အပိုင်း ၇၃
Viewers 13k

I raised him.73


'ဘာလို့ ငါက ပုန်းနေရမှာလဲ' 


ဆာစီးနီယာ သည် ထိုနှစ်ယောက်ကို ပုန်းမ‌နေသင့်သလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူတို့ နှစ်ယောက်သား ဧည့်ခန်းထဲသို့ ဝင်သွားကြသည်။ သူတို့နောက်မှ လိုက်လာသည့် အစခံကလည်း ချက်ချင်းပင် လာရာလမ်းကို ပြန်လှည့်သွားသည်။ 


'သူတို့ နှစ်ယောက်တည်းလား' 


ဆာစီးနီယာ မျက်ခုံး လှုပ်သွားရပြီး တိုင်နောက်ကွယ်မှ ချောင်း၍ အခြေအနေကို ကြည့်နေသည်။ 


'သူတို့ ဧည့်ခန်းထဲကို နှစ်ယောက်တည်း သွားတာက ဘာလုပ်ကြမှာလဲ' 


အကြောင်းတစ်ခုခုကြောင့် ဆာစီးနီယာ စိတ်ဆိုးသွားကာ ဧည့်ခန်းအနား သွားလိုက်သည်။ 


'အင်း…သိချင်လိုက်တာ'


သို့သော်လည်း ရင်မဆိုင်ရဲသဖြင့် ပြန်လာခဲ့ပြန်သည်။ထို့အပြင် ဧည့်ခန်းရှေ့နားတွင် ခိုးနားထောင်ရန် သို့မဟုတ် သေချာမြင်ရအောင်ပင် ချောင်းမကြည့်ရဲသောကြောင့်  အနည်းငယ်ဝေးသော တိုင်တစ်ခုကို ကွယ်ထားလိုက်သည်။ 


တစ်လောက အေရိုးနီယားအကြောင်းကို သင်းအုပ်ဆရာဆီမှ သိထားသောကြောင့် သူမ ရွံရှာစိတ်တို့ ဖြစ်လာရသည်။


“သူမက မြို့စားမင်းနဲ့ စေ့စပ်မာ့် သူလည်း ဖြစ်နိုင်တယ်"


ထို့အတွက်သာ သူမ  စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမဟုတ်ပေ။


အေရိုးနီးယား ကို ပထမဆုံးအကြိမ်တွေ့သောအခါက အေရိုးနီးယား သည် သူမအား တမင်တကာ အော်ဟစ်ပြောဆိုခဲ့သည်။ ယခုမူ သူမ သည် တစ်စုံတစ်ယောက်ကို ဘယ်သောအခါမှ မအော်ငေါက်ဖူးသလို နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ဘန် ၏ရှေ့တွင် ရယ်မောနေသည်။ ဆာစီးနီယာ သည် သူမ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားရသည်။ 


'အဲ့ဒီမိန်းမက မျက်နှာနှစ်ခုရှိတာကို ဘန် မသိဘူးပဲ'


မကျေနပ်မှုဖြင့် ငြီးတွားနေသော ဆာစီးနီယာ ၏ မျက်နှာသည် ချက်ချင်းပင် တင်းမာသွားသည်။ သူမသည် ဒေါသစိတ်ကို ကလေး တစ်ယောက်လို မဖုံးနိုင်မဖိနိုင် ဖြစ်နေလေသည်။


 "ငါဘာလုပ်နေမိတာလဲ…" 


ဘန် ဘယ်သူနှင့်ပဲ စကားပြောနေပါစေ၊တွဲနေပါစေ၊ သူမ အလုပ်လည်း မဟုတ်ပေ။ အေရိုးနီးယား ပဲဖြစ်ဖြစ်၊ တခြားအမျိုးသမီးပဲဖြစ်ဖြစ်၊ သူမနှင့် ဘာမှမဆိုင်ပေ။


ဆာစီးနီယာ သည် တိုင်ကို ကူကယ်ရာမဲ့ မှီထားလိုက်သည်။ ဘန် ကို စိတ်ပူပေးဖို့ မသင့်မှန်း သူမ သိသော်လည်း ဒေါသတွေ တရိပ်ရိပ် ထွက်လာနေတာကို သူမ မတားနိုင်ပြန်။


'ဘာလို့ အရမ်းစိတ်ဆိုးနေရတာလဲ…ငါက သူ့ကို ငြင်းပြီးခါမှ ရှက်စရာကောင်းအောင် ဘာလို့ လုပ်နေမိတာလဲ'


 “ဟား”


 သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒီအတိုင်း တခဏသာ ခံစားရသည့် ခံစားချက်တစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လွယ်လွယ်နှင့် ပျောက်ကွယ်မသွားပေ။အကြာကြီးရပ်နေသည့် ဆာစီးနီယာ သည် နောက်ဆုံး မခံမရပ်နိုင်ဖြစ်ပြီး ဧည့်ခန်းတံခါးရှေ့ကို လျှောက်သွားလိုက်သည်။


ထို့နောက် အခန်းထဲမှ ဘာသံမှမကြားရသဖြင့် သူမ နားစွင့်ထားလိုက်သည်။ တံခါးက အလွန်ထူသည့်အတွက် မကြားတစ်ချက်၊ကြားတစ်ချက်ပင်။


 'ဘာတွေပြောနေတာလဲ…သူတို့ စေ့စပ်ကြောင်းလမ်းမယ့် ကိစ္စကို ပြောနေတာလား'


စိုးရိမ်စိတ်က သူမကို လွှမ်းမိုးသွားသည်။ မလုပ်သင့်မှန်း သူမ သိသော်လည်း သူမ လက်တွေက တံခါးလက်ကိုင်ကို လှမ်းကိုင်နေပြီဖြစ်၏။ ဘယ်လို ဆင်ခြေမျိုးမှ  သူမ ဗီဇကို မချိုးနှိမ်နိုင်ပေ။ ရှက်စရာကောင်းသည့် လုပ်ရပ်တစ်ခုဟု သူမ သိနေသော်လည်း မတားနိုင်ချေ။မိသွားလျှင် ရှက်စရာ ကောင်းသော်လည်း သူမ ကိုယ်တိုင် မျက်စိနှင့်  မြင်ချင်နေပြီဖြစ်သည်။


ထို့နောက် ဆာစီးနီယာသည် ဧည့်ခန်းထဲက တံခါးလက်ကိုင်ကို တိတ်တိတ်ကလေး လှည့်လိုက်သည်။


ထို့နောက် တံခါးကို အသာဟ,ပြီး ကြည့်လိုက်ရာ နှစ်ယောက်လုံးကို တွေ့သွားရသည်။ ဘန် နှင့် အေရိုးနီးယား သည် ဧည့်ခန်းအလယ်ရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။အေရိုးနီးယား သည် အဆက်မပြတ် အော်ဟစ်ရယ်မောနေသည်။ တစ်ဖက်တွင် ဘန် သည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ဘာမှ ပြောဆိုခြင်းမရှိပေ။ အေရိုးနီးယား စကားကို နားမထောင်ဘဲ သူ့အကြည့်က တခြားနေရာကို ဦးတည်သွားသည်။ ဆာစီးနီယာ သည် လျစ်လျူရှုထားသော သူ့ပုံစံကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ထို့အပြင် သူက အေရိုးနီးယား ကို ချစ်စနိုးဖြင့် ငေးကြည့်မနေသောကြောင့် စိတ်သက်သာရာရသွားသည်။ 


မကြာမီ စိုးရိမ်မှုတို့ လွှမ်းမိုးထားသော ဆာစီးနီယာ ၏ အမူအရာမှာ ပိုမိုသက်တောင့်သက်သာဖြစ်လာသည်။


 "သူမက ဘယ်သူလဲ" 


ထိုအချိန်တွင် ဆာစီးနီယာ ရုတ်တရတ်ကြားလိုက်ရသော အသံကြောင့် တံခါးနားမှ အမြန်ခွာလိုက်သွားသည်။ သူခိုး လူမိသွားသလိုမျိုး သူမ ပါးစပ်ထဲက နှလုံးကြီးပါ ခုန်ထွက်လာမတတ်ပင်။


 "သူမကို ပထမဆုံးတွေ့ဖူးတာပဲ"


မေက ရေရွတ်သလိုပြောလိုက်သည်။ဆာစီးနီယာ အံ့သြလွန်းသဖြင့် ထအော်လုနီးပါးပင်။ သူမပါးစပ်ကို မအော်မိအောင် ထိန်းထားနိုင်သော်လည်း တစ်ကယ့်ကို အန္တရာယ်များလှသည်။ 


"အစ်မ ညီမကြောင့် လန့်သွားတာလား" 


ဆာစီးနီယာ သည် ငြိမ်သက်နေဆဲဖြစ်သော မေ ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ 


"အစ်မ …ဘာလို့ သူတို့ကို ချောင်းနေတာလဲ" 


"ဘယ်တုန်းက ချောင်းလို့လဲ"


 "သူတို့ကို ချောင်းကြည့်နေတာမလား…ညီမ အသံကြောင့် အစ်မ လန့်သွားတယ်လေ" 


“ဟမ်"


မေ က ပြုံးလိုက်သည်။


ဆာစီးနီယာ သည် ထူးဆန်းသော မေ့ အပြုံးကို မုန်းတီးသွားရသည်။ အရာအားလုံးကို သူမ သိနေသည်ဆိုသော  အပြုံးတစ်ခုပင်။


"စကားမစပ်…သူမက ဘယ်သူလဲ" 


"ငါလည်းမသိဘူး…. ဘန် နဲ့ သိတဲ့သူပဲ"


"သူမက မြို့စားမင်း ကို အရမ်းကြိုက်နေသလိုပဲ" 


"နင်က ဘယ်လိုလုပ် သိတာလဲ" 


"မြို့စားမင်း ကိုကြည့်ပြီး ရှက်ပြုံးပြုံးနေတယ်လေ…"


အေရိုးနီးယား သည် ဆာစီးနီယာမှာ စံအိမ်၌ နေနေကြောင်း သိသွားသဖြင့် ဘန်ကို တမင်တကာ ချော့မြှူနေခြင်းပင်။ လိမ္မာပါးနပ်သည့် ဘယ်သူမဆို အေရိုးနီးယား၏ အပြုံးကို သိပေလိမ့်မည်။


 "မြို့တော်က မိန်းကလေးတွေထဲမှာ သူမ အလှဆုံးပဲ"


 မေ၏ စကားကို ဆာစီးနီယာ ဝန်ခံရုံမှတပါး ရွေးချယ်စရာမရှိပေ။ အေရိုးနီးယား သည် ဘယ်လိုပဲကြည့်ကြည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးပင်။ သူမကို တွေ့လိုက်လျှင် ဘယ်သူမဆို လည်ပြန်ငေးကြည့်မည့်ပုံရှိသည်။အထူးသဖြင့် စကားကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော သူမပုံစံက ပို၍ပင် လှပစေသည်။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်မိမိ ယုံကြည်ချက်ရှိသော မိန်းကလေးများသည် တခြား မိန်းကလေးများထက် ပိုလှပနေတာကြောင့်ပင်။ 


“ကဲ သွားကြစို့” 


ဆာစီးနီယာသည် ရှုံးနိမ့်သွားသလို ခံစားလိုက်ရသဖြင့် နောက်ပြန်လှည့်လိုက်သည်။ သူမနှင့် ဘန်တို့၏ ခံစားချက်ကို မည်သူမှ မဖျက်ဆီးနိုင်သော်ငြား… 


"ဟင်…မြို့စားမင်း က ပြုံးနေပါလား" 


မေ က တံခါးမှ ချောင်းကြည့်ရင်း ညည်းညူလိုက်သည်။ပြန်သွားမည် ပြု‌သော ဆာစီးနီယာ လည်း လန့်သွားပြီး နောက်ပြန်လှည့်လာသည်။ မေ ပြောတာမှန်ပေသည်။ သူတို့ ဘာပြောနေမှန်း သူမ မကြားနိုင်သော်လည်း ဘန် က နူးညံ့စွာ ပြုံးနေသည်။ သူ့အပြုံးကြောင့် အေရိုးနီးယား က ထပ်ရယ်လိုက်ပြန်သည်။


'သူ ဘယ်လိုလုပ် ပြုံးရတာလဲ…ငါ့ရှေ့က လွဲပြီး တခြားသူတွေရှေ့မှာ မပြုံးပြတတ်တဲ့သူပါ...' 


ဆာစီးနီယာ သည် တံခါးလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှလုံးခုန်သံများ မြန်လာရသည်။ သူမ ခေါင်းတစ်ခုလုံး ပွက်ပွက်ဆူလာသည်အထိ ဒေါသထွက်သွားသည်။သူမ ဆက်မကြည့်နိုင်တော့သဖြင့် အကြည့်ကို တံခါးဆီမှ အမြန်ခွာလိုက်သည်။


 "ဟင်…အစ်မ ဆာစီးနီယာ… တံခါးလက်ကိုင်…”


မေ သည် ဆာစီးနီယာ ကို တစ်လှည့်၊ တံခါးကိုတစ်လှည့် မယုံနိုင်စွာ ကြည့်နေပြီး မကြာမီ သူမနောက်ကို လိုက်လာခဲ့သည်။ သူမတို့နှစ်ယောက်သား ထွက်သွားသော ဧည့်ခန်းတံခါးရှေ့တွင် သစ်သားတုံးတစ်စ ပြုတ်ကျသွားလေတော့သည်။ တံခါးလက်ကိုင်ရှိရမည့်နေရာတွင်လည်း လက်သီးအရွယ်အပေါက်တစ်ခုရှိနေသည်။ ဒေါသစိတ်ဖြင့် အေးစက်စွာ လမ်းလျှောက်နေသော ဆာစီးနီယာ ၏လက်ထဲတွင်တော့ တံခါးလက်ကိုင် ရှိနေလေသည်။ 


* * * 


ထိုစဉ်က ဧည့်ခန်းထဲ၌....


ဘန် သည် အေရိုးနီးယား စိတ်၀င်စားဟန် မပြဘဲ မတ်တပ်ထလာသည်။ 


"မြို့စားမင်း" 


အေရိုးနီးယား သည် ဘန်ကို ‌ခေါ်လိုက်သော်လည်း ဘန်က သူမကို လျစ်လျူရှုကာ တံခါးဆီ ပြေးသွားခဲ့သည်။ ဆာစီးနီယာ ၏ အမည်ကို တစ်ယောက်ယောက်က ခေါ်လိုက်သလိုပင်။ဘန်က တံခါးလက်ကိုင်(အတွင်းဘက် တံခါးလက်ကိုင်ပါ)ကို လှည့်ပြီး ဖွင့်လိုက်သော်လည်း ဘာမှမတွေ့ရဘဲ တံခါးရွက်အပြင်ဘက်၌ သစ်သားပေါက်ကြီးကို တွေ့ရလေ၏။ စင်္ကြံတွင်လည်း တစ်ယောက်မှ မရှိပေ။သို့သော်လည်း ကြမ်းပြင်ပေါ်မှာတော့ သစ်သားဖတ်များ ပြန့်ကျဲနေသည်။


 


"မြို့စားမင်း…အပြင်မှာလူရှိလို့လား"


အေရိုးနီးယား က သူ့လက်ထဲမှ တံခါးလက်ကိုင်ကို စိုက်ကြည့်နေသည်။ 


ဘာကြောင့် ပြုတ်ကျသွားမှန်း၊ တံခါးလက်ကိုင် ဘယ်ရောက်သွားမှန်း  ဘန် သိသော်လည်း စင်္ကြံပေါ်တွင် ဆာစီးနီယာ ၏ ကိုယ်သင်းနံ့တို့က သင်းပျံ့နေသည်။ သူ အမြဲတောင့်တနေခဲ့သည့် ရနံ့ကြောင့် ဘန် မျက်လုံးမှိတ်ထားလိုက်မိတော့သည်။


'မဖြစ်နိုင်ဘူး'


စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။ ယခုတော့ သူလည်း နာကျင်နေပေပြီ။ သူကိုင်ထားသည့် တံခါးအတွင်းဘက်မှ တံခါးလက်ကိုင်ကို ပိုတင်းကြပ်စွာပင် ဆုပ်ကိုင်ထားလိုက်သည်။ ဆာစီးနီယာ က သူ့ကို အလိုမရှိသည့်အတွက်  သွားမတွေ့ရဲဖြစ်နေသည်။


 'သူမ အဖြေကို မစောင့်ပါနဲ့လို့ ပြောခဲ့တယ်' 


သူ ပုံပျက် ပန်းပျက်ဖြစ်အောင် စိတ်ညစ်သွားပြီး စင်္ကြံကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း အစေခံတစ်ယောက်မျှပင် မ‌တွေ့ရပေ။ထို့နောက် ဘန်သည် တံခါးကို ဆောင့်ပိတ်ပြီး တံခါးလက်ကိုင်(အတွင်းဘက်) အပြုတ်ကို ယူကာ ထိုင်ခုံဆီ ပြန်သွားလိုက်သည်။ 


"အိုး…တံခါးလက်ကိုင်ပြုတ်သွားတာလား" 


စားပွဲပေါ်ကို တံခါးလက်ကိုင် ချလိုက်သောအခါ အေရိုးနီးယား က အံ့သြစွာ ပြောလိုက်သည်။ ဘန် က ဆိုဖာပေါ်ထိုင်လိုက်ပြီး ပြန်လည်းမဖြေ။ တိတ်ဆိတ်မှုက ကြီးစိုးလာသည်နှင့်အမျှ အေရိုးနီးယားက တစ်ဖန် စကားဆိုလာသည်။


 


"စကားမစပ်… မြို့စားမင်း က လက်ပတ်ကလေး ဝတ်ထားတယ်နော်"


အေရိုးနီးယား သည် လက်ပတ်အကြောင်းကို ထပ်ပြောလိုက်ပြန်သည်။ သူမသည် ဧည့်ခန်းထဲသို့ စဝင်လာကတည်းက စိတ်လှုပ်ရှားနေပုံရပြီး ထိုအကြောင်းကို တစ်ယောက်တည်း ပြောနေကာ ဘန် ကမူ ဘာမှ ပြန်မပြောချေ။ သူက မျက်လုံးချင်း ဆုံလိုက်သော်လည်း အပြုံးလေးတစ်ချက်ပြုံးပြီး၊ အင်းအဲသာ လိုက်နေခဲ့သည်။


ဘန်၏ အေးမြပြီး ဆွဲဆောင်မှုရှိသည့် ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြက်သွေးရောင် လက်ပတ်ကလေးက သူနှင့် အတော် ချစ်စရာကောင်းလွန်းလှ၏။ထိုအကြောင်းကို သူမက ချီးကျူးလိုက်သောအခါ ဘန် သည် ညင်သာစွာ ပြုံးလိုက်မိသည်။ဤသည်မှာ သူ ပထမဆုံး အေရိုးနီးယားကို ပြုံးပြခြင်းပင်။


သူမကလည်း ထပ်ပြုံးဦးမလားဟု မျှော်ကာ ထပ်ချီးကျူးနေပြန်သည်။


“နောက်ကျနေပြီ”


 “အိုး…ဟုတ်သားပဲ” 


ဒီတစ်ခါတော့ ဘန် ပြန်မပြုံးတော့ပေ။


အေရိုးနီးယား သည် ဘန်က နှင်လွှတ်နေမှန်း ရိပ်မိသဖြင့် ထိုင်ရာမှ ထလိုက်သည်။ 


 "ကျွန်မ သွားမယ်နော်"


ဘန် က အေရိုးနီးယား ကို တစ်ချက်မှ မကြည့်တော့။ အေရိုးနီးယား နှုတ်ဆက်ပြီး ဧည့်ခန်းထဲက ထွက်သွားသည့်အထိ ပြတင်းပေါက် အပြင်ဘက်ကိုသာ ငေးနေတော့သည်။ ယခု နေမင်းကြီး၏ အလင်းရောင်သည် ကောင်းကင်ကို ထွန်းလင်းနေသည်။ သူ့လက်ကောက်ဝတ်တွင်လည်း နေဝင်ဆည်းဆာရောင် ကြက်သွေးရောင် လက်ပတ်ကို ဝတ်ထားလေသည်။