I raised him.69
ဆာစီးနီယာ သည် သူမအား ဦးညွှတ်နေသော အားချန် ကို စေ့စေ့ကြည့်နေသည်။ အားချန် ကိုသူမ နောက်ဆုံးတွေ့ခဲ့သည်မှာ ရက်ဖယ်ချီ ရွာတွင်ဖြစ်သည်။ သူမ မြို့စားမင်း ပိုင်နက်တွင် လာနေကတည်းက သူ့ကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။
"နေကောင်းရဲ့လား… အားချန်"
“ဟုတ်ကဲ့…ကောင်းပါတယ်…ကျွန်တော် မမလေး အနားမှာ ထိုင်လို့ရမလား"
“ရပါတယ်…ထိုင်ပါ”
အားချန် သည် ဆာစီးနီယာ နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်လိုက်သည်။ ဆာစီးနီယာသည် ဘန် ၏ကောလဟာလများ နောက်ကွယ်မှ အမှန်တရားကို မေးမြန်းချင်၍ အားချန် နှင့်တွေ့ချင်နေခဲ့သည်။ ထို့ကြောင့် ယခု မေးခွန်းတစ်ခုက သူမ စိတ်ထဲ ပေါ်လာရသည်။
'အဲဒါကို သိရင်တောင် ငါ ဘာလုပ်နိုင်မှာမို့လို့လဲ"
သူမ မကြာခင် ဒီနေရာမှ ထွက်သွားတော့မည်ဖြစ်သည်။
“မနက်ဖြန်ကစပြီး ဂိုဒေါင်တွေကို စစ်ဆေးမယ်လို့ ကြားပါတယ်…ရှင်တော့ အလုပ်ရှုပ်နေတော့မှာပဲ"
“ဟုတ်ကဲ့…စစ်ဆေးရမယ့် နယ်မြေတွေ ရှိနေလို့ပါဗျ…သိပ်တော့မကြာပါဘူး… ပြန်လာမှာပါ"
“အင်း…ကောင်းပါတယ်”
အဆင်မပြေသော တိတ်ဆိတ်မှုတစ်ခု က ကြားဝင်လာသည်။
ဆာစီးနီယာ သည် အားချန် နှင့် ပထမဆုံး စကားပြောခြင်း ဖြစ်တာကြောင့် စိတ်အဆင်မပြေ ဖြစ်နေရသည်။ထို့ကြောင့် ဗားန် မြန်မြန် ပြန်လာဖို့သာ မျှော်နေမိတော့သည်။
"မမလေး"
စကားမပြောဘဲ တိတ်ဆိတ်နေသော အားချန်သည် နောက်ဆုံးတွင် စကားစ,လာသည်။
"ဟုတ်ကဲ့…"
အားချန် က တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွဲလိုက်သည်မှာ အံ့သြစရာပင်။
"ကောက်ရိတ်သိမ်းပွဲတော်မှာ ပျော်ခဲ့လား ခင်ဗျ"
ဆာစီးနီယာ သည် သူ့မေးခွန်းကြောင့် မျက်နှာထား ပြောင်းသွားရသည်။
"ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး…"
သူမ၏ လေသံက အေးစက်သွားသည်။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း သူမကိုယ်သူမ ပြန်အမှတ်ရပြီး နာကျင်ရသည်။
"ဟုတ်လား"
အားချန် က လက်ပိုက်ထားပြီး ဘာပြန်ပြောရမလဲ ဆိုသည်ကို စဉ်းစားနေသည်။ဆာစီးနီယာသည် မြို့စားမင်းပိုင်နက် သို့ ပြန်ရောက်လာကတည်းက သူ့ဆရာဖြစ်သူမှာ အိမ်သိပ်မကပ်တော့ပေ။ ကိစ္စ တစ်ခုခုကို ရှောင်ပြေးသွားသလိုပင်။ ထို့အပြင် ဘန် က စံအိမ်ထဲမှာ မနေတော့ဘဲ ခြံကို စစ်ဆေးဖို့ ဂိုဒေါင်မှာသာ အနေများလာ၏။
ထို့အပြင် အားချန် က ရိတ်သိမ်းပွဲတော်တွင် လည်ပတ်ရတာ အဆင်ပြေလားဟု သူ့ဆရာကို မေးခဲ့ရာတွင် မျက်နှာထားပြောင်းသွားကြောင်း သတိပြုမိသည်။
ဘန် ငေးငိုင်နေပုံကို သူ တစ်ခါမှ မမြင်ဖူးချေ။ဆာစီးနီယာကို စံအိမ်သို့ ခေါ်လာသည့်နေ့မှစ၍ ဘန်သည် ကမ္ဘာပေါ်တွင် အပျော်ဆုံး လူတစ်ယောက်လိုပင် နူးညံ့စွာ ပြုံးနေလေ့ရှိသည်။ သို့သော် ပွဲတော်မှ ပြန်လာပြီးနောက် သူသည် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသလို စိတ်ပျက်အားငယ်နေသည်။ ဘေးနားက ကြည့်နေသူတွေတောင် သူ့ရင်ထဲက နာကျင်မှုကို ခံစားမိသည်။ လွန်ခဲ့သည့်သုံးနှစ်က သူ့ကို ခေါ်လာစဥ် ငိုကြွေးနေခဲ့ပုံနှင့် တူနေပြီး ငိုင်တွေငေးငေးကြီး ဖြစ်နေတတ်သည်။
ဘန် က အရာအားလုံးကို ဆုံးရှုံးသွားသူ တစ်ယောက်လို လက်လျှော့ချင်နေသည်ကို အားချန် သိသည်။ထို့အပြင် ဆာစီးနီယာ ကြောင့် ဖြစ်သွားသည်မှာလည်း ထင်ရှားသည်။ လွန်ခဲ့သည့် သုံးနှစ်ကရော၊ ယခုပါ ဆာစီးနီယာ ကြောင့်သာ ဘန် စိတ်ညစ်နေရခြင်းပင်။
ထို့ကြောင့်လည်း သူ ယနေ့ သူမဆီ ရောက်လာရခြင်းဖြစ်သည်။
“ဒီရက်ပိုင်း ဆရာ့ ကြည့်ရတာ အဆင်မပြေဘူး”
“…”
"သူပုံမှန်အတိုင်း ပြန်ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်…ဒါပေမယ့် ကောက်ရိတ်သိမ်းပွဲကနေ ပြန်လာကတည်းက ကောင်းကောင်းလည်း မစားဘူး…အလုပ်ကိုပဲ မည်းလုပ်နေတာပဲ"
ဆာစီးနီယာ တိတ်ဆိတ်သွားသည်။ သူမကသာ အပြစ်ရှိသူတစ်ယောက်ဖြစ်နေသောကြောင့် ဘာမှ ပြောနိုင်စွမ်းမရှိတော့။
"မမလေး ဆာစီးနီယာ…ဒီလိုပြောရတာ ရှက်မိပေမယ့် ဆရာ့ကို ကူညီပေးနိုင်မလား"
အားချန် က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ဆာစီးနီယာ သည် မြေကြီးကိုသာ စိုက်ကြည့်နေပြီး လက်သည်းများကို ဆော့ကစားနေသည်။ သူမ ဘာပြောရမလဲဆိုသည်ကို စဉ်းစားနေသော်လည်း အဖြေတစ်ခုတောင် ထွက်မလာပေ။
“ကျွန်မ အဲဒီလို မလုပ်နိုင်ပါဘူး”
"မမလေး"
"ကျွန်မလည်း တတ်နိုင်တာ မဟုတ်ပါဘူး"
အဘယ်ကြောင့်ဆိုသော် သူမ သူ့အနားမှာ တစ်သက်လုံးရှိ မနေနိုင်ခြင်းကြောင့် ဖြစ်သည်။ သူမကိုယ်သူမ လောဘမကြီးမိအောင် ထိန်းထားသော်လည်း ထိုသို့ပြောနေစဉ်တွင် သူမ၏ နှလုံးသားသည် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။သူမ ထိုအကြောင်းကို တွေးလေလေ၊ သူမ နှလုံးသားတစ်ခုလုံး ပိုနာကျင်လေလေ ဖြစ်သည်။
"ကျွန်တော်က အပြစ်သားပါ"
ရုတ်တရတ် စကားသံကြောင့် ဆာစီးနီယာ က အားချန် ဘာကိုဆိုလိုသည်ကို မေးချင်လာသည်။ အားချန် က မျက်နှာမသာမယာနှင့် ခေါင်းငုံ့ပြီး စကားဆက်လာပြန်သည်။
“အခြားသူတွေထက် ဆရာ့ကောင်းကျိုးကို ကျွန်တော်က ပိုလိုလားပါတယ်… သူက မမလေး နဲ့ အတူရှိနေမှ ပျော်ရွှင်လာမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်…ဒါပေမယ့် အခု မမလေးက တစ်ကိုယ်ကောင်းဆန်ပြီး ဒီပျော်ရွှင်မှု တွေကို လုယူလိုက်တာပဲ"
"ဘာ…"
ဆာစီးနီယာ သူ့စကားကို နားမလည်ပေ။
“လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော် ဆရာ့ကို အတင်းအဓမ္မ ဖမ်းခဲ့ပါတယ်…"
မထင်မှတ်ထားသော စကားကြောင့် သူမ မျက်နှာထား တင်းမာသွားသည်။
ဘန် ကို ပြန်ပေးဆွဲသလို ဆွဲခေါ်သွားခဲ့သည့် မြို့စားမင်း မိသားစုမှ လူတစ်ယောက်မှာ အားချန် ဖြစ်ကြောင်း သူမ မသိခဲ့ပေ။ အားချန် သည် အလုပ်ကြိုးစားပြီး ဘန် ၏ အရင်းနှီးဆုံးလက်ထောက် ဖြစ်သည်မှာ သူမ မျက်မြင် ဖြစ်နေသည့်အတွက် စိတ်ကူးကြည့်လို့တောင်မရပေ။
“ကျွန်မ မထင်ထားဘူး… ဘန် က ရှင့်ကို သူ့ဘေးမှာ ထားတာဆိုတော့ ကျွန်မ မရိပ်မိခဲ့ဘူး”
သူ့ဘေးမှာ ဒီလူကို ဆက်ထားဖို့ သူ့နှလုံးသားက ဘယ်လောက်တောင် ခိုင်မာနေရတာလဲ…
“ကျွန်တော့်ရဲ့ ကံတရားပါပဲ… ဒါကြောင့် ကျွန်တော် သေတဲ့နေ့အထိ ဆရာ့ရဲ့ တာဝန်ကို ထမ်းဆောင်သွားမှာပါ"
လေပြေကလေးသည် နှစ်ယောက်ကြားတွင် ငြိမ်သက်စွာ တိုက်ခတ်လာသည်။
ဆာစီးနီယာ သည် လွန်ခဲ့သည့်သုံးနှစ်က သူမကြားခဲ့သည့် ကောလာဟလများအကြောင်းကို အားချန် အား မေးရန် ပြင်လိုက်သည်။
"အကြာကြီး နေမကောင်းဖြစ်ပြီး မကြာသေးခင်ကမှ ဘန် နိုးလာတယ်လို့ ကျွန်မ ကြားထားတယ်"
အားချန် ၏ ပခုံးများ တုန်လှုပ်သွားသည်။
“ထူးဆန်းလိုက်တာ… သေချာတာကတော့ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ကျွန်တော်နဲ့ အတူရှိနေတာပါ”
"...အဲ့ဒါက မြို့စားမင်းပိုင်နက် ရဲ့အပြင်လူတွေ ပြောနေကြတဲ့ ဇာတ်လမ်းပဲ"
မျှော်လင့်ထားသည့် အဖြေတစ်ခုပပင် ဖြစ်၏။ သို့သော် ထူးဆန်းသည့် အကြောင်းအရာများမှာ တစ်ခုထက်မက ရှိသောကြောင့် ဆာစီးနီယာ က ဆက်ပြောပြန်သည်။
“ဒါဆို မြို့စားမင်း ရဲ့ ဆက်ခံသူ ဘန် က ငယ်ငယ်ကတည်းက ဘာလို့ သူ့အမေနဲ့ အပြင်မှာနေပြီး ကျွန်ဖြစ်ခဲ့ရတာလဲ… ဘာလို့ လွန်ခဲ့တဲ့ သုံးနှစ်ကမှ သူ့ကို ပြန်ခေါ်တာလဲ”
အားချန် က သူမ မေးခွန်းတွေကို မဖြေပေ။ ရှုပ်ယှက်ခတ်နေသော မျက်လုံးသူ့အစုံကလည်း ဟိုဒီလှည့်ပတ်ကြည့်နေလေသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ ကျွန်မနဲ့ အတူနေနေတုန်းက အဲ့ဒီဟာတွေ မရှိခဲ့ဘူး”
သူမ စကားကြောင့် အားချန် မျက်လုံးပြူးသွားသည်။
"ဘာကို ပြောတာလဲဗျ"
“သူ့နောက်ကျောက ဒဏ်ရာတွေ"
အားချန် အံ့သြသွားသည်။ ဆာစီးနီယာ က စိတ်အားထက်သန်စွာဖြင့် ဆက်ပြောသည်။
"အားချန်…ကျွန်မ ထင်တဲ့အတိုင်းပဲ ရှင် ဒီအကြောင်းကို သိနေခဲ့တာပဲ"
စိတ်အိုက်နေသော အားချန် ပုံစံက သူမ၏ သံသယများကို ရှင်းလင်းသွားစေသည်။အားချန် သည် ဤထူးဆန်းမှုအားလုံး၏ လျှို့ဝှက်ချက်ကို သိထားသူ ဖြစ်လို့နေသည်။
“…”
အားချန် ဘာမှပြန်မပြောပေ။
သူထင်ထားသည်ထက် အံ့သြစရာကောင်းလောက်အောင် ပိုဥာဏ်ကောင်းနေသော ဆာစီးနီယာကို ပြန်မပြောခင် ပြောရမည့်စကားကို စိတ်ထဲ အရင်စီကြည့်ရပေဦးမည်။
တိတ်ဆိတ်မှုက ဥယျာဉ်ထဲကို ဖုံးလွှမ်းသွားခဲ့ပြီး ဆာစီးနီယာ ကလည်း အားချန် စကားကိုသာ စောင့်နေတော့သည်။
သို့သော် အားချန် သည် လွယ်လွယ်နှင့် ပြောမည့်ဟန်မပေါ်ချေ။ ဆာစီးနီယာ ငြိမ်သက်သွားသည့်တိုင် သူက မျက်နှာထား မသာမယာဖြင့်သာ တိတ်ဆိတ်နေသည်။
"မမလေး"
"ကျေးဇူးပြုပြီး ကျွန်မကို ဖြေပေးပါ"
“သံအမတ်ကြီး ပျော်ရွှင်ဖို့ဆိုရင် ကျွန်တော် ဘာမဆို လုပ်နိုင်ပါတယ်… ဒါပေမယ့် သူ့ကို ပျော်ရွှင်စေတဲ့အရာကို သူ့အနားမှာ အတင်းအကျပ် ထားပေးလို့ရပါတယ်…ဒါပေမယ့် သံအမတ်ကြီး အဲ့ဒါမျိုး တစ်ကယ်လိုချင်တာမဟုတ်ပါဘူး"
အားချန် သည် ထူးဆန်းသည့် စကားတွေကိုသာ ပြောနေခဲ့သည်။ သို့သော် ဘာမှန်းမသိသော စကားများထဲတွင် သူမကသာ ဘန် ၏ ပျော်ရွှင်မှုဖြစ်ကြောင်း ပြောပြနေသဖြင့် သူမ နှလုံးသားတစ်ခုလုံး သိမ်မွေ့စွာ တုန်လှုပ်သွားရသည်။
' ငါတကယ် စိတ်ညစ်တယ်'
"ဒါကြောင့် သံအမတ်ကြီး အနားမှာ မမလေးက ကြည်ကြည်ဖြူဖြူ ရှိနေချင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…မမလေးလည်း ပျော်ရမှာပါ"
"အခု ရှင်ဘာတွေပြောနေလဲ ကျွန်မ နားမလည်ဘူး"
"တောင်းပန်ပါတယ်…ဒါက ကျွန်တော်ပြောနိုင်သမျှပါပဲ…ပြီးတော့ ကျွန်တော်က သံအမတ်ကြီးရဲ့ လက်ထောက်ပဲမလို့ စကားကို လက်လွတ်စပယ် ပြောလို့မရဘူးဆိုတာ မမလေး အသိဆုံးပါ"
နောက်ဆုံးတွင် အားချန် သည် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မပြောရန်သာ ဆုံးဖြတ်ထားသည်။သူ လိမ်ပြောလိုက်လျှင်လည်း တစ်ချိန်ချိန်မှာ အဖြစ်မှန် သေချာပေါက် ပေါ်သွားမည်ဖြစ်သည်။
သူ့ဆရာသည် ရက်ဖယ်ချီ ရွာကို လာပြီး ဆာစီးနီယာ ၏ အိမ်ရှေ့တွင်ရပ်နေကတည်းက သူ၏ အတိတ်ကိုမြှုပ်နှံထားခဲ့ပြီးဖြစ်သည်။ထို့ကြောင့် သူလည်း ဘာမှ မပြောရဲပေ။
"ဒါဆို ကျွန်မကို မပြောပြနိုင်ဘူးပေါ့"
"တောင်းပန်ပါတယ်"
ဆာစီးနီယာ သည် ထိုင်ခုံ နောက်မှီပေါ် စိတ်ပျက်လက်ပျက် မှီလိုက်သည်။အားချန် အတွက် ပြောပြဖို့ မလွယ်မှန်း သူမ သိသော်လည်း သူမ စိတ်တွေ ကဏှာငြိမ်ဖြစ်နေရသည်။
"ကျွန်မ နားလည်ပါတယ်…နောက်မမေးတော့ပါဘူး"
“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”
အားချန် ၏ စကားများသည် ဘန် တစ်ခုခုဖြစ်ခဲ့သည်ကို အမှန်တကယ် သက်သေပြနေသည်။ သူ့အတွက် ဘယ်သူ့ကိုမှ မပြောချင်ဘဲ ဖုံးကွယ်ထားရလောက်အောင် အဆင်မပြေသည့် ကိစ္စတစ်ခုပင်။
' ငါ ဘာဖြစ်သွားတာလဲ...အာ…'
မကြာမီ ထွက်သွားတော့မည့် သူမသည် ဘန် ၏အတိတ်ကို အလွန်အမင်း စွဲလမ်းနေရသည်မှာ ရယ်စရာကောင်းလှသည်။
"မမလေး…ကျွန်တော် တောင်းဆိုထားတာကို ပြန်စဉ်းစားဖို့ အလေးအနက် တောင်းဆိုပါတယ်ခင်ဗျာ"
ထိုင်ခုံမှထလိုက်သော အားချန် သည် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ဒီလိုမလုပ်ပါနဲ့…အသာ ရပ်နေပါရှင်"
ဆာစီးနီယာ က ငြင်းနေသော်လည်း သူက လေးနက်သွားစေရန် ဦးညွတ်နေမြဲပင်။
"သံအမတ်ကြီးက မမလေး အနားမှာ အမြဲနေချင်တာ သိပ်သေချာပါတယ်"
“…”
“နောက်ပြီး သူ မမလေးဆီ ပြန်မလာနိုင်တာ ကျွန်တော့်အပြစ်ပါ…သူ တစ်ကယ်ကို ဘာအမှားမှ မလုပ်ခဲ့ပါဘူး… အဲဒါကို မမလေး သိထားပါနော်"
အချိန်အတော်ကြာ ဦးညွှတ်နေခဲ့သော အားချန် သည် ကိုယ်ကို ပြန်မတ်လိုက်သည်။ထို့နောက် သူမကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။
ဆာစီးနီယာ စိတ်ရှုပ်လာရသည်။
"ကျွန်တော် မမလေးရဲ့ အချိန်တွေ အများကြီးယူမိသွားပြီ…တောင်းပန်ပါတယ်…ပြီးရင် ကောင်းကောင်းအနားယူပါနော်… မမလေး"
ဆာစီးနီယာ သည် အားချန် ၏ နောက်ကျောကို ကြည့်နေရင်း ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
"ငါ့ကို ဘာလုပ်စေချင်တာလဲ…"
သူမက ခုံပေါ်မှောက် အိပ်လိုက်ရင်း ဘန်နှင့် ပြန်တွေ့ခဲ့သည့် အချိန်ကို ရုတ်တရက် သတိရသွားမိသည်။ သုံးနှစ်ကြာအောင် ပျောက်သွားရသည့် အကြောင်းနှင့် သူ တစ်လျှောက်လုံး ဘာ်လို သူရုန်းကန်ခဲ့ရပုံကို ရှင်းပြနေစဉ်က ဖြစ်ပျက်သွားသော ဘန် ၏ မျက်နှာအမူအရာကိုပါ တရေးရေး မြင်ယောင်လာရတော့သည်။သို့သော် ထိုစဉ်ကတော့ သူမ သူ့ရင်ထဲကို ဝင်မကြည့်ခဲ့ပေ။
'သူတကယ် ဘာဖြစ်သွားတာလဲ'
ဖုံးကွယ်ထားချင် လောက်အောင်ပင် သူ နာကျင်ခဲ့ရနိုင်သည်။
သို့ဖြင့် ဆာစီးနီယာ သည် ထိုကိစ္စကို မရရအောင် ဖော်ထုတ်ချင်နေတော့သည်။