အပိုင်း ၆၈
Viewers 12k

68


ဘန် အလွန်တုန်လှုပ်သွားရပြီး သူ့မျှော်လင့်ချက်လေးများ ကွဲအက်ကာ အပိုင်းပိုင်း ကွဲထွက်သွားသည်။ 


"...မင်း ကိုယ့်ကို လက်မခံနိုင်ဘူးလား" 


တုန်ရီနေသော သူ့လက်သည် ဆာစီးနီယာ ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ 


"ကိုယ် မင်းကို စောင့်လို့မရဘူးလား"


ဘန် သည်  ငိုချတော့မလိုဖြစ်‌နေပြီး သူ့ကို မြင်လိုက်သူတိုင်း စိတ်မကောင်းဖြစ်သွားစေသည်။ 


“မဖြစ်နိုင်ဘူး"


ဆာစီးနီယာ က ကတုန်ကယင် ပြန်ဖြေလိုက်သည်။


ဘန် သည်  ပြတ်ပြတ်သားသား အငြင်းခံလိုက်ရသည့်အတွက် သူ့ရင်ထဲမှာ တစ်ခုခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။သူမစကားတို့က ဒဏ်ရာထဲကို ပိုးသတ်ဆေးတွေ လောင်းချနေသလိုပင်။


 "မင်း စောင့်ခိုင်းသလောက် ကိုယ် စောင့်နိုင်ပါတယ်" 


မျှော်လင့်ချက် သေးသေးလေးကို ဖမ်းဆုပ်ဖို့ကြိုးစားနေသလို ဘန်က ‌ပြောလိုက်သည်။


 “မစောင့်ပါနဲ့” 


သို့သော် ဆာစီးနီယာ သည် သူ့မျှော်လင့်ချက်လေးကိုပင် ပယ်ချလိုက်သည်။ သူမသည် အနာဂတ်ကို ပြောင်းလဲရန် ကြိုးစားချင်သော်လည်း အဆုံးတွင် ပြောင်းလဲမရနိုင်မှန်း သူမ စိတ်နေက သိနေ၏။


 ကံကောင်းထောက်မစွာနှင့် ဘာပြဿနာမှ မရှိခဲ့လျှင်တောင် ဝတ္ထုအဆုံးထိ သူ့ကို မှော်လင့်ချက်အမှားကြီး (false hope) ပေးထားလို့မရနိုင်ပြန်ပေ။


 သူ့ကို ဒီလိုချည်နှောင်ဖို့ သူမက ဘယ်သူမို့လို့လဲ… သူမ တစ်ကိုယ်ကောင်းဆန်ရာကျတယ်…


ဘန် ကို ကြိုးရှည်ရှည်နှင့် လှန်မထားသင့်ပေ။


"မင်း လေးလေးနက်နက် ပြောနေတာလား…ဒါ မင်းတကယ် လိုချင်တာလား" 


အံကြိတ်နေသော သွားကြားမှတစ်ဆင့် သူက တစ်ခွန်းချင်း ပြောနေသည်။ သူ့ကြည့်ရသည်မှာ သည်းမခံနိုင်တော့သလို ဖြစ်နေသည်။ 


“ဟုတ်တယ်…ကျွန်မ သဘောက အဲ့ဒီလိုအမှန်ပါပဲ" 


ဆာစီးနီယာ သည် တုန်လှုပ်နေသော နှလုံးသားကို အားတင်းထားပြီး သူမ၏ လက်နှစ်ဖက်လုံးကို သူလက်ထဲမှ ပြန်ဆွဲယူလိုက်သည်။


 ထိုအခါ ဘန် သည် သူ့နှလုံးသားတစ်ခုလုံး ကြမ်းပြင်ပေါ်သို့ ကျသွားသည်ကို ခံစားလိုက်ရသည်။ သူ့လက်ထဲက နွေးထွေးမှုကလေးမှာ ပျောက်ရှသွားရလေပြီ။သူမ စကားသည် သူ့ကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်း ဖြစ်ပြီး သူမကို လက်လျှော့လိုက်ဖို့၊ သူမကို ထပ်မထိဖို့ ပြောလိုက်တာနှင့် အတူတူပင်။


သူ့လည်ချောင်းဝသို့ အလုံးကြီး တစ်လုံး တက်လာသည်ကို ခံစားလိုက်ရတော့သည်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရသည့်အခါ စိတ်ပျက်အားငယ်စိတ်က နှလုံးသားထဲကို စိမ့်ဝင်သွားတတ်သည်။


ဘန် သည် ဘာမှမရှိသော သူ့လက်ကလေးကို ကြည့်ရင်း…


“ဆာစီးနီယာ…ကိုယ်…”


 "ဘန်…ကျွန်မကို နှစ်ခါ လာမပြောနဲ့"


ဤစကားက သူ့ကို အသည်းခိုက်မတတ် နာကျင်စေပြီး ငရဲပြည်အထိ ရောက်သွားစေသည်။ 


“…” 


သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာတော့သည်။ သူ့အကြည့်တွေက မျှော်လင့်ချက်တွေ အားလုံးကို ဆုံးရှုံးသွားသလိုမျိုးပင်။ ဘန်သည် လောဘကြီးသော သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။ ဆာစီးနီယာ သည် ကောက်ရိတ်သိမ်းပွဲ ပွဲတော်ကို သူနှင့်အတူ လိုက်မည်ဟု ပြောထားတာကြောင့် သူမနှင့် လက်ချင်းတွဲပြီး လျှောက်လည်မည်ဟု အားခဲထားခဲ့သည်။ ယခုတော့ သူကိုယ်တိုင်က လက်ကိုင်တာနှင့် မကျေနပ်နိုင်ဘဲ လောဘတွေ တက်လာမိသဖြင့် နောင်တ တရားတို့ ‌ပွေ့ပိုက်ထားရလေပြီ။ဖြစ်နိုင်လျှင် အချိန်ကို နောက်ပြန်လှည့်ချင်မိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ။


"ကိုယ် မသိတော့ဘူးကွာ"


“…”


 "ငါ ဘယ်လိုလုပ်ရမလဲ" 


ဘန် တုန်လှုပ်သွားပြီး ဘာဆက်လုပ်ရမှန်း မသိတော့အောင် ဖြစ်နေသည်။


 “ကဲ… သွားကြစို့”


ဆာစီးနီယာ သည်  ဝတ်ထားသော ကုတ်အင်္ကျီကို ကြယ်သီးဖြုတ်ပြီး ချွတ်လိုက်သည်။ သူ့ကို ငြင်းထားပြီဖြစ်၍ သူ့အင်္ကျီကို ဆက်ဝတ်ရန် မသင့်ပေ။


 ဘန် သည် သူမက အင်္ကျီကို အေးစက်စွာ ပြန်ပေးနေသဖြင့် ခေါင်းယမ်းလိုက်သည်။


 " မင်း အအေးမိလိမ့်မယ်…ဝတ်ထားပါ" 


ယခုထိ ဘန်က သူမကို စိတ်ပူနေသေးသည်။ဘယ်အခြေအနေပဲ ရောက်ရောက် ဘန်က သူမကိုသာ ဦးစားပေး နံပါတ်တစ် ဖြစ်သည်။


 


“…”


ဆာစီးနီယာ က နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ ယခုအထိ သူမကို စိတ်ပူပေးနေသည့် သူ့အတွက် ထပ်ပြီး ပစ်ပစ်ခါခါ လုပ်လိုက်လျှင် သူ့စိတ်အခြေအနေ ပိုဆိုးသွားနိုင်သည်။


 နှစ်ယောက်သား တောထဲ လျှောက်သွားကြသည်။ 


ဆာစီးနီယာ သည် သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ရှေ့ကို ကြည့်ပြီး‌ လျှောက်နေသည်။


သို့သော်လည်း လေ‌ပြေက သူမကို ညှဉ်းဆဲချင်သလိုမျိုး၊ ဘန် ၏ ကိုယ်သင်းနံ့ကို သယ်ဆောင်လာပြီး သူမအနားကို ခဏခဏ ဖြတ်တိုက်သွားသည်။ ရင်းနှီးသော သူ့ကိုယ်သင်းနံ့သည် ဆာစီးနီယာ အတွက် လတ်ဆတ်သော လေညင်းတစ်ခုလိုပင် ခံစားရသည်။


ဆာစီးနီယာ သည် ဘန် ၏ ကိုယ်သင်းနံ့ကို အမြဲ အမှတ်ရနေသည်။သူမ ဘဝတွင် အခက်အခဲတစ်ခုခု ရှိလာတိုင်း သူ့ကိုယ်သင်းနံ့ကလေးရလိုက်ရုံနှင့် စိတ်အဆင်ပြေသွားတတ်သည်။သို့သော်လည်း ထိုအနံ့သည် သူမ မပိုင်ဆိုင်နိုင်သော အမွှေးနံ့သာ ဖြစ်သည်။ဘယ်လိုပင်ပြောပြော သူ့ကိုယ်သင်းနံ့ကို သူမ ကြိုက်သည်ဟု ဝန်ခံရပါမည်။


သူမသည် ငိုချင်စိတ်ကို ထိန်းထားရသဖြင့်  နှာသီးဖျားမှာ နာကျင်ကိုက်ခဲကာ မျက်လုံးထဲတွင်လည်း မျက်ရည်များ ပြည့်နှက်နေပြီး နှုတ်ခမ်းမှာလည်း တဆတ်ဆတ် တုန်ယင်နေသည်။ 


သူမ အရာရာကို မှုန်ဝါးဝါးသာ မြင်ရတော့သဖြင့် ညအမှောင်ထုကိုသာ အပြစ်တင်ရတော့မည်။


သို့နှင့် နှစ်ယောက်သား ရထားပေါ်တက်သွားကြသည်။


မကြာခင် ရထား ထွက်သွားပြီး ဘန် က စကားစ,လာသည်။


“မင်းကို စွန့်လွှတ်နိုင်ပါ့မလားဆိုတာ ကိုယ် မသိသေးဘူး…ကိုယ့်ဘဝမှာ ဆာစီးနီယာ မရှိတော့ရင်လို့ မတွေးဖူးဘူး…ဒါကြောင့် အခု ဘာလုပ်ရမှန်း မသိတော့ဘူး"


ဘန်၏ အသံက တစ်စတစ်စ ပိုကျယ်လာသည်။


 "ကျေးဇူးပြုပြီး ကိုယ့်ကို အချိန်ပေးပါ… ကျေးဇူးပြုပြီး ကိုယ့် အနားမှာနေပေးပါနော်" 


နီရဲနေသော မျက်လုံးများကို ဖုံးကွယ်ရန် သူ ခေါင်းကိုသာ တွင်တွင် ငုံထားတော့သည်။သူ ပုခုံးများမှာလည်း တသိမ့်သိမ့်တုန်လျက်။


"ကျေးဇူးပြုပြီး ဘာမှမပြောဘဲ ပျောက်မသွားပါနဲ့ ဆာစီးနီယာ" 


တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ 


ဆာစီးနီယာ သည် နှလုံးသားထဲတွင် ပူလောင်နေသော နာကျင်မှုကြောင့် ရထားမှန် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်ခသည်။ အိမ်သို့သွားရာလမ်း တစ်လျှောက်တွင် နောက်ထပ် ဘာစကားမှ မဆိုဖြစ်ကြတော့။သို့သော် သူတို့ လက်ကောက်ဝတ်မှာ လက်ပတ်ဆင်တူကလေး ရှိနေဆဲပင်။


* * *


 "အစ်မ ဆာစီးနီယာ… ဘာဖြစ်လို့လဲ"


 "မမလေး ဆာစီးနီယာ… နေမကောင်းဘူးလား"


မေ နှင့် ဗားန် တို့သည် ယမန်နေ့က ရိတ်သိမ်းပွဲမှ ပြန်ရောက်ပြီးကတည်းက တိတ်ဆိတ်နေသည့် ဆာစီးနီယာ အတွက် စိုးရိမ်နေကြသည်။


 "မဟုတ်ပါဘူး…အဆင်ပြေပါတယ်" 


ပြတင်းပေါက် အပြင်ဘက်ကိုသာ သူမက ငေးရင်း ပြန်ပြောလိုက်သည်။


 “ဟုတ်ကဲ့…လိုရင် ညီမကို လှမ်းခေါ်လိုက်ပါနော်"


ထို့နောက် မေ သည် ဗားန် နှင့်အတူ အခန်းမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။ 


ဆာစီးနီယာ သည် တစ်ယောက်တည်းကျန်နေမှ စားပွဲပေါ်တင်ထားသည့် လက်ကောက်ကို ကိုင်ကြည့်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်တွင် မဝတ်နိုင်သော သို့မဟုတ် ဝတ်စရာမလိုသော လက်ကောက်သည် သူမအတွက် ရတနာသိုက်တစ်ခုလိုပင်။


 "ဘာလို့ ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတာလဲကွာ" 


အခန်းထဲတွင် ညည်းတွားသံတစ်ခု ပဲ့တင်ထပ်လာသည်။ သူ့ကို ငြင်းပယ်လိုက်တိုင်း သူမကိုယ်သူမ ဒေါသဖြစ်မိသည်။ နာကျင်နေသော သူ့ကို ထပ်ခါထပ်ခါ ပွေ့ဖက်ချင်မိတော့သည်။ 


"ပင်ပန်းလိုက်တာ" 


ဘာဖြစ်လာမလဲဆိုသည့်ကို သူမ စိုးရိမ်နေရသောကြောင့် နှလုံးခုန်မြန်လာသည်။သူမက လက်ကောက်ကို အိတ်ကပ်ထဲ ထည့်ထားပြီးနောက် ထိုင်ခုံမှ ထရပ်လိုက်သည်။ 


ဘန် က သူမကို ဒီမှာနေဖို့ တောင်းဆိုခဲ့သော်လည်း ဆာစီးနီယာ ဒီကနေ ထွက်သွားချင်မိသည်။အကြောင်းမှာ သူမ ဘယ်တော့ စိတ်ရူးထဖောက်မယ်မှန်း မသိသောကြောင့်ပင်။


 "မမလေး ဘယ်သွားမလို့လဲ"


တံခါးဝတွင် ရပ်နေသော ဗားန် က ဆာစီးနီယာ ကို မေးလိုက်သည်။


“လမ်းလျှောက်ရုံပဲ…ဒါနဲ့ ညီမ နှုတ်ခမ်းက ဘာဖြစ်နေတာလဲ"


ဗားန် ၏ နှုတ်ခမ်းဘယ်ဘက်ထောင့်မှာ ပွန်းပဲ့နေသည်။ ကောက်ရိတ်သိမ်းပွဲတော်ကို မသွားခင်က ဒဏ်ရာ မရှိသေးပေ။သူမ၏ ပါးစပ်နားတစ်ဝိုက်မှာ လက်သည်းခွံအရွယ်ရှိ ပွန်းပဲ့ဒဏ်ရာကလေး ရှိနေလေသည်။


 “ဪ… လမ်းလျှောက်ရင်းနဲ့ တိုင်ကို ဝင်တိုက်မိတာ… မမြင်မိဘူးလေ” 


ဗားန် က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။


 "တိုင်ကို တစ်ကယ် ဝင်တိုက်ခဲ့တာလား…ဒါမှမဟုတ် သူတို့က ညီမကို ထပ်ပြီး အနိုင်ကျင့်တာလား" 


သူမသည် ဗားန် ကို သံသယစိတ်ဖြင့် စေ့စေ့စပ်စပ်ကြည့်ရင်း မေးလိုက်သည်။ အကယ်၍ မေ ဆိုပါက ဆာစီးနီယာ ယုံမည်ဖြစ်သော်လည်း၊ရှပ်ပြာပြာ မလုပ်တတ်သော ဗားန် မှာ ထိုအမှားမျိုး ဖြစ်စရာအကြောင်းမရှိချေ။


 “မဟုတ်ဘူး တိုင်ကို တစ်ကယ် ဝင်တိုက်တာပါ...ရှက်စရာကြီးနော်" 


ရှက်ရွံ့စွာဖြင့် ဗားန် သည် သူမ၏ ဆံပင်ကို ပွတ်သပ်နေသည်။ 


ဆာစီးနီယာ  သူမကို သံသယဝင်နေပြီး ယခုထိ မယုံသေးပေ။


"မနာအောင် ဆေးသေချာလိမ်းနော်…"


 “ဟုတ်ကဲ့ ဟုတ်ကဲ့…လိမ်းလိုက်ပါ့မယ်… ကျေးဇူးတင်ပါတယ်"


 "ရပြီ…အနားယူချင်ရင် ယူတော့လေ"


"အစ်မ တစ်ခုခုလိုသလားလို့  စောင့်နေတာပါ"


ထို့နောက် ဗားန် သည် ဆာစီးနီယာ ခေါ်လျှင် ရောက်လာမည်ဖြစ်ကြောင်း၊ယခုတော့ သွားပြီးအနားယူမည်ဟု ပြောနေသည်။


ဗားန် က သေချာပြောနေသော်လည်း ဆာစီးနီယာ မျက်နှာမကောင်း ဖြစ်နေရသည်။ သူမ ကြည့်ရသည်မှာ စိတ်ညစ်နေပုံရပြီး တံခါးရှေ့တွင်သာ ရပ်နေသည်။ 


"မမလေးကို ဘာများ လုပ်ပေးရမလဲရှင်"


ဗားန် က သေသေချာချာ မေးလိုက်ပြန်သည်။ဆာစီးနီယာ သည် တစ်ယောက်တည်းနေချင်သော်လည်း ဗားန် ကိုလည်း လျစ်လျူမရှုထားနိုင်ပေ။


 "အစ်မတို့ အတူတူ လမ်းလျှောက်မလား"


 "ဟုတ်…"


ဗားန် သည် အကြိမ်ကြိမ် ခေါင်းညိတ်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။ 


ဆာစီးနီယာ ကလည်း ပြန်ပြုံးပြီး ဗားန် နှင့်အတူ စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။


 “မနက်ဖြန်ကစပြီး ဆရာကြီး ခရီးသွားရမယ် ထင်တယ်…တစ်ချို့ ဂိုဒေါင်တွေကို စစ်ဆေးဖို့ လိုနေသေးတယ်လို့ သိရပါတယ်…”


ဗားန် က တံခါးဖွင့်ပေးပြီး ဆာစီးနီယာ ကိုကြည့်လိုက်သေးသည်။


 


"ဟုတ်လား"


သူမသာ ဒီမှာဆက်နေပါက ဘန် စိတ်မသက်မသာဖြစ်လိမ့်မည်ဟု ဆာစီးနီယာ ထင်ထားတာကြောင့် သူ့အိမ်မှ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။ ဘန် ပြန်လာလျှင် သူမကို စိတ်အနှောင့်အယှက်ဖြစ်ဟန်မပြဘဲ ရှောင်တော့ရှောင်နေနိုင်သည်။သူကတော့ ယနေ့အချိန်ထိ ဘယ်အချိန်မဆို သူမကိုသာ ဦးစားပနေဆဲပင်။


'ဒါက သူ့အိမ်ပဲလေ'


ဆာစီးနီယာ သည် သူ့အိမ်မှာ သက်တောင့်သက်သာ မနေနိုင်တော့ဘဲ သဲမှုန်များကို ဝါးစားနေရသလိုပင် အနေခက်လှသည်။


"ဟုတ်ကဲ့…ဆရာကြီးတော့ ခဏလောက် အလုပ်ရှုပ်နေမယ် ထင်တယ်" 


ဗားန် က ပြောလိုက်သော်လည်း ဆာစီးနီယာ က အဖြေမပေးဘဲ ခေါင်းသာညိတ်လိုက်သည်။ ပန်းခြံထဲရောက်သည်နှင့် သူမတို့ အမြဲထိုင်တတ်သည့် စားပွဲဝိုင်းမှာ ထိုင်ကြသည်။ 


"အစားအသောက်တွေ ယူလာရမလား…မမလေး မနက်စာလည်း သိပ်မစားဘူး” 


"အင်း သွားယူလေ"


ဗားန် နှင့် စကားပြောရသည်မှာ  ပျော်စရာကောင်းသော်လည်း သူမ တစ်ယောက်တည်း ခဏလောက်နေချင်မိသည်။ 


"ဒါဆို ကျွန်မ အခုသွားယူလိုက်မယ်နော်"


 ချက်ချင်း ဗားန် သည် အိမ်ထဲ အမြန်ပြေးသွားသည်။ ဆာစီးနီယာ လည်း သူမ ထွက်သွားသည့်အတွက် စိတ်လွတ်လပ်သွားကာ တွေးနေတော့သည်။


 သူ တောင်းဆိုထားသလို တိတ်တဆိတ် ထွက်မသွားချင်သောကြောင့် သူမ ထွက်သွားမည့်ရက်ကို ရက်ချိန်းသတ်မှတ်ကြည့်မိသည်။


 'ဒီတစ်ပတ်ထဲ ထွက်သွားရင် ကောင်းမလား'


မြန်မြန်ထွက်သွားလေလေ ပိုကောင်းလေပါပဲ…


 'နောက်ဆုံးတော့ ငါပဲ ပြေးရတာပဲ'


အခုထိ ဘန် အကြောင်းကို ပြည့်ပြည့်စုံစုံ မသိရသေးသလို၊သူ့နောက်ကျောက ဒဏ်ရာတွေအကြောင်းလည်း နောက်ထပ် မသိရသေးပေ။


 သူမ အမြဲတမ်း သူရဲဘောကြောင်စွာ ထွက်ပြေးနေခဲ့သည်။ ယခုလည်း ဘန် ကို လောင်းကစားဘုရင် အား  ပြန်ပေးခဲ့တုန်းကလိုပင် သူမ ‌နောင်တရနေမိတော့သည်။  သူမသည် ဤခန္ဓာကိုယ်ထဲတွင် သုံးနှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အရာအားလုံးကို သူမ စိတ်ကြိုက် ဘာမှ မလွှမ်းမိုး၊မခြယ်လှယ်နိုင်တိုင်း အမြဲ ဟိုးအဝေးကိုသာ ထွက်ပြေးနေမိတော့သည်။


ဆာစီးနီယာ သည် ‌ခုံပေါ် မျက်နှာကို မှောက်ချလိုက်သည်။ သူမ ဘဝကြီးကို ငြီးငွေ့လာပြီး ဤအခက်အခဲမှ လွတ်မြောက်ချင်နေသည်။


 


သို့သော်လည်း လူတစ်ယောက်၏ အသံကြားလိုက်သည်နှင့် ခေါင်းထောင်ပြီး ကြည့်လိုက်မိသည်။


"မတွေ့တာကြာပြီနော်…မမလေး ဆာစီးနီယာ"


 မထင်မှတ်ဘဲ အားချန်က သူမရှေ့ ရောက်လာသည်။