Chapter 81
ကောက်ရိတ်သိမ်းပွဲတော်မှာတုန်းက လက်ကောက်ပေးခဲ့စဥ် ဘန်ပြောခဲ့သည့်စကားတစ်ခွန်းရှိသည်။
“နောက်ကျနေပေမယ့် ကိုယ်မင်းကို တကယ်ပေးချင်ခဲ့တာပါ”
ထိုအချိန်တုန်းက ဆာစီးနီယာသည် ဘာနောက်ကျသွားတာလဲဆိုတာကို နားမလည်ခဲ့ပေ။ ဒီလက်ကောက်လေးက လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဘန် သူမကို ပေးခဲ့သည့်လက်ဆောင်ဖြစ်သည်ကိုသာ အသိအမှတ်ပြုနိုင်ခဲ့သည်။ ပုံစံပျက်တော့မည့် လက်ကောက်အဟောင်းကို ဘန်က သုံးနှစ်လုံးလုံး သိမ်းဆည်းထားခဲ့တဲ့ အချက်ကတော့ သူ့ခံစားချက်တွေက အစစ်အမှန်ဖြစ်ခဲ့ပြီး ဟိုးအရင်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ သူမထံသို့ သယ်ယူပို့ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ဆာစီးနီယာရဲ့ နှလုံးသားတွင် နွေးထွေးမှုများ ပျံ့နှံ့သွားသည်။
“ငါ့ရဲ့ ခံစားချက်တွေကို…”
မေပြောတဲ့ အရာအားလုံးကို စွန့်ခွာပြီး သူမရဲ့ခံစားချက်တွေကိုပဲ ထည့်တွက်တော့မယ်ဆိုတဲ့အကြောင်းကို တုံ့ပြန်ဖို့က အဖြေတစ်ခုသာရှိသည်။
‘ငါဒီထက်ပိုပြီး လျစ်လျူရှုတော့မှာမဟုတ်ဘူး’
အခုချိန်ကစပြီး သူမသည် တစ်ခါမှမကြုံတွေ့ဖူးသေးတဲ့ အနာဂတ်ကိုကြောက်ပြီး ထွက်ပြေးနေတော့မည်မဟုတ်။ ဘာလုပ်ရမှန်းမသိပဲ တုန်ယင်နေတဲ့ သူမရဲ့ မျက်ဝန်းများသည် ရုတ်တရက် ခက်ထန်သွားခဲ့သည်။
‘ငါတိုက်ရိုက်ရင်ဆိုင်မယ်’
ဘန်အပေါ်မှာထားတဲ့ ခံစားချက်ပဲဖြစ်ဖြစ်၊ မရေရာတဲ့ အနာဂတ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တိုက်ရိုက်ရင်ဆိုင်တော့မည်သာဖြစ်၏။ ဘန်ရဲ့ ဘေးမှာ ရှိနေချင်သောကြောင့်သာဖြစ်သည်။
‘ငါသူနဲ့အတူ ရှိနေချင်လို့’
“ဘာလို့လဲဆိုတော့ ငါ ဘန်ကို သဘောကျလို့”
သူမ သူ့ကိုပြောခဲ့သလိုပဲ သူမရဲ့ လောဘတွေကို ထုတ်ပြချင်သည်။ သူမရဲ့ ခံစားချက်တွေကို စဥ်းစားလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လောဘတွေဖြစ်သည်။
သူမ လက်ကောက်ကို အံဆွဲထဲသို့ ပြန်ထည့်ပြီးနောက် ကျွီကနဲဆိုသောအသံနှင့်အတူ ပိတ်ထားသောတံခါးဟာ ပွင့်လာလေသည်။ ပွင့်သွားသောတံခါးနောက်မှာ အမှောင်ထုထဲက ပုံရိပ်မည်းကိုသာမြင်ရလေသည်။
“ဆာစီးနီယာလား…”
ဘန်က သူ့အခန်းထဲမှာ သူမရှိနေတာကို မယုံကြည်နိုင်။
“ဘန်”
ဆာစီးနီယာသည် သူ့ထံသို့ ခြေလှမ်းလှမ်းလိုက်သည်။
“တကယ်ပဲ ဆာစီးနီယာ”
ဘန်က သူမကိုကြည့်ရင်း ထင်ယောင်ထင်မှားဖြစ်နေသည့်အတိုင်း အထပ်ထပ်အခါခါ စစ်ဆေးနေမိသည်။ သို့သော်လည်း သူ့ဆီကို တုံ့ဆိုင်းခြင်းမရှိလျှောက်လာတဲ့လူဟာ ဆာစီးနီယာပင်ဖြစ်သည်။
“ဘာလို့ ဒီကိုရောက်နေတာလဲ…”
သူ့မျက်ဝန်းများသည် ရှုပ်ထွေးမှုများဖြင့် တုန်ယင်နေ၏။ ထို့နောက် ရုတ်တရက်ဆိုသလိုပင် ဘန်က ဆာစီးနီယာ ဘာလို့ သူ့အခန်းထဲကိုရောက်နေရလဲဆိုတာကိုသိပြီး ပူလောင်နေတဲ့ သူ့နှလုံးသားသည် အေးစက်သွားရသည်။
“ပြန်သွားတော့”
ဘန်က လက်ဆီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လှည့်သွားသည်။ ဆာစီးနီယာ သူ့ဆီကိုလာရတဲ့အကြောင်းက သူမ ထွက်သွားတော့မည်ဖြစ်ကြောင်းကို ပြောဖို့သာဖြစ်မည်။ ထိုအချိန်တုန်းက ဘန်က စကားလုံးတွေနဲ့မဟုတ်ပဲ သူမကို မပျောက်ကွယ်သွားဖို့ တောင်းဆိုခဲ့သည်။
‘ငါ့ကိုနှုတ်ဆက်ဖို့ သူမ တစ်ချိန်လုံး စောင့်နေခဲ့တာလား’
ဘန်က သေးငယ်တဲ့ မျှော်လင့်ချက်လေးထားခဲ့မိတာ ရယ်စရာကောင်းပြီး အချည်းနှီးဖြစ်ခဲ့သည်။
“...ဘာ”
“မကြားချင်တော့ဘူး.. ပြန်တော့”
မမျှော်လင့်ထားတဲ့စကားကြောင့် ဆာစီးနီယာရဲ့ နှလုံးသားက နစ်မြုပ်သွားခဲ့သည်။ သူ့ဆီမှ သူမသည် တစ်ခါမှ အငြင်းမခံခဲ့ရဖူးပေ။ သို့သော်လည်း ပူပန်သောကရောက်နေသလိုနဲ့ သူ့နှုတ်ခမ်းကိုကိုက်နေတာကိုကြည့်ပြီး ဘန်က သူမ အဝေးကိုထွက်ပြေးသွားမည်ဟု နားလည်မှုလွဲနေတာကို သူမ သိရှိသွားရသည်။
“အဲလိုမဟုတ်ဘူး.. နင်သိလား.. ငါက..”
“ဆာစီးနီယာပဲ ကိုယ့်ကို လောဘကြီးဖို့ပြောခဲ့တာလေ”
ဘန်က စူးရှရှပြောလိုက်သည်။ သူ့ရဲ့ နီမြန်းနေတဲ့မျက်ဝန်းများသည် အနည်းငယ်တုန်ယင်နေ၏။
“ကိုယ်က မင်းကိုပဲ လောဘကြီးတာ.. ဒါပေမယ့် လက်မခံနိုင်တဲ့လောဘဆိုရင် ကိုယ်ဘာလုပ်ရမလဲ”
နောက်ဆုံးမှာတော့ မခံမရပ်နိုင်ဖြစ်နေတဲ့ သူ့ရဲ့ခံစားချက်တွေ ပွင့်အံထွက်လာတော့သည်။ သူဘယ်လောက်ပဲတွေးပြီး ချင့်ချိန်စဥ်းစားလည်း သူမကို သူလက်မလွှတ်လိုက်နိုင်။ ပြန်လည်စတင်ဖို့ကလွဲလျင် တခြားရွေးချယ်စရာမရှိ။
“ဘယ်လိုမျိုးကိုပြောတာလဲ ဆာစီးနီယာ.. ကိုယ်တကယ် မသိတော့ဘူး”
ထိုသို့ပြောပြီး သူသည် ခေါင်းငိုက်စိုက်ကျသွားသည်။ သူ့ရဲ့ ကျယ်ပြန်တဲ့ပုခုံးသည် မျှော်လင့်ချက်မဲ့စွာနဲ့ လျော့ကျနေခဲ့သည်။ ဆာစီးနီယာက ရှေ့တိုးပြီး သူ့ရဲ့အင်္ကျီကော်လာကို ဆွဲယူလိုက်သည်။ သူမသည် သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“သုံးနှစ်လုံးလုံး နင်ဘာမှမပြောပဲ ပျောက်သွားတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိတယ်”
ဘန်က အံ့အားသင့်မှုကြောင့် ခေါင်းမော့ကြည့်လာလေသည်။
“လက်နက်တွေထားတဲ့ မြေအောက်ခန်းမှာ အကျဥ်းချခံထားခဲ့ရပြီး အလက်စ်ဒီမီကန်ဆိုတဲ့နာမည်ကလည်း နင့်နာမည်မဟုတ်ဘူးဆိုတာကို”
“ဘယ်လို…”
သူ့ရဲ့ သွေးရောင်ကြွသောမျက်ဝန်းများသည် ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့သည်။
‘ငါပုန်းရှောင်နေချင်ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ဆာစီးနီယာက ဘယ်လိုသိတာလဲ’
“ဘာလို့လဲ.. ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ.. ငါက အဲဒါကိုတောင်မသိပဲ ဆက်ပြီး…”
အပြစ်တင်နေခဲ့မိတာ။
ဆာစီးနီယာက ထိုစကားလုံးများကို ပြန်လည်မျိုသိပ်လိုက်သည်။ အခုဆိုရင် သူမက အမှန်တရားအားလုံးကို သိနေပြီဖြစ်သည့်အတွက် သူ့ကို ထိုစကားလုံးများနဲ့ ထပ်ပြီး မနာကျင်စေလိုတော့။
“ဒါက အတိတ်မှာပြီးခဲ့တဲ့ဟာတွေပဲဆိုတော့ အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့”
ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများ အငွေ့ပျံပျောက်ကွယ်သွားသကဲ့သို့ ဘန်ရဲ့ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားရသည်။ ဘန်က သူ့ရဲ့ အတိတ်ဆုံးကို ဆာစီးနီယာအား မသိစေချင်ခဲ့။ သူမအတွက် မှီခိုလို့ရပြီး ကာကွယ်ပေးနိုင်တဲ့ ယုံကြည်အားထားရသောသူတစ်ယောက်ဖြစ်ချင်ခဲ့သည်။ သို့သော် ဆာစီးနီယာက ထိုအကြောင်းအားလုံးကို သိနေတာကို သူမယုံနိုင်။ နာကျင်မှုဝေဒနာများကို ခံစားနေရချိန်အတောတွင်းမှာ ဆာစီးနီယာကို တွေ့ဖို့ဆိုတာ ဘန်အတွက် မဖြစ်နိုင်ခဲ့။ ဆာစီးနီယာရဲ့ ချိုသာတဲ့မျက်ဝန်းလေးတွေဟာ သူ့ကို ကရုဏာကြင်နာမှုတွေ ပြသနေလိမ့်မည်ဟု ခံစားမိသည်။
ဘန်က အရင်တုန်းကလို ကာကွယ်ပေးရမယ့်သူလိုမျိုးမဟုတ်ပဲ ဆာစီးနီယာရဲ့ဘေးမှာ တန်းတူညီမျှစွာ ရှိနေချင်ခဲ့သည်။ သို့သော်လည်း သူရုန်းကန်ခဲ့တာတောင်မှ ဘာမှမထူးခြားပဲ ဒုံရင်းအတိုင်းပဲ ပြန်ဖြစ်ခဲ့သည်။ ပူပန်သောကရောက်နေရတာနဲ့ သူ့မျက်နှာသည် စိတ်မချမ်းမသာဖြစ်နေခဲ့သည်။
“အတိတ်မှာပြီးခဲ့တဲ့အရာက ဘယ်လိုမျိုးလဲဆိုတာ သိရဲ့လား.. နင့်နောက်ကျောမှာ ဒဏ်ရာရစေခဲ့တယ်လေ.. တခြားသူနာမည်နဲ့ နင်က အသက်ရှင်နေထိုင်ခဲ့တာပဲ”
အဆင်ပြေပါတယ်လို့ပြောနေတဲ့သူ့ကို ဆာစီးနီယာက ဒေါသအသံနဲ့ မြှင့်ပြောလိုက်သည်။
‘အတိတ်မှာပဲအားလုံးပြီးသွားခဲ့ပြီမို့ အဆင်ပြေတယ်တဲ့လား.. ဟင့်အင်း.. လုံးဝ အဆင်မပြေဘူး’
ဘန်က သူ့ဒဏ်ရာကိုတောင် အလေးမထားပဲ ဖြစ်သလိုနေနေသည့်အတွက် သူမရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဥများ ရစ်ဝဲတက်လာရသည်။ သနားစရာကောင်းတဲ့ပုံစံနဲ့ မငိုသည့်အတွက် သူမရဲ့ နှုတ်ခမ်းကို ကိုက်ခဲထားမိပေမယ့် မျက်ရည်စများဟာ သူမရဲ့ အမြင်အာရုံမှာ ပြည့်နှက်ဖုံးကွယ်နေတော့သည်။
“ဆာစီးနီယာရယ်.. ကျေးဇူးပြုပြီး.. ကိုယ် အသနားမခံချင်ဘူး”
ခက်ခဲပေမယ့်လည်း ဆာစီးနီယာသည် ဒေါသနဲ့ သူမမျက်နှာကို သုတ်သင်ရှင်းလင်းလိုက်သည်။
“ဒါ သနားတာမဟုတ်ဘူး”
“မင်းကိုယ့်ကို သနားနေတာလေ”
“...”
“မင်းမသိဘူး.. မင်းရဲ့ ကြင်နာမှုတွေက ကိုယ့်အတွက်ပိုပြီး ခက်ခဲစေတယ်ဆိုတာ.. ထွက်သွားမယ်ဆိုရင်လည်း ကိုယ့်ကိုပိုပြီး လောဘတက်အောင်မလုပ်ပါနဲ့တော့.. ဒါက လွဲမှားနေတဲ့ မျှော်လင့်ချက်ပဲဖြစ်နေမှာ”
ဘန်က သူ့ရဲ့အင်္ကျီကော်လာကို ဆုပ်ကိုင်ထားတဲ့ ဆာစီးနီယာရဲ့လက်ကို ဖယ်ရှားဖို့ ရုန်းကန်လိုက်သည်။ ဒီလိုလုပ်ဖို့အလွန်ခက်ခဲပေမယ့်လည်း လုပ်မှဖြစ်မည်။ သူမ ဒီလိုတွေပိုလုပ်လေ သူ့ရဲ့အလိုလောဘစိတ်တွေက ပိုကြီးထွားလာလေဖြစ်သည်။ သူမနားကို ပိုတိုးချင်ပြီး ထိတွေ့ဖက်တွယ်ချင်ကာ သူမအတွက် တစ်ယောက်သောသူဖြစ်ချင်သည်။ သူ့ရဲ့ အလိုကြီးမှုတွေက မပြီးဆုံးနိုင်ပဲ ဒီလိုရိုးရိုးရှင်းရှင်းအတူရှိနေရတာကတောင် သူ့အတွက် မလုံလောက်နိုင်တော့ပေ။ ထို့အတွက် ဒီနေရာကနေသာ ပြန်လှည့်ထွက်မှရပေလိမ့်မည်။ မဟုတ်လျင် ဘန်သည် ရွေးချယ်စရာမရှိပဲ သူမကို ဖိအားတွေပေးမိလေတော့မည်။
“ကျေးဇူးပြုပြီး အခုပြန်ပါတော့”
ဘန်က သူမဆီက အကြည့်ကို တတ်နိုင်သမျှရှောင်ခွာပြီး အခန်းထဲကို ဝင်သွားသည်။ သူမရှေ့ကနေ ဘာမှမဖြစ်သလို သာမန်ကာလျှံကာဖြတ်သွားရတာဟာ အဆိပ်တစ်ခွက်ကို မျိုချရသလို ခါးသီးနာကျင်စေလွန်းသည်။
“ငါနင့်ကို သဘောကျတယ်”
သို့သော်လည်း သူ့အနောက်ကအသံကြောင့် ရွေးချယ်စရာမရှိပဲ ရပ်တန့်သွားရသည်။ ဘန်သည် မိုးကြိုးပစ်ခံလိုက်ရသလို တင်းမာတောင့်တင်းသွားရ၏။
“ဘန် ငါနင့်ကို သဘောကျတယ်.. သဘောကျတယ်လို့…”
ဆာစီးနီယာက မျက်ရည်များကိုသုတ်ပြီး သူ့နောက်ကျောဘက်ကိုလှည့်ကာ သူမရဲ့ ရိုးသားစစ်မှန်တဲ့ ခံစားချက်များကို ဝန်ခံလိုက်လေသည်။ ဘန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူမသည် ဘန် သူမကို ဘယ်တော့မှထပ်မကြည့်တော့ဘူးအထင်နှင့် စိုးရိမ်ကြောင့်ကြမှုများကြောင့် မျက်ရည်များ တရဟောစီးကျလာလေတော့သည်။
“ငါနင့်ဘေးမှာ ရှိနေချင်တယ်.. ငါ့ကိုဆက်ပြီး သဘောကျနေစေချင်တယ်.. ငါ့အတွက် ပိုပြီးအလိုလောဘကြီးစေချင်တယ်”
အဓိပ္ပာယ်မဲ့တဲ့ ကယောက်ကယက်စကားများကို ပြောမိနေမှန်းတောင် သူမကိုယ်သူမ မသိတော့ချေ။ သူမရဲ့ ခံစားချက်တွေကို သိရှိစေဖို့က အလွန်ကို ခဲယဥ်းလွန်းပေသည်။
‘ဒီလိုခက်ခဲတဲ့စကားတွေကို ငါသူ့ကို ဘယ်နှကြိမ်တောင် ပြောလိုက်မိတာလဲ’
သူ့ဆီက ရရှိထားမှုတွေအများကြီးရှိနေသည့်အတွက် အခုချိန်မှာ သူ့ကို ပြန်ပေးချင်မိပြီး သူမရဲ့ ခံစားချက်တွေကိုလည်း သင့်တင့်လျောက်ပတ်စွာ ပြသချင်မိသည်။ ငိုကြွေးသံရောနေတဲ့ သူမ၏အသံသည် အဆက်မပြတ် တုန်ယင်နေခဲ့သည်။
“ငါဆက်ပြီးမလုပ်နိုင်တော့ဘူးဆိုတာက လိမ်ခဲ့တာ.. ဒီကနေထွက်သွားမယ်လို့ ပြောခဲ့တာကလည်း တကယ် မရည်ရွယ်ခဲ့ဘူး.. ငါ့အခြေနေကို ငါကြောက်ရွံ့နေမိရုံပဲ.. ဒီကျိန်စာနဲ့တူတဲ့ စွမ်းအားတွေက နင့်ကိုနာကျင်စေနိုင်တယ်.. အဲဒါကြောင့်.. အဲဒါကြောင့်…”
ဆာစီးနီယာရဲ့လက်သည် အလွန်အမင်းတုန်ယင်နေမှုကြောင့် သူမရဲ့ စကတ်အနားကွပ်ကိုပင် ဖမ်းဆုပ်ထားမိတဲ့ထိဖြစ်သည်။
“တကယ်… ပြောနေတာလား”
ဘန်က ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည်။ သူကြားလိုက်တာ မှန်ရောမှန်ရဲ့လားဆိုတဲ့ သံသယမျက်နှာထားလည်း ရှိနေသည်။
“ငါနင့်ကို သဘောကျတယ်.. တကယ်ပြောတာ”
“ဆာစီးနီယာ ဒီစကားကို မေတ္တာရှိလို့ပြောနေတာမဟုတ်ပဲ သနားလို့ပြောနေတာဆိုရင်တော့ အခုတော်လိုက်ပါတော့…”
“မဟုတ်ဘူး”
ဆာစီးနီယာက သူမပြောတာကိုမယုံတဲ့သူ့ကို အော်လိုက်မိသည်။ သူမက အရင်ဆုံးခြေလှမ်းလိုက်ပြီး နှစ်ယောက်ကြားက အကွာအဝေးကို ကျဥ်းစေလိုက်သည်။ သူမရဲ့မျက်ရည်များက မျက်နှာတစ်ခုလုံးပေပွနေနိုင်ပေမယ့် အခုချိန်မှာတော့ ခံစားချက်အစစ်အမှန်တွေကိုသာ သူ့ထံသို့ ရောက်ရှိစေချင်တော့သည်။
“...”
ဘန်က သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ ဆာစီးနီယာကို နားမလည်ဟန်နှင့် ငုံ့ကြည့်နေမိသည်။
‘ငါအခု အိပ်မက်မက်နေတာလား.. ဒီအခြေအနေကိုရောက်ရှိဖို့အတွက် အရမ်းတောင့်တခဲ့ရလို့ သူမက ငါ့အိပ်မက်ထဲမှာ ပေါ်လာတာများလား’
“ဒါသာ အိပ်မက်ဆိုရင်… ဒါသာ အိပ်မက်ဆိုရင်.. အရမ်းကို ရက်စက်ရာကျမှာပဲ”
တဒုတ်ဒုတ်နာကျင်နေတဲ့ နှလုံးသားကို လျစ်လျူရှုကာ မျက်ဝန်းအစုံကို မှိတ်ချလိုက်သည်။ သူ့ပါးပြင်တစ်လျှောက်မှာ တစ်စုတစ်စည်းတည်း ကျဆင်းလာနေတဲ့ မျက်ရည်များကို ရှင်းလင်းစေလိုက်သည်။ ဒါသာ အိပ်မက်ဆိုလျင် အခုချိန်မှာ နိုးထလိုက်တာ အကောင်းဆုံးဖြစ်သည်။ ဒီချိုမြိန်တဲ့ စိတ်ကူးယဥ်ကမ္ဘာကိုသာ ခံစားနေမိမယ်ဆိုရင် လက်တွေ့ဘဝမှာ သူမက သူ့အနားမှာမရှိဘူးဆိုတဲ့ အမှန်တရားကြောင့် သေဆုံးသွားဖို့အတွက် ဆုံးရှုံးမှုတွေနဲ့ စိတ်ဒုက္ခဝေဒနာတွေကို ခံစားရမည်သာဖြစ်သည်။
“ဒါအိပ်မက်မဟုတ်ဘူး”
ဆာစီးနီယာရဲ့လက်က သူ့ရဲ့မျက်ဝန်းထောင့်စွန်းလေးကို ညင်သာစွာ ပွတ်လိုက်သည်။ ပူနွေးတဲ့မျက်ရည်များက သူမရဲ့ လက်ချောင်းတစ်လျှောက် စိုစွတ်သွားစေသည်။ ဘန်ရဲ့ ပျော်ရွှင်မှုကသာ ဆာစီးနီယာရဲ့ဘေးမှာရှိရင် သူမသည် ချက်ချင်း မတုံ့ဆိုင်းပဲ ပေးမိမည်သာဖြစ်သည်။
“နင်သံသယဝင်နေတာရှိရင် အချိန်မရွေး ငါပြောပြနိုင်တယ်.. ငါနင့်ကို သဘောကျတယ်.. ငါနင့်ကို တကယ် သဘောကျတယ်”
သူမရဲ့ ပြတ်သားတဲ့စကားနောက်မှာ ဘန်က သူ့ရဲ့ တုန်ယင်နေတဲ့ မျက်ခွံကို လှန်ကြည့်လိုက်သည်။ သူ့ရဲ့ ပါးပြင်မှာ ခံစားနေရတဲ့ နွေးထွေးမှုက သေချာပေါက် သူမပင်ဖြစ်သည်။ ထိုနွေးထွေးမှုကို ထင်ယောင်ထင်မှားအနေနဲ့ ဖယ်ထုတ်ပစ်လိုက်လို့မရ။ သူ့ရဲ့ တုန်ယင်နေတဲ့လက်နဲ့ သူမရဲ့ မျက်နှာလေးကို ကြင်နာစွာပွတ်သပ်မိသည်။
“ဆာစီးနီယာ…”
သူ့လက်ဖဝါးပေါ်မှာ နူးညံ့တဲ့ အထိအတွေ့ကို ခံစားမိသည်။ သူ့ရဲ့ မျက်ရည်ဝဲနေသောမျက်ဝန်းများသည် လှိုင်းလုံးများသကဲ့သို့ လှုပ်ခါနေသည်။
“အင်း ငါဒီမှာရှိတယ်”
ဆာစီးနီယာက သူမရဲ့ ပါးပြင်ပေါ်သို့ ညင်သာစွာပွတ်သပ်နေတဲ့ သူ့လက်ဖမိုးပေါ်ကို သူမရဲ့လက်အား တင်လိုက်သည်။
“ဘန် ငါနင့်ကို သဘောကျတယ်”
သူ့မျက်ဝန်းများ ပြူးကျယ်သွားရသည်။ ပြင်းထန်တဲ့ ထိတ်လန့်မှုက သူ့နှလုံးသားကို ကျယ်လောင်စွာ ခုန်မြည်စေသည်။
“အရမ်းပဲ”
ဘန်သည် သူမပွေ့ဖက်ထားသကဲ့သို့ ပြန်လည်ပွေ့ဖက်လိုက်သည်။ သူစောင့်မျှော်နေခဲ့ရတဲ့ အပူချိန်သည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာပြီး သူ့နှလုံးသာက ပြည့်နှက်သွားကာ ပေါက်ကွဲထွက်တော့မလိုပင် ခံစားရသည်။
“ဆာစီးနီယာ…”
သူမရဲ့နာမည်ကို မကြာခဏခေါ်ရင်း သူ့လက်နဲ့ သူမအား ထိန်းကိုင်ထားမိသည်။
“ငါနင့်ဘေးမှာရှိနေချင်တယ်”
ဆာစီးနီယာက သူမရဲ့လက်တွေနဲ့ သူ့နောက်ကျောအား လွှမ်းခြုံထားမိသည်။
“... ဒါက အိပ်မက်လိုပဲ”
သူ့နှလုံးသားသည် မီးများတောက်လောင်နေသကဲ့သို့ ပူပြင်းနေခဲ့သည်။ ဒီအခြေနေက စိတ်ကူးယဥ်ဖြစ်ရပ်လည်း မဟုတ်သလို အိပ်မက်လည်းမဟုတ်ပါ။ ဒါတွေအားလုံးက အစစ်မှန်တွေသာဖြစ်၏။
“ကိုယ်မင်းကို ထပ်ပြီး လက်မလွှတ်တော့ဘူး”
သူမကို လက်မောင်းတွေကြားမှာ ပို၍တင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။ တစ်ဖက်သတ်တည်း ခံစားချက်ရှိနေတာမဟုတ်ဘူးဆိုတဲ့အသိသည် သူ့ကို မျက်ရည်ဝဲစေတဲ့ထိ စိတ်ခံစားလွယ်စေသည်။
“ငါနင့်ကို သဘောကျတယ်.. အမြဲတမ်းအတွက်..”
သူ့မျက်နှာကို သူမရဲ့ ကုပ်ပိုးပေါ်သို့ နစ်မြုပ်ထားစေလိုက်ပြီး ခံစားချက်တွေကို ဖွင့်ထုတ်လိုက်လေတော့သည်။
Xxxxxx