူမ ကိုင်ထားရင်း သက်ပြင်းချ လိုက်မိသည်။ ဘန့် အနားမှာ ပိုရှိလေလေ သူ့ကို ငြင်းပယ်ဖို့ ခက်လေလေပင်။ မသေချာ မရေရာသော သူမတို့ ဆက်ဆံရေးကို အရင်အတိုင်း ဆက်ထိန်းထားလိုသည့် ဆန္ဒ သူမမှာ ရှိနေသည်။ သူမကိုယ်သူမ တစ်ကိုယ်ကောင်းဆန်နေမှန်း သိသော်လည်း မတတ်နိုင်ပေ။
'အခုလို အတူတူနေလို့ မဖြစ်နိုင်ဘူးလား'
သူတို့ရဲ့ ဆက်ဆံရေးကို သတ်မှတ်ရမှာလား…ဆန့်ကျင်ဘက်လိင်တွေ ကြားထဲမှာ မဖြစ်မနေ ချစ်ကို ချစ်ဖို့ လိုလို့လား…
'ငါတို့ သူငယ်ချင်းဖြစ်လို့ မရဘူးလားဟင်'
သူမ မျက်နှာမှာ ဝမ်းနည်းမှုတို့ ပြည့်နှက်နေကြသည်။
ဘန် သည် သူမ လက်မလွှတ်ချင်သောသူ တစ်ယောက်ဖြစ်သည်။ သူသည် သူမ နှလုံးသားကို ပထမဆုံး ပိုင်ဆိုင်ထားသူဖြစ်ပြီး အထီးကျန်ဘဝမှ သူမကို ကယ်တင်ခဲ့သူလည်း ဖြစ်သည်။ နောက်နောင် သူမသာ သူ့စံအိမ်ကြီးမှ ထွက်ခွာသွားလျှင်လည်း သူနှင့် အဆက်အသွယ် မပြတ်ချင်တော့ပေ။ သူမတို့ဆက်ဆံရေးသည် သူမ ငြင်းလိုက်လျှင် ဝေးကွာသွားမှာကို မလိုလားပေ။ ဘန်က သူမကို အတွေ့မခံတော့မှာကိုလည်း ကြောက်နေမိသည်။ဘာလို့ ကြောက်နေမှန်းလည်း မသိတော့ပေ။
“နေဝင်ပြီနော်"
ဘန် သည် စောင်ကြီးတစ်ထည်နှင့် ပေါ်လာပြီး ဆာစီးနီယာ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"အခုမှ စတော့မှာ"
"သူတို့ ကျွန်မကို ဒီမှာတွေ့ရင် ဘာပြဿနာမှ မတက်နိုင်တာ သေချာလား"
ဘန် သည် ဆာစီးနီယာ ကိုယ်ကို စောင်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ထား ပေးလိုက်သည်။
" ကောက်ရိတ်သိမ်းပွဲ ဆိုတော့ လူတွေနဲ့ အတူကြည့်ရတာ အဓိပ္ပါယ်ရှိပါတယ်"
ဘန့် အတွက် ကောက်ရိတ်သိမ်းပွဲတော်ကိုမြင်နိုင်သည့် စင်မြင့်ပေါ်တွင် သီးခြားထိုင်ခုံတစ်ခုရှိသည်။ သို့သော်လည်း ဆာစီးနီယာ က လူစုလူဝေးနှင့် အတူတူထိုင်ကြည့်ချင်သောကြောင့် သူလည်း သူမနှင့်အတူ ဆင်းပြီး ထိုင်နေခြင်းဖြစ်သည်။
"ရှင့်နေရာမှာဆို ပိုပြီး ကောင်းကောင်းမြင်နိုင်တဲ့ဟာ…ကျွန်မနဲ့ လိုက်လာခဲ့ရလို့ တောင်းပန်ပါတယ်"
"ကိုယ်က အဆင်ပြေပါတယ်"
သူက သဘောကျစွာ ပြုံးပြီး သူမကို မော့ကြည့်လိုက်သည်။
"ဆာစီးနီယာ နဲ့ ဘယ်နေရာပဲ လိုက်ရလိုက်ရ ကိုယ် အဆင်ပြေပါတယ်"
ဆာစီးနီယာ ရုတ်တရက် ရင်ခုန်သွားရသည်ကိုတော့ ဝန်ခံရပေမည်။
“သူတို့ အခု မီးညှိတော့မယ့်ပုံပဲ”
ဘန်ကလည်း သူ့ကိုယ်သူ ရှက်သွားသလို တစ်ဖက်ကို အမြန်လှည့်လိုက်မိသည်။
“…”
သူ့နားရွက်ကြီး နီရဲနေတာကို သတိထားမိသည့် ဆာစီးနီယာ သည် စကားတစ်ခွန်းမှ မပြောဘဲ ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ သူ့သဘောထားမှာ ထင်ရှားပြတ်သားလွန်းသဖြင့် သူမလည်း တုန်လှုပ်သွားရသည်။
'ငါ သူ့ကို ငြင်းရမှာလား'
ဒွိဟမျိုးစေ့ငယ်လေး တစ်စေ့က သူမရင်ထဲမှာ အမြစ်တွယ်လာရသည်။
'ငါ လောဘကြီးလို့ မရဘူးလား…လူတိုင်းမှာ လောဘစိတ်ဆိုတာ ရှိတတ်ကြတာပဲ'
"ဟုတ်ကဲ့…ကောက်ရိတ်သိမ်းပွဲတော်ရဲ့ အဆုံးသတ်ကို စလိုက်ကြရအောင်ပါ"
ကောက်ရိတ်သိမ်းပွဲတော် စတင်ကြောင်း အကြီးအကဲက ကြေညာလိုက်သည်။ ဘန် သည် အခမ်းအနားကို ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ပွဲကို ကြည့်ချင်သောကြောင့် တခြား အကြီးအကဲများထံ အပ်ထားခြင်း ဖြစ်သည်။
နေဝင်ပြီး အမှောင်ထုက ကောင်းကင်ကို ဖုံးလွှမ်းလာသည်နှင့်အမျှ ရင်ပြင်အလယ်တွင် လူအများ စုရုံးလာကြသည်။
ဆာစီးနီယာ သည် မှိတ်တုတ်မှိတ်တုတ် တောက်လောင်နေသော မီးတုတ်ကလေးများကို ကိုင်ထားသည့် လူအများ၏ အကြည့်ကြောင့် သူမ ရင်တုန်လာရသည်။ ကျယ်လောင်သော ခြေသံများကလည်း သူမကို ခေါင်းကိုက်စေသည်။ ထို့အပြင် အရင်တုန်းက သူမကို လူအများမှ ရန်လိုစွာ စိုက်ကြည့်နေကြပုံကို ပြန်အမှတ်ရလာပြီး သူမ တစ်ကိုယ်လုံး ယားယံလာသည်။
'ပြီးပြီးသား ကိစ္စကို ငါကြောက်နေဖို့ မလိုတော့ဘူး…ဒါပေမယ့် ဘာလို့ ကြောက်နေမိတာလဲ...'
“ဒီနှစ်မှာ စပါးကောင်းတွေရလို့ ဝမ်းသာမိသလို နောက်နှစ်လည်း ပိုကောင်းလာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်…”
အကြီးအကဲက ကျယ်လောင်စွာအော်ပြီး ကိုင်ထားသည့် မီးတုတ်ကို ထင်းပုံပေါ် လွှတ်ချလိုက်ရာ ဆာစီးနီယာ မတ်တပ်ထရပ်လိုက်မိတော့သည်။
"ဆာစီးနီယာ"
ဘန် အံ့သြသွားရပြီး သူလည်း ထရပ်လိုက်သည်။ မီးတုတ် ကိုင်ထားသူအားလုံးသည် အကြီးအကဲလိုပင် ထင်းပုံကို ထွန်းညှိလိုက်ကြသည်။
ခဏအကြာတွင် ကောင်းကင်ယံအထိ မီးတောက်များ တဟုန်းဟုန်းတောက်နေသည်ကို အားလုံးကြည့်နေကြသည်။
သို့သော် ဆာစီးနီယာ မှာ မပျော်ရွှင်နိုင်ဘဲ ရင်တဒိန်းဒိန်း ခုန်နေရသည်။
သူမ၏ ခြေ၊လက်များကို ကြိုးနှင့်ချည်ထားပြီး လူတိုင်းက သူမကို ဆဲဆိုနေချိန်နှင့် ယခု တစ်ထပ်တည်းတူနေတော့သည်။
"အဲ့ဒီစုန်းမကို သတ်ရအောင်"
"မင်းက စုန်းမကြီးပဲ"
ဆိုးညစ်ယုတ်မာသော စကားများကဲ့သို့ပင် ရွံရှာဖွယ်ကောင်းသော နာကြည်းမှုသည် သူမနှလုံးသားကို တင်းတင်းညှစ်ထားလေသည်။သူမ စိတ်ထဲတွင် ချားလ်စ်က မီးတုတ်ကို ထင်းပုံပေါ် ပစ်ချလိုက်ပုံကို မြင်ယောင်လာရတော့သည်။
“အိုး…”
သူမ မျက်လုံးထဲတွင် မှောင်မိုက်လာကာ စကတ်ကို တင်းတင်း ဆုပ်ထားပြီး မတ်တပ်ထဖို့ ကြိုးစားကြည့်မိသည်။
“ဆာစီးနီယာ…အဆင်ပြေရဲ့လား…မင်းကြည့်ရတာ နေမကောင်းဘူးနဲ့ တူတယ်"
ဘန် သည် အသက်ရှုကျပ်ပြီး ဖြူဖျော့နေသော သူမ မျက်နှာကို မြင်လိုက်ရသဖြင့် အမောတကော မေးလိုက်သည်။
ကောက်ရိတ်သိမ်းပွဲ ပြီးဆုံးသွားသောအခါ အနီရောင်စတုရန်းပုံ မီးတောက်ကြီးတစ်ခု တောက်လောင်နေတော့သည်။
သူမတို့ နှစ်ယောက်မှလွဲ၍ လူတိုင်းက ရင်ပြင်အလယ်တွင် စုဝေးနေကြသည်။
"ဆာစီးနီယာ…ဘယ်နားက နေမကောင်းဖြစ်နေတာလဲ…ဒါမှမဟုတ် ဟိုးအရင်က ကိစ္စတွေကြောင့်လား”
“မ…မဟုတ်ဘူး အဲ့ဒီလို မဟုတ်ဘူး"
သူမ၏ ရုပ်ဆိုးပြီး ထိခိုက်လွယ်သော ဘက်ခြမ်း( dark side)ကို မပြချင်ပေ။
ဆာစီးနီယာ သည် ကျောကို မတ်မတ်ထားရင်း သူ့လက်ကို ဆုပ်ကိုင်ထားကာ တောင့်ခံနေရှာသည်။
ထိုစဉ် ကလေးလေးများ ပြေးလွှားနေကြသော ခြေသံဖွဖွများ ကြားလာရသည်။
“အား"
ကလေးတစ်ယောက်မှာ သူငယ်ချင်းများနှင့် ပျော်ပျော်ကြီး ပြေးရင်းလွှားရင်း ခလုတ်တိုက်ပြီး လဲကျသွားရ၏။
ဆာစီးနီယာ သည် အရင်က ကြုံဖူးသော မြင်ကွင်းကြောင့် ရင်နာစရာ အတိတ်ကို သတိရသွားတော့သည်။
"ဆာစီးနီယာ"
ဘန် သည် ဆာစီးနီယာ ကိုသာ ဂရုစိုက်နေသည်။ ကလေးလေးသည် ထိခိုက်ဒဏ်ရာ ရသွားသော်လည်း ဆာစီးနီယာကို မော့ကြည့်နေကာ တစ်ချက်မှ မငိုဘဲ ထရပ်လိုက်သည်။ အံ့အားသင့်သွားသော ကလေးလေးကြောင့် မိုးကြိုးနှင့်တူသော အသံတစ်ခု သူမ နားထဲကို တိုးဝင်လာသည်။
"ထွက်သွား…စုန်းမစုတ်"
ထို့နောက် သူမ၏ နဖူးပါ နာကျင်လာရတော့သည်။သူမကို လူအများက ဝိုင်းပြီး ခြိမ်းခြောက်နေသလို ခံစားလိုက်ရပြီး နှလုံးခုန်သံပါ ပြင်းထန်လာရသည်။ ထို့အပြင် သူမ အသည်းနှလုံးကို ဆောင့်ခါလိုက်သလို ရင်တွေ တဆတ်ဆတ် တုန်နေရလေသည်။ ချွေးအေးများက လည်းနဖူးပေါ် စီးကျလာပြီး စိတ်တွေပါ ဝေဝါးလာသည်။
"ဒီစုန်းမ…ထွက်သွား"
ထို့နောက် အိပ်ပျော်နေသည့် လူသတ်ချင်စိတ်က တဖြည်းဖြည်း နိုးထလာသည်။
"ကိုယ်မြင်ချင်တဲ့အရာကိုပဲ မြင်ချင်ကြားချင်ကြားချင်သူတွေရဲ့အဆုံးသတ်က ကောင်းမယ်လို့ နင် ထင်လား"
ချက်ချင်းပင် ခံစားချက် မပါသည့် ကြောက်စရာကောင်းသော အမျိုးသမီးတစ်ဦး၏ အသံသည် သူမ နားထဲတွင် ပဲ့တင်ထပ်နေရသည်။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့် သုံးနှစ်ခန့်က အိမ်ကလေးကို မီးတင်ရှို့ရင်း ပြုံးနေသော သူမ ပုံရိပ် နှင့် ရင်ပြင်အလယ်တွင် သွေးများ စွန်းထင်းနေသော မိန်းမတစ်ယောက်၏ အပြုံးကို သတိရသွားသည်။
'ဘာလို့ရုတ်တရက်ကြီး ထဖြစ်ရတာလဲ'
သူမ စိတ်လွတ်သွားသည်။
'ငါက ဘယ်သူလဲ … ဆာစီးနီယာ ကရော ဘယ်သူလဲ'
သူမ စိတ်ရှုပ်စွာဖြင့် ကိုယ့်လက်ကိုယ်ကို ငုံ့ကြည့်လိုက်သည်။ တုန်ရီနေသော သူမ၏ လက်မှ အနီရောင်မီးခိုးများ ထွက်ပေါ်လာသည်။
ကြောက်စရာကြီး…
ဒီလက်တွေက လူတစ်ယောက်ကို ထပ်ပြီး ထိခိုက်စေမှာကို သူမကြောက်မိသည်။
"အဆင်ပြေရဲ့လားဟင်"
စိုးရိမ်သောက ရောက်နေသော လေသံက သူမ အနားမှ ထွက်ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ…ဘာလို့လဲ.."
စိုးရိမ်စိတ်ဖြင့် ဘန် သည် ဆာစီးနီယာ ၏ တုန်ရီနေသော လက်ကို ဆုပ်ကိုင်လိုက်သည်။ ဆာစီးနီယာ လန့်သွားပြီး သူ့လက်ကို ခါချဖို့ ကြိုးစားသည်။
ဘန် သူမ လက်ကို ထိလိုက်သောအခါ သူမ ရင်ထဲက ပူလောင်နေသမျှ လူသတ်ချင်စိတ်တို့ ပျောက်သွားရလေသည်။
"လန်း …အဆင်ပြေရဲ့လား"
အတူတူ ဆော့ကစားနေကြသော ကလေးများသည် လဲကျနေသော ကလေးဆီ ရောက်လာကြသည်။
"ငါအဆင်ပြေပါတယ်ကွ"
ကလေးလေးသည် သူ့သူငယ်ချင်းများနှင့် သူတို့အနားမှ ထွက်သွားသည်။
"အရမ်းလှတဲ့ အစ်မ တစ်ယောက်ကို တွေ့ခဲ့တယ် သိလား"
"အစ်မ တစ်ယောက်…စောစောက မင်းရှေ့က အစ်မလား"
"ဟုတ်တယ်…သူမက အံ့သြစရာကောင်းလောက်အောင်ကို လှတယ်ကွ”
ကလေးလေးက ရှက်စနိုးဖြင့် သူ့သူငယ်ချင်းတွေကို ပြောဆိုရင်း ထွက်သွားလေသည်။
ကလေးများ ပျောက်ကွယ်သွားသောအခါ သူတို့ နှစ်ယောက်ဘေးမှာ ဘယ်သူမှ မရှိကြတော့ပေ။
လူအားလုံးကလည်း နောက်နှစ်မှာ စပါး အထွက်တ်ိုးဖို့ ဆုတောင်းရန် မီးပုံရှေ့မှာ စုလာကြသည်။ သူတို့နှစ်ယောက်ကြားတွင် ရှိနေသည်က လေတိုးသံများသာ။
"ဆာစီးနီယာ…အဲ့ဒီအချိန်ကို မင်းမှတ်မိလို့လား"
ဘန် သည် ဆိုးရွားသော အမှတ်တရများ ပြန်အမှတ်ရသွားအောင် ကောက်ရိတ်သိမ်းပွဲတော်ကို ဖိတ်ကြားခဲ့ခြင်းမဟုတ်ပေ။
သူ နောင်တရပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
“…”
ဆာစီးနီယာ သည် ဘန် ကိုင်ထားသောသူမလက်ကို စေ့စေ့ကြည့်နေမိသည်။ သူမ လက်ဖဝါးကို သူ့လက်နွေးနွေးက တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။သူမသည် အားတင်းပြီး တုန်ရီနေသော မျက်ခွံများကို ပိတ်လိုက် ဖွင့်လိုက် လုပ်မိနေတော့သည်။
ယခုဖြစ်ပျက်ခဲ့သမျှသည် သတိပေးချက်တစ်ခုလိုပင်။ လူတိုင်းကြောက်ကြသည့် စုန်းမကြီးဖြစ်သော သူမ၏ ဖြစ်တည်မှုကို မမေ့ဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အဆုံးမှာတော့ သူမသည် ဤစွမ်းအားကြောင့်သေဆုံးရမည် ဖြစ်သည်။
ဆာစီးနီယာ သည် သူမ၏ ဖြစ်တည်မှုကို ဘယ်တော့မှ မမေ့ဘဲ အမြဲသတိထားနေသည်။
ဘန် နှင့် အတူ ဖြတ်သန်းခဲ့ရသည့် အချိန်တွေက သူမအတွက် ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းသော အိပ်မက်လေးတစ်ခု ဖြစ်ခဲ့ရသည်။
"ဆာစီးနီယာ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး"
ဘန်က သူမလက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး မေးမြန်းနေသည်။
"ဘန်"
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော သူမက စကားစလာသည်။
သူမ စကားသည် တစ်နည်းနည်းဖြင့် သူ့ကို နာကျင်စေလိမ့်မည်။သို့သော် သူ့ဘေးမှာ သူမ နေဖို့ မဖြစ်နိုင်ပေ။
ဆာစီးနီယာ ဘယ်အချိန် ပြန်အသက်ဝင်လာမလဲ ဆိုတာ သူမ မသိပေ။ သူမလည်ပင်းကို ညှစ်ထားသည့် လက်က တစ်ချိန်ချိန်မှာ ဘန် ကိုပါ လာညှစ်နိုင်သည်။
မူရင်းဝတ္ထုလိုပင် အရာအားလုံးကို သူမ ဖျက်ဆီးပစ်နိုင်သည်။ထို့ကြောင့် သူ့ဘဝထဲမှ ပျောက်ကွယ်သွား ပေးရမည် ဖြစ်သည်။
'သူမ အစကတည်းက အမြဲတမ်း အထီးကျန်နေခဲ့တာ မဟုတ်ဘူးလား…ဒီလောက်တော့ ခံနိုင်ရည်ရှိရမှာပေါ့'
"ဟုတ်တယ်…ဆာစီးနီယာ ကိုယ် ဒီမှာပါ…"
'ကိုယ် ဒီမှာပါ…ဒါကြောင့် မင်း စိတ်အေးအေးထားပါ'
မတည်မငြိမ် ဖြစ်နေသော သူမအား စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ သူ့ရင်ခွင်ထဲတွင် အနားယူစေလိုသည်။
"ကိုယ် မင်းကို ကာကွယ်ချင်တယ်ကိုယ် မင်းနဲ့အတူ အနာဂါတ်ကို ပုံဖော်ချင်တယ်"
ဘန်က သူ့ရိုးသားမှုကို လှစ်ပြလိုက်သည်။
"ကိုယ် ဆာစီးနီယာ အနားမှာ ရှိနေဖို့ ဘာတွေ လိုအပ်နေလဲ"
သူမကို ကာကွယ်ဖို့ ၊ သူမနှင့် အတူနေဖို့အတွက် မရေရာမသေချာသော ဆက်ဆံရေးကြီးဖြင့် သူ ရှေ့မဆက်ချင်ပေ။သူမ အားကိုးရမည့်သူ၊ပိုင်ဆိုင်ရမည့်သူ မဟုတ်ဘဲ သူမကို ကာကွယ်ပေးဖို့ဆိုတာ အဓိပ္ပါယ်မရှိဟု သူထင်သည်။
ဘန် က သူတို့ ဆက်ဆံရေးကို တရားဝင်ဖြစ်လာစေချင်မိသည်။ လွန်ခဲ့သော 3 နှစ်က သူမလက်ကို ပထမဆုံးအကြိမ် ထိလိုက်ကတည်းကစ၍ သူ့အလိုဆန္ဒနှင့် တပ်မက်မှုတို့သည် သူမအပေါ် လုံးလုံးလျားလျား လွှမ်းမိုးသွားခဲ့သည်။
မတုန်လှုပ် မယိမ်းယိုင်သော သူ့မျက်လုံးများက ဆာစီးနီယာ ကိုသာ ကြည့်နေသည်။
ဆာစီးနီယာ သည် တုန်ခါနေသော သူမ ရင်ဘတ်ကို လျစ်လျူရှုထားရင်း ပြောလိုက်သည်။
"ကျွန်မ အဲ့ဒီလို မလုပ်နိုင်ဘူး ဘန်း"