I raised him.78
"ခင်ဗျားတို့က ဘယ်သူလဲ…ကျွန်တော့်ကိုဘာလို့ ဒီလိုလုပ်တာလဲ"
ဘန် သည် ကြောက်လန့်ပြီး ရုန်းကန်နေတော့သည်။ သူ့လက်များကို ဖမ်းချုပ်ထားသူများ၏ လက်မှ ရုန်းထွက်ရန် လုံးပမ်းနေပြီး သူ့မျက်နှာကို အုပ်ထားသည့် အဝတ်ကို ဖယ်ရှားရန်လည်း ကြိုးစားသည်။ သို့သော်လည်း အချည်းနှီးပင်။ သူ အလုပ်ဆင်းချိန်၌ ဝယ်လာခဲ့သည့် ဆာစီးနီယာအတွက် လက်ကောက်ကို ကိုင်ကာ ပြန်လာခဲ့သည်။
ဒါပေမယ့် အခု ဘာဖြစ်နေတာလဲ…
"ဒီကလေးလား"
ကြောက်ခမန်းလိလိ တိုးလျသော အသံကို ကြားလိုက်သောအခါ ဘန်၏ အမြင်အာရုံကို ပိတ်ဆို့ထားသည့် အဝတ်ကို ဖယ်ရှားခံလိုက်ရသည်။
"ဘာလို့ဒီလို ဖမ်းထားတာလဲ…ကွန်တော် ပြန်ရမယ်"
ဘန် အသက်ရှုကြပ်လာသည်။ထို့နောက် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် ကြောက်စိတ်ဝင် သွားစေသော လူလတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ဘန် ကို ငုံ့ကြည့်နေသည်။
"သူဆိုတာ သေချာလား"
ကန်းထရစ် ရှောဗာ့စ် သည် သူ့ရှေ့တွင် ရုန်းကန်နေသော ဘန် ကို မကျေမနပ်ဖြစ်နေပုံရသည်။
“ဟုတ်ပါတယ်… သူ့ပခုံးပေါ်က တစ်ဝက်ပုံစံ( half pattern) ကိုလည်း စစ်ဆေးကြည့်ပြီးပါပြီ"
အားချန် က ပြန်ဖြေလိုက်သည်။
“သြော်… သိပ်ကျေးဇူးကန်းတဲ့ အကောင်ပဲ…အရင်ဆုံး သူ့ကို သော့ခတ်ထားလိုက်ပါ"
ကန်းထရစ် သည် သူ့သွေးသားရင်းကိုပင် သနားညှာတာမှုမရှိခဲ့ပေ။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ…မဖမ်းထားပါနဲ့…ဘာလို့ ဖမ်းထားရတာလဲ"
ဘန် ၏ အသံသည် သူတစ်ယောက်တည်းရှိနေသော ထောင်အလွတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဆာစီးနီယာ…”
သို့နှင့် ဘန်သည် အမှောင်ထုထဲမှာ သုံးရက်ကျော် ပိတ်မိနေခဲ့၏။
"ကျွန်တော့်နာမည် အားချန် ပါ"
အားချန် သည် ထောင်ရှေ့တွင် ရပ်လိုက်ပြီး ဘန် ကို နှုတ်ဆက်သည်။သူသည် ဘန်ကို တစ်နေ့လျှင် ထမင်းငါးနပ် ကျွေးမွေးသော်လည်း ဘန်က ဆန္ဒပြနေသောကြောင့် ဖြစ်နသည်။
"ကျွန်တော်သွားရတော့မယ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ…”
ဘန် သည် အားချန် ကို စိုက်ကြည့်နေရင်း ပြောလိုက်သည်။ဘန်က ရေတစ်ငုံတောင် မသောက်ဖြစ်တော့ဘဲ အအေးခန်း၏ ကြမ်းပြင်ပေါ်မှာ လှဲနေခြင်းပင်။
" ရှော့ဗာ့စ် မြို့စားမင်းက မင်းအဖေပဲ"
"အဖေ..."
အဖေ ဆိုသောစကားကြောင့် သူ့မျက်ခုံးတွေက မှုန်ကုပ်ကုပ်ဖြစ်သွားသည်။ ဘန် ငယ်ငယ်က သူ့အမေထံမှ အဖေဖြစ်သူ အကြောင်းကို ယောင်ဝါးဝါးကြားခဲ့ရသည်။ သို့တိုင် ဖခင်ဖြစ်သူသည် အလှမ်းဝေးနေသဖြင့် သူ့အကြောင်းကို ကောင်းကောင်းမမှတ်မိတော့ပေ။
"မင်းဟာ တရားမ၀င် ကလေးဖြစ်နေပေမယ့် မကြာခင်မှာ သခင်ကြီးရဲ့ သား ဖြစ်သွားလိမ့်မယ်"
"ကျွန်တော် မဖြစ်ချင်ပါဘူး… ဆာစီးနီယာ ကျွန်တော့်ကို စောင့်နေလိမ့်မယ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပါ…”
စိတ်အားထက်သန်လှသော ဘန် ပုံစံကြောင့် အားချန်သည် အားပျော့သွားသည့် သူ့နှလုံးသားကို အားတင်းထားပြီး သူပြောရမည့်အရာကို ပြောပြသည်။
“မြို့စားမင်း ရဲ့ တစ်ဦးတည်းသောသား အလက်ဒီမီကန် ရှောဗာ့စ် ဟာ မွေးကတည်းက နေမကောင်းဖြစ်ပြီး လူမြင်ကွင်းရှေ့ တစ်ခါမှ ထုတ်မပြခဲ့ဖူးဘူး…လောလောဆယ် ဆေးကုသမှု ခံယူနေရပေမယ့် ပြန်သက်သာလာဖို့ အခွင့်အလမ်း နည်းနေတယ်… အလက်ဒီမီကန် ရှောဗာ့စ်သာ သေသွားရင် မင်းက သူ့နာမည်နဲ့ အသက်ဆက်ရှင်သွားရမှာ"
ဘန် ၏ မျက်ဝန်းများသည် မယုံနိုင်လောက်အောင် ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ တုန်ခါသွားကြသည်။
“ကျွန်တော် မလုပ်ချင်ဘူး… ကျွန်တော့်ကို ဆာစီးနီယာ ဆီ ပြန်ပို့ပေးပါ"
ဆာစီးနီယာ…ဆာစီးနီယာ…
အားချန် သည် ထိုအမည်ကို ထပ်ခါတလဲလဲ ကြားနေရသဖြင့် သူမ အကြောင်းကို သိချင်လာသည်။
" မစ္စ ဆာစီးနီယာကို တွေ့ချင်ရင် မင်း အခုထက် ပိုပြီး ကျန်းမာနေရမယ်… ငါတို့က မင်းကို ထမင်းကျွေးမယ်လေ"
"အဲ့ဒါဆို ကျွန်တော်တို့ တွေ့လို့ရမလား…သူမကို တွေ့ခွင့်ပေးမှာလား"
ကြမ်းပြင်ပေါ်တွင် လဲနေသော ဘန် သည် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ခြေထောက်နားဆီ ရောက်လာသည်။
“ဟုတ်တယ်… ဒါကြောင့် ကျန်းမာရေးကို အရင်ဂရုစိုက်ပါ"
အားချန် လိမ်ညာနေခြင်းပင်။
"သူမကို ဘယ်တော့တွေ့ရမှာလဲ… ဘယ်တော့ ဒီကနေ ထွက်ရမှာလဲ"
"မင်း အခုထက် ပိုကျန်းမာလာပြီ ဆိုရင်ပေါ့"
လိမ်ညာလိုက်သော ကတိတစ်ခု ဖြစ်သော်လည်း ဘန် က အကြွင်းမဲ့ ယုံကြည်ခဲ့သည်။အကယ်၍ အားချန်သာ လိမ်မပြောပါက ဆာစီးနီယာ ကို ဘယ်တော့မှ မတွေ့ရတော့ဘဲ ရင်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် သူသည် အားချန် ၏ လိမ်ညာစကားကို မျှော်လင့်ချက်ပမာ ဆုပ်ကိုင်ထားသည်။ ဘန် သည် တစ်နေ့လျှင် ထမင်းငါးနပ်ကို တစ်နပ်မှ မလွတ်ဘဲစားခဲ့ပြီး ထောင်ထဲတွင် သူလုပ်နိုင်သော ကိုယ်ကာယ လေ့ကျင့်ခန်းများကိုလည်း လုပ်သေးသည်။
ဆာစီးနီယာ ကို သတိရသောအခါ အိတ်ကပ်ထဲတွင် သိမ်းထားသည့် လက်ကောက်ကို ထုတ်ယူပြီး ကောက်ကိုင်ကြည့်တတ်သည်။
'သူမ နေကောင်းရဲ့လား'
ဘန် သည် ဆာစီးနီယာ က သူ့ကို မစောင့်မည်ကို စိုးရိမ်နေခဲ့သည်။ သူမကို ရိုးရိုးရှင်းရှင်းဖြင့် ဘဝကို ပုံမှန်အတိုင်းနေထိုင်သွားစေချင်သည်။
ရာသီဥတု သာယာချိန်တွင် လမ်းလျှောက်ခြင်း၊ နေသာသည့်နေ့များတွင် အဝတ်တွေ ထုတ်လှန်းခြင်း-စသဖြင့် သာမန် မိန်းကလေးတစ်ယောက်လိုသာ နေစေချင်မိသည်။
ရံဖန်ရံခါ သူမ အကြောင်းတွေးမိပြီး သူတို့အတူတူ အေးချမ်းသည့်ဘဝကို ဖြတ်သန်းချင်မိသည်။ သူမဆီ ပြန်သွားသောအခါ ပြုံးရယ်ပြီး နှုတ်ဆက်ပစ်ချင်သည်။ ထို့နောက် သူမအား သူ ဘယ်လို တွေ့ကြုံခဲ့သည်တို့ကို ပြောပြချင်သည်။
'ငါ ခရီးတစ်ခု ထွက်သွားခဲ့တာလို့ ပြောရမယ်'
ဘန် သည် သူမကို အဖြစ်အပျက်တို့အား တိတိကျကျ ပြောပြဖို့ ရည်ရွယ်ချက် မရှိချေ။ အမှန်အတိုင်းပြောရလျှင် ဆာစီးနီယာ က သူ့ကိုစိတ်ပူမှာသေချာသည်။ သူ တစ်ခါတစ်လေ အိပ်မပျော်သောအခါ သူ၏ "ဖြစ်စဉ်" အသေးစိတ်ကို စိတ်ကူးကြည့်မိသည်။ ဤအကြောင်းကို ပြောပြနိုင်သည်နေ့ မြန်မြန်ရောက်ပါစေဟု ဆုတောင်း နေရသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဘန် သည် ဘယ်လောက်ကြာအောင် ထောင်ချခံရမှာကို မသိနိုင်သဖြင့် စိတ်ပူလာသည်။ သူအရင်ကထက် ပိုကျန်းမာလာပြီး ခန္ဓာကိုယ်ကြီးက ပိုတောင့်လာသော်လည်း ထောင်ကနေ ဘယ်တော့လွတ်မယ်မှန်း မသိရပေ။
"ဘယ်တော့များမှ ထွက်ရမှာလဲ"
ဘန် သည် စိတ်ပျက်လက်ပျက်ဖြင့် အားချန် ကို မေးလိုက်သည်။
"ခဏလောက် စောင့်ပါဦး"
အားချန် သူ့မျက်လုံးတွေကို စေ့စေ့မကြည့်နိုင်ခဲ့ပေ။ အကြောင်းမှာ ဤကောင်လေး အလွန်အမင်းတွေ့ဆုံလိုသော ဆာစီးနီယာ ကို တွေ့နိုင်ပါ့မည်ဟု ကတိမပေးနိုင်သောကြောင့်ဖြစ်သည်။ ဘန် ကို ခေါ်လာခဲ့သည်မှာ တစ်လကျော်သွားသော်လည်း အလက်စ်ဒီမီကန် မှာ အသက်ရှင်နေသေးသည်။ယခင်ကထက်တောင်ထူထူထောင်ထောင် ဖြစ်လာသည်။
ဘန်ကို အလက်စ် ကွယ်လွန်ပြီးနောက် အလက်စ်အဖြစ် အသက်ရှင်နေထိုင်ရန် စီစဉ်ထားသောကြောင့် အလက်စ် ကွယ်လွန်သွားမှန်း အပြင်လူတစ်ယာက်မှ သိကြမည်မဟုတ်ပေ။
အလက်စ်သည် သူ့ရောဂါကို အနိုင်ယူပြီး ကျန်းမာစွာ နိုးထလာသည်ကိုသာ တစ်ကမ္ဘာလုံးက သိကြမှာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဘန် က အလက်စ်၏ နေရာကို အစားထိုးမှာ ဖြစ်တာကြောင့်ပင်။မြို့စားမင်းပိုင်နက် မှ လူအနည်းငယ်သာသိသော ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လာမည် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မင်းအား လှည့်ဖြားရန် ကြံစည်ထားသောကြောင့်ပင်။
ထို့ကြောင့် ဘန် သည် မြေအောက်ခန်းမှ ထွက်ခွာနိုင်ခဲ့သည့် တစ်ခုတည်းသော အချိန်မှာ အလက်စ် သေဆုံးသွားခြင်းဖြစ်သည်။
"အဲဒါ ဘယ်အချိန်လဲ… ရှင်းရှင်းလင်းလင်း ပြောပါ… ဘယ်တော့ ထွက်သွားရမှာလဲ"
အားချန် သည် သူ့အော်သံကို လျစ်လျူရှုလိုက်ပြီး ခြေလှမ်းကို ဖြည်းဖြည်းချင်း လှမ်းလိုက်သည်။ အားချန် သည် ဤမိသားစု၏ အမိန့်ကို နာခံရုံမျှသာ ဖြစ်သောကြောင့် ဤကလေးကို မကယ်တင်နိုင်သလို ဘာမှ ဝင်စွက်ဖွက်ခွင့်မရှိပေ။
"ကျွန်တော် သွားရမယ်…ဆာစီးနီယာ ကိုသွားတွေ့ရမယ်..."
ထိုအချိန်မှသာ အားချန်ပြောသမျှသည် မုသားဖြစ်ကြောင်း ဘန် သဘောပေါက်သွားခဲ့သည်။
“သွားရမယ်… ကျွန်တော်သွားရမယ်"
ဘန် သည် လှောင်အိမ်ထဲမှ ရုန်းထွက်နိုင်ရန် သံတိုင်များကို ကွေးညွှတ်ရန်ပင် ကြိုးစားခဲ့သည်။
"အာ"
သူ တင်းထားသမျှ စိတ်တွေလည်း တစ်စစီ ဖြစ်သွားရပါပြီ။ ဤနေရာကနေ ဘယ်အချိန် ထွက်သွားနိုင်မလဲဆိုသည့် အမေးကို အားချန် ၏ မရေအရာအဖြေများကြောင့် သူမကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့မှာ စိုးရိမ်လာရသည်။ ထိုနေ့မှစ၍ ဘန် သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လွတ်မြောက်ရန် ကြိုးစားခဲ့သည်။
* * *
ဘန်း…
ဘန် သည် သံတိုင်ကို ကန်ချလိုက်သည်။
“ရပ်လိုက်…မင်း ဒီလိုလုပ်နေလည်း အသုံးမဝင်ဘူး"
သူ့ကို စိုးရိမ်တကြီးကြည့်နေသည့် အားချန် ကို လျစ်လျူရှုပြီး ဘန် က သူ့လက်မောင်းကြွက်သားတွေ ဖောင်းလာသည်အထိ သံတိုင်တွေကို ဆွဲဖယ်လိုက်သည်။ သူ့လက်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေသော်လည်း လက်မလျှော့သေး။ ဘန် သည် မြေအောက်ခန်းတွင် ပိတ်လှောင်ခံထားရသည်မှာ သုံးလရှိပြီဖြစ်သည်။ ထိုအတောအတွင်း သူသည် သံတိုင်များကို အကြိမ်ရာနှင့်ချီ ထုရိုက်ခဲ့ပြီး သူ့လက်များမှာလည်း ပြင်းထန်စွာဒဏ်ရာရသွားခဲ့သည်။သို့သော်လည်း အခုထိ သံတိုင်များကတော့ တစ်ချက်မှ မလှုပ်သေး။
'ငါ ဒီနေရာကနေ ထွက်သွားရမှာ'
' ငါ ဆာစီးနီယာ ကိုပြန်တွေ့ဖို့ သွားရမယ်'
သူမ အနားမှာသာ နေရထိုင်ရတာ အဆင်ပြေသဖြင့် ကမ္ဘာပေါ်တွင် သူနေချင်သည့် တစ်ခုတည်းသော နေရာဖြစ်ခဲ့သည်။
“ကျွတ်…မင်းက တစ်ကယ့်ကို ကောင်စုတ်လေးပဲ"
မြို့စားမင်း ကန်းထရစ် သည် မြေအောက်ခန်းထဲ ရောက်လာသည်။ ဘန် ကို စံအိမ်ကြီးထဲ ခေါ်လာသည့် ပထမဆုံးနေ့ကစပြီး ပထမဆုံးအကြိမ်လာတွေ့ခြင်းပင် ဖြစ်သည်။မြို့စားမင်း သည် ဘန် ကို သားရဲတစ်ကောင်လို ခြိမ်းခြောက်နေ၏။
မြို့စားမင်း ၏ စကားကို လှောင်ပြောင်သလိုမျိုး ဘန် သည် သံတိုင်များကို ချိုးပစ်ရန် နောက်တစ်ချက် လက်သီးနှင့် ထိုးလိုက်ပြန်သည်။
“လုပ်ကြည့်လိုက်လေ"
မြို့စားမင်း၏ အေးစက်စက် အသံသည် ရင်ဖိုစရာကောင်းလှသည်။
“အာ”
ထိုစဉ် သော့ခတ်ထားသော တံခါးပွင့်လာသည့်အခါ ဘန် လန့်သွားသည်။ သို့သော်လည်း သူ့ကို လူငါးယောက်က ဖမ်းခေါ်ထားသဖြင့် ရှေ့မတိုးနိုင်ပေ။
"သူ့ကို ချိတ်ထား"
"ငါ့ကိုလွှတ်ကြ"
သူတို့ သခင်ကြီး၏ ညွှန်ကြားချက်အရ၊ ကျွန်များသည် ဘန် ကို သံကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။
မြို့စားမင်း သည် ဒေါသမျက်နှာဖြင့် အကျဉ်းထောင်ထဲ ဝင်လာသည်။ သိပ်မကြာခင်မှာပင် ဘန် ၏ ကျောမှာ ကြောက်စရာကောင်းသည့် အသံတွေနှင့်အတူ သေစေနိုင်သည့် ဒဏ်ရာများ ရေးထွင်းခံခဲ့ရသည်။
ဘန် သည် အံကြိတ်ထားပြီး သူ့အဖေကို ရွံရှာမုန်းတီးခဲ့ရသည်။ မြို့စားမင်း သည် ကြိမ်ဖန်များစွာ Ben ကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ရိုက်နှက်ခဲ့သည်။ သူ မောမှသာ အရိုက်လျှော့လိုက်သဖြင့် ဘန်လည်း သတိပြန်လည်မလာတော့။
“…”
သူဝတ်ထားသည့် အဝတ်အစားတွေမှာ စုတ်ပြဲနေပြီ ဖြစ်သည်။ သူ့နောက်ကျောမှာ သွေးများဖြင့် ပြည့်နှက်နေတာကြောင့် သူ့ဒဏ်ရာကို မမြင်နိုင်လောက်အောင် ဖြစ်သွားရသည်။
“သူ ပုန်ကန်ဖို့ ကြိုးစားရင် ကြာပွတ်နဲ့ ရိုက်ကြ”
မြို့စားမင်း က အမိန့်ပေးပြီး မြေအောက်ခန်းထဲမှ ထွက်လာခဲ့သည်။ ကျွန်များသည်လည်း မြို့စားမင်း နောက်ကို လိုက်သွားကြသည်။
ယခုထိ ဘန် ကို သံကြိုးများဖြင့် ချည်ထားဆဲဖြစ်သည်။ ထိုညတွင် အားချန် သည် မြေအောက်ခန်းသို့ တိတ်တဆိတ်လာပြီး ဘန် ကို ချည်ထားသော သံကြိုးများကို ဖြည်ပေးခဲ့သည်။
"တောင်းပန်ပါတယ်…"
ကူကယ်ရာမဲ့ လဲကျသွားသော ဘန် ကိုကြည့်ရင်း အားချန် မျက်နှာနီရဲသွားရသည်။ သားရဲတိရစ္ဆာန်တောင်မှ သူ့ကလေးကို ယခုလို မဆက်ဆံတတ်ကြပေ။ ဘန် သည် တရားမ၀င်ကလေးဖြစ်သော်လည်း မြို့စားမင်း ၏သားဖြစ်သည်။ အားချန် သည် သူ့သခင်၏ လုပ်ရပ်ကို သဘောမကျသော်လည်း သူလည်း အစေခံတစ်ယောက်သာ ဖြစ်၍ ဘာမှ မလုပ်ပေးနိုင်။
"တောင်းပန်ပါတယ်… ငါတကယ်တောင်းပန်ပါတယ်…”
အားချန် သည် ဒဏ်ရာရနေသည့် ဘန့် ခန္ဓာကိုယ်ကို သူယူလာသော ပိုးသတ်ဆေးများနှင့် သွေးတိတ်ဆေးတိုနှင့် ကုသပေးခဲ့သည်။ ဘန်၏ ဒဏ်ရာများသည် ကုသမှုကြောင့် ကောင်းမွန်လာဟန် ပြသော်လည်း အမာရွတ်ကျန်မည် ဖြစ်သည်။ ဘန် သည် နာကျင်မှုကြောင့် မေ့မြောရာမှ သတိပြန်လည်လာသည်။
“…ဆာစီးနီယာ”
သူ့အသံကလည်း ခပ်အက်အက်ပင်။ ဘန် သည် သူမကို မသိစိတ်ဖြင့် တမ်းတနေသေးသည်။ ထိုနေ့တွင် ဘန် သည် ဆာစီးနီယာ ဆီ ပြန်သွားသည်ဟု အိပ်မက်မက်ခဲ့သည်။အိမ်မက်ကလေးမှာ သကြားလုံးထက် ပိုချိုသော်လည်း သူရင်ဆိုင်လိုက်ရသည့် အဖြစ်မှန်ကိုတော့ ခါးသီးမုန်းတီးခဲ့ရသည်။