I raised him.79
မြို့စားမင်း ကသတိပေးနေသော်လည်း ဘန် သည် အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားဆဲဖြစ်သည်။
ဤသို့ဖြင့် ခြောက်လတာ ကုန်ဆုံးသွားသည်။
"မင်း ဒီပုံနဲ့ဆို သေလိမ့်မယ်…ကိုယ့်ကိုယ်ကို ချစ်မှပေါ့"
အားချန် သည်လည်း ဒဏ်ရာများကို ကုရန် ဘန် ဆီကို တိတ်တဆိတ် လာရောက်မြဲပင်။ ထောင်ထဲကို ၀င်လို့မရတာကြောင့် သံတိုင်ကြားထဲ လက်လျှိုပြီး ဒဏ်ရာတွေကို ဆေးပေးသည်။
"ဒီလိုမျိုးသာ လှောင်ပိတ်ထားရင် ကျွန်တော် ငါသေရလိမ့်မယ်"
ဘန် ၏ မျက်လုံးများသည် လွန်ခဲ့သည့်ခြောက်လကနှင့် မတူတော့ပေ။ တစ်ချိန်က အားနည်းပြီး စိုးရိမ်သောကရှိခဲ့သော ခရမ်းရောင်မျက်လုံးများသည် ယခုတော့ တိရစ္ဆာန်များ၏ အရိုင်းဆန်သော အသွင်အပြင်တို့ ဖြစ်နေပေပြီ။ယခု သူ့မျက်လုံးများသည် စူးရှပြီး ရက်စက်ကြမ်းကြုတ်၍ တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်နေသည်။ သူ အကျင့် မပြင်လျှင် အသက်ရှင်မှာ မဟုတ်ဘူးဆိုသည်ကို အားချန် နှင့် ဘန် တို့နှစ်ယောက်လုံး သိကြသည်။
အားချန် သည် သူ့ ဒဏ်ရာတွေကို မနာကျင်ရအောင် နေ့တိုင်းကုသပေးသည်။ဤသည်မှာလည်း သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင်။
"ဒီနေ့ လေ့ကျင့်တာကို အနားယူရင် ဘယ်လိုလဲ"
"ကျွန်တော် အနားယူဖို့ မလိုပါဘူး"
ဘန် က မတ်တပ်ထရပ်ပြီး စက္ကူထူထူနှင့် လုပ်ထားသည့် ဓားတစ်ချောင်းကို ကိုင်လိုက်သည်။ မြို့စားမင်း က သူ့ကို ကြာပွတ်နှင့် ရိုက်သည့်နေ့ကစပြီး အားချန် က ဘန် အား ဓားပညာအကြောင်း တိတ်တဆိတ် သင်ပေးခဲ့သည်။များများစားစား မတတ်လျှင်တောင်မှ သူ့ကို စိတ်လေသွားမှာစိုးပြီး ကိုယ်ကာယ ကြံခိုင်နေအောင် ဖြစ်သည်။ အခွင့်ကောင်းရတိုင်း လက်စားချေဖို့ ဘန်ကို အဆင်သင့်ဖြစ်စေချင်သည်။
ဘန် ကြောင့် သူ အသက်ဆုံးရှုံးနိုင်သော်လည်း အားချန် သည် သူ့အပြစ်များအတွက် အပြစ်ဖြေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် တတ်သမျှမှတ်သမျှ သင်ပေးလေ့ရှိသည်။ဤသို့ဖြင့် ဘန် သည် တစ်နေ့ထက်တစ်နေ့ ဓားရေးကျွမ်းကျင်မှုကြောင့် သူ့ပခုံးပြင်များ ပိုကျယ်လာရပြီး ယခုဆို အတော်ပင် ကာယဗလ တောင့်တင်းလာပြီဖြစ်သည်။
"ကျွန်တော် ဘယ်တော့ အပြင်ထွက်ရမှာလဲ"
"တောင်းပန်ပါတယ်"
လေ့ကျင့်မှုပြီးတိုင်း ဘန် သည် ထိုမေးခွန်းကိုသာ ထပ်ချည်းတလဲလဲ မေးခဲ့ပြီး အားချန်ကလည်း ထိုအဖြေသာ အမြဲဖြေတတ်သည်။ အားချန် သည်လည်း ကြာတော့ စိတ်မကောင်းဖြစ်မိသည်။
ထို့နောက် ဘန် သည် ကြမ်းပြင်ပေါ်ထိုင်ပြီး လက်ကောက်ကလေးကို တို့ထိလိုက်စဉ် ခါးခါးသီးသီး ပြုံးနေမိသည်။ ထို့နောက် တောင့်တမှုအပြည့်ဖြင့် အသံတစ်ခု နားထဲကြားလာရသည်။
"အင်း… ဘန် ဆိုရင် ဘယ်လိုလဲ"
ထိုနေ့သည် မမေ့နိုင်စရာပင်။
သူ့အမေဆုံးပြီးကတည်းက သူ့ကို လူတစ်ယောက်က နာမည်ပေးခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူ့အတွက် ဆာစီးနီယာ ရွေးထားသည့် နာမည်ကို သဘောကျသည်။ ဆာစီးနီယာ ၏ နှုတ်ခမ်းနီရဲရဲမှ သူ့နာမည်အသစ်ကို ပြောလာစဥ်က သူ အလွန်ပျော်ရွှင်ခဲ့ရပြီး မျက်ရည်များပါ စီးကျခဲ့ရသည်။ ဘန် သည် သူ့စိတ်ထဲတွင် သူမနှင့် အတူနေမည့်အချိန်ကို ပုံဖော်နေခဲ့သည်။ လောင်းကစားဘုရင် က သူ့ကို ဆွဲခေါ်သွားသည့်နေ့တွင် Cersinia သည် မိုးရွာကြီးထဲတောင် သူ့ကို လိုက်ရှာခဲ့သူဖြစ်သည်။
“နင် အခု လွတ်လပ်သွားပြီ"
စာရွက်တစ်ရွက်မျှသာ ဖြစ်သော်လည်း သူ့အတွက် အနှောင်အဖွဲ့ဖြစ်သည့် ကျွန်စာရွက်စာတမ်းကို ဆာစီးနီယာ က လက်ဖြင့်ဆုပ်ပြီး မီးရှို့ပစ်လိုက်သည်။
“ငါ့အစွမ်းကြောင့် နင်လည်း ဒုက္ခရောက်နိုင်တယ်…ဒါပေမယ့်..နင်အဆင်ပြေရင်..."
ထိုနေ့က ဘန် သည် ဘာပဲဖြစ်ဖြစ် သူမနှင့် အတူရှိနေမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် သူ မဖြစ်မနေ ပြန်သွားချင်နေခြင်းဖြစ်သည်။
"ကိုယ်မင်းကို လွမ်းတယ်…အချစ်ရယ်”
တောင့်တမှုတွေ ပြည့်နှက်နေသည့် အသံက မြေအောက်ခန်းထဲမှာ တိုးလျစွာ ထွက်ပေါ်လာသည်။ ဘန် သည် မြို့စားမင်းပိုင်နက်ကို ရောက်ကတည်းက ဆာစီးနီယာ အကြောင်းကိုသာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွေးနေခဲ့သည်။
ဘာလို့ သူမအနားကို အရမ်းပြန်ချင်နေတာလဲ…
'ငါ သူမကို ချစ်လို့ပေါ့'
လောင်းကစားအိမ်မှာ သူမလက်ကို ပထမဆုံးကိုင်သည့်နေ့က စခဲ့ခြင်းဖြစ်သည်။ ဆာစီးနီယာ အား သူ့လက်ကို ကမ်းပေးလိုက်သည်နှင့် သူမ၏ လက်ဖဝါးမှ နွေးထွေးမှုက သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ ထိုနေ့မှစ၍ သူ့ဘဝမှာ လုံးဝပြောင်းလဲသွားသည်။ ကျွန်ဖြစ်ခဲ့တာကြောင့် စုတ်ပြတ်သတ်နေသော သူ့ခန္ဓာကိုယ်နှင့် စိတ်တို့သည် သူမနှင့် တွေ့ဆုံပြီးနောက် အသက်ပြန်ရှင်လာခဲ့သည်။ သူမအပေါ် ခံစားရသော ခံစားချက်များက သူ အသက်ရှင်နေသေးကြောင်း သတိပြုမိစေသည်။ သူမသည် သူ၏ ပျော်ရွှင်မှုဖြစ်သည်။ ထိုနေ့က သူ့နှလုံးခုန်သံသည် ကျယ်လောင်လွန်းသဖြင့် ဖြတ်သွားသူတိုင်း ကြားနိုင်မည်မှာ သေချာသည်။ သူမနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း အရာအားလုံး သာယာအေးချမ်းသွားသလိုပင် ဖြစ်သွားရသည်။
"ဆာစီးနီယာ"
ထိုစဉ် ဘန်သည် အထီးကျန်နေပြီး ထောင်ထဲမှာ ရှိနေမှန်းကို ပြန်သတိလည်လာသဖြင့် ခေါင်းငိုက်စိုက်ကျသွားရတော့သည်။
နောက်နေ့…
“ဒါဆို အဲ့ဒီမိန်းမက ဆာစီးနီယာ ပေါ့"
ထိုနေ့၌ပင် သူ့ကို ထပ်မံရိုက်နှက်ခဲ့သော မြို့စားမင်း သည် ဆာစီးနီယာ ၏ အမည်ကို ရေရွတ်လိုက်သည်။တစ်ချက်မညည်းဘဲ နာကျင်မှုကို ကျိတ်မှိတ်ခံနေသော ဘန် သည် စိုးရိမ်စိတ်ဖြင့် ခေါင်းမော့လာသည်။
"ဘာလို့ အံ့သြနေတာလဲ…မင်းခေါ်တဲ့နာမည်ပဲ မဟုတ်လား"
မြို့စားမင်း က ရယ်လိုက်သည်။
"ခင်ဗျား သူမ နာမည်ကို ဘယ်လိုတောင် ပြောရဲတာလဲ"
ဘန် က မြို့စားမင်း ကို အချိန်မရွေး သတ်ပစ်တော့မလို အော်ဟစ်လိုက်သည်။
"ဟားဟားဟား"
မြို့စားမင်း က ကြောက်စရာကောင်းအောင် ရယ်မောလိုက်ပြီး အေးစက်စက် ဆက်ပြောသည်။
“သူမက မူလိန်း ရွာမှာ ရှိတယ် မဟုတ်လား…ငါ သူမကိုဘာလုပ်လိုက်ရမလဲ… သတ်ပစ်ရမလား ဒါမှမဟုတ် လမ်းပေါ်ချထားလိုက်ရမလား"
မူလက မြို့စားမင်း သည် ဘန် ကို သူအလိုရှိသလို ခိုင်းစေပြီး brain wash လုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် ဘန်က ဖြုံမည့်ပုံမပေါ်။ ထို့ကြောင့် မြို့စားမင်း သည် ဗျူဟာပြောင်း၍ ဘန် အမြဲတမ်းတောင့်တနေသည့် အရာကို ခြိမ်းခြောက်ဖို့ ဆုံးဖြတ်လိုက်၏။
"ခင်ဗျား သူမရဲ့ ဆံပင်တစ်ပင်ကိုထိရင် တောင် ကျွန်တော် သတ်ပစ်မယ်"
ဘန် က ဒေါသတကြီး အော်လိုက်သည်။ သူ့ပုံစံက ရူးသွပ်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
"မင်း သူမကို သေစေချင် နေတာလား"
ထိုစကားကြောင့် ဘန် ရပ်သွားသည်။
“သေသွားတဲ့ ပုရွက်ဆိတ်ကို သတ်တာထက် သူ့ဘဝကို သေသွားအောင် လုပ်ရတာ ပိုလွယ်တယ်…သူ ပုန်းနေရင်တောင်မှ သူ့ကိုလိုက်ရှာပြီး သတ်ရတာ ပို ပျော်စရာကောင်းတယ်"
“…”
ဘန် သည် သူ့ဦးနှောက်ဆီ သွေးတွေ တက်လာပြီး နှလုံးတွေ တုန်သွားရသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ဒေါသကြောင့် သူ့လည်ပင်းမှာ အနီရောင်သွေးပြန်ကြောတွေ ပေါ်လာ၏။
"မင်းဒီလို ဆက်လုပ်နေရင် ဒီကောင်မကို ငါရှာလိုက်မမယ်…ဒီလိုမျိုး ဆက်လုပ်နေရင် ဒီကောင်မကို ငါရှာမယ်"
ဒုန်းဒုန်း…
ဘန် ၏ နှလုံးသားတစ်ခုလုံး ရုတ်တရက် ကြမ်းပြင်ပေါ် ကျသွားသည်။ အသားအရေမှာလည်း ဖြူဖျော့သွားပြီး ကြောက်ရွံ့စိတ်နှင့် စိုးရိမ်စိတ်တို့က သူ့အာရုံများကို လွှမ်းမိုးသွားခဲ့သည်။
“မလုပ်နဲ့…အဲ့ဒီလို လုပ်လို့ မဖြစ်ဘူး”
"မင်းငါ့ကို အခုကတည်းက ပုန်ကန်နေရင် ဒီခွေးမရဲ့ လုံခြုံရေးကို ငါအာမခံမှာ မဟုတ်ဘူး"
မြို့စားမင်း က မညှာမတာ ကျေကျေနပ်နပ်ကြီး ရယ်မောလိုက်သည်။ ဘန် ၏ အားနည်းချက်ကို သူ နောက်ဆုံး သိလိုက်ရသည်။ ယခုဆို ဘန် ကို သူ့ဆန္ဒများအတိုင်း အသုံးချနိုင်ခဲ့မည် ဖြစ်သည့်အတွက် ဝမ်းသာမိသည်။
သို့သော်လည်း မြို့စားမင်း သတိမထားမိသည့် အရာတစ်ခုရှိ၏။ အကယ်၍ ဘန် သည် အကြမ်းဖက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို အလွယ်တကူ ထိတ်လန့်နိုင်သည့် အရွယ်မရောက်သေးသော ကလေးသာသာ ကောင်လေးတစ်ယောက်သာ ဆိုပါက၊ ရိုက်နှက်လိုက် ခြိမ်းခြောက်လိုက်လျှင် နာခံသွားနိုင်သော်လည်း ယခု ဘန် သည် အရွယ်ရောက်ပြီးသူ ဖြစ်သည်။ဘယ်လိုနည်းနှင့်မှ မြို့စားမင်း သူ့ကို brain wash မလုပ်နိုင်ချေ။
"မင်း နားလည်လား"
မြို့စားမင်း က သူ့ကို ပါးရိုက်ရင်း ပြောလိုက်သည်။
“…သူမကို မထိနဲ့”
ဘန်သည် သူ့ကို စိုက်ကြည့်နေသော်လည်း လေသံက အရင်ကထက် ပိုပျော့ပျောင်းလာသည်။
"မင်းတော်ရင် ငါသူမကိုမထိဘူး…အခုကစပြီး ငါ့စကားကို နာခံရမယ်… မဟုတ်ရင် မင်းရဲ့ အဖိုးတန် ဆာစီးနီယာ ကို ကျီးကန်းစာ လုပ်ပစ်လိုက်မယ်"
ထိုနေ့မှစ၍ ဘန် သည် မြို့စားမင်း စကားကို နာခံခဲ့သည်။ သူသည် ဆာစီးနီယာ ဆီကို စာတစ်စောင်သာ ပေးပို့ခဲ့ပြီး အားချန် ရှေ့မှာပင် ရေးသားခဲ့သည်။ ယခုအခါ သူ့လက်သည်းကို သေချာဝှက်ထားရမည်ဖြစ်ပြီး သူမကို ကာကွယ်ဖို့ ခွန်အားလိုအပ်သေးသည်ဟု ခံစားရသည်။ထို့ကြောင့် အခွင့်အရေး ရလာပါက မြို့စားမင်း ၏ လည်ပင်းကို တစ်ချက်တည်း ကိုက်ပစ်လိုက်မည်ဟု သန္ဓိဌာန်ချထားလေသည်။
နှစ်နှစ်နှင့် ရှစ်လကြာခဲ့ပြီ ဖြစ်သည်။
ဘန် သည် မြို့စားမင်း ကို ဆွဲချရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ရှာတွေ့အောင် ချောင်းမြောင်းနေခဲ့သည်။ထို့အပြင် အစီအစဉ်ဆွဲနေစဉ်အတွင်း မြို့စားမင်းကို နာခံဟန်ဆောင်ခဲ့သည်။
“တစ်ပတ်အကြာရင် အိမ်ရှေ့စံအတွက် မွေးနေ့ပွဲလုပ်မယ်… အဲဒီနေ့မှာ မင်းကို အလက်စ်ဒီမီကန် ရှောဗာ့စ် လို့ တရားဝင် မိတ်ဆက်ပေးမယ်"
မြို့စားမင်း က သူ့စားပွဲရှေ့မှာ ရပ်နေသည့် ဘန် ကို စိုက်ကြည့်နေ၏။ အခုတော့ ဘန် ဟာ တစ်ကယ်ကို လူပီသလာပြီဖြစ်သည်။ အိမ်အကူမိန်းမတစ် ယောက်နှင့် တစ်ညအိပ်ရာမှ မွေးဖွားလာသည့် ဤကလေးဟာ မြို့စားမင်း နှင့် အလက်စ်ဒီနီကန် ထက်စာလျှင် ပိုတူသည်။ အထူးသဖြင့် ခရမ်းရင့်ရောင်မျက်လုံးများပင်။ နောက်ထပ်ကလေးမမွေးနိုင်တော့သည့် မြို့စားမင်းအတွက် ဘန် နှင့် အလက်စ် တို့သည် တစ်ဦးတည်းသော သွေးသားရင်းချာများဖြစ်သည်။အလက်စ်၏ ကျန်းမာရေးမှာလည်း မကောင်းမွန်သေးသဖြင့် မြို့စားမင်း ကတော် ကွယ်လွန်သွားပြီးနောက် သူသည် ထွက်ပြေးသွားသော အိမ်အကူ ခေါ်ဆောင်သွားသည့် ဘန် ကို စတင်ရှာဖွေခဲ့သည်။ ဘန် ကို ယဉ်ပါးအောင် လုပ်ဖို့ အချိန်တော်တော်ယူခဲ့ရသော်လည်း အခုချိန်မှာတော့ သူ့အတွက် အကျိုးရှိအောင် အသုံးချနိုင်ခဲ့ပြီဖြစ်သည်။အကြောင်းမှာ အစ်ကိုဖြစ်သူ လက်ရှိဧကရာဇ်မင်းကို ဖြုတ်ချပြီး အမွေဆက်ခံရန် ဘန်ကို ရည်ရွယ်ထားခြင်းပင်ဖြစ်သည်။
"ကျွန်တော်နားလည်ပါတယ်"
ဘန် က မြို့စားမင်း ကို ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
"ထွက်သွားတော့"
ယခု သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်သည့် ရုပ်သေးရုပ်ကို ကြည့်ရင်း မြို့စားမင်း အားရပါးရ ပြုံးလိုက်မိသေးသည်။
ဘန် သည် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အလက်စ် မှာ နာတာရှည်ရောဂါဖြင့် သေဆုံးပြီးနောက်တစ်လအကြာတွင် ဘန် သည် မြေအောက်ခန်းထဲမှ ထွက်ခွာခဲ့ခြင်း ဖြစ်၍ ယခုဆို သူ လွတ်လပ်နေတာ နှစ်ပတ်ရှိပြီဖြစ်သည်။ ဘန် သည် မြေအောက်ခန်းထဲတွင် 2 နှစ်ခွဲကျော် ပိတ်လှောင်ခံခဲ့ရသည်။ထို့အပြင် ဘန်သည် နေ့တိုင်း မှူးမတ်များအကြောင်းကို စေ့စေ့စပ်စပ် လေ့လာခဲ့ရပြီး ဆက်ခံသူ ဖြစ်လာရန် သင်တန်းတစ်ခု တက်ခဲ့ရသည်။ထိုသင်တန်းတွင် တစ်နေ့လျှင် အကြိမ်ရာနှင့်ချီ၍ brain wash လည်း အလုပ်ခံခဲ့ရသည်။
“မင်းဟာ ရုပ်သေးရုပ်ထက် ဘာမှ မပိုဘူး…ငါပြောတဲ့အတိုင်း မင်းလုပ်ရမှာ"
ဘန် ထမင်းစားနေချိန်တိုင်း မြို့စားမင်း က တတွတ်တွတ် ပြောနေသည့် စကားဖြစ်သည်။ ဘန် သည် မြို့စားမင်း ဘယ်လောက်ပြောပြော နာခံခဲ့သည်။ မြို့စားမင်း သည် ဆာစီးနီယာ အကြောင်း စလာချိန်မှစ၍ ဘန်ကလည်း ဆာစီးနီယာအကြောင်း တစ်ခွန်းမှ မဟ,ရဲတော့ပေ။
" အားချန် "
“ဟုတ်ကဲ့”
“အချိန်ကျပြီ"
နောက်ဆုံးတော့ အချိန်ရောက်လာပြီ။ ဘန် သည် အချိန်အတော်ကြာအောင် စောင့်န်ခဲ့ရသည့် ဆန္ဒတို့ ပြည့်မြောက်သွားသလို လေးနက်တည်ကြည်နေသည်။
* * *
အိမ်ရှေ့မင်းသား မွေးနေ့ပွဲ စတင်ပါပြီ။
"အိုး…ကျန်းကျန်းမာမာဖြစ်လာတာ
တော့ အမှန်ပါပဲ”
ဧကရာဇ်မင်းသည် ညီဖြစ်သူ မြို့စားမင်း ကန်းထရစ် ဘေးတွင်ရပ်နေသည့် ဘန် ကို တွေ့မြင်ရသည့်အတွက် အလွန်ဝမ်းသာ နေရှာသည်။ ငယ်စဉ်ကတည်းက အကြိမ်အနည်းငယ်သာ တွေ့ဖူးသော တူဖြစ်သူမှာ နာမကျန်းဖြစ်နေရာမှ ယခုဆို စံအိမ်အပြင်တောင် ထွက်လာနိုင်သဖြင့် တော်တော်လေး ဂုဏ်ယူဝမ်းမြောက်မိသည်။
“ဘယ်လ်ပါ အင်ပါယာရဲ့ နေမင်းကြီးကို ကျွန်တော် ဂါရဝပြုပါတယ်…"
ဘန် သည် အနောက်တိုင်း ကုတ်အင်္ကျီရှည်ကြီးကို ၀တ်ဆင်လျက် ဧကရာဇ်မင်းရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ဦးညွတ်လိုက်သည်။
"ငါ့တူလေး ပြန်ကျန်းမာလာတာကို တွေ့ရတာ အရမ်းဝမ်းသာတယ်ကွာ"
ဘန် သည် အလက်စ်ဒီမီကန် အယောင်ဆောင်ထားရသဖြင့် တုန်လှုပ်နေမိသည်။ယခုတော့ အရာအားလုံးသည် မြို့စားမင်း ၏ အလိုအတိုင်း ဖြစ်လာခဲ့သည်။
ဒါပေမယ့် ဧကရာဇ်မင်းကို လှည့်စားဖို့ ငါ ဘယ်လို သတ္တိရှိနိုင်မှာလဲ…
မြို့စားမင်း ၏ အကြံအစည်မှာ ဧကရာဇ်မင်းမြတ်အား ဖြုတ်ချပြီး ထီးနန်းကို သိမ်းပိုက်ရန်ဖြစ်သည်။ဖခင်ဟုတောင် မခေါ်ထိုက်သော မြို့စားမင်း သာ ဧကရာဇ်ဖြစ်လာပါက ဤအင်ပါယာကြီး ပျက်ဆီးဆုံးရှုံးရတော့မည်ဖြစ်သည်။ ဘန် သည် ဧကရာဇ်မင်းနှင့် မြို့စားမင်း အနားတွင် မရှိသောအခါ စီစဉ်ထားသည့်အတိုင်း အိမ်ရှေ့စံမင်းသား အနားကို ချဉ်းကပ်သွားသည်။
"အရှင့်သားရဲ့မွေးနေ့ကို ကျွန်တော် ဂုဏ်ပြုပါတယ်"