အပိုင်း ၇၅
Viewers 13k

I raised him.75


"ဒါဆို ကျွန်မ ဒီလမ်းကို သွားမယ်နော်" 


ဗားန် သည် လမ်းဆုံတွင် ခွဲထွက်သွားပြီး ဆာစီးနီယာ နှင့် မေတို့သာ စင်္ကြံလမ်းအတိုင်း ဆက်လျှောက်သွားကြသည်။ မနေ့ကလို မဟုတ်ဘဲ တစ်ယောက်တစ်နေရာဆီ ခွဲရှာဖို့ ဆုံးဖြတ်လိုက်ကြသည်။


"အစ်မ အဆင်ပြေရဲ့လား" 


သူတို့ နှစ်ယောက်ပဲ ကျန်ခါမှ မေက သေသေချာချာ မေးလိုက်သည်။ ဆာစီးနီယာ သည် မနေ့ကတည်းက မျက်နှာမကောင်းသဖြင့် သူမစိုးရိမ်ပးနေမိသည်။ 


"ငါ အဆင်ပြေပါတယ်"


ဆာစီးနီယာသည် တစ်ညလုံး အတွေးလွန်နေခဲ့သည်။ ယခု ဘန် နှင့် ပတ်သက်သော သွယ်ဝိုက် ခံစားချက်ကို သူမကိုယ်တိုင် ဝန်ခံလိုက်ဖို့အတွက် အားမွေးနေသည်။


 “မေ” 


"ဟင်"


 "နင် မနေ့က ငါ့ကိုပြောတယ်လေ… ဘန် ကို ငါ ကြိုက်တယ်ဆိုတာ"


 "အာ…အစ်မကလည်း စိတ်ထဲမထားပါနဲ့… ညီမ အဲ့ဒီလို ပြောတာမဟုတ်ပါဘူး" 


ဆာစီးနီယာ စိတ်ထဲမှာ စွဲလန်းသွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးသဖြင့် မေက အမြန်ငြင်းလိုက်သည်။


"မဟုတ်ဘူး…နင် ပြောတာမှန်တယ်"


သူမ၏ နီညိုရောင် မျက်လုံးများသည် ဘာခံစားချက်မှမရှိဘဲ ဗလာဖြစ်နေသည်။


 "ငါသူ့ကို ချစ်တယ်"


ဆာစီးနီယာ က ပြောလိုက်သည်။ မနေ့ညက ဘန် သည် သူမ အခန်းတံခါးရှေ့မှာ အကြာကြီးရပ်ပြီးမှ ပြန်သွားသည်။ သူ့ခံစားချက်တွေ မပြောင်းလဲဘူးဆိုသည်ကို သူမအား သိစေချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် သူမကို အိပ်ရာမနှိုးဘဲ တိတ်တိတ်လေး ပြန်သွားခဲ့သည်။


ဘန် ပြန်သွားပြီးနောက် ဆာစီးနီယာ သည် စင်္ကြံတွင်သာ အချိန်အတော်ကြာ ထိုင်နေပြီး အဆက်မပြတ် တွေးတောနေခဲ့သည်။


 "ထင်သားပဲ…ညီမ သိနေတယ်…ဒါဆို အစ်မတို့နှစ်ယောက် တရားဝင်ချစ်သူဖြစ်နေပြီလား…တစ်ယောက်နဲ့တစ်ယောက် သဘောကျတယ်ဆိုတော့" 


မေ က လက်ခုပ်တီးပြီး ဝမ်းပန်းတသာ မေးလိုက်သည်။


ဆာစီးနီယာ သည် မေ စိတ်လှုပ်ရှားနေချိန်တွင် ခေါင်းကိုသာ ယမ်းနေလိုက်သည်။


“မဟုတ်ဘူး…ငါ သူ့ကို ငြင်းခဲ့တယ်"


 "ဘာရယ်… သူက ချစ်ခွင့်ပန်တဲ့ဟာကို…ဘာလို့လဲ…ဘာလို့ ငြင်းလိုက်တာလဲ"


 "ငါ့ကြောင့် သူ့ကို ဒုက္ခမရောက်စေချင်ဘူး"


ဤသည်မှာ သူ့ကို ငြင်းပယ်ရသည့် အကြောင်းအရင်းတွေထဲက တစ်ခုပင်။ ဆာစီးနီယာ သည် သူမအတွက် အဖိုးတန်ဆုံး လူတစ်ယောက်ကို သူမကြောင့် မထိခိုက်စေချင်ပေ။ ထို့အပြင် နောင်တစ်ချိန်တွင် သူမ၏ ကံကြမ္မာသည် မည်သို့မည်ပုံ ဖြစ်လာမယ်မှန်း မသိတာကြောင့်ပင်။


 “ဒါပေမယ့်…” 


မေက စကားရပ်ထားလိုက်သည်။ 


ဆာစီးနီယာ အကြောင်းကို သူမ နားလည်နေရသလို ငဲ့ညာပေးနိုင်သည်။မကြာသေးမီက မြို့စားမင်း သည် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးခဲ့ရသူလို အသက်မဲ့နေခဲ့သည်။ သူ့မျက်နှာသည် မည်းမှောင်နေကာ မျက်လုံးများ ကလည်း နီရဲနေသည်။ 


'ဒါတွေ အားလုံးက အစ်မ ဆာစီးနီယာ ငြင်းလိုက်လို့ပဲ'


မြို့စားမင်း သည် လူသေတစ်ယောက်လို ပြုမူနေပြီဟု မေ ပြောချင်သော်လည်း ဘာစကားတစ်ခွန်းမှ မပြောနိုင်ပေ။ ဆာစီးနီယာ လည်း မျက်နှာမကောင်းသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် မေက သက်ပြင်းချပြီး ပြောလိုက်သည်။


“အစ်မရဲ့ခံစားချက်တွေကို သေချာ တွေးကြည့်ပါ…ပြီးရင် အစ်မ ဖြစ်ချင်တဲ့ဆုံးဖြတ်ချက်တစ်ခု ချနော်"


တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ဦးစားပေးတတ်သော်လည်း ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမှန်း မသိကြသော သူတို့ နှစ်ယောက်အတွက် မေ စိတ်မကောင်းဖြစ်ရသည်။ 


"ညီမ ဒီဘက်သွားလိုက်မယ်" 


မေ က သူမ တာဝန်ကျသည့် ဘက်ခြမ်းကို သွားလိုက်သည်။ စင်္ကြံတွင် ကျန်ခဲ့သော ဆာစီးနီယာ သည် မေ ၏စကားများကို ထပ်ဖန်တလဲလဲ ကြားယောင်နေမိသည်။


 'ငါ ဘာဖြစ်ချင်တာလဲ' 


ထိုမေးခွန်းမျိုး သူမ တစ်ခါမှ မတွေးဖူးပေ။ယခု အခြေအနေကို ဘယ်လို ဖြေရှင်းရမှန်း သူမ မသိဘဲ မသေချာမရေရာသော အနာဂတ်အတွက်သာ စိုးရိမ်နေမိသည်။ 


ဒါပေမယ့် သူမ ဖြစ်ချင်တာကိုလုပ်ပြီး ကြီးကြီးမားမား ကိစ္စကြီးတစ်ခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ…


'ဒီလက်တွေကသာ သူ့ကိုနာကျင်စေမယ်ဆိုရင်'


 'ငါ သတိလစ်ပြီး အရိုင်းစိတ်တွေ ဝင်လာရင် ဘာလုပ်မလဲ...'


 'ဒါဆို ငါ ဘာလုပ်ရမှာလဲ' 


ဆာစီးနီယာ အနီးတွင် လေပြင်းများ တိုက်ခတ်လာသည်။ သူမ၏ စကပ်မှာ တဖျပ်ဖျပ်ခါနေပြီး လေအေးကလည်း သူမအရေပြားထဲကို စိမ့်ဝင်သွားသည်။ သူမ ကိုယ့်လက်ကိုယ်ကို ပြန်ကြည့်လိုက်သည်။သာမာန်လူတွေလိုမဟုတ်ဘဲ ထူးဆန်းနေသည့် သူမလက်တွေကို  စိတ်မသက်မသာ ဖြစ်ရသည်။


 'ငါက ရိုးရိုးလေးပဲ နေချင်တာ' 


ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးကတည်းက သူမ အမြဲတမ်းမျှော်လင့်ခဲ့ရသည့် အိပ်မက်တစ်ခုပင်။ သို့သော် ဖိတ်ကျနေပြီဖြစ်သော ရေကို ကုန်းကောက်နေသလိုပင် သူမ လောဘကြီးသထက်ကြိီးလာသည်။သာမာန် လူတွေလို နေချင်ခဲ့သော သူမက မဖြစ်သင့်မဖြစ်ထိုက်သည့် လူတစ်ယောက်ကို သွားပတ်သတ်ချင်နေမိပြီ။ဘန် အနားမှာနေပြီး သာမာန်လူလို နေချင်မိသည်။ 


အစွမ်းမရှိသော သာမန်လူတစ်ယောက်၊ အေရိုးနီးယား လို ပွင့်ပွင့်လင်းလင်းနှင့် ဖုံးကွယ်ထားစရာမလိုသော လူတစ်ယောက်...


အင်ပါယာရှိ တစ်ဦးတည်းသော စုန်းမမဟုတ်ဘဲ လူသားတစ်ဦးသာ ဖြစ်ချင်သည်။ 


 'ဖြစ်ကို မဖြစ်နိုင်ဘူး'


ဆာစီးနီယာသည် လေတိုက်နေသဖြင့် လွင့်ခါနေသော ဆံပင်များကို ပြန်မသပ်ဘဲ ခါးသီးစွာ ပြုံးလိုက်သည်။ အရွက်မရှိသော သစ်ပင်များကို အဓိက လေတိုက်နေသဖြင့် သူမမှာ လေဒဏ်ခံနေရတော့သည်။ မကြာခင်မှာ ဆောင်းဦးပေါက်ရာသီ ရောက်မည်ဖြစ်ပြီး ယခုလည်း အေးစပြုနေလေပြီ။


 * * *


ဘန် သည် နေ့ခင်းရောက်မှ နိုးလာရသည်။ဟိုတစ်လောကတည်းက သူကောင်းကောင်း အိပ်မပျော်သဖြင့် ဟိုလူး၊ဒီလှိမ့်သာ အချိန်ကုန်ဆုံးခဲ့ရသည်က များသည်။


မနေ့ညက အိပ်ပျော်သွားသော်လည်း ကြောက်စရာကောင်းသည့် အိပ်မက်ဆိုးတစ်ခုကြောင့် နိုးလာရသည်။ အလင်းတစ်စမှမရှိပဲ မှောင်ပိန်းနေသည့် မြေအောက်ခန််းထဲ၌ ပိတ်မိနေပြီး ဘယ်အချိန် ထွက်လာရမှန်းမသိဘဲ နေထိုင်ခဲ့ရသည့် နေ့ရက်တွေကို အိပ်မက်မက်ခဲ့ခြင်းပင်။ ဆာစီးနီယာ ၏ အမည်ကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရေရွတ်ကြည့်ရင်းဖြင့် အချိန်ကုန်ခဲ့ရသည်။


 သူ ယခု ဆာစီးနီယာ ကိုလွမ်းနေသဖြင့်သူမဆီ သွားပြီး သူတို့ အတူတူ ရှိနေကြောင်း သေချာစေချင်သည်။ သို့သော် အခန်းတံခါးရှေ့ ရောက်သောအခါ ဝင်မသွားရဲပေ။


ဘန် သည် အခန်းတံခါးထဲ ဝင်သွားချင်မိ‌သော်လည်း သူမက တစ်ခွန်းမှ မပြောဘဲ အဖက်မလုပ်မည်ကို စိုးရိမ်သဖြင့် သူရဲဘောကြောင်နေမိသည်။ 


" အားချန် " 


အားချန် သည် သူ့အမိန့်ကို စောင့်နေသကဲ့သို့ ချက်ချင်းပင် တံခါးဖွင့်၍ ဝင်လာသည်။ 


"ကျွန်တော့်ကိုခေါ်တာလား…ဆရာ"


"ငါ ဆေးပေးခန်းကို သွားမှရမယ်" 


အိပ်ဆေးယူရန်အတွက် ဆေးသွားစပ်ရပေမည်။ ဆေးအစွမ်းကို သုံး၍ မပျော်ပျော်အောင် အိပ်ရပေတော့မည်။အိပ်ရေးဝဝမအိပ်ပါက ထိုအတွေးများက သူ့ကို ကိုက်စားသွားနိုင်သည်။


 "ဆရာ နေမကောင်းဘူးလား…ကျွန်တော် ဆရာဝန်ခေါ်လိုက်မယ်" 


" အပြင်ပဲ ထွက်ပါ့မယ်… ရထားလုံး ပြင်ထားလိုက်နော်"


 "ဟုတ်ကဲ့…နားလည်ပါပြီ…မမလေးက မနက်စာစားပြီး လမ်းလျှောက်နေပါတယ်" 


ဘန် သည် အားချန် ၏ စကားကြောင့် စိတ်သက်သာရာရပြီး ခေါင်းကို အသာညိတ်ပြလိုက်သည်။


 'ဆာစီးနီယာ က ငါ့အနားမှာ ရှိနေတုန်းပဲကိုး'


သူမ သူ့နှလုံးသားကို လက်ခံဖို့ အဆင်သင့်မဖြစ်မချင်း ထွက်မသွားရန် ပြောထားသောကြာင့် ဖြစ်နိုင်သည်။တစ်ကိုယ် ကောင်းဆန်သည့် သူ့အတ္တကိုတောင် ငြီးငွေ့လာသည်။


"ဒါဆို ကျွန်တော် ပြင်ဆင်လိုက်ပါဦးမယ်"


အားချန် ထွက်သွားပြီး ဘန် သည် သူ့လက်မှာဝတ်ထားသည့် လက်ပတ်ကိုချွတ်လိုက်ပြီး ရေချိုးခန်းဆီ သွားလိုက်။ အိပ်ပျော်နေစဉ် ကျထားသော ချွေးအေးများကို သေချာတိုက်ချွတ်ဆေးကြောလိုက်သည်။ ရေချိုးပြီးသည်နှင့် လက်ပတ်ကို ချက်ချင်းပြန်ဝတ်လိုက်သည်။လက်ပတ်မဝတ်ထားလျှင် ဆာစီးနီယာ နှင့် ဆက်စပ်နေသည့် အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်သလို ခံစားရသည်။


ထို့နောက် သူသည် ကုတင်ဘေးရှိ အံဆွဲကိုဖွင့်ကာ ဟောင်းနွမ်းနေသော လက်ပတ်ကို ပွတ်တိုက်လိုက်သည်။ ပိုင်ရှင် ရှာမတွေ့သည့် လက်ပတ်သည် သူ့လက်ထဲတွင် ရှိနေသည်။ ဒီလက်ပတ်ကြောင့် သူ သုံးနှစ်လုံးလုံး ရှင်သန်နိုင်ခဲ့သည်။ 


ဘန်သည် ကုတင်ပေါ်တွင်ထိုင်ကာ လက်ပတ်ကလေးကို ကိုင်နေမိကာ ယခင်နေရာသို့ ပြန်ချထားပြီး မတ်တပ်ရပ်လိုက်သည်။ 


"အခန်းက ရှင်းဖို့ မလိုဘူး…ဒါကြောင့် ဘယ်သူမှ မဝင်စေနဲ့" 


သူ အပြင်မထွက်ခင် အားချန် ကို အမိန့်ပေးလိုက်သည်။သို့သော် အံဆွဲကို လုံးလုံးမပိတ်ရသေး။ 


* * * 


စံအိမ်နောက်မှ ဂိုဒေါင်ထဲသို့ ဝင်ရောက်ကာ ဆာစီးနီယာ သည်  စေ့စေ့စပ်စပ်ရှာ ဖွေနေသည်။ ပင်မ အဆောက်အဦးနှင့် အနည်းငယ်ဝေးသော ဂိုဒေါင်ငယ်သည် အခြားအဆောက်အအုံများနှင့် ကွဲပြားသည်။ အကယ်၍ ပင်မအဆောက်အဦးသည် တိတ်ဆိတ်ပြီး ခမ်းနားထည်ဝါသော အိမ်ကြီးတစ်ခု၏ ခံစားချက်ကို ပေးစွမ်းသည် ဆိုပါက ဂိုဒေါင်ငယ်လေးသည် ဆင်းရဲသားရပ်ကွက်တစ်ခုလို ခံစားရစေသည်။


သူမ လမ်းလျှောက်လိုက်တိုင်း အရင်အိမ်ငယ်လေးလိုပင် သစ်သားကြမ်းပြင်က တကျိကျိမြည်ပြီးတုန်လှုပ်နေသည်။ သပ်ရပ်နေသော်လည်း လူနေထိုင်ရန် နေရာနှင့် မတူချေ။


 'သူငါ့ကိုလှည့်စားတယ်'


ဆာစီးနီယာ သည် စင်္ကြံလမ်းပေါ်မှ အောက်ဆင်းလာစဉ် အံကြိတ်ရင်း  ပြောလိုက်သည်။ ဒုတိယနေ့ရာက်သည်အထိ သူမသည် လိုင်မာဖီးရပ်စ်  စကားကို ယုံကြည်ဆဲဖြစ်ပြီး ထိုနေရာကို ရှာဖွေနေသော်လည်း ခုထိ ဘာမှမတွေ့ရပေ။ယခုလည်း ဤဂိုဒေါင်ငယ်လေးထဲ၌ ရှိမည့်ပုံမပါ်ပေ။


ဆာစီးနီယာ သည် အားချန် နှင့်စကားစမြည် ပြောစဉ်က အားချန်မှာ ဘန် အတွက် စိတ်မကောင်းဖြစ်သွားမှန်း သူမ အကဲခတ်မိသည်။


ထို့ကြောင့် ဘန်ကို ကူညီချင်သဖြင့် လိုင်မာဖီးရပ်စ် ၏စကားကို ယုံကြည်လိုက်သည်။


 "လူတွေရဲ့ စိတ်ခံစားချက်ကို ဘယ်လိုလူကများ ကစားရတာလဲ" 


ဆာစီးနီယာ သည် ဘန် ကိုဂရုစိုက်ကြောင်း လိုင်မာဖီးရပ်စ် သိသည်။ ထို့ကြောင့် သူမကို လှောင်ပြောင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူမ စိတ်မကောင်းဖြစ်သွားရကာ နောက်တစ်ကြိမ် သူနှင့် တွေ့ပါက အနိုင်ယူချင်စိတ်ဖြစ်မိသည်။သို့သော်လည်း ရင်လည်းမဆိုင်ချင်ပေ။


 


'အဲ့ဒီကောင်က ဗားန် နဲ့ ရသွားမှာလား… ဗားန် အတွက်တော့ အရမ်းဝမ်းနည်းမိတယ်'


 အိမ်ရှေ့စံသည် ဗားန် လိုမျိုး အကျင့်ကောင်းမွန်ပြီး ကြင်နာတတ်သော မိန်းမနှင့် မလိုက်ဖက်ပေ။ချစ်စရာကောင်းသည့် အပြုံးနောက်ကွယ်မှာ အဆိပ်ပြင်းမြွေလို ဉာဏ်များတတ်သည် အိမ်ရှေ့စံနှင့်လည်း ဗာန်းက မလိုက်ပေ။


သူတို့နှစ်ဦးမှာ ဇာတ်ပေါင်းရမည်ဖြစ်တာကြောင့် ဘယ်သူမှ သူတို့ကို မခွဲနိုင်ကြပေ။သို့သော်လည်း ဆာစီးနီယာသည် စိတ်ထဲမှ ခံစားချက်ကြောင့် မရရအောင် သူတို့နှစ်ယောက်အား ခွဲပစ်ချင်နေမိတော့သည်။


“ဟူး…”


 နောက်ဆုံးတွင် ဆာစီးနီယာ သည် ဘာကိုမှ ရှာမတွေ့ခဲ့ပေ။


 "ဟင်… ငါဒီလိုနေရာမျိုး အရင်က ရောက်ဖူးလား" 


 ရုတ်တရက် သူမသည် မှောင်မိုက်ပြီး ကျဉ်းမြောင်းနေသော လမ်းတစ်ခုကို တွေ့ရှိသွားသည်။ ပြတင်းပေါက် ရှိသောကြောင့် လမ်းကလးမှာ မီးရောင်မှိန်မှိန်လေး လင်းနေသည်။ သူမသည် ထိုလမ်းကြားထဲ ဝင်သွားလိုက်သည်။ 


ဘာသံမှပင် မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ 


'ဒီနေရာက ဘာလို့ဒီလောက် ရှုပ်ယှက်ခတ်နေတာလဲ' 


အခြားသော လမ်းကျဉ်းများ၊စင်္ကြံများနှင့် မတူဘဲ ဤလမ်းကလေးသည် နံရံများ၌ မှိုများ၊  အစက်အပြောက်များ မရှိသော်လည်း အနံ့အသက်ဆိုးဝါးလှသည်။


ဆာစီးနီယာ သည် စင်္ကြံ၏ အဆုံးသို့ရောက်လာပြီးနောက် ဘာမှမတွေ့ရသဖြင့် ဂိုဒေါင်ဘက်သို့ ပြန်သွားတော့မည်ဖြစ်သည်။ 


'ကွဲရာကြီး… နံရံမှာ ဘာလို့ အကွဲကြောင်းကြီး ရှိနေတာလဲ'


 အလင်းရောင် ထွက်နေသော နံရံမှာ အက်ကွဲကြောင်းတစ်ခုကို သူမ တွေ့သွားရသည်။ သူမ အနားတိုးပြီး တစ်ချက်ကြည့်လိုက်သည်။နံရံလေးဘက်လုံးကို အလျားလိုက် ပျဉ်ချပ်များ ကာရံထားသော်လည်း ထူးဆန်းသည်မှာ အနည်းငယ်ဟ,နေသော ဒေါင်လိုက် အကွဲကြီး ရှိနေသည်။ 


"မြို့စားမင်း မှာ လျှို့ဝှက်နေရာတစ်ခုရှိတယ်ဆိုတာ မင်းသိလား" 


လိုင်မာဖီးရပ်စ် ၏ စကားများကို ပြန်ကြားယောင်လာသည်။


ဆာစီးနီယာ သည် နံရံအနားကို အအမြန် ကပ်လိုက်သည်။ အက်ကွဲကြောင်းကြီးမှာ အတုလုပ်ထားသလို ခံစားရပြီး တံခါးပုံစံတောင် ပေါ်နေသလိုပင်။


သူမ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် တဒိန်းဒိန်းခုန်လာသည်။ 


“ပြင်ပလူတွေကို ဒီနေရာ ဝင်ခွင့်မပြုဘူး” 


"အား" 


ရုတ်တရက် ထွက်လာသော အသံကြောင့် အံ့အားသင့်သွားကာ ဆာစီးနီယာ သည် နံရံကို လက်သီးဖြင့် ပိတ်ထိုးချလိုက်မိသည်။ 


ထိုအချိန်မှာပင်…


ကျိ…


 နံရံကြီးမှာ ကျိကနဲအသံမြည်သွားရပြီး တံခါးပေါက်ပေါ်လာသည်။