I raised him.76
နှစ်ယောက်စလုံး အံ့သြစွာဖြင့် ပွင့်သွားသော နံရံကို စိုက်ကြည့်နေကြသည်။ ဆာစီးနီယာ အံ့သြလွန်းသဖြင့် အသက်ရှုဖို့တောင် မေ့သွားရသည်။
စကားသံ ကြားရာဘက်သို့ လှည့်မလာမီ သူမ၏ နှလုံးခုန်သံကို ငြိမ်သက်သွားအောင် အသက်ဝဝရှူလိုက်သည်။
အိမ်အကူမိန်းမတစ်ယောက် ရှေ့မှာ ရပ်နေပြီး သူမ ပုံစံက ဆာစီးနီယာကို သဘောတွေ့ဟန်မတူပေ။ သူမ၏ မျက်နှာထားကို ကြည့်ရုံမျှဖြင့် သူမလည်း ယနေ့မှ လျှို့ဝှက်တံခါးကို ပထမဆုံးအကြိမ် သိသွားပုံရသည်။
“ဘယ်လိုဖြစ်လို့…”
အိမ်အကူမိန်းမသည် အံ့သြဟန်ဖြင့် ရေရွတ်လိုက်သည်။
တံခါးအတွင်းဘက်တွင် အမှောင်ထုကြီး ရှိနေသည်။ လျှို့ဝှက်သော ဘယ်လိုအရာကိုမဆို ဖုံးကွယ်နိုင်သော အမှောင်ထုကြီးကြောင့် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။အောက်ထပ်ကို ဆင်းသွားသော လှေကားနှစ်ခု၏ အစကိုတော့ ရေးတေးတေးမြင်ရသည်။
'လူတွေ ရှာမတွေ့နိုင်အောင် နက်နဲပြီး မှောင်မိုက်နေတဲ့ နေရာမှာ ဝှက်ထားတယ်'
လိုင်မာဖီးရပ်စ် ပြောစကားအတိုင်း အလွန်နက်နဲပြီး မှောင်နေသည့်နေရာပင်။ထိုသို့ တွေးလိုက်မိသည်နှင့် ဆာစီးနီယာ ၏ ကြက်သွေးရောင်မျက်လုံးများက တလက်လက် တောက်ပလာရသည်။
'လိုင်မာဖီးရပ်စ် ပြောတဲ့နေရာဖြစ်ရမယ်'
“ဘာလုပ်တာလဲ… ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပါ…အပြင်လူတွေကို ဒီနေရာ ဝင်ခွင့်မပြုပါဘူး”
ယခုတော့ အိမ်အကူမိန်းမသည် သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်လာသဖြင့် စူးရှသော အသံဖြင့် ပြောလိုက်သည်။ ဆာစီးနီယာ သည် အိမ်အကူမိန်းမ၏ စကားကို လျစ်လျူရှုကာ လှေကားမှ ဆင်းသွားသည်။ ရောက်လာပြီးမှတော့ အချည်းအနှီးအဖြစ်မခံနိုင်ပေ။
"ကျွန်မ ရှင့်ကို ဒီကနေ ထွက်သွားဖို့ ပြောထားတယ်နော်"
အိမ်အကူမိန်းမသည် လျစ်လျူရှုခံလိုက်ရသဖြင့် ဆာစီးနီယာ ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည်။
"ရှင် ဒီနေရာကို ဘာလာလုပ်တာလဲ… ဘာလို့ ဒီစံအိမ်ရဲ့ အိမ်ရှင်မကြီးလို ဟန်ဆောင်နေတာလဲ"
အိမ်အကူမိန်းမက စက်ဆုပ်သည့်ပုံစံဖြင့် ဆာစီးနီယာအား ပြောလိုက်သည်။
ဆာစီးနီယာ သည် အိမ်အကူမိန်းမကို အင်အားသုံး၍ ပြန်လုပ်လိုက်လျှင် အခြေအနေ ပိုဆိုးသွားမည် ဖြစ်သောကြောင့် ဘာမှ မတုံ့ပြန်လိုက်ပေ။
"ကျွန်မ တစ်စက္ကန့်လောက်ပဲ ကြည့်မှာပါ… ကြည့်ပြီးရင် အမြန်ထွက်လာခဲ့မယ်"
"မရဘူး…ရှင် ကြည့်လို့မရဘူး…ရှင် ဘယ်ကလာမှန်း မသိတဲ့ ခွေးမတစ်ကောင်ပဲ "
'ခွေးမ ဟုတ်လား… ငါ ငြိမ်ခံနေမှပဲ…စိတ်လျှော့…စိတ်လျှော့'
ဆာစီးနီယာ သည် အိမ်အကူမိန်းမ၏ ကြမ်းတမ်းသော စကားများကြောင့် စိတ်ဆိုးသွားကာ သူမကို လှည့်ကြည့်လိုက်သည်။
အိမ်အကူမိန်းမမှာ သူမ အကြည့်ကြောင့် လန့်သွားပြီး ကိုင်ထားသည့် ကော်လာကို လွှတ်ချလိုက်သည်။
"ဟာ"
အိမ်အကူမိန်းမက ဆာစီးနီယာကို လွှတ်လိုက်သောကြောင့် သူမသည် လှေကားပေါ်မှ ပြုတ်ကျသွားတော့သည်။
"ကျား"
အိမ်အကူမိန်းမ၏ နားကန်းမတတ် စူးရှသောအော်သံနှင့်အတူ ဆာစီးနီယာ သည် လှေကားထစ်မှ ကူကယ်ရာမဲ့ ပြုတ်ကျသွားသည်။
ဘုန်း…
စူးစူးဝါးဝါးအသံနှင့်အတူ သူမ ချော်လဲကျသွားသည်။ အရာအားလုံးက မြန်ဆန်လွန်းတာကြောင့် ဆာစီးနီယာ ဝရုန်းသုန်းကား ဖြစ်နေရ၏။
“အိုး”
အမှောင်ထုကြောင့် ကောင်းကောင်းမမြင်ရသည့် လှေကားမှာ တော်တော်မြင့်တာမို့ အချိန်အတော်ကြာအောင် လှိမ့်ဆင်းပြီးမှ လှေကားအောက်ခြေကို ရောက်သွားသည်။
“အား… နာလိုက်တာ…”
ညည်းညူသံတစ်ခု သူမပါးစပ်မှ ထွက်သွားသည်။ သူမတစ်ကိုယ်လုံး နာကျင်သွားသော်လည်း လက်၊ပခုံးနှင့် ပခုံးတစ်ဝိုက်တွင် ပိုပြီး နာကျင်နေရသည်။ ကျေးဇူးတင်ရသည်မှာ၊ သူမသည် မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားလိုက်တာကြောင့် သိပ်လည်းမဆိုးရွားပေ။
"ကျွန်မ ဘာမှမလုပ်ပါဘူး…ရှင်က ရုတ်တရက် လှည့်ကြည့်လိုက်လို့ ဖြစ်သွားတာ"
ဆာစီးနီယာ က ဘာမှပြန်မပြောသော်လည်း အိမ်အကူမိန်းမမှာ ကြောက်လန့်တကြားအော်နေပြီဖြစ်သည်။
"ကျွန်မ ဘာပြောလို့လဲ… ရောက်လာပြီးမှတော့ သေချာ လျှောက်ကြည့်မှာပဲ"
ဆာစီးနီယာ သည် အေးစက်နေသောကြမ်းပြင်ပေါ်မှ ထလာသည်။ သေချာသည်ကတော့ ခြေကျင်းဝတ်တွေ တော်တော် နာသွားသည်။
“သဘောကောင်းချင် ယောင်ဆောင်မနေပါနဲ့…ရှင် ကျွန်မကို အမိန့်ပေးပိုင်ခွင့်မရှိဘူး"
သူမ စကားကြောင့် အိမ်အကူမိန်းမမှာ အကြီးအကျယ် စိတ်ဆိုးသွားရပြီး လက်ကို တဖျတ်ဖျတ်ခါပြီး အော်ဟစ်လိုက်သည်။
ဆာစီးနီယာ သည် အပေါ်ကို မော့ကြည့်လိုက်သည်။ ပွင့်နေသော တံခါးရှေ့တွင် ရပ်နေသော အိမ်အကူမိန်းမမှာ လန့်ဖျပ်ပြီး တုန်လှုပ်နေသည်။ စကားကိုလည်း ဖြောင့်အောင်ပင် မပြောနိုင်တော့။
“ဟုတ်ပါပြီ…ကျွန်မ သိပါတယ်”
ဆာစီးနီယာ သည် သူမနှင့် ဖက်မပြောချင်သောကြောင့် စကားစမြန်မြန်ဖြတ်လိုက်သည်။
"ကျွန်မ တစ်ကယ် ပြောနေတာ"
အိမ်အကူမိန်းမက ဆာစီးနီယာ ဆီကို အလျင်စလို လျှောက်လာရင်း ဒေါသတကြီး အော်လိုက်သည်။
"ကျွန်မရဲ့ သခင်ကြောင့် ရှင့်ကိုအသာကြည့်နေတာ…"
ဆာစီးနီယာ သူမကို စိတ်ဆိုးစပြုလာသည်။ အိမ်အကူမိန်းမက တံခါးပိတ်ဖို့ တံခါးချပ်ကို လှမ်းဆွဲလိုက်သည်။
“နေဦး”
“အဲ့ဒါ ရှင် ရှိနေသင့်တဲ့နေရာပဲ"
အိမ်အကူမိန်းမက တံခါးလက်ကိုင်ကို အတတ်နိုင်ဆုံး ဆွဲထုတ်လိုက်သည်။
ဘုန်း
မထင်မှတ်ပဲ သစ်သားတံခါးထူကြီးမှာ ဘုန်းကနဲမြည်ပြီး ပိတ်သွားတော့သည်။ တံခါးဝမှ ဝင်လာသော အလင်းရောင်မှာ ပျောက်ကွယ်သွားပြီး မြေအောက်ခန်းသည် အမှောင်ထုကြီး တစ်ဖန်ဖြစ်သွားခဲ့သည်။ ဆာစီးနီယာ သည် မြေအောက်ခန်းကို သေချာ ကြည့်ကြည့်သော်လည်း ဘာမှမမြင်ရပေ။
“ဟင်းဟင်း…”
ခဏကြာတော့ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ အိမ်အကူမိန်းမက ဘာကြောင့် သူမကို ယခုလိုလုပ်ရမှန်း သိသွားတာကြောင့်ဖြစ်သည်။အိမ်အကူမိန်းမသည် သူမကို မနာလိုနေခြင်းသာ၊ဘန်က သူမအား ဂရုစိုက်ပုံတို့ကို သူမ သေချာပေါက် မြင်တွေ့ခဲ့ပြီးဖြစ်မည်။
ဆာစီးနီယာ သည် ကိုယ်တိုင် မနာလို ဖြစ်ဖူးသွားသောအခါ သူမပုံစံကို ကြည့်ပြီး အကဲခတ်တတ်သွား၏။
'အေရိုးနီးယား ကို ငါ မနာလိုဖြစ်တုန်းက ဒီလိုပဲ သိပ်ရုပ်ပေါက်သွားတာလား'
ဟိုတစ်လောက သူမ ပုံစံမှာ အိမ်အကူမိန်းမလို အကျည်းမတန်ပါစေနှင့်ဟု မျှော်လင့်မိသည်။
'အေရိုးနီးယားကနေ အိမ်ဖော်အထိ...ငါ့ကို မလိုမုန်းထားနေကြတာပဲ'
မည်သို့ပင်ဖြစ်စေ သူမသည် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ ဘန် ကို ကြိုက်သူတွေ အများကြီးရှိမှန်း သူမ သတိမထားမိပေ။
ဆာစီးနီယာ က တစ်ချက်ပြုံးပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း…
ထို့နောက် သူမ လက်ဖဝါးထဲတွင် မီးတောက်တစ်ခု လျင်မြန်စွာ လောင်ကျွမ်းပြီး မီးစွဲသွားသည်။ သူမလက်ထဲမှ မီးတောက်ဖြင့် မြေအောက်ခန်းကို အကြမ်းဖျင်းလိုက်ကြည့်တော့သည်။ ကံကောင်းစွာနှင့် နံရံပေါ်ရှိ မီးခွက်များတွင် ဖယောင်းတိုင်ငယ်များ ရှိနေသည်။
ဆာစီးနီယာသည် မဆိုင်းမတွပင် မီးတောက်ကို ဖယောင်းတိုင်ဆီ ပစ်ချလိုက်သည်။ မီးသည် ချက်ချင်းဖယောင်းတိုင်ပေါ် ရောက်သွားပြီး မကြာမီ ထိုနေရာမှာလည်း အသက်ဝင်လာခဲ့သည်။ ဆာစီးနီယာ သည် သူမ၏ ဝတ်စုံကို အနည်းငယ် ချောင်ချိသွားအောင် ပြင်လိုက်၍ ပိတ်ထားသော တံခါးကို လှည့်ကြည့်လိုက်သည်။
ပိတ်ထားသော တံခါးသည် တစ်ချက်ကန်ရုံဖြင့် ပြိုကျနိုင်ခြေ များသောကြောင့် သူမ မြေအောက်ခန်းထဲပိတ်မိနေမည်ကို များစွာ စိတ်မပူမိပေ။ ထို့နောက် ရှုပ်ယှက်ခတ်နေသော ဆံပင်များကို လက်ဖြင့် သပ်လိုက်ပြီး သူမ လှိမ့်ဆင်းလာသော လှေကားကို လှမ်းကြည့်သည်။သူမ မျှော်လင့်ထားသလို အတော်လေး မြင့်မားသော လှေကားပင် အကြမ်းဖျင်း တွက်ကြည့်လျှင်တောင် 20 ထစ်ကျော်ခန့် ရှိသည်။
'ငါ အဲ့ဒီကနေ လှိမ့်ပြီးလာတာဆိုတော့ ဒဏ်ရာ နည်းနည်းထိသွားတာပဲ'
ခြေတစ်လှမ်းလှမ်းဖို့ ကြိုးစားသော်လည်း ခြေကျင်းဝတ်တွေ တုန်နေ သောကြောင့် ထော့နဲ့ထော့နဲ့ ဖြစ်နေရသည်။ထို့အပြင် သူမ ပခုံးလှုပ်လိုက်တိုင်း နာကျင်ကိုက်ခဲနေရသည်။
"ကံကောင်းတာက ငါကလွဲလို့ ဘယ်သူမှ မထိခိုက်သွားဘူး"
ဆာစီးနီယာ တွေးမိသည်။
သူမ အခန်းဆီ ပြန်ရောက်သည့်အခါ အရင်ဆုံး ရေနွေးငွေ့ဖြင့် ရေချိုးဖို့ စိတ်ကူးထားပြီး ယခုတော့ အခန်းကို လျှောက်ကြည့်လိုက်သည်။ အခန်းက အေးပြီး စိုစွတ်နေသည်။ စိုစွတ်နေသော မျက်နှာကျက်မှ ရေစက်များ ကျဆင်းလာကာ ကြမ်းပြင်ပေါ်တွင် ရွှံ့အိုင်များ အကွက်လိုက် ဖြစ်နေကြသည်။
ကြောက်စရာကောင်းသော အငွေ့အသက်တွေပါသည့် ဤနေရာမှာ မြို့စားမင်းပိုင်နက် တွင် ရှိနေမှန်း ယုံရခက်လှသည်။စံအိမ်မှာ အလုပ်လုပ်ကြသည့် ကျွန်တွေတောင် ဤအခန်းကို မသိကြပုံရသည်။
'မြေအောက်ခန်းကို ဘာလို့ ဒီလောက် လျှို့ဝှက်ထားတာလဲ'
အခန်းကို သေသေချာချာ စစ်ဆေးနေသော ဆာစီးနီယာ သည် ခြေလှမ်းရပ်သွားသည်။ သူမသည် မြေအောက်ခန်းကို အလွတ်ကြီးဟု ထင်ခဲ့သော်လည်း သူမ ရှေ့တွင် မထင်မှတ်ထားသောအခန်းတစ်ခု ပေါ်လာသည်။
“ဒီဟာက…”
ဆာစီးနီယာ အံ့သြသွားသည်။ ဒါဇင်နှင့် ချီသော သံတိုင်တွေ ရှိနေသည့် အကျဉ်းခန်း တစ်ခုဖြစ်သည်။
သူမရပ်နေသည့် နေရာသည် စင်္ကြံလျှောက်လမ်းဖြစ်ပြီး ညာဘက်တွင် မရေမတွက်နိုင်သော သံတိုင်များရှိသည်။ အကျဉ်းထောင်ခန်းကို ထူထဲသော နံရံများဖြင့် ကာရံ ပိုင်းခြားထားပြီး အကျဉ်းထောင်တစ်ခန်းသည် ၃.၃ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ သူမသည် ထိုသံတိုင်များကို ဆုပ်ကြည့်လိုက်ရာ ထူထဲလွန်းသဖြင့် လက်တစ်ဆုပ်မကပေ။
“ဒီနေရာက ဘာဖြစ်လို့လုပ်ထားတာလဲ…”
'အဆင့်အတန်းမြင့်တဲ့ မှူးမတ်တွေတိုင်း သူတို့အိမ်မှာ ထောင်တွေရှိကြတာလား'
'လိုင်မာဖီးရပ်စ် က ဒီနေရာကို ဘာလို့ ငါ့ကို ပြောမှန်း မသိဘူး'
သူမသည် ရှေ့ကို ဆက်လျှောက်ကြည့်ရာ အကျဉ်းခန်းများမှာ တစ်ခါမှ အသုံးမပြုဖူးသလိုပင် လွတ်နေကြသည်။
ဒါပေမယ့် သူမဟာ စင်္ကြံအလယ်မှာရှိနေတုန်းမို့လို့ လွတ်နေပုံ ပေါ်နိုင်တာလား…
ယခုထိ ဗလာဖြစ်နေသော အကျဉ်းထောင် တစ်လျှောက်တွင် လူတစ်ယောက် ကျဉ်းကျပ်စွာ အိပ်ရလောက်အောင် ကုတင်ပါသော အကျဉ်းထောင်တစ်ခုကို တွေ့ရသည်။ ကုတင်တစ်လုံးသာမက ရေချိုးခန်းလည်း ရှိပြီး စက္ကူဖြင့် ပြုလုပ်ထားသော ဓားရှည်များ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး မျက်နှာကျက်တွင်လည်း သံခြေချင်းချိတ်များ ချိတ်ဆွဲထားသည်။
'သံခြေချင်းချိတ်'
'အပြစ်သားကို ချည်ထားဖို့လား'
ဇဝေဇဝါဖြစ်ပြီး ဆာစီးနီယာ သည် နောက်ထပ် ကြည့်လိုက်ရာ သံဘားတိုင်များဘေးတွင် ချိတ်ဆွဲထားသည့် ပစ္စည်းတစ်ခုကို တွေ့သွားရသည်။
“ဘာလို့ နှိပ်စက်ကြတာပါလိမ့်…”
သားရေကြာပွတ်ကို အကျဉ်းထောင်ခန်း၏ အပြင်ဘက်နံရံတွင် ချိတ်ဆွဲထားပြီး ရာဇ၀တ်သားများကို အပြစ်ပေးရန်အတွက် အသုံးပြုပုံရသည်။ ရှည်လျားပြီး တုတ်ခိုင်သော ကြာပွတ်သည် တစ်ချက်ရိုက်ရုံဖြင့် ဘယ်လို အသားမျိုးမဆို ကွဲထွက်သွားနိုင်သည်။
ပြစ်ဒဏ်ခတ်ခံ ရမည့်သူမှာ အတော်နာကျင်ပီ့း အရှိုးရာများ ထင်းနေပေလိမ့်မည်။ ထိုအချိန်တွင် အရှိုးရာများဖြင့် ပြည့်နှက်နေသော ဘန် ၏ နောက်ကျောပြင်သည် သူမ စိတ်ထဲတွင် ပေါ်လာရသည်။
ဆာစီးနီယာ သည် အလွန် အံ့ဩသွပြီး ဖြူလျှော်နေသော လက်ဖြင့် ပါးစပ်ကိုသာ အုပ်ထားလိုက်မိတော့သည်။
“ဟာ…”
သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထိတ်လန့်စရာကောင်းသည့် ရင်ခုန်သံတွေက သူမကျောရိုးတစ်လျှောက် ဖြတ်သန်းသွားကြသည်။ကြက်သီးမွေးညှင်းများထကာ အေးစက်တောင့်တင်းသွားရ၏။
ဘန် ရဲ့ နောက်ကျောက ဒဏ်ရာတွေ…
သားရဲတစ်ကောင်၏ ခြေသည်း၊လက်သည်းများ၊ သို့မဟုတ် ချွန်ထက်ပြီး တုတ်ခိုင်သော ဓားကြောင့် ဖြစ်ရသည့် အနီရင့်ရင့်အမာရွတ်များ…
“ဒါက လေ့ကျင့်ရေးက ဒဏ်ရာပါ… ဘာမှမဟုတ်ပါဘူး"
ဘန် က ဆင်ခြေတစ်ခုလိုပင် အမြန် ပြောခဲ့သည်။
"ဆာစီးနီယာရယ်…ဒါက ဘာမှမဟုတ်ပါဘူး"
သူမသဘောပေါက်သွားရသည်။
“သူ ဘာမှ မဖြစ်ရဘူး"
သူမ ကိုယ့်ရင်ဘတ်ကိုယ်ကို ဖိကိုင်ထားရင်း မှုန်ကုပ်ကုပ် မျက်နှာဖြင့် အော်ပြောလိုက်သည်။
“ကျေးဇူးတရားကိုတောင် မသိတဲ့ မကောင်းဆိုးဝါး… မြို့စားမင်းက ဘယ်လို သတ္တိနဲ့ ဒီကိုလာရတာလဲ…"
အဘိုးအိုသည် သူ့အနီးသို့ တစ်စုံတစ်ယောက် ရှိနေသည်ကို ခံစားရပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ အမှောင်ထဲမှာတောင် ဖုံးကွယ်လို့မရနိုင်သည့် မီးတောက်များ တောက်လောင်နေသော မျက်လုံးတစ်စုံနှင့် ရင်ဆိုင်ရသောအခါ အဘိုးအိုက ပြုံးပြီး ရေရွတ်လိုက်သည်။
“ဆာစီးနီယာ…မင်းက ဆာစီးနီယာ ပဲ"