I raised him.72
“အရှင့်သား… အိမ်ရှေ့စံမင်းသား”
သူမ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“မင်းက အားသန်လိုက်တာ”
ထိုစကားကြောင့် ဆာစီးနီယာ သည် သူမ ကိုင်ထားဆဲဖြစ်သော သူ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်…လူမိုက်လို့ ထင်ခဲ့တာ…ကျွန်မ ရိုင်းစိုင်းမိသွားပါပြီ"
"မဟုတ်ဘူး…မင်းကိုနောက်ကနေ လာထိလိုက်တဲ့ ငါ့အပြစ်ပါ"
လိုင်မာဖီးရပ်စ် က နာကျင်နေသော လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ဆာစီးနီယာ သည် အိမ်ရှေ့စံမင်းသားနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သောကြောင့် တုန်လှုပ်နေသည်။
'ငါတို့ဘာလို့ပြန်ဆုံကြတာလဲ…ဘာလို့လဲ'
ဆာစီးနီယာ အတွက် လိုင်မာဖီးရပ်စ် သည် ဘယ်တော့မှ ပြန်မတွေ့ချင်သူ တစ်ယောက်သာ ဖြစ်သည်။
ငါ့ကို လည်ဖြတ်မယ့်သူနဲ့ ဘယ်သူက တွေ့ချင်မှာလဲ…
“မင်း သိချင်တာတွေ ရှိနေပုံပဲ"
လိုင်မာဖီးရပ်စ်က “သတင်းအချက်အလက်ရုံး” ဟူသော ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်သည်။
" ကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ… အရှင့်သား"
လိုင်မာဖီးရပ်စ် သည် အိမ်ရှေ့မင်းသားဖြစ်သော်ငြား သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မပြောချင်ပေ။
"ကိုယ် မင်းကို ကူညီနိုင်မယ် ထင်တယ်"
သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသဖြင့် ဆာစီးနီယာ နောက်ကို ဆုတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လိုင်မာဖီးရပ်စ် သည် သူမနှင့် ရင်းနှီးလို့မရသော အန္တရာယ်ရှိသူဖြစ်သည်။
"ကိုယ့်မှာ ရှိနေတဲ့ အချက်အလက်တွေထက် ပိုကောင်းတဲ့ အချက်အလက်တွေမင်း ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး"
ဆာစီးနီယာ နောက်ဆုတ်သွားသည်ကိုမြင်လျှင် လိုင်မာဖီးရပ်စ် က ထပ်ပြောသည်။ စိတ်ဝင်စားစရာကောင်းသည့် ကိစ္စကို သူလည်း လက်လွတ်မခံချင်ပေ။
"ကျေးဇူးတင်ပါတယ်…ဒါပေမယ့် အရှင့်သားက ဘာဖြစ်လို့ ကူညီချင်တာလဲဆိုတာ ကျွန်မ မသိဘူး"
ဆာစီးနီယာ သည် သူ့ကို သံသယရှိနေဆဲဖြစ်၍ စည်းတားထားလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် အိမ်ရှေ့စံ စကားကလည်း မှားစရာမရှိချေ။ အင်ပါယာ၏ အိမ်ရှေ့မင်းသားထံမှ ရရှိသည့် သတင်းလို ဘယ်သတင်းကမှ တိကျမည် မဟုတ်ပေ။
သို့သော်လည်း သူမအတွက် အန္တရာယ်အရှိဆုံးလူ ဖြစ်နေ၍ မပတ်သတ်ချင်ပေ။ ထို့အပြင်၊ ဘန်နှင့် အကြာကြီး ခင်မင်ရင်းနှီးသော သူ့ကို ပြောပြတိုင်ပင်ရန် ခက်ခဲပေလိမ့်မည်။
" ဘာပဲဖြစ်ဖြစ် မင်းလိုအပ်မယ့် အချက်အလက်တွေကို ကိုယ် ရှာပေးနိုင်တယ်…ရှောဗာ့စ်အိမ်တော်ရဲ့ မြို့စားမင်း အကြောင်းဆိုရင်တောင်မှလေ"
လိုင်မာဖီးရပ်စ် က ပြုံးပြရင်း ဆိုလိုက်သည်။
မြို့စားမင်း ဟူသော နာမည်ကြောင့် ဆာစီးနီယာ ဆတ်ကနဲပင် တုန်သွားရသည်။
'ဘာလဲကွာ…ဒီလူက စိတ်ဖတ်သူလား…ငါ့စိတ်ထဲက အတွေးတွေကို သိနေတာလား… သူက ဇာတ်လိုက်မဟုတ်ဘဲ ဗီလိန်များလား….ဇာတ်လိုက်က ငါ့ကို ကြည်မှမကြည်တာ"
ဆာစီးနီယာ သည် စိတ်ထဲတွင် ငြီးတွားကာ သူ့ကို စိုက်ကြည့်နေသည်။
"ကိုယ် မသိတာ ဘာမှမရှိပါဘူး"
အိမ်ရှေ့စံက ဘန် အကြောင်းကို ဘယ်လောက်သိထားမှန်း ဆာစီးနီယာ အတိအကျ မသိပေ။ ဘန် သည် ယခင်က ကျွန်ဖြစ်ခဲ့ကြောင်း လိုင်မာဖီးရပ်စ် လည်း သိထားပုံမရသဖြင့် သူမလည်း ပြောမပြချင်သေးပေ။အိမ်ရှေ့စံသည် ဇာတ်လိုက်မင်းသား ဖြစ်သောကြောင့် မူရင်းဝတ္ထုတွင် အသေးစိတ်မဖော်ပြထားသော အရာအားလုံးကို သူသိနေသည်ဟု မဆိုလိုပေ။
"မင်းငြင်းလိုက်တယ်ဆိုတော့ ကိုယ်လည်း မပြောတော့ပါဘူး… ဒါပေမယ့် သတင်းအချက်အလက်ရုံးကို မသုံးပါနဲ့…သူတို့က အင်ပါယာမှာ လုံးဝတရားမ၀င်ဘူးဆိုတော့ နောက်ပိုင်းမှာ ပျောက်ကွယ်သွားမှာ… ကျေးဇူးပြုပြီး မင်းရဲ့ပိုက်ဆံတွေ၊ အချိန်တွေကို မဖြုန်းတီးပါနဲ့"
ဆာစီးနီယာ သည် သူ့စကားကြောင့် မျက်မှောင်ကြုတ်သွားရသည်။ သတင်းအချက်အလက်ရုံးကိုလည်း သုံးလို့မရတော့သောကြောင့် သူမ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
ထို့အပြင် နောက်ပြောင်ဟန် ဖြစ်နေသော သူ့မျက်နှာပေးကြောင့် သူ့ကို ပါးပါရိုက်ပစ်ချင်လာရသည်။ သတင်းအချက်အလက်ရုံးကို အသုံးမပြုနိုင်ပါက လူငှားပြီး သတင်းရှာခိုင်းလိုက်လျှင်လည်း ဖြစ်သည်။သူမ မျက်နှာက မဖြစ်ဖြစ်အောင် လုပ်မည့်အသွင်ဆောင်နေ၏။
"ကိုယ် မင်းကို တစ်ခု အရင်ပြောမယ်"
လိုင်မာဖီးရပ်စ် သည် အလံဖြူကို အရင်လွှင့်ထူလိုက်ပြီး ဆာစီးနီယာ ကို ကြည့်လိုက်သည်။ သူမသည် အလွန် စိတ်ဓာတ်သန်မာသော အမျိုးသမီးတစ်ယောက်ပင်။လိုင်မာဖီးရပ်စ် သည် အလကက်စ် အကြောင်း သူမကိုပြောပြစဉ်က ဆာစီးနီယာ ၏ စိုးရိမ်နေသော မျက်နှာကြောင့် ရင်ထဲအေးသွားရသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် သဘောကျသော်လည်း မြုံစိစိ ဖြစ်နေကြသဖြင့် ရယ်စရာလည်းကောင်းသည်။မထင်မှတ်ထားသည့် အကြောင်းကို ကြားလိုက်ရသည့်အတွက် သူမ ခက်ခဲနေပုံရသည်။
“အဆင်ပြေပါတယ်…ကျွန်မ ကိုယ်တိုင် သိအောင်လုပ်ပါ့မယ်"
"မြို့စားမင်းပိုင်နက်မှာ လျှို့ဝှက်နေရာတစ်ခုရှိတယ်ဆိုတာ မင်းသိလား"
လိုင်မာဖီးရပ်စ် သည် သူမ စကားကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည်။
ဆာစီးနီယာ သည် သူ့အား သံသယစိတ်ဖြင့် စိုက်ကြည့်နေပြီး အံ့ဩသလိုဖြစ်သွားရသည်။
“အရမ်းကို နက်နဲပြီး မှောင်မိုက်နေတဲ့နေရာမှာလေ…လူတွေ မသိအောင် ဖွက်ထားတာပေါ့"
"ဘာလို့ ကျွန်မကို လာပြောရတာပါလဲ"
"ငါဘယ်လောက်သိလဲဆိုတာ မင်းမယုံမှာစိုးလို့…အဲ့ဒါကြောင့် မှန်လား၊မမှန်လား သိချင်ရင် စစ်ကြည့်လိုက်လေ"
အံ့အားသင့်စရာ စကားကြောင့် ဘာမှ ပြန်မပြောလိုက်မိပေ။ လိုင်မာဖီးရပ်စ် သည် ကိုယ်ခံပညာတွင် ထူးချွန်ပြီး လူ့စိတ်မနောကို အကဲခတ်နိုင်သည်ဟု ဝတ္ထုထဲတွင် ဖော်ပြထားသည်။
"အဲ့ဒါကို သေချာစစ်ကြည့်ပြီးမှ ပြန်ပြောရအောင်"
သူ့ကိုယ်သူ ယုံကြည်မှုရှိနေသဖြင့် လိမ်နေသည်ဟု ဆာစီးနီယာ မထင်မိပေ။
သူမကို လာလိမ်လျှင်လည်း ဘာမှ ရမှာ မဟုတ်ပေ။
"ကောင်းပါပြီရှင်"
'မကြိုက်ဘူး…သူ့အကူအညီကို မလိုချင်ဘူး… ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ…ကြားပြီးပြီမို့ စမ်းကြည့်ရမှာပေါ့'
" မင်း ဟိုတစ်ယောက်နဲ့ အတူလာတာမဟုတ်ဘူးလား"
သူက ပြောစရာကုန်သွားပုံဖြင့် ဗားန်ကို လှည့်ပတ်ရှာနေရင်းမေးလိုက်သည်။
“ဆိုင်မှာ သူမ ဝယ်စရာ တစ်ခုခုရှိနေလို့ လို့ ပြောပါတယ်…အဲ့ဒါနဲ့ နောက်မှ ပြန်ဆုံဖို့ ဆုံးဖြတ်လိုက်တာ”
ဆာစီးနီယာ သည် ဗားန် အကြောင်း ပြောလိုက်သောအခါ သူ ဘယ်လိုအမူအရာ ဖြစ်သွားမှန်း သိချင်နေသဖြင့် လိုင်မာဖီးရပ်စ် ကို အလွတ်မပေးဘဲ စောင့်ကြည့်နေသည်။
"ဘယ်မှာတွေ့ဖို့ ပြောထားတာလဲ…မင်းကို လိုက်ပို့ပေးမယ်လေ"
'ငါပဲ နားကြားမှားနေတာလား… သူက အရင်ကထက် ပိုပြီး ဖော်ရွေလာသလိုပဲ'
ဆာစီးနီယာသည် အိမ်ရှေ့စံ၏ စကားငြင်းဆိုချင်သော်လည်း ဗားန် နှင့် လိုင်မာဖီးရပ်စ် တို့မကြာခဏ ဆုံတွေ့ခွင့် ရစေချင်သောကြောင့် သူမကို လိုက်ပို့ခိုင်းလိုက်သည်။သူတို့နှစ်ယောက် ဇာတ်သိမ်းလှဖို့ဆိုလျှင် ချစ်နေမှ ရမည်။
မကြာမီ သူမတို့နှစ်ယောက်သည် လမ်းတွင် စောင့်နေသော ဗားန် နှင့် တွေ့သွားသည်။ မနေ့ကနှင့်မတူဘဲ ဗားန် ၏ပုံစံမှာ ပို၍ တည်ငြိမ်နေသည်။ ဆာစီးနီယာ သည် ရထားနား ရောက်သည်အထိ သူတို့နှင့်အတူ လျှောက်လာခဲ့သည်။
လိုင်မာဖီးရပ်စ် နှင့် ဗားန် တို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်စကား ဆိုနေကြရင်း သူမကို မေ့သွားပုံရသည်။
ထို့ကြောင့် ဆာစီးနီယာလည်း မလှမ်းမကမ်းမှ အသာရပ်ကြည့်နေရတော့သည်။
“ဟင်းဟင်း…”
ရှက်ရွံ့စွာ ပြုံးနေသော ဗားန်နှင့် နူးညံ့စွာ ပြုံးနေသော လိုင်မာဖီးရပ်စ် တို့ကိုကြည့်ပြီး သူမ ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်၏ ပထမဒိတ်တွင် သူမသည် အဖော်လိုက်လာပေးသူတစ်ယောက်လို ခံစားနေရသည်။ ဆာစီးနီယာ သည် မထင်မှတ်ဘဲ သူတို့နှစ်ဦးအတွက် အတွဲစောင့်ကလေး ဖြစ်လာတော့သည်။
* * *
နောက်တစ်နေ့တွင် ဆာစီးနီယာ သည် မေ ၊ ဗားန် တို့နှင့်အတူ အိမ်ကြီးကို လှည့်ပတ် ကြည့်ကြသည်။
'လူအများစု ရှာမတွေ့နိုင်အောင် နက်နဲပြီး မှောင်မိုက်နေတဲ့ နေရာ တဲ့'
သူ့စကားအရဆိုလျှင် သေချာပေါက် မြေအောက်ခန်း ဖြစ်ရပေမည်။ သို့သော် သူမတို့သည် လှေကား သို့မဟုတ် မြေအောက်ခန်း တံခါးကိုပင် ရှာမတွေ့ခဲ့ကြပေ။တခြား အစေခံများကို လိုက်မေးကြည့်သော်လည်း သူတို့လည်း မသိကြချေ။
" သူ လိမ်နေတာ မဟုတ်ဘူးလား"
"အခုတော့ သူ လိမ်နေတာဆိုတာ သေချာသွားပြီ"
ဆာစီးနီယာ သည် ကြီးမားသော အိမ်ကြီးအား လျှောက်ပတ်ရင်း မောပန်းနွမ်းနယ်လာရကာ စင်္ကြံတွင် ထိုင်နေလိုက်သည်။ ဘယ်သူမှ ရှာမတွေ့နိုင်အောင် ဖုံးကွယ်ထားလျှင်တောင် ကြာကြာ ဖွက်ထားလို့မရပေ။
လိုင်မာဖီးရပ်စ် လှည့်စားလိုက်သည်ဟု ခံစားရသောကြောင့် သူမ စိတ်မကောင်းဖြစ်သွားရသည်။
"ကျွန်မတို့ နည်းနည်း ထပ်ရှာကြည့်ရမလား…အိမ်ကြီးရဲ့ တစ်ဝက်လောက်ကို တောင် ရှာမကြည့်ရသေးဘူးလေ”
ဗားန် က ဆာစီးနီယာကို အားပေးလိုက်သော်လည်း သူမတို့ သုံးယောက်သည် တစ်ရက်လုံးလုံး လှည့်ပတ်ကြည့်ရှုပြီး ဖြစ်၍ မျှော်လင့်ချက်မရှိပေ။
“အိမ်ကြီးက အကျယ်ကြီးပါအစ်မရာ…တွေ့ရင်တွေ့မှာပါ"
မေ က ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။
"ဒါဆို ဒီမှာ မမလေး ခဏလောက် အနားယူလိုက်နော်…ကျွန်မ သွားကြည့်ကြည့်ဦးမယ်"
ဆာစီးနီယာ မငြင်းနိုင်ခင်မှာပင် ဗားန် သည် ကျည်ဆန်လို မြန်ဆန်စွာဖြင့် စင်္ကြံအောက်သို့ ပြေးနေပြီဖြစ်သည်။
"ဒါဆို ညီမလည်း လိုက်ကြည့်လိုက်ဦးမယ်"
မေ ပါ ထွက်သွားသောအခါ ဆာစီးနီယာလည်း ထိုင်နေရတာ အားနာလာသဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူမကသာ အဓိက သိချင်သူဖြစ်သောကြောင့် သူမ။တစ်ယောက်တည်း ထိုင်နေလို့မရပေ။ သူမတင်ပါးမှ ဖုန်မှုန့်များကို သုတ်လိုက်ကာ ရှာမကြည့်ရသေးသည့် စင်္ကြံလမ်းဘယ်ဘက်နံရံအနားကို ကပ်၍ လျှောက်သွားကြည့်သည်။ ဗားန် ပြောသည့်အတိုင်း သူမတို့သည် အိမ်ကြီး၏ တစ်ဝက်ကိုပင် မကြည့်ရသေးသောကြောင့် ဆက်ရှာရပေမည်။သို့သော်လည်း သူမရင်ထဲ၌ လိုင်မာဖီးရပ်စ်၏ စကားကို 100% ယုံကြည်နိုင်ပါ့မလားဟု သံသယဖြစ်နေမိသည်။
ကျေးဇူးပြုပြီး တွေ့ပါစေ…
ဆာစီးနီယာ သည် ဘာမှထူးခြားမှုမရှိသော ခန်းမထဲကို လှည့်ပတ်ကြည့်လိုက်သည်။နောက်ထပ် မိနစ်အနည်းငယ်ကြာလျှင် နံရံပေါ်မှာ အစွန်းအထင်းလိုလို၊အဖုအထစ်ကလေး လိုလို၊ တွေ့ရသဖြင့် လက်နှင့်ဖိကြည့်လိုက်မိ၏။သေချာပေါက် လျှို့ဝှက်တံခါးကို ဖွင့်သည့် ခလုတ်ဟု ထင်မိသော်လည်း ဘာမှ ပွင့်မလာပေ။
သူမ ဘေးပတ်ပတ်လည်ကို အချိန်အကြာကြီး ကြည့်နေရင်း ဗိုက်ကလည်း တဂွီဂွီမြည်လာရသည်။ တိတ်ဆိတ်ငြိမ်သက်နေသော စင်္ကြံကြီးမှာ ထွက်လာသည့် ဗိုက်ထဲက အသံကြောင့် သူမ အံ့အားသင့်သွားကာ ဗိုက်ကို ကိုင်ထားလိုက်သည်။ ဘေးနားတွင် မည်သူမှ မရှိသော်လည်း သူမ၏ နားရွက်များ နီရဲလာကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
နေမင်းကြီးသည် တဖြည်းဖြည်း မိုးကုပ်စက်ဝိုင်းနား ကပ်လာသဖြင့် ညနေချိန်ခါ နီးလာလေပြီ။
ယနေ့ ဆာစီးနီယာသည် မနက်စာ တစ်နပ်တည်းသာ စားခဲ့ရသဖြင့် ဗိုက်ဆာနေပြီ ဖြစ်သည်။ထို့ကြောင့် သူမသည် ဆက်မရှာတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဗားန် နှင့် မေ တို့လည်း မစားရသေးသောကြောင့် ဗိုက်ဆာနေပေလိမ့်မည်။
ဆာစီးနီယာ နောက်ကို ပြန်လျှောက်သွားလိုက်သည်။ သို့သော် ရုတ်တရက် စင်္ကြံလမ်းအတိုင်း လျှောက်လာနေသော လူနှစ်ယောက်ကို သူမ တွေ့လိုက်ရသည်။သူမနှင့် ရင်းနှီးသော မျက်နှာတစ်ခုနှင့် အပြာရောင်ဆံပင်ရှိပြီး အတိုင်းအဆမရှိ လှပသော အပြုံးပိုင်ရှင် အမျိုးသမီးတစ်ဦး တို့ပင်။
ဆာစီးနီယာ သည် တိုင်နောက်တွင် ကမန်းကတန်း ပုန်းနေလိုက်သည်။ သူတို့နှစ်ဦးမှာ ဘန် နှင့် အေရိုနီးယား ဘလမ်ဇွမ် တို့ဖြစ်ကြလေသည်။