အပိုင်း ၇၄
Viewers 12k

I raised him.74


ဆာစီးနီယာ သည် သူမလက်ထဲတွင်ရှိသော တံခါးလက်ကိုင်ကို စားပွဲပေါ်ပစ်ချလိုက်သည်။ သူမနောက်ကို လိုက်လာသော မေသည် ဘုန်းကနဲ အသံကြားသဖြင့် လန့်သွားပြီး စားပွဲကိုကြည့်လိုက်သည်။ ကံကောင်းစွာပင် စားပွဲသည် ကွဲရာဖြစ်မသွားပေ။


 


"ဘာလို့ တံခါးလက်ကိုင်ကို ဖျက်ပစ်တာလဲ" 


မျှော်လင့်ထားသည့်အတိုင်း မေ က သူမကို မေးနေတော့သည်။ 


ဆာစီးနီယာသည် ဆိုဖာပေါ် မှီထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဒေါသကို သူမ မထိန်းနိုင်တော့ပေ။ သူမ အင်အားကို မထိန်းနိုင်တော့သည့်အထိ ဒေါသထွက်လာရကာ တံခါးလက်ကိုင်ကို ဖျက်ပစ်လိုက်ခြင်းပင်။ 


"မြို့စားမင်း က သူမကို ပြုံးပြလို့ ဒေါသထွက်နေတာလား"


 "ဘာကိုဆိုလိုတာလဲ…ငါက ဘာလို့ စိတ်ဆိုးရမှာလဲ" 


ဆာစီးနီယာ သည် ပြုံးစိစိလုပ်နေသော မေကို တစ်ချက်ကြည့်လိုက်သည်။


"မဟုတ်ဘူးလေ… ဒါဆိုဘာလို့စိတ်ဆိုးနေတာလဲ"


 “အဲ့ဒါ…” 


သူမ ဘယ်လိုဖြေရမှန်း မသိသောကြောင့် ပါးစပ်ပိတ်ထားလိုက်သည်။ ဘန် က အေရိုးနီးယား အား ပြုံးပြနေသည်ကို တွေ့ရ၍ သူမ သိသိသာသာ စိတ်မကောင်းဖြစ်သွားသည်။ ဒေါသကို ဖြေဖျောက်ဖို့ ကြိုးစားရင်း လက်တွေ တုန်ရီလာရသည်။ အကယ်၍ သူမသာ ထိုနေရာ၌ တစ်စက္ကန့်ကြာအောင် ထပ်နေလိုက်လျှင် တံခါးလက်ကိုင် တစ်ခုထက် ပစ္စည်းများစွာ ကျိုးပဲ့သွားပေလိမ့်မည်။နောက်ကြောင်းပြန်တွေးကြည့်လျှင် ဘန် သည် သူမနှင့်နဲ့အမြဲတမ်း နီးကပ်စွာ နေခဲ့တာကြောင့် သူ့ကို တခြားမိန်းမနှင့် တွဲပြီး တွေ့ရသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်၏။ 


 ဘာလဲ….သူဘာလို့ ရုတ်တရက်ပြုံးနေတာလဲ…


 သူမမှလွဲ၍ တခြားဘယ်သူ့ကိုမှ ပြုံးမပြခဲ့ဖူးပေ။ 


'အိမ်ရှေ့စံမင်းသားကိုတောင် အေးစက်ပြီး ဒေါသတွေ ထွက်နေတာ မဟုတ်ဘူးလား' 


'အဲဒါကြောင့် ငါ စိတ်ဆိုးတာလား' 


ဆာစီးနီယာ သည် သူမ ဒေါသထွက်သွားရသည့် အကြောင်းရင်းကို ရှာဖွေနေသည်။


 "အစ်မ စိတ်ဆိုးနေတယ် မဟုတ်လား" 


မေ သည် ဆာစီးနီယာ ၏ ခံစားချက်ကို သဘောပေါက်သွားသဖြင့် ပြုံးတုံ့တုံ့လုပ်ရင်း မေးလိုက်သည်။


 “ငါနဲ့ အတူရှိတုန်းက လွဲလို့ သူများတွေကို ဒီလိုအမူအရာမျိုး တစ်ခါမှ မလုပ်ဖူးဘူး…"


ပုံမှန်မဟုတ်သည့် သူ့ပုံစံကြောင့်ပဲ သူမ ဒီလို တုံ့ပြန်ခဲ့တာ ဖြစ်နိုင်ပါ့မလား…


ဆာစီးနီယာ သည် သူမကိုယ်သူမ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ 


“ဟင်းဟင်း…အစ်မက မနာလိုနေတာ ဖြစ်ရမယ်"


 "ဘယ်လို" 


ဆာစီးနီယာ သည်  မေ၏ စကားကြောင့် အလွန်ဒေါသ ထွက်သွားသည်။ မေ က ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်ပြန်သည်။ 


“သိသာပါတယ်လေ… မြို့စားမင်း က တခြားမိန်းမကို ပြုံးပြနေလို့ အစ်မ မနာလိုဖြစ်သွားတာလေ"


 "မနာလိုတယ်…. ငါကလား…အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောစမ်းပါနဲ့…"


"အစ်မ သူ့ကို ကြိုက်လား" 


မေ၏စကားကြောင့် ဆာစီးနီယာ မျက်နှာထား ပြောင်းသွားရ၏။


 "ဟုတ်တာပဲ…အစ်မ က မြို့စားမင်း ကိုကြိုက်နေတာ"


မေ ၏ ယုံကြည်ချက်ရှိရှိ အခိုင်အမာပြောလိုက်သော စကားကို  ဆာစီးနီယာ ဘယ်လို တုံ့ပြန်ရမှန်းမသိတော့ပေ။


 “မဟုတ်ပါဘူး…တခြား တစ်ခုခုကြောငါ စိတ်တိုသွားတာ နေမှာပါ…” 


ဆာစီးနီယာ ငြင်းလိုက်သည်။ တုန်လှုပ်နေသော သူမ နှလုံးသားကို လျစ်လျူရှုပစ်လိုက်သည်။ သူမ မတ်တပ်တောင် မရပ်နိုင်ဘဲ တုန်လှုပ်ချောက်ချားနေရကာ လက်ချောင်းများကို အဓိပ္ပါယ်မဲ့ ပွတ်သပ်နေမိသည်။ လည်ချောင်းထဲအထိ ဆို့တစ်လာသော သူမ၏ ခံစားချက်များအတွက်လည်း စိုးရိမ်ပူပန်နေမိသည်။ 


"ညီမကိုယုံလိုက်ပါ…အစ်မ သူ့ကိုမကြိုက်ရင် မနာလိုမဖြစ်ရမှာလဲ" 


မေ က အသံကျယ်ကျယ်နှင့် ရှင်းရှင်းလင်းလင်း ပြောနေသော်လည်း သူမ၏ စကားများသည် ဆာစီးနီယာ နားထဲ ရောက်မလာကြပေ။


ဆာစီးနီယာ သည် သူမ၏ ခံစားချက်များနှင့် စစ်ဖြစ်နေရပြီး မေ့ စကားများက သူမကို ပို၍ပင် ရှုပ်ထွေးစေသလို ခံစားရတာကြောင့် ‌အပြင်ကို ငေးကြည့်နေမိတော့သည်။ 


"မေ… ငါတစ်ယောက်တည်းနေချင်တယ်" 


နောက်ဆုံးတော့ စိတ်ရှုပ်မခံချင်သဖြင့် မေ ကို ပြန်ခိုင်းလိုက်သည်။ထို့နောက် ဆာစီးနီယာသည် ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်ရင်း စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ပေါ်လာရသည်။


 'မေ ရဲ့စကားတွေကို ငါဘာလို့ ချက်ချင်း ငြင်းလို့မရတာလဲ' 


'သူနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ဘာလို့ လွယ်လွယ် မသတ်မှတ်နိုင်ရတာလဲ' 


'ကောက်ရိတ်သိမ်းပွဲ မတိုင်ခင်အထိ ငါ သူ့ကို သေသေချာချာမငြင်းနိုင်ခဲ့ရတာလဲ'


 'သူက တခြားမိန်းမတွေကို ပြုံးပြတဲ့အခါ ငါဘာလို့ မကြိုက်ရတာလဲ… ဘာလို့ ငါ့ကိုပဲ ပြုံးပြစေချင်တာလဲ'


ဘန် က သူမ နာမည်ကို ခေါ်တိုင်း သူမ နှလုံးသားတစ်ခုလုံး တဆတ်ဆတ်တုန်ခဲ့ရ၏။ သူနှင့် မျက်လုံးချင်းဆုံသည့်အခါတိုင်း သူ့နှလုံးသားနှင့် ခံစားချက်တွေကို ငြင်းဖို့ကလွဲပြီး မတတ်နိုင်သည့် အတွက် သူမကိုယ်သူမ အပြစ်တင်မိသည်။


 “ငါ…” 


သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နဂိုက ဖရိုဖရဲဖြစ်နေရသော သူမစိတ်သည် ပို၍ပို၍ စည်းကမ်းမဲ့လာပြီး ခေါင်းပါကိုက်လာရတော့သည်။


ဆာစီးနီယာ သည် ခေါင်းကိုက်လာတာကြောင့် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။ သူမ တစ်ခါမှ မမြင်ဖူးသော ရထားလုံးတစ်စီးသည် မြို့စားမင်းပိုင်နက်ထဲမှ ထွက်ခွာသွားပြီဖြစ်သည်။  အေရိုးနီးယား ၏ ရထားလုံး ဖြစ်နိုင်၏။


တစ်ဖန် ဘန် သည် အေရိုးနီးယား အား ပြုံးပြပုံကို သတိရလာပြန်သည်။ သူမ ခေါင်းကို အပြင်းအထန် ခါယမ်းရင်း ဆက်မတွေးဖို့ ဆုံးဖြတ်လိုက်သည်။


 


"မနာလိုတာ"


 'ဒါက မေပြောနေတဲ့ မနာလိုတယ် ဆိုတာလား'


 သူမ ငုတ်တုတ်ပြင်ထိုင်လိုက်ရင်း ဒူးနှစ်ဖက်ကို ပွေ့ပိုက်ထားလိုက်သည်။ယခု လက်ရှိခံစားနေရသည့် ခံစားချက်များကို တွေးတောနေမိသော်လည်း ဘာမှန်း မသေချာပေ။


 "ငါ သူ့ကို ကြိုက်နေတာလား" 


နှုတ်က ထုတ်ပြောဖို့ မသင့်သည့်စကားလုံးအချို့ ပါးစပ်က ထွက်သွားသည်။


“မဟုတ်ဘူး…မဟုတ်လောက်ပါဘူး…” 


သူမ စိတ်ထဲ ပထမဆုံး ရောက်လာသည်က ကြောက်စိတ်နှင့် မရေရာစိတ်တို့ပင်။


 "ငါ သူ့ကို ငြင်းပြီးသားမို့ ဒါမျိုး မဖြစ်သင့်ဘူး..." 


သူမအတွက် ထိုခံစားချက်သည် လေတိုက်သလို မြန်မြန်ဖြတ်သန်းသွားမည့် ခဏတာ ခံစားချက်တစ်ခုမျှသာ။ 


ဆာစီးနီယာ သည် တစ်ချက်မှ  မလှုပ်ဘဲ ငြိမ်သက်နေသော အခန်းတွင် ထိုင်နေ၏။


 ဘယ်နှစ်နာရီကြာသွားပြီလဲ…


နောက်ဆုံး ခေါင်းထောင်ကြည့်လိုက်သောအခါ နေဝင်ပြီး ညလည်း ရောက်လာသည်။


 “အချိန်လင့်နေပြီ” 


ညသန်းခေါင် ကျော်နေပြီဖြစ်၏။တစ်ခန်းလုံးလည်း မှောင်ပိန်းနေသည်။


ဆာစီးနီယာ သည် ထိုင်ခုံမှထကာ စားပွဲပေါ်တင်ထားသော ဧည့်ခန်းတံခါးလက်ကိုင်ကို တစ်ချက်ကြည့်လိုက်သည်။


ထိုအကြောင်းကို သူမ အချိန်တွေကြာကြာ တွေးလေလေ၊ သူ့ကို မချစ်ကြောင်း ငြင်းချင်စိတ် ပြင်းထန်လာလေလေပင်။တုန်ခါနေသော နှလုံးသားကို ငြိမ်သက်စေရန် အချိန်လိုအပ်သည်။


ထို့နောက် သူမ အိပ်ရာဆီ လျှောက်သွားလိုက်သည်။မနက်ဖြန်ကျ ပျော်ရွှင်ချင်ပြီး အသစ်အသစ်သော ခံစားမှုတို့ ရရှိချင်လျှင် အရင်ဦးဆုံး အိပ်ရမည်ဖြစ်သည်။


သူမနှင့် လိုင်မာဖီးရပ်စ် တို့ ပြောဆိုခဲ့သော လျှို့ဝှက်ချက်ကို မဖြေရှင်းရသေးသောကြောင့် မနက်ဖြန်ကျရင် ရှာဖွေရမည်ဖြစ်သည်။ လရောင်ကို  တိမ်တွေက ဖုံးလွှမ်းထားတာကြောင့် ကောင်းကောင်း မမြင်ရတော့သဖြင့် သူမ ဟိုစမ်းဒီစမ်း လျှောက်သွားရသည်။


ခဏအကြာ ဆာစီးနီယာ သည် စားပွဲပေါ်ရှိ မီးအိမ်ကို ဖွင့်လိုက်သည်။ အိပ်ရာမဝင်ခင် ရင်ပူနေ၍ ရေသောက်ရမည် ဖြစ်တာကြောင့် ရေဖန်ခွက်ကို လိုက်စမ်းလိုက်သည်။သူမ မနေ့ညက အိပ်နေတုန်း ဗားန် ယူလာပေးခြင်း ဖြစ်မည်။သူမက ဖန်ခွက်ကို မော့လိုက်သောအခါ ရေစက်နှစ်စက်မျှသာ ခံတွင်းထဲဝင်လာသည်။


 "ရေတွေ ဘယ်တုန်းက ကုန်သွားတာလဲ" 


ဖန်ခွက်ထဲ၌ ဘာမှမရှိပေ။


ချက်ချင်း အိပ်တော့မည်ဟု တွေးထားသဖြင့် ရေငတ်၍ ပြန်နိုးလာမှစိုးတာကြောင့် ရှိသမျှ အားအင်လေးနှင့်  မီးဖိုချောင်ထဲ သွားပြီး ဗိုက်ပြည့်သွားသည်အထိ ရေသောက်လိုက်သည်။


အေးစိမ့်သောလေသည် သူမ၏ ပါးလွှာသော ညဝတ်အင်္ကျီမှတဆင့် အသားထဲအထိ စိမ့်ဝင်သွားသောကြောင့် တုန်တုန်ယင်ယင်နှင့် သူမ လာရာလမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။ စင်္ကြံသည် တိတ်ဆိတ်လွန်းသဖြင့် သူမ၏ အသက်ရှုသံနှင့် ခြေသံများကိုသာ ကြားနေရသည်။ လမ်းလျှောက်လာစဉ် ထောင့်တစ်နေရာကို လှည့်ကြည့်လိုက်ရာ တံခါးရှေ့မှာ ရပ်နေသည့် အရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။


မှိန်ဖျော့ဖျော့ အလင်းအောက်မှပင် ထိုလူကို တစ်ချက်တည်းနှင့် မှတ်မိနိုင်သည်။ 


'ဘန်...'


သူ့အကြောင်း တစ်နေကုန် တွေးနေမိတာကြောင့်လားမသိ၊ သူမ နှလုံးခုန်သံတွေ ကျယ်လောင်လာရသည်။သူမ၏ နှလုံးခုန်သံသည် သူပါ ကြားသွားမည်ကို စိုးရိမ်သဖြင့် အသက်အောင့်ထားလိုက်သည်။ 


မည်သို့ပင်ဆိုစေ ယ‌ခု သူ့ကိုရင်ဆိုင်ရန် မဝံ့ရဲပေ။


 'ဘာလို့လဲ... ဒီအချိန်ကြီး သူဘာလို့ တံခါးရှေ့မှာ ရပ်နေတာလဲ…သူ မအိပ်ဘူးလား'


ဆာစီးနီယာ သည် တိုင်တစ်တိုင်ကို ကွယ်ကာ သူ့ကို ချောင်းကြည်နေမိသည်။


ဘန် သည် သူမ၏ အခန်းတံခါးရှေ့တွင် တချောက်ချောက် သွားလာနေ၏။‌ သေချာကြည့်လိုက်တော့ သူသည် ဖိနပ်မစီးထားဘဲ ဆံပင်တွေကလည်း စုတ်ဖွာနေပြီး အဝတ်အစားကလည်း ဖရိုဖရဲပင်။


 "ဆာစီးနီယာ" 


သူက သူမနာမည်ကို ခေါ်ပြီး ပိတ်ထားသည့် တံခါးကို နဖူးမှီထားလိုက်သည်။ သူ့အသံသည် အလွန်နာကျင်နေပြီး ဝမ်းနည်းနေပုံရသည်။


 "မင်းကို ချစ်တယ်" 


မကြာခင်မှာပင် သူ၏ ဝန်ခံချက်သည် တိတ်ဆိတ်သော စင်္ကြံထဲတွင် လွှမ်းမိုးသွားသည်။ ကောက်ရိတ်သိမ်းပွဲအပြီးတွင် ဘန် သည် သူမကို ရှောင်နေခဲ့ပြီး ချစ်ကြောင်းလည်း ထပ်မပြောတော့ပေ။


ဘန် သည် သူဖွင့်ပြောလျှင် သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကို ကြောက်ရွံ့နေခြင်းပင်။


 "…မင်းကို ချစ်တယ်"


ဘယ်သူ့မှ မကြားရအောင် တိုးတိုးကလေး ပြောနေ၏။ ဘယ်သူမှ မရှိသော စင်္ကြံတွင် တစ်ယောက်တည်း မတ်တပ်ရပ်ရင်း ဘန် သည် ပိတ်ထားသော တံခါးကို မှီလျက်။


 “…” 


ဆာစီးနီယာ တစ်ဖက်လှည့်လိုက်သည်။ သူမ၏ ခြေထောက်များသည် ခွန်အားမဲ့သွားရသည်။ သူမ မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိ၍ ကြမ်းပြင်ပေါ် ထိုင်ချလိုက်၏။ သူ့ပုံစံသည် လွန်ခဲ့သော သုံးနှစ်က အထီးကျန်နေသည့် သူမနပုံစံနှင့် တူနေတာကြောင့် ဆက်မကြည့်နိုင်တော့။


တံခါးရှေ့တွင်ထိုင်နေပြဏ္ဌ အပြင်ကို ခဏခဏ လှမ်းကြည့်တတ်သော သူမကိုယ်သူမ ပြန်သတိရမိသည်။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ပြန်လာမလားဆိုပြီး အပြုံးလေးနှင့် ဘန်ကို စောင့်မျှော်နေခဲ့သည်။ 


 'ချစ်နတာကို ငါ သိပြီးသားပါ' 


သူမ သိနေရုံမှတပါး တခြားဘာမှလည်း မလုပ်တတ်တော့။


ဆာစီးနီယာ သည် တုန်လှုပ်နေသော မျက်လုံးများကို မှိတ်ထားရင်း စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သည်။ 


'ငါ…' 


သူမသည် သူမတို့ နှစ်ယောက်၏ အနာဂတ်တွင် နောင်တမရချင်သောကြောင့် သူ့အချစ်ကို ငြင်းပယ်ခဲ့သည်။ သူမ၏ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း အတင်းအကျပ်ဖိအားပေး၍ ဇွတ်ယုံခဲ့သည်။ ထိုအချိန်မှစ၍ သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရတော့သည်။ သူမ၏ ရွေးချယ်မှုသည် ကြောက်ရွံ့မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် မဟုတ်ကြောင်း သူမ ယုံကြည်ချင်မိသည်။သို့သော်လည်း အခုတော့ ရင်ထဲက ခံစားချက်ကို ဘယ်လိုမှ ငြင်းမရတော့ပြီ။


 'ငါသူ့ကို ချစ်တယ်…'


ထိုအချိန်တွင် သူမနှလုံးသားကို ပိတ်ဆို့ထားခဲ့သော ရေကာတာကြီး ပြိုကျသွားရသည်။ တစ်ချိန်လုံး မြိုသိပ်ခဲ့ရသည့် စိတ်ခံစားမှုတွေအားလုံး ပြေလျော့သွားအောင် လှိုင်းလုံးကြီးတစ်ခုလို ရိုက်ခတ်သွားသည်။