အပိုင်း ၈၀
Viewers 13k

I raised him.80


"အိုး…မင်းကြည့်ရတာ သိပ်ကျန်းမာ နေပုံပဲ"


လိုင်မာဖီးရပ်စ် ၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေသည်။ သူ့အကြည့်တွေက သံသယတွေနှင့် ပြည့်နှက်နေသလိုပင်။ ဘန် သည် လိုင်မာဖီးရပ်စ် ရိပ်မိသွားမှာစိုး၍ ချွေးစေးများ ပျံလာရသည်။


 'ငါ အခု မိသွားလို့မဖြစ်သေးဘူး" 


ကံကောင်းစွာပင် အိမ်ရှေ့စံသည် ဘာစကားမှ ဆက်မပြောပေ။ သူသတိမထားမိဟန် မတူပေ။


ဒီအစီအစဥ်ကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ… ဧကရာဇ်တောင်မှ ယုံနေတဲ့ဟာ…


"အရှင့်သားကို ကျွန်တော် ပြောစရာရှိပါတယ်" 


"ဘာပြောချင်လို့လဲ"


“ကျွန်တော် အခု ပြောလို့မရဘူး… နောက်နှစ်ရက်မြောက်နေ့ ကျရင် မနက် ၁ နာရီမှာ ဂါဆန်းခြံကို လာပေးပါ"


 "ငါ့ကို အမိန့်ပေးနေတာလား"


အဓိပ္ပါယ်မဲ့သော စကားကြောင့် လိုင်မာဖီးရပ်စ် မျက်မှောင်ကြုတ်သွားရသည်။


 “အဲ့ဒီလို မဟုတ်ပါဘူး…အင်ပါယာကို တွေးပြီး အရှင့်သားက ရှေ့ကို ခြေတစ်လှမ်းလေး တိုးဖို့ တောင်းဆိုပါတယ်… အဲ့ဒီအခါကျရင် ကျွန်တော် အားလုံးပြောပြပါ့မယ်…ဒီအင်ပါယာအတွက် ကျွန်တော့် အသက်ကိုတောင် စွန့်နိုင်တယ်ဆိုတာ အရှင့်သား ယုံပေးပါ"


ဘန် ၏ တည်ကြည်လေးနက်သော မျက်လုံးများကြောင့် လိုင်မာဖီးရပ်စ် ၏ မျက်နှာထား ပျော့ပြောင်းသွားသည်။


 "မင်း ငါ့ကို ဒီလို တိုးတိုးလေး ပြောနေတာဟာ ဧကရာဇ်မင်းမြတ် မသိသင့်တဲ့ ကိစ္စမို့လို့လား" 


“အရှင့်သား… ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”


 ထို့နောက် ဘန် သည် စကားအကြာကြီး မပြောနိုင်တော့ဘဲ ယဉ်ကျေးစွာ နှုတ်ဆက်ပြီး နေရာမှ အမြန်ထွက်ခွာသွားခဲ့သည်။နေရာတိုင်းတွင် မြို့စားမင်း ၏ မျက်စိများ၊ နားများ အများအပြား ရှိသောကြောင့် လိုင်မာဖီးရပ်စ် နှင့် ကြာရှည်စွာ စကားပြောဆိုလိုက်လျှင် မိသွားပေလိမ့်မည်။


ယခု ဘန် လုပ်နိုင်သမျှမှာ လိုင်မာဖီးရပ်စ် သည် နောက်နှစ်ရက်အကြာတွင် ချိန်းဆိုရာ နေရာသို့ ရောက်လာရန် မျှော်လင့်ရုံသာ ရှိတော့သည်။


"မင်းငါ့ကို ဒီကိုခေါ်လာပြီး ကိစ္စက ကြီးကြီးမားမားမဟုတ်ရင် မင်း ပြန်ပေးဆပ်ရမယ်ဆိုတာ သိထားပါ" 


လိုင်မာဖီးရပ်စ် သည် အမှောင်ထုထဲတွင် ပေါ်လာသည်။ ဂါဆန်းခြံတွင် တစ်ယောက်တည်း စောင့်ဆိုင်းနေသော ဘန် သည် သူ့ကို တွေ့ရမှ စိတ်သက်သာရာ ရသွားသည်။ 


“အိမ်ရှေ့စံမင်းသားကို ကျွန်တော် နှုတ်ဆက်ပါတယ်” 


"မင်း မဟုတ်တာ လုပ်လို့ကတော့ ငါ့ရဲ့ လျှို့ဝှက်တပ်သားတွေက မင်းကို ခွင့်မပြုမှာ မဟုတ်ဘူး" 


လိုင်မာဖီးရပ်စ် သည် ဓားမကိုင်ထားသော ဘန် ကို သေချာကြည့်နေရင်း ပြောလိုက်သည်။


 "ကောင်းပြီ… မင်းငါ့ကို ဒီကို ခေါ်ရတာ ဘာကိစ္စလဲ"


ထို့နောက် ဘန် သည် မြို့စားမင်း စီစဉ်ထားသော ပုန်ကန်မှုအကြောင်းအားလုံးကို ဝန်ခံခဲ့သည်။ မြို့စားမင်း သည် သူ၏ တပ်ဖွဲ့များကို လျှို့ဝှက်စုရုံးထားသည်။ဧကရာဇ် နန်းတော်ကို ကျူးကျော်ရန် အစီအစဉ်လည်း ရှိ


သည်။ ထိုအကြောင်းကို ကြားတော့ လိုင်မာဖီးရပ်စ် ၏ မျက်နှာက ဖြူဖျော့သွားလေသည်။


 "ဒါ အမှန်ပဲလား"


"အမှန်ပါပဲ"


 "ဦးလေးက ဘယ်လိုဖြစ်ရတာလဲ..." 


အထူးသဖြင့် ဧကရာဇ်သည် သူ၏ တစ်ဦးတည်းသော ညီဖြစ်သူ မြို့စားမင်း ကန်းထရစ် ကို အထူးဂရုစိုက်ခဲ့သူပင်။ ညီဖြစ်သူကို မြို့စားမင်း ဘွဲ့ပေးပြီး မြှောက်စားထားခဲ့သည်။


"ဘုရင်မင်းမြတ်ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးရဲရတယ်လို့"


ဦးလေးဖြစ်သူသည် ဓားကိုဝှက်ထားမှန်း လိုင်မာဖီးရပ်စ် မသိပေ။သူက အံကိုကြိတ်ကာ ဘန် ကို အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေလျက်။ 


"မင်းနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား" 


"အရှင့်သား…ကျွန်တော့်မှာ မြို့စားမင်းနဲ့ မတူတဲ့ ရည်ရွယ်ချက် ရှိပါတယ်…ကျွန်တော် တစ်ချိန်ကျရင် သက်သေပြပါ့မယ်"


 "မင်းပြောတာကို ငါဘယ်လို ယုံရမလဲ…မင်းက မြို့စားမင်း ရဲ့ သားပဲလေ"


 "မှန်ပါတယ်…  ဒါပေမယ့် ကျွန်တော်က အလက်စ်ဒီမီကန် ရှောဗာ့စ် မဟုတ်ဘူး"


လိုင်မာဖီးရပ်စ်သည် ဘန်ကို ကြောင်ပြီး‌ ငေးကြည့်နေတော့သည်။


"ကျွန်တော်က မြို့စားမင်းရဲ့တရားမဝင်သားပါ…နေမကောင်းဖြစ်နေတဲ့ အလက်စ်ဒီမီကန် ဆိုရင် ပုန်ကန်ဖို့ အထောက်အကူ မဖြစ်တဲ့အတွက် မြို့စားမင်း က လွန်ခဲ့တဲ့ သုံးနှစ်ကပဲ ကျွန်တော့်ကို လာတွေ့ခဲ့ပါတယ်…ကျွန်တော့်ကို မြို့စားမင်းကတော် ကွယ်လွန်ပြီးချင်းပဲ မြို့စားမင်း ပိုင်နက်ထဲကို ဆွဲခေါ်ခဲ့ပါတယ်"


အိမ်ရှေ့မင်းသား ယုံကြည်လာအောင် ဘန် က အဖြစ်အပျက်များကို ပြောပြလိုက်သည်။ သူသည် အလက်စ်ဒီမီကန် ၏ နေရာတွင် အစားထိုးရန်နှင့်၊ မြေအောက်ခန်းတွင် သုံးနှစ်ကြာ နေခဲ့ရကြောင်းတို့ကိုပါ ပြောပြလိုက်သည်။


 "ဘယ်လို…"


ဘန် က အင်္ကျီကို ချွတ်ပြီး သူ့နောက်ကျောကို ပြတာကြောင့် လိုင်မာဖီးရပ်စ် အံ့ဩသွားပုံရသည်။လရောင်ဖျော့ဖျော့အောက်မှာ သူ့နောက်ကျောမှ ဒဏ်ရာအမာရွတ်များကို အထင်းသားမြင်နေရသည်။


“အရှင်မင်းကြီး…မြို့စားမင်းက သူပုန်အခြေစိုက်စခန်းကို ဘယ်မှာ ထူထောင်တယ်ဆိုတာ ကျွန်တော် သိပါတယ်” 


ဘန် က သူ့အင်္ကျီကို ပြန်ဝတ်နေရင်း မြို့စားမင်း သည် သူ့အား နာခံအောင် ပုံသွင်းခဲ့သည်ကိုလည်း ပြောပြလိုက်သည်။


 "ဘယ်မှာလဲ" 


“အခုလောလောဆယ်တော့ လွှတ်ထားပေးရပါမယ်… အမြစ်ကို နှုတ်ပစ်ဖို့ဆိုရင် အချိန်ကို စောင့်ရမယ်လေ… အရှင့်သား ဘက်မှာပဲ ကျွန်တော်နေမယ်…"


သဘောတူညီချက် တစ်ခုအတွက်  အဆိုပြုချက်တစ်ခု တင်သွင်းလိုက်သလိုပင်။


လိုင်မာဖီးရပ်စ် သည် သစ္စာဖောက်၏ တရားမ၀င်သား ဖြစ်သူ ဘန်ကို ကြည့်ပြီး စကားပရိယာယ်ကြွယ်ဝသဖြင့် ကျေနပ်သွားရသည်။


"ကောင်းပြီ…"


"ကျွန်တော့်ကို မြို့စားမင်းဘွဲ့ ပေးပါ" 


“ဒီပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်ဘွဲ့ကို မင်းက လိုချင်နေတာလား"


"ရှောဗာ့စ်အိမ်တော် ရဲ့ အခွင့်အာဏာ အားလုံး ကျွန်တော့်ကို မပေးရင်တောင် အရေးမကြီးပါဘူး…ကျွန်တော့် လုပ်ပိုင်ခွင့်ကို အတုလုပ်ပေးရင်တောင် အဆင်ပြေပါတယ်…မြို့စားမင်းဘွဲ့ကိုသာ ပေးပါ" 


“အနည်းဆုံး အကြောင်းပြချက်လိုတယ်" 


“‌သေချာတာကတော့ ဘုရင်မင်းမြတ်နဲ့ ဧကရာဇ်မိသားစုကို ထိခိုက်နစ်နာမှု မရှိစေရဘူး…ကျွန်တော် ကတိတည်ပါတယ်"


သွားမရှိသော ကျား‌ကလည်း ကျားဖြစ်ဆဲပင်။မြို့စားမင်းဘွဲ့သည်လည်း ထို့အတူပင် အနည်းဆုံး လူတစ်ယောက်ကိုတော့ ကာကွယ်ပေးနိုင်ပေသည်။


"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်လုပ်ရပ်တွေကသာ မှားသွားခဲ့မယ်ဆိုရင်" 


ဘန် သည် ဆာစီးနီယာ ၏အသက်မှလွဲ၍ တခြားဘယ်ဟာကိုမဆို အခြိမ်းခြောက်ခံနိုင်သည်။


 


"ကျွန်တော့် အသက်ကိုယူပါ"


ဆာစီးနီယာ ကို မိမိလက်ဖြင့် ကာကွယ်နိုင်သော စွမ်းအားကို ဘန် လိုအပ်သည်။ 


* * * 


"လအနည်းငယ်ကြာတော့ ဧကရာဇ်မင်းမြတ်ရဲ့ အကူအညီနဲ့ အိမ်ရှေ့စံက သူပုန်အခြေစိုက်စခန်းကို ဝင်စီးနင်းပြီး ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တယ်"


အားချန် သည် တည်ငြိမ်သော မျက်နှာထားဖြင့် ဇာတ်ကြောင်းကို အဆုံးသတ်လိုက်သည်။ 


ဆာစီးနီယာ သည် အဖြစ်အပျက်အားလုံးကို ကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ 


'ဘန် ကောင်းကောင်း နေခဲ့ရမယ်ထင်ခဲ့တာ...' 


မထင်မှတ်ထားသော ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းကြောင့် သူမ၏ မျက်လုံးများ နီရဲသွားရသည်။ သူမ မျက်ရည်မကျအောင် ထိန်းထားရင်း အင်္ကျီစကို ဆုပ်ကိုင်ထားလိုက်သည်။


"ပုန်ကန်မှုမှာ တာဝန်ရှိတဲ့ မြို့စားမင်း ကန်းထရစ် ကို ရဲမက်တွေက ဆွဲခေါ်လာတော့ သူ သေသွားခဲ့ပြီ"


 “…” 


"ပြီးတော့ ဆရာကြီးက သူ့ အလောင်းဘေးမှာ ရပ်နေတာကို တွေ့လိုက်ကြရတယ်" 


အဖြစ်မှန်များကို အတတ်နိုင်ဆုံး ဝန်ခံခဲ့သော အားချန် သည် ပြတင်းပေါက်အပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ 


“ဧကရာဇ်က သူ့ညီကို ငဲ့ပြီး ဒီကိစ္စကို လျှို့ဝှက်ထားတာကြောင့် ဘယ်သူမှ မသိကြပါဘူး” 


 “ဟင်…”


ဆာစီးနီယာ တုန်လှုပ်သွားသည်။ဝတ္ထုထဲတွင် စာကြောင်းတစ်ကြောင်းတည်းသာ ရေးသားခဲ့သော ဘန် ၏ အတိတ်သည် ဤမျှ နာကျင်လှသည်။ ဘန် သည် သူ့အမည်အစား အခြားသူ၏အမည်ဖြင့် နေထိုင်ရသောကြောင့် သနားစိတ်တို့ ယိုဖိတ်သွားရသည်။


"တစ်ကယ် တောင်းပန်ပါတယ်" 


အားချန် က လေးလေးနက်နက် ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။ 


“အဲ့ဒါကို ကျွန်မတောင် မသိရပါလား…” 


ဘန် သည် စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ကွယ်သွားပြီး ပြန်မလာသည့်အတွက် သူမ သူ့ကို ဒေါသထွက်ခဲ့သည်။ တစ်ခါတစ်လေ သူ့ကို ကျိန်စာတိုက်မိတတ်သလို တစ်ခါတစ်လေ သူ့ကို မေ့ပစ်ရန် ဆုံးဖြတ်တတ်သည်။ ဤသို့ဖြင့် အချိန်တို့သည် သူမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ သူမ၏ နှလုံးသားမှာ အလွတ်ဖြစ်နေသော်လည်း မေနှင့် သာမာန် လူတစ်ယောက်လိုသာ နေထိုင်ခဲ့သည်။


ရံဖန်ရံခါတွင် ဆာစီးနီယာ သည် ဘန် အကြောင်းကို တစ်ရက်လုံးလုံး မတွေးဘဲ နေသည့်‌ နေ့များရှိသည်။ သို့သော် ဘန် ကမူ မှောင်မည်းနေသော မြေအောက်ခန်းထဲတွင် သူမဆီ အရောက်ပြန်လာမည့် နေ့ကိုသာ စောင့်ဆိုင်းနေခဲ့ရှာသည်။ထိုသုံးနှစ်တာလုံး သူမ ဆီကိုသာ စိတ်စွဲနေခဲ့၏။


ဆာစီးနီယာ ထိုင်နေရာမှထလိုက်သည်။


သူမ၏ စိုးရိမ်စိတ်တို့ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်၊ သူမကိုယ်သူမ လက်မခံနိုင်ခြင်း၊သူမ အကြောင်းကို တခြားသူများ သိသွားမှာကို ဆက်ပြီး ကြောက်မနေတော့ဟု ဆုံးဖြတ်လိုက်သည်။


 


“အခုထွက်သွားရင် ဆရာနဲ့ မတွေ့လောက်ဘူး…မမလေး ဆရာ့ အခန်းထဲမှာ ဘာလို့ မစောင့်တာလဲ” 


"အင်း…ကျွန်မ သူ့အခန်းထဲပဲ သွားလိုက်မယ်" 


ထို့နောက် ဆာစီးနီယာ သည် အခန်းထဲမှ ထွက်သွားပြီး ဘန် ၏ အခန်းဆီသွားခဲ့သည်။ ယခု သူမ ခေါင်းထဲတွင် အတွေးတစ်ခုသာ ပြည့်နေတော့သည်။


 'ငါသူ့ကိုလွမ်းတယ်…သူ့ကိုချက်ချင်းတွေ့ချင်လိုက်တာ"


ဘန် ၏ ပြုံးနေသော မျက်နှာသည် သူမကို အမြဲကြည့်နေတတ်သည်။ သူ့လက်ကြီးများက သူမလက်များကို ဂရုတစိုက် ဆုပ်ကိုင်ထားကာ သူမနာမည်ကို တိုးတိုးကလေး ပြုံးပြီးခေါ်နေတတ်၏။


နောက်ဆုံးတွင် ဆာစီးနီယာ သည် သူ့အခန်းဆီ ရောက်သွားသည်။ သူမသည် တံခါးလက်ကိုင်ကို လှည့်ပြီး နွေးထွေးမှုမရှိသော အခန်းကလေးကို ဝင်သွားကာ ကုတင်နားဆီ လျှောက်သွား၏။


ဘန် က ဘာကြောင့် အလက်စ်ဒီမီကန် ဆိုတဲ့ နာမည်ကို မုန်းရတာလဲ… ဘန် လို့ ခေါ်လိုက်တဲ့ အချိန်မှာ ဘာကြောင့် ဒီလောက် ပြုံးနေရတာလဲ…


ထိုအကြောင်းရင်းတို့ကို သူမ သိလိုက်ရသည်။


'ကျွန်မသာ ရှင့်အကြောင်း မသိခဲ့ရင်...''


ဘန် မှာ နာမည်အရင်းတောင် မရှိသော်လည်း အလက်စ်ဒီမီကန် ဟု အများကခေါ်နေကြသည်။ ဆာစီးနီယာ၏ နှလုံးသားမှာ နာကျင်နေရတော့သည်။ထို့နောက် သူမသည် ကုတင်ပေါ် မှာ ထိုင်ချလိုက်ရာ ခွန်အားတွေ ပြည့်ဖြိုးလာသလို ခံစားရသည်။


 


'ရှင့်ကိုတွေ့ရင် ဘာပြောရမလဲ' 


သူ့မျက်နှာကို မြင်ရင် စကားတောင် မပြောနိုင်ဘဲ‌ ကြောင်သွားနိုင်သည်။ ဆာစီးနီယာ သည် တုန်ရီနေသော နှုတ်ခမ်းများကို ကိုက်ထားပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ ထို့နောက် ကုတင်ဘေးရှိ ပိတ်ထားသော အံဆွဲက သူမ မျက်လုံးများကို ဖမ်းစားလိုက်သည်။ ဘာကိုမှ မစဉ်းစားမိခင် သူမ လက်က အံဆွဲကို အရင်ဖွင့်လိုက်ပြီ ဖြစ်သည်။


အံဆွဲအလွတ်ထဲတွင် လက်ကောက်တစ်ရံသာ ရှိသည်။


 “လက်ကောက်ကလေး…” 


သူမ လက်ကောက်ကို သေသေချာချာ ကိုင်လိုက်ပြီး ကြည့်လိုက်သည် ။ ကောက်ရိတ်သိမ်းပွဲတော်တွင် သူတို့ဝယ်ခဲ့သည့် လက်‌ပတ်နှင့် ချည်မျှင်ချင်း အရောင်တူသော်လည်း ဟောင်းနွမ်းနေပြီး မာတောင့်တောင့် အဝိုင်းပုံရှိ၏။ အနီးကပ် ကြည့်လိုက်ရာ ချည်မျှင်များမှာ အနီရောင်နှင့် အပြာရောင်ချည်မျှင်တို့ရောထားမှန်း သိလိုက်ရသည်။


 


"ဒါလေးဆို ဆာစီးနီယာ နဲ့ လိုက်မယ် ထင်တယ်"


ထိုအချိန်တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က မူလိန်း ရွာတွင် ဈေးဝယ်ထွက်ရင်း အနီရောင်ချည်နှင့် အပြာရောင်ချည်ဖြင့် ပြုလုပ်ထားသော လက်ကောက်ကို ကြည့်ရင်း ဘန် ပြောခဲ့သော စကားများ သတိရလာသည်။


 "ဘန်…ငါ ဝယ်လိုက်ရမလား"


 "မဝယ်ပါနဲ့.." 


"ဘာလို့လဲ…လိုက်မယ့်ပုံပဲ"


 "သိပ်တော့လည်း လိုက်မယ်မထင်ပါဘူး"


ဘန် က သူမကို မဝယ်ဖို့ပြောခဲ့သော်လည်း သိပ်မကြာခင် လစာရတော့မည့် အချိန်နီးကပ်လာသည်။ 


"ဘယ်လိုမှ မဖြစ်နိုင်ဘူး…" 


ဆာစီးနီယာ ၏ မျက်လုံးများသည် အလွန်တုန်လှုပ်သွားသည်။