I riased him.77
တစ်ခါမှ မတွေ့ဖူးသော အဘိုးအိုသည် သူမကို သိနေသောကြောင့် အံ့သြသွားရသည်။ သေလုမြောပါး ဝေဒနာခံစားနေရသော မျက်နှာနှင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုသည် ပိန်လှီလှပြီး အရိုးများသာ ကျန်တော့သည်။ သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်အားဖြင့် အကျဉ်းချခံထားရသည်မှာ ကြာလှပြီဟု ထင်ရသည်။
"ကျွန်မ နာမည်ကို ဘယ်လိုလုပ်ပြီး သိတာလဲ"
ဆာစီးနီယာ ကအံ့သြစွာဖြင့် ပြောလိုက်သည်။
"အိုး…ငါ ကောင်းကောင်းသိတာပေါ့…ကောင်မလေးရဲ့… မင်းနာမည်ကိုကြားပြီးကတည်းက ငါ့ဦးနှောက်ထဲမှာ အလိုလိုသိနေပြီ…အခု မင်းဒီကိုရောက်နေတာတွေ့တော့ ဟိုကောင်စုတ်က မင်းကို မြို့စားမင်းပိုင်နက် ဆီ ခေါ်လာခဲ့တာပဲ"
"မကောင်းဆိုးဝါးတွေရော...ကောင်စုတ်တွေရော…သူက ဘယ်သူလဲ"
အဘိုးအို၏ စကားကြောင့် သူမ လွန်စွာစိတ်အနှောင့်အယှက် ဖြစ်သွားသည်။ အထူးသဖြင့် ဘယ်သူ့ကို ပြောလို့ပြောမှန်းတောင် မသိသောကြောင့်ဖြစ်သည်။
“မင်းကို ဒီအိမ်ထဲကို သွင်းလာတဲ့သူ… အဲ့ဒီကောင်က နတ်ဆိုးပဲ…ဒီမိသားစုကို ဖျက်ဆီးမယ့် နတ်ဆိုး"
ဆာစီးနီယာ စိတ်ရှုပ်နေသည််ကို ကြည့်ပြီး အဘိုးအိုက လှောင်ပြောင်ပြီး ပြောလိုက်သည်။
“ကြည့်ရတာ အဲ့ဒီကောင်က မင်းကို ဘာမှ မပြောဘူးထင်တယ်…ဒါကြောင့် မင်းက သူ့နောက်ကို လိုက်ခဲ့တာ မဟုတ်လား”
ဆာစီးနီယာ တုန်လှုပ်သွားသည်။ သူ့စကားက ချက်ချင်း အရှိုက်ကို ထိသွားရသည်။ အရင်က ဘာမှမသိထားသော်လည်း လိုင်မာဖီးရပ်စ် ၏ စကားကိုပဲ ယုံကြည်ပြီး ဒီကိုရောက်လာခဲ့တာဖြစ်၏။
"ရှင်ကဘယ်သူလဲ…ရှင်ဘာတွေပြောနေတာလဲ"
အဘိုးအိုကိုကြည့်ရုံဖြင့် ဘန် ကို မကျေနပ်နေကြောင်း ထင်ရှားသည်။သို့သော်လည်း တွေ့ကရာ လူတစ်ယောက်၏ စကားကို ရူးရူးမိုက်မိုက် မယုံကြည်ဖို့ သူမကိုယ်သူမ သတိပေးလိုက်၏။
“ငါက ရှောဗာ့စ်အိမ်တော် ရဲ့ နား၊ လက်နဲ့ ခြေဖဝါး ဗားဒစ် ပါ…ဒီမိသားစုမှာ ငါ မလုပ်ဖူးတဲ့ မကိုင်ဘူးတဲ့ ကိစ္စတစ်ခုမှ မရှိဘူး…အဟွတ် အဟွတ်”
အဘိုးအိုသည် သူ့ခံနိုင်ရည် ကုန်ဆုံးသွားသောကြောင့် မောသွားသည်။
'ဗားဒစ်'
ဆာစီးနီယာ သည် အဘိုးအို၏ နာမည်ကို သိရသောအခါ နှုတ်ဆိတ်နေမိသည်။
'ဗားဒစ်…'
ထိုနာမည်သည် သူမအတွက် ရင်းနှီးသော အမည်တစ်ခုဖြစ်သည်။
“ဘဏ္ဍာစိုး ဗားဒစ်ကလေ အရင် မြို့စားမင်း ဆီမှာ အမှုထမ်းခဲ့ဖူးပေမယ့် ရာထူးက နုတ်ထွက်ပြီး နောက်တစ်နေရာကို ပြောင်းသွားတယ်"
ဖာဘီးယမ်း လမ်းမှ ထွက်လာတုန်းက ဗားန် ပြောခဲ့သည့် စကားပင်။
အရင် မြို့စားမင်း လက်ထက် ကတည်းက ဒီမိသားစုမှာ အလုပ်လုပ်တဲ့ တစ်ဦးတည်းသော ဘဏ္ဍာစိုးက နေမကောင်းလို့ ရာထူးက နုတ်ထွက်ကြောင်း ကြားခဲ့ပေမယ့် ဘာလို့ ဒီမှာ ထောင်ချခံထားရတာလဲ…
“ဆရာကြီးနဲ့ငါက ငါတို့ရဲ့ဘဝတစ်ခုလုံးကို ရင်းပြီး အစီအစဉ် တွေ ဆွဲထားပေမယ့် အဲ့ဒီကောင်စုတ်ရောက်လာတာနဲ့ ချက်ချင်းပဲ… အရာအားလုံးပျက်စီးသွားတယ်… ငါ့ဆရာခြေဖျားကိုတောင် မမှီဘဲနဲ့ သူ ဘယ်လို လုပ်ရဲတာလဲ"
ဆာစီးနီယာ သည် ကျိန်စာများကဲ့သို့ သူ့နှုတ်မှထွက်ကျလာသော စကားကြောင့် မျက်မှောင်ကြုတ်သွားရသည်။ ဤအဘိုးအိုသည် ဤနေရာတွင် အဘယ်ကြောင့် အကျဉ်းချခံထားရမှန်း သူမ မသိပေ။ သူ့စကားအရ သူသည် ယခင်မြို့စားမင်း ကိုသာ ယုံကြည်ကိုးစားခဲ့ပြီး ဘန် ကို မလေးစားခဲ့ဟန် တူသည်။
ဘန် သည် ရှောဗာ့စ် အိမ်တော်၏ ပိုင်ရှင် ဖြစ်သော်ငြားလည်း။
“ရှင်နဲ့ ရှင့်အရင်သခင်ရဲ့ အစီအစဉ်တွေကို ကျွန်မ ဂရုမစိုက်ဘူး… ဘန် က ဒီမှာ ထောင်ချထားခံရဖူးလဲ ဆိုတာနဲ့ အဲ့ဒီနောက်ကွယ်က အကြောင်းတွေကိုပဲ ကျွန်မကို ပြောပြပါ"
“အဲ့ဒီကောင်စုတ်က ငါ့ဆရာကိုသတ်လိုက်တာ…အဲ့ဒီတရားမဝင် ကလေးက ငါ့ဆရာကိုသတ်လိုက်တာ…အဟွတ်…အဟွတ်"
ဗားဒစ် သည် သူမ မေးခွန်းကို လျစ်လျူရှုကာ ထအော်ပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးနေပြီး အသက်ဝဝမရှူနိုင်တော့ပေ။
“တရားမဝင်ကလေး…”
ခဏလောက်ကြာသောအခါ ဆာစီးနီယာ စိတ်တွေ လွတ်ထွက်သွားရသည်။
'ဘန် က တရားမဝင် ကလေးလား'
'ဘန် က သူ့အဖေကို သတ်ခဲ့တာလား...'
ဘန် က သူ့အဖေကို သတ်ပြီး အာဏာသိမ်းလိုက်သည်ဟု ဝတ္ထုထဲတွင် ဖော်ပြထားသည်။သို့သော်လည်း နားလည်မှု တစ်ခုခု လွဲနေခြင်းဖြစ်နိုင်သည်။အကြောင်းမှာ သူမသိနေသည့် ဘန် က အဲ့ဒီလိုလူမျိုး မဟုတ်ချေ။
ဒါပေမယ့် အဲ့ဒါ တစ်ကယ်ပဲ မှန်သလား…
'မဟုတ်ဘူး… မယုံနဲ့…သူပြောသမျှ မယုံနဲ့… ဘန် ပြောတာကိုပဲ ယုံပါ'
ဆာစီးနီယာ တွေးလိုက်သည်။ဘန် အကြောင်းကို သေချာမသိဘဲနှင့် ဘာမှ မဝေဖန်ချင်ပေ။ ဘန် နှင့် ပတ်သတ်ပြီး ဘာမှ မလိုမုန်းထားချင်စိတ် မရှိတော့ချေ။ ထို့ကြောင့် သူမသည် ဘန် စကားကိုသာ နားထောင်မည်ဟု ဆုံးဖြတ်လိုက်သည်။
“အဲ့ဒီကောင်စုတ်က အယောင်ဆောင်ထားတာ…သူ့မှာ ရှိရှိသမျှ အရာအားလုံးကို တခြားသူ ပိုင်တာ… သူ့ကိုယ်သူ အရိပ်ထဲမှာနေပြီး ပုန်းကွယ်ထားတာ…သိပ်ကို မြင့်မြတ်တဲ့ ရာထူးတစ်ခုအတွက် တစ်ဝက်တောင် မထိုက်တန်လှပါဘူး"
ဘန် ၏ဘဝကို သူ့ဆန္ဒအတိုင်း အကဲဖြတ်နေသည့် အဘိုးအိုကို ဆာစီးနီယာ ဒေါသထွက်ကာ အံကြိတ်လိုက်သည်။
“ရှင် ဘာမှ မသိဘဲ ပေါ့ပေါ့ဆဆ မပြောပါနဲ့… ရှင့်လိုလူ တစ်ယောက်က သူဘယ်လို ကြိုးစားပြီး ဖြတ်သန်းခဲ့လဲဆိုတာကို နားမလည်ပါဘူး"
ဆာစီးနီယာသည် ဘန် ၏ ဘဝကို သူကြိုက်သလို ထင်မြင်ယူဆပိုင်ခွင့်ရှိသည်ဟု ထင်နေသော အဘိုးအိုကို အမြင်ကတ်လာ၏။
သူမသည် လက်သီးကို ဆုပ်ထားပြီး ချွန်ထက်သော လက်သည်းများက လက်ဖဝါးမှတစ်ဆင့် အသားထဲကို စိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။ ဘန် သည် ကလေးဘဝကတည်းက မည်သို့သောဘဝမျိုးဖြင့် နေထိုင်ခဲ့ကြောင်းနှင့် ဤအိမ်ကြီးတွင် သုံးနှစ်ကြာအောင် ရှင်သန်နေထိုင်ခဲ့ရပုံကို စိတ်ကူးကြည့်ရုံဖြင့် သူမ ပြောနိုင်ပေသည်။
'သူဒီမှာနေခဲ့တုန်းက...တစ်ယောက်တည်း အထီးကျန်နေခဲ့တာဖြစ်မယ်'
ရန်ငြိုးတွေ ပြည့်နှက်နေသည့် ဤနေရာလေးမှာ အရာအားလုံးကို တစ်ယောက်တည်း ခံနိုင်ရည်ရှိခဲ့သည့် ဘန် က သူမဆီလာဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သူပင်။ ဆာစီးနီယာ သူ့ပုံစံကို မျက်ဝါးထင်ထင် မြင်တွေ့ရသလို ဖြစ်သွား၏။သူမ နှလုံးသားတစ်ခုလုံး နာကျင်သွားသည်။ မျက်ရည်တွေ စီးကျလာပြီး ဘာကိုမှ မမြင်ရတော့ပေ။ထို့နောက် ဤနေရာမှ စတင်ရွေ့လျားလိုက်တော့သည်။ သူမ ခြေကျင်းဝတ်တွေ နာကျင်နေသော်လည်း ဂရုမစိုက်နိုင်တော့ဘဲ ဘန် ဆီ ရောက်အောင် သွားရပေမည်။သူ့အကြောင်းကို ကြားချင်မိသည်။
"အဲ့ဒီကောင်စုတ်က အရာအားလုံးကို ဖျက်စီးပစ်လိမ့်မယ်…မင်းလည်း အတူတူပဲ ပျက်ဆီးရလိမ့်မယ်…သူက စောက်သုံးမကျတဲ့ ခွေးတစ်ကောင်ဘဲ"
ဆာစီးနီယာ သည် ရုန်းရင်းဆန်ခတ် ဖြစ်နေသံကိုကြားသော်လည်း သူမ စိတ်မ၀င်စားပေ။ ထို့နောက် သူမသည် လှေကားထစ်ကို အမြန်တက်လိုက်သည်။ သူမ ခြေသံများ သည် မြေအောက်ခန်း တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာရသည်။ တံခါးရှေ့မှာ မတ်တပ်ရပ်ပြီး တံခါးကို ပိတ်ကန်လိုက်ရာ ပိတ်ထားသော တံခါးသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။
"ဟာ"
တံခါးရှေ့မှာ ရပ်နေသည့် အိမ်အကူမိန်းမမှာ လန့်ဖျပ်သွားရသည်။ ဆာစီးနီယာ သည် ယခင်ကလိုမဟုတ်ဘဲ စာနာစိတ်မရှိဘဲ အေးစက်သောမျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။
"ဘယ်သွားမလို့လဲ…ရှင်မသွားရဘူး…"
အိမ်အကူမိန်းမသည် ဆာစီးနီယာ ၏အဝတ်အစားများကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။ ဆာစီးနီယာ သည် သူမ၏ သခင်ဖြစ်သူထံသွားမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် တားနေခြင်းပင်။
"ဖယ်စမ"
သူမမှာ အချိန်မရှိတာကြောင့် ဆာစီးနီယာ က အိမ်အကူမိန်းမကို တွန်းထုတ်လိုက်သည်။အိမ်အကူမိန်းမမှာ ကြမ်းပြင်ပေါ် လဲကျသွားပြီး အော်ဟစ်နေသော်လည်း သူမကို တစ်ချက်မှ လှည့်မကြည့်ပေ။
ထို့နောက် သူမသည် ဂိုဒေါင်ထဲမှ ထွက်သွားပြီး စင်္ကြံကိုဖြတ်ကာ အိမ်ကြီးဆီ ပြေးသွားလိုက်သည်။ ပါးပြင်ကိုတိုက်ဖြတ်တိုက်နေသောလေသည် အေးစက်နေသော်လည်း သူမ ဂရုမစိုက်။ ဘန် ကို တတ်နိုင်သမျှ အမြန်ဆုံးတွေ့ရပေမည်။
"ဘန်…ဘန်…ဘယ်မှာလဲ"
စံအိမ်ကြီး၏ ပင်မအဆောက်အဦးသို့ ရောက်သောအခါ ဆာစီးနီယာ သည် သူ့နာမည်ကို ခေါ်လိုက်သည်။ အစေခံများက ပြန်ထူးကြပြီး မာချန် သည် သူမအား မကျေမနပ်မျက်လုံးများဖြင့် စိုက်ကြည့်သော်လည်း ဘာမှမပြောပေ။
"ဘန်"
ဘန် ရှိနေနိုင်သည့် နေရာတိုင်းကို သူမ ကြည့်နေသည်။
ဧည့်ခန်းကနေ စာကြည့်ခန်း၊ ပန်းခြံထဲအထိ...
"မမလေး ဆာစီးနီယာ"
သူမ နာမည်ကို ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ အားချန် က သူမဆီကို စိတ်ရှုပ်နေပုံဖြင့် ပြေးလာနေသည်။
"အားချန်…ဘန် ဘယ်သွားလဲ"
“ဆရာကြီးက မနက်အစောကြီးကတည်းက ထွက်သွားပါပြီ”
အားချန် သည် အလျင်လိုနေပုံပေါ်သော ဆာစီးနီယာ ကို စိုးရိမ်တကြီးကြည့်နေသည်။
"မမလေး ဘာဖြစ် နေတာလဲ"
ဆာစီးနီယာ သည် ပြေးလွှားခဲ့သဖြင့် မောပန်းနွမ်းနယ်လာကာ မျက်နှာတွင် ချွေးဖြင့် ကပ်နေသော ဆံပင်များကို ဖယ်ရှားလိုက်သည်။ အတိုင်းအတာတစ်ခုအထိ သူမ ငြိမ်သက်သွားပြီးနောက် အားချန် နှင့် ရင်ဆိုင်လိုက်သည်။ ဘန် ပြန်မလာခင် အားချန် ကို အရအမိ မေးချင်မိသည်။
"အားချန်…ငါ ဂိုဒေါင်ကနေ ပြန်လာတာ"
အားချန် တုန်လှုပ်သွားသည်။
“ဝှက်ထားတဲ့ တံခါးကို ကျွန်မ တွေ့ခဲ့တယ်…အောက်ကို ဆင်းသွားတော့ မြေအောက်ခန်းကို ရောက်သွားတယ်… အဲ့ဒီမှာ ဗားဒစ် ဆိုတဲ့လူတစ်ယောက်နဲ့တွေ့တယ်…ပြီးတော့ ထူးဆန်းတဲ့ အကျဉ်းထောင်ခန်း တစ်ခုလည်း တွေ့ခဲ့တယ်"
အားချန် သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
“အဲ့ဒီ အကျဥ်းထောင်မှာ… ဘန် နေခဲ့တာလား… သူ့ကျောက ဒဏ်ရာတွေကရော နံရံမှာ ချိတ်ထားတဲ့ ကြာပွတ်ကြောင့်လား"
ပြင်းထန်သောလေထုသည် လူနှစ်ဦးကြားတွင် ဝင်ရာက်လာသည်။
အားချန် သည် အတိတ်က အမှတ်တရများကို ပြန်အမှတ်ရသွားသလို နာကျင်သောအမူအရာဖြစ် နေသည်။
“ မမလေး…ဗားဒစ် ဘာပဲပြောပြော…ကျေးဇူးပြုပြီး ဆရာ့ကိုပဲ ယုံကြည်ပေးပါ”
“ဟုတ်တယ်…ကျွန်မလည်း သူပြောတာကို မယုံဘူး… ကျွန်မ တစ်ကယ်သိချင်တာက ဘန် အရင်က အဲဒီထောင်ထဲမှာ နေခဲ့တာလား"
"…ဟုတ်ပါတယ်"
"ဟာ... ဘယ်…ဘယ်လောက်ကြာခဲ့လဲ"
ဆာစီးနီယာ ထိတ်လန့်တုန်လှုပ်သွားသောအခါ အားချန် သည် သူမလက်ကို အလျင်အမြန်ဆွဲကာ တွဲထားပေးလိုက်သည်။
"မမလေး အရင်အနားယူဖို့ တစ်နေရာရှာတာ ပိုကောင်းမယ်ထင်တယ်"
* * *
ဆာစီးနီယာ သည် အားချန် ၏ အခန်းထဲလိုက်သွားခဲ့သည်။ လက်ဖက်ရည်ပူပူလေး ထည့်ပေးသည့် အားချန်ကို ဆာစီးနီယာက ကြည့်နေသည်။ သူမ သိချင်ဇောအားကြီးနေမှန်း အားချန် ရိပ်မိသွားသဖြင့် လက်ဖက်ရည် ဆက်မသောက်တော့ဘဲ လက်ဖက်ရည်အိုးကို စားပွဲပေါ်တင်လိုက်သည်။
"မမလေး"
"ပြောပါ…အားချန်"
"တခြားသူရဲ့ ဘဝကို ကိုယ်က ဖြတ်သန်းနေရတာ ဘယ်လိုခံစားရမယ်ထင်လဲ"
တခြားသူရဲ့ဘဝ…
ဤစကားတွေက ဗားဒစ် ပြောခဲ့သည့် စကားအတိုင်ပင်။
"အခု ဘန် ဖြစ်နေတာကို ပြောချင်တာလား"
“ဟုတ်ပါတယ်…ဆရာကြီးက အဲ့ဒါကြောင့် မြို့စားမင်း ပိုင်နက်ကို လာခဲ့တာပဲ"
အားချန် ၏ စကားကို သူမ ချက်ချင်း မချေပ,နိုင်။
"ဆရာကြီးဟာ ဆက်ခံသူမဟုတ်ဘူး… အရင် မြို့စားမင်း ရဲ့တရားမဝင်သားပါ…"
"အဲ့ဒီအကြောင်း စောစောက ကျွန်မ ကြားခဲ့ပြီးသားပါ"
အားချန် က ခေါင်းညိတ်ပြီး
"ဟုတ်လား"
ဆာစီးနီယာ သည် ဤအခြေအနေကို မယုံကြည်နိုင်ဖြစ်နေရသည်။
“အရင်က မြို့စားမင်း မှာ နောက်ထပ် ကလေးတစ်ယောက်ရှိတယ်…မြို့စားမင်းကတော်ကနေ မွေးတဲ့ကလေးပါ… ဒါပေမယ့် သူက အပြင်းဖျားနေတော့ သူ သေတဲ့အထိ အခန်းထဲကနေ၊အခန်းပြင်ကို မထွက်သွားရရှာဘူး"
အားချန် က ဆက်ပြောသည်။
“အရင် မြို့စားမင်း က ရည်မှန်းချက်ကြီးတဲ့လူပါ… သူ့ဘဝရဲ့ အကြီးမားဆုံးဆန္ဒက နန်းတက်ဖို့ပါပဲ… ဒါပေမယ့် နန်းတက်နိုင်ဖို့ နေမကောင်း မကျန်းမာတဲ့ ကလေးမဟုတ်ဘဲ သူ့ကို အကူအညီပေးမယ် ကလေးတစ်ယောက် လိုတယ်"
ဤသည်မှာ ရှည်လျားပြီး နာကျင်စရာကောင်းသည့် ဘန်၏ အတိတ်အစပင် ဖြစ်တော့သည်။