အပိုင်း ၇၀
Viewers 13k

I raised him.70


ဆာစီးနီယာ သည် အားချန် နှင့်တွေ့ဆုံခဲ့သည်မှာ နှစ်ရက်ကြာသွားပြီ ဖြစ်သည်။ အားချန် ကို သူမ တတ်နိုင်သလောက် အစ်အောက်မေး ကြည့်ခဲ့သော်လည်း အချည်းနှီးပင်။ သူ့ကို အရိပ်အမြွက် လေးသာ မေးကြည့်လျှင်တောင် သူက လုံးလုံးရှောင်ပြီးဖြေသည်။ဒဲ့ဒိုးပြောလျှင်လည်း ဗြောင်ငြင်းနေတော့သည်။ထို့ကြောင့် သူမ ထွက်သွားမည့်ကိစ္စမှာ နှောင့်နှေး နေရသည်။အကြောင်းမှာ သူ့အတိတ်အကြောင်း ပြောရင်း နာကျင်နေသည့် ဘန် ၏မျက်နှာသည် သူမ စိတ်ထဲတွင် အမြဲပေါ်လာရသောကြောင့်ပင်။ထို့ကြောင့် သူမ,မထွက်သွားခင် တတ်နိုင်သလောက် ဘန့်အတွက် ကူညီချင်မိသည်။ 


 “ကူညီနိုင်ရင် သိပ်ကောင်းမယ်…” 


သူမနှင့်အတူ လမ်းလျှောက်နေသော ဗားန် သည် မှိုင်တွေနေသော ဆာစီးနီယာ ကိုကြည့်ရင်း ပြောလိုက်သည်။


 "မမလေး ကူညီနိုင်လောက်ပါတယ်" 


ဆာစီးနီယာ သည် ဗားန် ကို ပြုံးပြသော်လည်း ဗားန်မှာ စိတ်မသက်မသာ ခံစားနေရဆဲ ဖြစ်သည်။ သူမသည် ဆာစီးနီယာ ကို တစ်နည်းနည်းဖြင့် ကူညီချင်သော်လည်း ဘန် အကြောင်း ဘာမှမသိသောကြောင့် သူမ မကူညီနိုင်ပေ။


 "အစ်မတို့ ဖာဘီယမ်းလမ်း ကိုသွားမလား"


 "ဖာဘီယမ်း လမ်း" 


ဗားန် မျက်လုံး ပြူးသွားသည်။ 


"ကော်ဖီဆိုင်မှာ တစ်ခုခု သွားစားရင် ဒီအကြောင်း ကောလဟလ တစ်ခုတော့ ကြားနိုင်မယ်ထင်တယ်"


ဘန် အကြောင်းကို ပထမဆုံးကြားခဲ့ရသည့် နေရာက ကော်ဖီဆိုင်မှာ ဖြစ်၍ နောက်ထပ်လည်း ကြားရမလားဟု သူမ မျှော်လင့်မိခြင်းပင်။


 


"ဟုတ်ကဲ့…မမလေး…ကောင်းမယ် ထင်တယ်"


ထို့နောက် သူမတို့ နှစ်ယောက်သည် မြို့စားမင်းပိုင်နက် ၏ ပင်မဝင်ပေါက်ဆီ လျှောက်လာကြသည်။ 


"ဆာစီးနီယာ" 


တစ်စုံတစ်ယောက်က သူမနာမည်ကို အနောက်မှ လှမ်းခေါ်လိုက်သည်။ ဆာစီးနီယာ သည် မရင်းနှီးသော အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။


 "ထင်တဲ့အတိုင်းပဲ… မစ္စ ဆာစီနီးယာကိုး…" 


ရယ်စရာကောင်းသော အပြုံးနှင့် လူတစ်ယောက်သည် စင်္ကြံအလယ်တွင်  ရပ်နေလေသည်။ 


"ဟင်…ရှင်က…"


ဗားန် အံ့သြသွားပြီး ထိုလူကို လက်ညှိုးထိုးရင်း ရေရွတ်လိုက်သည်။ 


ဆာစီးနီယာ သည် ထိုလူကို စေ့စေ့ကြည့်လိုက်သည်။ နေရောင်က အလိုလို  သူ့ခေါင်းပေါ် ဖြာကျနေသောကြောင့် သူ့ဆံပင်များမှာ ရွှေရောင်တောက်တောက် ဖြစ်နေပြီး ပင်လယ်လို မျက်လုံးပြာပြာတွေ ရှိသည့် အမျိုးသားဖြစ်၏။မြင့်မားချွန်ထက်သော နှာတံ၊ နူးညံ့သော နှုတ်ခမ်း၊ ကြည်လင်သော အသားအရည်နှင့် ခိုင်မာသော မေးရိုးပုံသဏ္ဍာန်ရှိသည်။ သူသည် ရုပ်ရည်ချောမောပြီး မိန်းကလေးတွေကြားမှာ အတော်လေး ရေပန်းစားမည့် ပုံစံမျိုးပင်။ ထို့အပြင်၊ ရှည်လျားဖြောင့်စင်းသော သူ့ခြေတံများ၊ ကျယ်ပြန့်သော ပခုံးပြင်များနှင့် တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်တို့မှာ ဘန် လိုပင် အချိုးအစားလှပနေသည်။သို့ရာတွင် ဘန်လို ဘက်စုံဖြစ်မနေသေးပေ။


 "မင်းကို အနှေးနဲ့အမြန်တော့ တွေ့ရမယ်ဆိုတာ သိနေတယ်" 


မရင်းနှီးသောလူသည် ရယ်မောရင်း ပြောလိုက်သည်။


 "မမလေး…ကျွန်မတို့ ထွက်ပြေးမှ ရမယ်" 


ဗားန် သည် အန္တရာယ်ကို သတိပြုမိကာ ဆာစီးနီယာ ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ 


"ထွက်ပြေးမယ်… ဘာလို့လဲ… ညီမ သူ့ကိုသိလို့လား" 


“နောက်မှရှင်းပြမယ်…သူက ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲကွာ"


 "ဗားန် …ဘာဖြစ်နေတာလဲ" 


ဗားန် အံ့အားသင့်သွားသည်။ ထိုလူကို သူမ  ပထမဆုံးတွေ့စဥ်က သူသည် ဆာစီးနီယာ အကြောင်း အဆက်မပြတ် တတွတ်တွတ် မေးနေသည့်အတွက် သူမ ထွက်‌ပြေးခဲ့ရဖူးသည်။ ဗားန်သည် ထိုလူကို ကောင်းကောင်းသိသည်။ သူသည် အာဏာပါဝါရှိသူဖြစ်ပြီး လူအများကို လွှမ်းမိုးနိုင်သူတစ်ဦးပင်။သူမ အရင်က သူ့လိုလူတစ်ယောက်နှင့်ကြုံဖူးသည်။ယခင်က သူမ တွေ့ဖူးသော လူမှာလည်း အာဏာရှိသူ တစ်ဦးဖြစ်ပြီး ငွေတိုးပေးစားနေသူဖြစ်သည်။


"ဒီလူက အကြွေးတောင်းမယ့်လူ"


"ဘာ" 


"မမလေးဆီက အကြွေးတောင်းဖို့ ဒီကို လာတာ" 


ဆာစီးနီယာ သည် ပါးစပ်ပါ ဟသွားရသည်။


 


'ဒါဘာကိုဆိုလိုတာလဲ… ငါ့မှာ အကြွေးမှ မရှိတာ သူက ဘာလို့လာရတာလဲ'


"သူ့ဆီက ပိုက်ဆံလည်း ချေးမထားဘဲနဲ့ ဘယ်လိုလုပ်  အကြွေး ပြန်ပေးရမှာလဲ"


 "အရင်ဆုံး ကျွန်မတို့ ဒီကနေမြန်မြန်ထွက်သွားရမယ်…လာ"


ဗားန် သည် သူမ လက်ကိုဆွဲလိုက်သော်လည်း ဆာစီးနီယာ မှာ မျက်တောင်မခတ်ဘဲ ထိုလူကို စိုက်ကြည့်နေသည်။ 


"ဟင့်အင်း…ကိုယ်က အကြွေးတောင်းမယ့်သူ မဟုတ်ပါဘူး" 


ထိုလူက ရယ်မောလိုက်ပြီး သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဆာစီးနီယာ သည် သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ရင်းနှီးနေသလို ခံစားရသည်။ 


ရွှေရောင်ဆံပင်ဖျော့ဖျော့နှင့် မျက်လုံးပြာပြာများ…


သူ့ကို ဟိုးအရင်ကတည်းက သိထားသလိုပင်။ သူ ဝတ်ထားသော ဝတ်စုံမှာ  ဘန် ၏ နီညိုရောင် ယူနီဖောင်းနှင့်မတူဘဲ၊ နက်ပြာရောင်ရှိပြီး ရွှေချည်ထိုးဖြင့်ပြုလုပ်ထားသော ပုဝါတစ်ထည်ကို ပခုံးပေါ်  ပတ်ချည်ထားသည်။အင်္ကျီ ကော်လာနှင့် ကြယ်သီးများသည် ရွှေရောင်ဖြစ်ပြီး တလက်လက် တောက်ပနေသည်။အင်္ကျီလက်နှင့် ပခုံးပေါ်တွင် ရေးဆွဲထားသော ပုံစံများသည် ထူးခြားပြီး လူပုံရော၊ တိရိစ္ဆာန်ပုံရော ရောထွေးနေကြ၏။


သူ့ကို အချိန်အတော်ကြာ ကြည့်နေခဲ့သော ဆာစီးနီယာ ၏ မျက်နှာသည် တစ်စတစ်စ တင်းမာလာသည်။ ဤသူကို သူမ,မသိနိုင်စရာအကြောင်းမရှိပေ။ သူသည် ဝတ္ထုထဲက အမျိုးသား ဇာတ်ဆောင်ပင် ဖြစ်သည်။ 


"ဟုတ်ကဲ့…အရှင့်အပေါ်မှာ အပြစ် လုပ်ခဲ့မိတဲ့အတွက် ကျွန်မတို့ကို ချမ်းသာပေးပါ…အိမ်ရှေ့စံရှင့်"


ဆာစီးနီယာ က ကမန်းကတန်း ဦးညွှတ်လိုက်သည်။


 "ဘယ်လို.…အိမ်ရှေ့စံမင်းသား" 


ဗားန် သည် သစ်ရွက်ခြောက်တစ်ခုလို တုန်လှုပ်သွားသည်။ 


"မင်း ကိုယ့်ကို သိတာလား… ဘယ်လိုလုပ် သိတာလဲ"


အိမ်ရှေ့စံသည် ဆာစီးနီယာ ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေ၏။ 


'သိတာ မထူးဆန်းပါဘူး' 


အင်ပါယာ၏ သင်္ကေတ အမှတ်အသားကို မယုံနိုင်လောက်အောင် စျေးကြီးနိုင်သော သူ့အ၀တ်အစားများတွင် ချုပ်လုပ်ထားသည်။သူ့ပုံစံကို ကလေးတောင်မှ မှတ်မိမည်ဖြစ်သည်။


 “အင်ပါယာရဲ့ တံဆိပ်ကို လူတော်တော်များများ မဝတ်နိုင်ကြပါဘူး…အရှင့်သား"


“ကျွန်မကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်… အရှင့်သားကို ရိုင်းပျစွာဆက်ဆံခဲ့မိပါတယ်"


ဗားန် သည် ကြမ်းပြင်ပေါ် ဝပ်တွားလိုက်သည်။


 "အဆင်ပြေပါတယ်…ထလိုက်ပါ… တော်တော်လည်း ပျော်စရာကောင်းခဲ့ပါတယ်” 


သူမကို ခွင့်လွှတ်ပြီးနောက်မှာပင် ဗားန် သည် အပင်တစ်ပင်ကို လေတိုက်လိုက်၍ တုန်လှုပ်သွားသလို ဖြစ်သွားပြီး ကြမ်းပြင်ပေါ်မှ မထသေးခဲ့ပေ။


ထို့နောက် ဆာစီးနီယာက ဗားန် ၏လက်မောင်းကို ကိုင်ကာ ဆွဲထူပေးနေသည်။


“ကျွန်မ မှားသွားပြီ… ဘယ်လိုလုပ်ရမလဲ…မမလေး” 


"ဗားန် ရယ်…ရပါတယ်…အရှင့်သားက  ခွင့်လွှတ်တယ်လို့ ပြောထားပြီးသားလေ" 


သို့သော်လည်း ဗားန် မှာ တုန်တုန်ယင်ယင် ဖြစ်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည် ။


 "အဲရစ်" 


“ဟုတ်ကဲ့ပါ…အရှင့်သား”


 "သူမ အရမ်းအံ့သြနေလို့ သိပ်အဆင်ပြေပုံမရဘူး… သူမကို အခန်းထဲခေါ်သွားပေးလိုက်" 


အိမ်ရှေ့စံက ခေါ်လိုက်ရာ အဲရစ်အမည်ရှိ အမျိုးသားသည် သူမတို့ဆီ လျှောက်လာနေသည်။


 "ကျေးဇူးပြုပြီး"


အဲရစ်က ဗားန်ကို ဆွဲထူပေးလိုက်ပြီး  သူမ အခန်းထဲကို ခေါ်သွားပေးလိုက်သည်။


"ကျွန်မကို အချိန်ပေးစေချင်ပါတယ်… ကျွန်မ မေးစရာလေးတွေ ရှိနေလို့ပါ"


အိမ်ရှေ့စံက ဆာစီးနီယာ ကိုပြုံးပြလိုက်ရာ သူမ ကျောရိုးထဲကပါ စိမ့်သွားရသည်။


 'ဘာ်လိုကြီးလဲ'


နီညိုရောင် မျက်လုံးများက သူမကို နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားစေသည်။ 


ဗားန် က အိမ်ရှေ့စံကို မြင်မြင်ချင်း သိနေပုံရသဖြင့် သူတို့နှစ်ယောက် အရင်က တွေ့ဖူးပြီးသား ဖြစ်နိုင်သည်။


'ဒါပေမယ့် သူက ဗားန် ကို မသိဘဲ ငါ့ကို ဘာလို့ သိနေရတာလဲ'


 အိမ်ရှေ့စံသည် သူမတို့ကို တွေ့တွေ့ချင်း ဗားန် ကို မခေါ်ဘဲ ဆာစီးနီယာ ကိုသာ အော်ခေါ်ခဲ့သည်။ သူမနှင့် တစ်ခါမှ မတွေ့ဖူးသော်လည်း သူမအကြောင်းကို သိထားပုံရသည်။ 


ဆာစီးနီယာ သည် တံတွေးတစ်ချက် မျိုချလိုက်သည်။ မထင်မှတ်ထားဘဲ အမျိုးသမီးဇာတ်ဆောင်ကို တွေ့လိုက်ရ၍ သူမ အံ့အားသင့်သွားမိသည်မှ မကြာသေး အခုလည်း အမျိုးသားဇာတ်ဆောင်ကြောင့် အံ့ဩနေရပြန်သည်။ 


'သူတို့နဲ့ မတွေ့အောင် ငါ အားလုံးလုပ်ခဲ့ရဲ့သားနဲ့ ဘာလို့တွေ့နေရတာလဲ"


ယခုထိတော့ သူမ စီစဉ်ထားသလို တစ်ခုမှ ဖြစ်မလာသေးပေ။


 "မစ္စ ဆာစီးနီယာ… ဘယ်ကိုသွားချင်လဲ" 


 သူသည် အိမ်ရှေ့စံ ဖြစ်နေ၍ သူမ ငြင်းလို့လည်းမရပေ။


လိုင်မာဖီးရပ်စ်သည် သူ့အိမ်လိုပင် သက်တောင့်သက်သာ လမ်းလျှောက်နေသော်လည်း ဆာစီးနီယာမှာ အနေခက်နေရတော့သည်။


 "ဒီဥယျာဉ်ဆို ရမယ်ထင်တယ်"


 * * * 


ထိုအချိန်မှာပင်..... 


ဘန် သည် အိမ်ခြံမြေများကို ကြည့်ပြီး  ပြန်လာရာလမ်းတွင် အိမ်နှင့် မဝေးသော ရေကန်နားတွင် ခေတ္တရပ်နားလိုက်သည်။ ရေကန်အနီးတွင် လူသူမရှိဘဲ တိတ်ဆိတ်နေသည်။ ဝေးလံခေါင်သီသော နေရာမို့ လူအနည်းငယ်ကသာ ဤရေကန်ကို သိကြပြီး သူ့စိတ်ထဲမှာ မွန်းကျပ်လာသည့်အခါတိုင်း ဤနေရာကို အမြဲလာလေ့ရှိသည်။ အထူးသဖြင့် ရှုခင်းတွေကလည်း အလွန်လှသည်။ နေမင်းကြီးသည် စိန်ပွင့်များ ကျဲထားသော ရေပြင်ပေါ်တွင်  ထွန်းလင်းတောက်ပနေ၏။ယခင်က ဆာစီးနီယာ နှင့် ဤနေရာကို လာချင်ခဲ့သော်လည်း ယခုတော့ မဖြစ်နိုင်တော့။


သူမ၏ အေးစက်သော စကားသံတို့ သူ့စိတ်ထဲ ပြန်ကြားလာရကာ ‌မျက်နှာကို အကြောင်းမဲ့ ပွတ်သပ်နေမိတော့သည်။


 'မဖြစ်နိုင်ဘူး' 


ဆာစီးနီယာ ၏ မျက်ဝန်းမှာ ဘန် စိတ်ထဲတွင် မြင်ယောင်လာရသည်။


 "ငါ ဘာလုပ်ရမလဲ…" 


သူ ရေရွတ်လိုက်သည်။ 


'သူမ နှလုံးသားကို ငါဘယ်လိုလုပ်မှ ရမှာလဲ'


ထိုသို့တွေးနေရင်း ဆာစီးနီယာ သည် သူ့ဘဝတစ်သက်တာလုံး မရနိုင်မည့် သူတစ်ယောက်လို ခံစားနေရသည်။ 


'ငါ သူမကို ဒီလိုမျိုး စွန့်လွှတ်ရမှာလား' 


ဘန်သည် မောပန်း နွမ်းနယ်လာရပြီး မျက်နှာကို ပွတ်သပ်လိုက်ရင်း ငြိမ်သက်နေသော ရေပြင်ကို ကြည့်လိုက်သည်။ သူမနှင့် ရင်မဆိုင်ရဲသောကြောင့် သူ အိမ်ကနေ ထွက်ပြေးခဲ့သည်။ သူမနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း ဘယ်တော့မှ လက်မလွှတ်ချင်တော့ပေ။သို့သော် ယခုတော့ သူမကို ချုပ်နှောင်ထားဖို့ အကြောင်းပြချက် မရှိတော့။သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သိပ်နုနယ်ပြီး သူ လွှတ်ပေးလိုက်သည်နှင့် ချက်ချင်း ပြတ်သွားလိမ့်မည် ဖြစ်သည်။ သူလည်း လူသားတစ်‌ယောက်ပေမို့ သူ့ခံစားချက်အစစ်အမှန်ကို သူမအား ထုတ်ပြချင်သည်။ထို့အပြင် သူ့အနားမှာ တစ်သက်လုံးနေဖို့ သူမကို အတင်းအကြပ် တောင်းဆိုပစ်ချင်မိသည်။


 


“ဆရာ" 


အားချန် သည် ပူပန်သောကရောနေပုံဖြင့် ရေကန်ရှေ့ထိုင်နေသော ဘန် ဆီ လျှောက်လာသည်။ 


“အိမ်ရှေ့စံက အခု မြို့စားမင်းပိုင်နက် မှာ ရောက်နေတယ်လို့ ပြောပါတယ်" 


"ဘာ"


ဘန် ဆတ်ကနဲ မတ်တပ်ထရပ်လိုက်သည်။ 


"သူရောက်တာနဲ့ မမလေး ဆာစီးနီယာ ကို ချက်ချင်း တွေ့ပုံရပါတယ်" 


အားချန် စကားမဆုံးခင်မှာပင် ဘန် သည် ခပ်သုတ်သုတ် လျှောက်၍ ရေကန်ရှေ့ကနေ ထွက်သွားခဲ့သည်။


 * * * 


ဆာစီးနီယာ နှင့် အိမ်ရှေ့စံတို့သည် ဥယျာဉ်ထဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။


 “တရားဝင်နှုတ်ဆက်ပါ့မယ်…ကိုယ့်နာမည်က လိုင်မာဖီးရပ်စ် ဘယ်လ်ဖာ ပါ…"


ဆာစီးနီယာ သည် ယခုမှ သူ့နာမည်အပြည့်အစုံကို သိရခြင်း ဖြစ်သည်။


 “ဟုတ်ကဲ့…ကျွန်မ နာမည်က ဆာစီးနီယာ ပါ" 


သူမသည် အမျိုးသားဇာတ်ဆောင်ကို ဇာတ်ကောင်များက နှုတ်ဆက်သည့်အတိုင်း လိုက်ပြောလိုက်သည်။


သို့သော် ဆာစီးနီယာ ဤအခြေအနေကို လုံးဝနားမလည်နိုင်သေးပေ။


အိမ်ရှေ့စံနဲ့ လက်ဖက်ရည်သောက်ရမယ်လို့ သူမ ဘယ်လိုလုပ် စိတ်ကူးမိမှာလဲ…


 'သူက ဆာစီးနီယာ ကို သတ်ခဲ့တဲ့သူ မဟုတ်လား' 


နောင်တစ်ချိန်တွင် သူမကို သတ်မည့်လူတစ်ယောက်နှင့် ထိုင်နေရင်း စကားပြောနေရလေသည်။ထို့ကြောင့် သူမ မျက်နှာသိပ်မကောင်းပေ။


 "အလက်စ်…မဟုတ်ဘူး…မြို့စားမင်းဆီက မင်းအကြောင်း အများကြီးကြားခဲ့ရပါတယ်"


 သူက စိတ်လှုပ်ရှားနေပုံဖြင့် သူမကို စေ့စေ့ကြည့်နေသည်။


 "ဟုတ်လား" 


အိမ်ရှေ့စံ လိမ်နေမှန်း ဆာစီးနီယာ ကောင်းကောင်းသိသည်။အကြောင်းမှာ ဘန် သည် သူမအကြောင်း ဘယ်သူ့ကိုမှ ထုတ်မပြောတတ်တာကြောင့်ပင်။


" ရက်ဖယ်ချီ ရွာမှာ နေရတာ အဆင်ပြေရဲ့လား"


ဆာစီးနီယာ ၏ ပခုံးသည် ဆတ်ကနဲ လှုပ်သွားရသည်။


 'သူဘယ်လောက်ထိ သိထားတာလဲ'


 'သူငါ့ကို နောက်ယောင်ခံ လိုက်ခဲ့တာလားဒါဆို ငါ့အစွမ်းအကြောင်းရော သိပြီးပြီလား'


 လေထုသည် ချက်ချင်း အေးစက်လာသည်။ 


ဆာစီးနီယာ သည် အိမ်ရှေ့စံက သူမ၏ ဖြစ်တည်မှုအား သိသွားမှာကို  စိုးရိမ်နေမသည်။


 “အဲ့ဒီနေ့ မနက်အရုဏ်တက်ချိန်မှာပဲ မြို့စားမင်း က ကိုယ့်ကို လာပြီးခြိမ်းခြောက်တယ်…ဒါပေမယ့် ဒီကိစ္စတွေကို မြန်မြန်ပြီးအောင်လုပ်ဖို့ ခက်နေတယ်”


 "တဆိတ်လောက်ပါရှင်…အရှင် ဘာကိုပြောနေတာလဲ" 


ဤကိစ္စကို သူမ ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အတွက် ဆာစီးနီယာ အတော်လေး ထိတ်လန့်သွားသည်။ 


လိုင်မာဖီးရပ်စ် က ထူးဆန်းစွာ အပြုံးလိုက်၏။ 


“ထင်ထားတဲ့အတိုင်းပါပဲလား…အရာရှိ ဒက်စ်တာကို ရာထူး ဖြုတ်ချဖို့ ဆိုတာ လွယ်တယ်လို့ မစ္စထင်သလား” 


“အဲ့ဒါ…”


 “ဧကရာဇ်မင်းမြတ်ရဲ့ အာဏာစက်ကိုဒီနယ်မြေမှာ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး…ဒီနယ်မြေကို အုပ်စိုးဖို့ အာဏာလိုချင်တယ်ဆိုရင် အဲ့ဒီလူကို သုတ်သင်ပစ်ရမှာပဲ"


ဆာစီးနီယာ သည် သူဘာကိုဆိုလိုမှန်း နားလည်သွားသောအခါ သူမ ပါးစပ်ကို တင်းတင်း စေ့ထားလိုက်သည်။ 


“ဒါတင်မကဘူး… အရာရှိ ဒက်စ်တာ ဆိုတာ မြို့စားကြီး ကိုင်လို့စ် နဲ့ အရမ်းကို ရင်းနှီးတယ်လေ…ဒါကြောင့် မြို့စားမင်း က စစ်ကြေညာလိုက်တယ်လို့ မစ္စ မထင်ဘူးလား" 


'ဘာလို့ ခုထိ မစဉ်းစားမိတာလဲ' 


ပြန်စဉ်းစားကြည့်လျှင် ထူးဆန်းတာတွေ အများကြီးရှိသည်။ ဘန်သည် အရာရှိ ဒက်စ်တာကို တာဝန်ယူမည်ဟု ပြောပြီး ထွက်ပြေးလွတ်မြောက်သွားသော ဂျော်ဒန်ကိုလည်း ပြန်ဖမ်းကာ ရွာထဲမှ ပြဿနာများကို အခက်အခဲမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ မြို့စားမင်း ၏ အာဏာလောက်ဖြင့် ဤမျှ မလွယ်ကူကြောင်း ယခုမှ သူမ တွေးလိုက်မိသည်။ သူမသည် ဘန်နှင့် ဖြစ်ပျက်ခဲ့သမျှတို့ကို မေ့ပစ်ချင်နေသဖြင့် သိပ်လည်းပြန်မတွေးမိခဲ့ပေ။


 ' ဘန် ငါ့အတွက် ဘယ်လောက်တောင် ကြိုးစားခဲ့တာလဲ...' 


ဆာစီးနီယာ သည် စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း လိုင်မာဖီးရပ်စ်က ခပ်မြန်မြန်ပင် စကားပြန်ဆက်သည်။


 "ကောင်းပြီ… ကိစ္စက သိပ်လည်း လေးနက်လာပြီဆိုတော့ မစ္စဆာစီးနီယာ ဆီက တစ်ခုခုတော့ ကြားချင်တယ်" 


မေးစရာတွေ အများကြီးရှိနေပုံဖြင့် လိုင်မာဖီးရပ်စ်က ထိုင်ခုံပေါ် လျော့တိလျော့ရဲ မှီထိုင်လိုက်သည်။


“သူမနဲ့ ဝေးဝေးမှာ နေပါ"


 ထိုအချိန်တွင် ဒေါသသံတစ်ခုက သူတို့နှစ်ယောက်ကြားကို တိုးဝင်လာသည်။