အပိုင်း ၇၁
Viewers 12k

I raised him.71


ဆာစီးနီယာ သည် အကျွမ်းတဝင်ရှိနေသော အသံကိုကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာနေသော ဘန်ကို တွေ့လိုက်ရသည်။သူ့ကြည့်ရသည်မှာ အလွန်ဒေါသထွက်နေပုံပင်။


 "အို... သူက ငါထင်ထားတာထက် စော ရောက်လာတာပဲ" 


အိမ်ရှေ့စံက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။


 "အရှင့်သား" 


ဘန် က ဆာစီးနီယာ ရှေ့မှာ ရပ်လိုက်ပြီး သူမကို ကာထားလိုက်သည်။ 


 "အလက်စ်ရယ်…သိပ်လည်း အိုဗာမလုပ်ပါနဲ့… ဆာစီးနီယာ လန့်သွားရင် ဘယ်လိုလုပ်မလဲ"


လိုင်မာဖီးရပ်စ်က ပခုံးတွန့်ကာ ရယ်မောလိုက်သည်။ 


ထိုစကားကြောင့် ဘန် က ဆာစီးနီယာ ကို ပိုပြီးတောင် ကာထားလိုက်သေးသည်။ သူမ ဆံပင်တစ်ချောင်းကိုတောင် အိမ်ရှေ့စံအား ပြချင်ပုံ မရပေ။ သူ၏ အမူအရာကလည်း ယခင်ကထက် ပိုအေးစက်လာသည်။ 


"အရှင့်သား ကျွန်တော့်ကိုအသိမပေးဘဲ ဘာလာလုပ်တာပါလဲ"


ဘန် သည် ယဉ်ကျေးစွာ ပြောဆိုလိုက်သော်လည်း သူ့လေသံက ကြမ်းတမ်းခက်ထန်နေသည်။ 


ဆာစီးနီယာ သည် ဤအခြေအနေကြောင့် အံ့အားသင့်သွားပြီး သူ့နောက်ကျောကိုသာ မော့ကြည့် နေရသည်။


 "မင်းက သူမကို တွေ့ခွင့်မပေးဘူးဆိုတော့ ငါပဲ လိုက်လာရတယ်" 


ဆာစီးနီယာ သည် ဘန် ၏ သဘောထားကို မျှော်လင့်ပြီးဖြစ်တာကြောင့် သိပ်အံ့ဩဟန်မပြချေ။


 


"ဆာစီးနီယာ" 


"ဟင်" 


သူမကို ခေါ်သံကြောင့် အံ့အားသင့်ကာ အမြန်ပြန်ဖြေလိုက်သည်။


 "တောင်းပန်ပါတယ်…ဒါပေမယ့် မင်းထွက်သွားလို့ရမလား အိမ်ရှေ့စံနဲ့ စကားပြောချင်လို့" 


“ဟား ဟား…” 


လိုင်မာဖီးရပ်စ် သည် သူ့စကားကြောင့် ရယ်မောလိုက်သည်။ 


ဘန် သည် လိုင်မာဖီးရပ်စ် နှင့်သာ စကားပြောချင်နေပြီး ဆာစီးနီယာကိုမကြားစေချင်ပေ။သို့သော် ဘန် အမှားလုပ်မိခဲ့သည်။ ဆာစီးနီယာ ကို သူပို၍ ဂရုစိုက်လေလေ၊ ဆာစီးနီယာ သည် အိမ်ရှေ့မင်းသားအတွက် ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေလေဖြစ်သည်။


လိုင်မာဖီးရပ်စ် သည် ပြုံးပြုံးကြီး ဘန် ကိုကြည့်နေသည်။


"ကျေးဇူးပြုပြီးနော်" 


ဆာစီးနီယာ သည် ထိုင်ခုံမှ ထလာသည်။ ထို့နောက် ဘန် ၏နောက်ကျောကြောင့် မမြင်ရသော လိုင်မာဖီးရပ်စ် သည် သူမ မြင်ကွင်းထဲသို့ တစ်ဖန်ပြန်ဝင်လာသည်။


 "အရှင့်သား… ကျွန်မ သွားပါတော့မယ်"


 "မင်းနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ်… ဆာစီးနီယာ" 


လိုင်မာဖီးရပ်စ် သည် ထိုသို့ပြောရင်း ပြုံးလိုက်သည်။ ဘန် ကို ဒေါသဆွရန်  သူမ နာမည်အား တမင်တကာ ခေါ်လိုက်ခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ဘန်၏ မျက်နှာသည် ပို၍ပင် တင်းမာခက်ထန်လာသည်။ ဘန် သည် သူ့ခံစားချက်များကို ဤသို့ ထုတ်ပြတတ်သည်မှာ ပထမဆုံးဖြစ်သည်။ ယခင်ကဆို သူက ထုတ်လည်းထုတ်မပြတတ်သလို အေးစက်စက် ဖြစ်နေတတ်သည်။တစ်လောက မနက်အာရုဏ်မတက်မီ သူ့ဆီ လာလည်သဖြင့် ဘန်တစ်ယောက် တစ်ခုခုဖြစ်နေပြီဟု လိုင်မာဖီးရပ်စ် သံသယဖြစ်ခဲ့မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဘန် တစ်ယောက်ပြောင်းလဲသွားချေပြီ။


 "ဘန်…မဟုတ်ဘူး…မြို့စားမင်း စကားကောင်းကောင်းပြောပါ" 


ဆာစီးနီယာ သည် ထူးဆန်းသောလေထုထဲမှ တစ်ချိုးတည်း ထွက်သွားလေသည်။ 


'အဆင်ပြေပါ့မလား' 


သူတို့ ဘာဖြစ်နေမှန်း သူမ မသိသော်လည်း ထွက်သွားသည်က ပိုကောင်းသည့်အတွက် ဗားန် ၏အခန်းထဲ သွားလိုက်သည်။ စောစောက တုန်လှုပ် ကြောက်ရွံ့နေသော ဗားန် အတွက် သူမ စိတ်ပူနေမိသည်။ထို့ကြောင့် ယနေ့ ဖာဘီယမ်းလမ်းကို သွားဖို့လည်း မဖြစ်နိုင်တော့ပေ။ 


"ဘန်… သူမက မင်းကို ဒီလို ခေါ်တာလား"


လိုင်မာဖီးရပ်စ် သည် ဘန် ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေသည်။ 


"အရှင် အခုဘာလို့ ဒီကိုလာတာပါလဲ"


ဘန် က ဆာစီးနီယာ ထွက်သွားကြောင်းချာမှ အေးစက်စက် မေးလိုက်သည်။  ဆာစီးနီယာ အကြောင်းကို လိုင်မာဖီးရပ်စ် တစ်ဦးတည်းသာ မသိစေချင်သလို ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော်  လိုင်မာဖီးရပ်စ် သည် သူမအား စိတ်ဝင်စားသွားမှာကို သေချာပေါက်သိနေသောကြောင့် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် အလွန်လှသော ပစ္စည်းများ၊  သို့မဟုတ် လူများကို မြတ်နိုးတတ်သူဖြစ်သည်။


 "မင်းကို ဘန် လို့ ဘာလို့ ခေါ်တယ်ဆိုတဲ့ အကြောင်း ငါ့ကိုပြောပြဖို့ ရည်ရွယ်ချက်မရှိဘူးလား…ပြောပြရင် ရပြီ…"


 "အရှင့်သား"


"ဆာစီးနီယာ ကို တစ်ချက်ကြည့်လိုက်တာနဲ့ ငါ သိသွားတယ်… မင်းမှာ မိန်းမနဲ့ပတ်သတ်ရင် ဒီလောက် စံနှုန်းတွေ မြင့်မြင့်မှန်းလိမ့်မယ်လို့ ငါမထင်ထားဘူး"


 “ကျေးဇူးပြုပြီး ရပ်လိုက်ပါ” 


ဘန် သည် လက်သီးများကို ကျစ်ကျစ်ဆုပ်ထားသည်။ 


ထိုအခါ အိမ်ရှေ့စံမင်းသား၏ ပြုံးနေသော မျက်နှာသည် ချက်ချင်းပင် အသွင်ပြောင်းသွားသည်။ 


"အလက်စ်" 


သူ့အသံက ကြမ်းတမ်း အေးစက်လာသည်။ လိုင်မာဖီးရပ်စ် သည် အင်ပါယာတွင် ဧကရာဇ်ပြီးလျှင် ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်ပင်။


"အရှင့်ကို သူမအပေါ် နည်းနည်းကလေးတောင် စိတ်ဝင်စားခွင့်မပြုဘူးလို့ ကျွန်တော် ပြောခဲ့တယ်မဟုတ်လား"


ဘန် သည် စိတ်တည်ငြိမ်မှု မပျက်ဘဲ အိမ်ရှေ့စံကို ရင်ဆိုင်လိုက်သည်။ လိုင်မာဖီးရပ်စ် ကလည်း သူ့မျက်လုံးများကို မရှောင်ဘဲ ပြင်းပြင်းထန်ထန် ရင်ဆိုင်လိုက်သည်။ သူတို့နှစ်ဦး၏ မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်လာမတတ်ပင်။ 


“ဟား… သူများတကာရဲ့ မိန်းမကို မက်မောရတာ ငါ ဝါသနာမပါဘူးကွ” 


နောက်ဆုံးတွင် လိုင်မာဖီးရပ်စ် သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ သူ၏ အရင်းနှီးဆုံးသူငယ်ချင်းက တစ်နေ့နေ့တစ်ချိန်ချိန်ကျ အပစ်ခံရမှာကို စိုးရိမ်နေခြင်းသာဖြစ်၏။ 


"မင်း သူမကို အရမ်းကြီး တင်းကျပ်လွန်းနေပြီထင်တယ်"


“အဲ့ဒါကို စိတ်မပူပါနဲ့” 


"သူမက မင်းရဲ့အားနည်းချက်ဖြစ်လာမယ်ဆိုတာ မင်းမသိဘူးလား" 


လိုင်မာဖီးရပ်စ် ၏စကားကြောင့် ဘန် ပါးစပ်ပိတ်သွားရသည်။ 


“မင်းကို မနာလိုသူတွေက သူမကို ပစ်မှတ်ထားဖို့ ပိုကြိုးစားလိမ့်မယ်… ဒါကြောင့် သူများတွေရှေ့မှာ မင်းရဲ့ခံစားချက်တွေကို မပြနဲ့" 


လိုင်မာဖီးရပ်စ် သည် မြို့စားကြီး ကိုင်လို့စ် အား တစ်ချိန်လုံးစိတ်ဆိုးနေခဲ့သည်။ ရှင်းနေသည်မှာ သူ့အတွက်ဆို အကုန်လုံး လုပ်ပေးသော တပည့်တပန်းတစ်ယောက်ကို အလွယ်တကူ စွန့်ပစ်လိုက်သောကြောင့်ပင်။


 "အရှင့်သားက အကြံပေးနေတာလား"


 "ငါ မင်းအတွက်ပဲ စိတ်ပူတယ်" 


လိုင်မာဖီးရပ်စ် ပြုံးလိုက်ပြန်သည်။ အလက်စ်သည် ကလေးဆန်သော စိတ်ခံစားချက်များကို မဖုံးနိုင် ဖြစ်နေရသည့်အတွက် သူလည်း အဆင်မပြေလှပေ။ ဘန် သည် ဆာစီးနီယာ ၏ချစ်သူမဟုတ်ဘဲ အိုဗာဖြစ်နေ၍ စိတ်မကောင်းဖြစ်ရသည်။


"ဗားဒစ် ဘယ်မှာလဲ…သူ့ကိုယ်သူ မာချန် ပါဆိုပြီး မိတ်ဆက်တဲ့ တစ်ယောက်လေ ” 


လိုင်မာဖီးရပ်စ် သည် ဘန် ၏ နယ်မြေကို နောက်ဆုံးအကြိမ် ရောက်စဉ်က ဘဏ္ဍာစိုးအဖြစ် သူ့ကိုယ်သူ မိတ်ဆက်ခဲ့သော မာချန် ကိုသတိရကာ မေးလိုက်သည်။ 


"သူ့ကို ဖမ်းထားပြီးပါပြီ"


 "ဘယ်မှာလဲ" 


"သူ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ပါဘူး…အရှင်" 


ချက်ချင်းပင်၊ ဗားဒစ်သည် မြေအောက် ‌ခြောက်ပေ အနက်ထဲ၌ ရှိနေပြီဟု လိုင်မာဖီးရပ်စ် သဘောပေါက်သွားသည်။ 


“တစ်ခုခုတော့ ဖြစ်ထားတာ ဖြစ်မယ်” 


ဘန် သည် မြို့စားမင်း ၏ရာထူးကိုရရှိပြီးနောက် ယခင် မြို့စားမင်း ၏ လူယုံအားလုံးကို ထုတ်ပစ်လိုက်သည်။နောက်ဆုံး ဗားဒစ် ကိုပါ ထုတ်ပစ်ရန်ကြိုးစားလာသည့်အတွက် အိမ်ရှေ့စံကိုယ်တိုင် တားဆီးခဲ့လေသည်။မြို့စားမင်း ဖြစ်လာသည့် ဘန် သည် အနည်းဆုံး ကျွမ်းကျင်သူ လူယုံတစ်ဦး လိုအပ်သည်။သို့သော်လည်း ယခု ဗားဒစ် ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့်အတွက် ကိစ္စတစ်ခုခု ရှိရပေမည်။


ဗားဒစ် သည် ယခင် မြို့စားမင်း ၏ လူယုံတစ်ဦးဖြစ်သောကြောင့် တစ်နေ့နေ့တော့ ဘန်က ထုတ်ပစ်လိမ့်မည်ဟု လိုင်မာဖီးရပ်စ် မျှော်လင့်ထားပြီးသားပင်။ သူက ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်ပြီး ဘန် ကို စူးစိုက်ကြည့်လိုက်သည်။ 


"မင်း အိပ်ရော အိပ်ရဲ့လား" 


ဘန် ၏မျက်နှာသည် မမြင်ရတာကြာနေသောကြောင့်လားမသိ၊ အရင်ကထက် ပိုပိန်သွားရသည်။ 


"ကျွန်တော် အဆင်ပြေပါတယ်ခင်ဗျ"


 "သူမကို ဒီခေါ်လာပြီးနောက် မင်းမျက်နှာက ပိုပိုပြီး ချောင်ကျလာတယ်…ဘာလို့လဲ"


သူ အလွန် မက်မောလှသော မိန်းကလေးကို ပိုင်ဆိုင်ထားရတာတောင် ဘန် က စိုးရိမ်နေပုံရသည်။


 "သူမနဲ့ တစ်ခုခုဖြစ်ထားတယ်မဟုတ်လား…ဘာဖြစ်တာလဲ" 


ဘန်က ဘာမှ ပြန်မဖြေ။ 


လိုင်မာဖီးရပ်စ် သည် နှစ်ယောက်သား တစ်ခုခု ဖြစ်ထားမှန်း ချက်ချင်း သတိပြုမိသွားသည်။


 "မင်းတို့ ရန်ဖြစ်ထားတာ များလား" 


လိုင်မာဖီးရပ်စ် က အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည် ။ ခါတိုင်းလိုပင် သူ့ပုံစံက အေးတိအေးစက် ဖြစ်နေသော်လည်း သူ အလွန်အမင်း သိချင်နေ၏။


 


“မဟုတ်ပါဘူး… ကျွန်တော်တို့ ရန်မဖြစ်ရပါဘူး"


 


ဘန် မျက်မှောင်ကြုတ် လိုက်မိသည်။အကယ်၍ ရန်ဖြစ်ထားသည်ဆိုလျှင်တောင် ဒူးထောက်ပြီး အသေအလဲ တောင်းပန်လိုက်လျှင် ပြီးသွားမည်ဖြစ်သည်။သို့သော် ယခုပြဿနာမှာ နှလုံးသား ၊ စိတ် တို့နှင့်သာ သက်ဆိုင်သည့် ကိစ္စဖြစ်၏။နှစ်ယောက်သား စိတ်သဘောထားချင်း မတူညီဖြစ်နေကြ၍ တောင်းပန်လိုက်လျှင်တောင် ဖြေရှင်းလို့မရပေ။


"မင်းအကူအညီလိုရင် ငါ့ကို အချိန်မရွေးပြောပါ" 


ဘန်က ပြောပြမည် မဟုတ်ကြောင်း သိသဖြင့် လိုင်မာဖီးရပ်စ် သည် သူ့နည်းသူ့ဟန်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ဘန် ၏ နာကျင်သော မျက်နှာကို သူ ယခုမှ မြင်ဖူးသဖြင့် သူလည်း စိတ်မကောင်းပေ။


လိုင်မာဖီးရပ်စ် သည် ဆာစီးနီယာ ကို နောက်တစ်ကြိမ် တွေ့မှရမည်ဟု တွေးနေမိသည်။ ဘန် သိသွားလျှင် တော်တော် စိတ်ဆိုးနိုင်သော်လည်း သူငယ်ချင်းကို စိတ်ပူနေတာကြောင့် သူလည်း သိချင်နေသည်။


နောက်တစ်နေ့


မုန်တိုင်းထန်သော နေ့ပြီးနောက် ဆာစီးနီယာ သည် ဗားန် နှင့်အတူ ဖာဘီယမ်း လမ်းသို့ ထွက်လာခဲ့သည်။ 


"နောက်မှတွေ့မယ်"


 "ဟုတ်ကဲ့… နောက်မှတွေ့မယ်…မမလေး" 


နှစ်ယောက်သား ကိုယ့်အလုပ်ကိုလုပ်ဖို့ ရင်ပြင်အလယ်မှာ လမ်းခွဲလိုက်ကြသည်။ ဆာစီးနီယာ သည် လူကုံထံများစွာ လာရောက် လည်ပတ်တတ်သည့် ကော်ဖီဆိုင်ကို အမြန်သွားလိုက်သည်။ 


ဆာစီးနီယာ ကောက်ရိတ်သိမ်းပွဲသို့ သွားသည့်နေ့တွင် အိမ်ရှေ့စံက သူမကို ကူညီပေးခဲ့သည်ဟု ဗားန် က ပြောပြထားလေသည်။ 


'စာအုပ်ထဲကလိုတော့ မဟုတ်ပေမယ့် သူတို့ ပထမဆုံးတွေ့တာကတော့ ဗားန်ကို ကယ်ခဲ့တာပဲ'


မူရင်းဇာတ်လမ်းနှင့် အနည်းငယ်ကွဲလွဲမှုများရှိသော်လည်း အိမ်ရှေ့စံသည် ဒုက္ခရောက်နေသည့်  ဗားန် ကို ကယ်တင်ခဲ့သည်မှာ အတူတူပင်ဖြစ်သည်။ မူရင်းဇာတ်လမ်းထဲတွင် အမျိုးသမီး ဇာတ်ဆောင်နှင့် အမျိုးသား ဇာတ်လိုက်တို့ကြား ပထမဆုံးတွေ့ဆုံမှုအပြီးတွင် ဇာတ်လမ်းမှာ အရှိန်အဟုန်ဖြင့် ရေးသားထားသည်။ ထို့ကြောင့် သူမလည်း နောက်ဆို သတိထားနေရမည်ဖြစ်၍ စံအိမ်မှ ထွက်သွားချင်နေမိသည်။


ကော်ဖီဆိုင်သို့ ရောက်သောအခါ၊ ဆာစီးနီယာ သည် လှေကားထစ်ပေါ်တွင် ထိုင်ပြီး လူအများကို သေချာကြည့်နေခဲ့သည်။


"ဒီရက်တွေမှာတော့ သီအိုဒေါ အလုပ်ရုံမှာ ဘာမှ ရောင်းစရာတောင် မကျန်တော့ဘူးတဲ့"


 


"အလှဗီရို တစ်ခုလုပ်ဖို့ အိမ်ရှေ့စံက မှာထားတယ်လို့ ငါကြားမိတယ်ကွ" 


အတင်းအဖျင်း မျိုးစုံကြားရသည်။ ဆာစီးနီယာ သည် သူမ သိချင်သော ကိစ္စလေးများ ကြားရမလားဟု မျှော်လင့်ကာ သေချာ‌နားထောင်နေမိသည်။သို့သော်လည်း သူမ ဘာမှ မကြားခဲ့ရပေ။


 "နောက်ထပ် ဘယ်သွားရမလဲ" 


ကော်ဖီဆိုင်မှ ထွက်သွားပြီး နောက်တစ်နေရာကို သူမ ထွက်လာခဲ့ပြန်သည်။  သူမသည် ဤနေရာတွင် သုံးနှစ်ကြာနေထိုင်ခဲ့သော်လည်း သူငယ်ချင်းတစ်ယောက်မျှပင် မရှိခဲ့ပေ။ သူမ၏ သူငယ်ချင်းဖြစ်သည့် ဘန် ကို ဆုံးရှုံးလိုက်ရသဖြင့် ဘယ်သူမှ မရှိတော့။ ကော်ဖီဆိုင်တစ်ဆိုင်ကို လိုက်ရှာနေရင်း သတင်းအချက်အလက်ရုံး ဆိုသည့် ဟောင်းနွမ်းနေသော ဆိုင်းဘုတ်တစ်ခုကို သတိထားမိလိုက်သည်။ 


'ဒါပဲ ပိုကောင်းပါတယ်' 


သူတို့ကို ပိုက်ဆံပေးလိုက်လျှင် မှန်ကန်တိကျသည့် သတင်းအချက်အလက်တွေ ပေးလိမ့်မည်ဖြစ်သည်။ဤ‌နေရာက ကော်ဖီဆိုင်ထက် ပိုကောင်းပေမည်။ထို့နောက် သူမသည် အဆောက်အဦးထဲသို့ ဝင်လိုက်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဆာစီးနီယာ ၏ ပခုံးကို ဆုပ်ကိုင်လိုက်လေသည်။ 


“အိုး"


ဆာစီးနီယာက ထိုလူ၏လက်ကို လိမ်ချိုးလိုက်ရာ ထိုလူမှာ တအင်းအင်း ညီးညုနေတော့သည်။


"ဘာလဲ" 


ဆာစီးနီယာ က အေးစက်စက် ပြောလိုက်သည်။ အမည်မသိ လူတစ်ယောက်က သူမ ခန္ဓာကိုယ်ကို လာထိသည့်အတွက် သူမ အလွန် ဒေါသထွက်သွားရသည်။ 


"လက်ကို လွှတ်ပေးပါ"


ထို့နောက် သူမသည် ဦးထုပ်ကို ငိုက်စိုက်ဆောင်းထားပြီး ရိုးရိုးသာ  ၀တ်ထားသည့် ထိုထိုလူကို ကြည့်လိုက်၏။


 " ဘာကိစ္စရှိလို့လဲ" 


ဆာစီးနီယာ သည် သူ့လက်ကောက်ဝတ်တစ်ဝိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့ကို တွန်းထုတ်လိုက်သည်။ထိုလူက ညည်းညူပြီး သူဝတ်ထားသည့် ဦးထုပ်ကို ချွတ်ပစ်လိုက်၏။ 


"ကိုယ်ပါ...ဆာစီးနီယာ" 


ရွှေရောင်တောက်နေသော သူ့ဆံပင်များက ဦးထုပ်ကြားထဲမှ ညင်သာစွာ ထွက်ကျလာသည်။ 


ဆာစီးနီယာ သည် ထိုသူ၏ အပြာရောင်မျက်လုံးများကို စူးစိုက်ကြည့်နေတော့သည်။