Chapter 82
နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ ပွေ့ဖက်ထားကြသည်။ ဆာစီးနီယာက သူ့ရဲ့ ကြီးမားပြီး နွေးထွေးတဲ့ လက်မောင်းများကြားမှာ ပို၍နက်နဲစွာ နစ်မြုပ်ထားမိသည်။ သူမရဲ့ နားထဲမှ ကြားနေရသော ဘန်ရဲ့ နှလုံးခုန်သံထက် သူမရဲ့ နှလုံးခုန်သံက ပို၍ မြန်ဆန်နေသလို ခံစားရသည်။
အရာအားလုံးက အဆင်ပြေခဲ့လေသည်။ အချိန်တွေသာ ဒီအတိုင်းလေးရပ်တန့်နေမည်ဆိုလျင် သိပ်ကောင်းမည်။ မိနစ်အနည်းငယ်ကုန်လွန်သွားတာနဲ့အမျှ သူမသည် သူ့ကိုဖက်ထားရာက လွှတ်လိုက်ပြီး ဘန်ကတော့ သူမကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသည့်အလား သူ့လက်မောင်းများကို တင်းကျပ်ထားဆဲဖြစ်သည်။
“မလုံလောက်ဘူး”
“ဟမ်”
“မလုံလောက်သေးဘူး.. အဲဒါကြောင့် နည်းနည်းလောက်ပိုပြီး ဖက်ထားခွင့်ပြုပါဦး”
သူမနဲ့ဝေးကွာခဲ့ရတဲ့အချိန်တွေကို ပြန်လည်ပေးဆပ်နေသည့်အလား ဘန်သည် သူမရဲ့ ခါးကို ပွေ့ဖက်ထားပြီး လက်မလွှတ်ပေးသေးချေ။ ဆာစီးနီယာက ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
အမှောင်ခန်းထဲမှာ တောက်ပနေတဲ့ လရောင်သည် အလွန်လှပ၏။ လမင်းကြီးက သူတို့နှစ်ယောက်အား ကောင်းချီးပေးနေသကဲ့သို့ အရင်ရက်တွေတုန်းကပို၍ တောက်ပနေခဲ့သည်။
“ဘန် နင်ဖြစ်စေချင်တယ်ဆိုရင် ငါအဲဒါကို မီးရှို့ပစ်လိုက်လို့ရတယ်”
နှစ်ယောက်လုံးရဲ့ အသက်ရှုသံတွေပဲကြီးစိုးနေချိန်မှာ ဆာစီးနီယာဘက်က အရင်ဆုံး အသံထွက်လာသည်။
“ဘာကိုပြောနေတာလဲ”
“မြေအောက်ခန်း”
ဘန်က ‘မြေအောက်ခန်း’ ဆိုတဲ့အသံကြားတာနဲ့ ထိတ်လန့်သွားပြီးမှ ညင်သာစွာပြုံးလိုက်သည်။ ဆာစီးနီယာက ပြောလိုက်တာက အရမ်းကိုတည့်တိုးဆန်လွန်းပေမယ့် ဒါကပင် သူမရဲ့ နဂိုပုံစံဖြစ်ပေသည်။ ဘန်ကတော့ သူမပြောသမျှကို သဘောကျနေမိတော့သည်။
“နင်ဖြစ်စေချင်ရင် အချိန်မရွေး ငါလုပ်ပေးလိုက်လို့ရတယ်”
ဆာစီးနီယာက အဓိပ္ပာယ်ရှိရှိပြောလိုက်ခြင်းဖြစ်သည်။ ဘန်အတွက် ဆိုးရွားတဲ့မှတ်ညဏ်တွေ ထင်ကျန်စေခဲ့တဲ့ နေရာကို ချက်ချင်းမီးလောင်တိုက်သွင်းပစ်လိုက်ချင်သည်။
“ရပါတယ် မင်းသာ ကိုယ့်ဘေးမှာရှိမယ်ဆိုရင် အရာအားလုံးအဆင်ပြေတယ်”
သူက ပေါ့ပါးစွာပြုံးလိုက်ပြီး ချစ်ခင်ကြင်နာမှုများပြည့်နှက်နေသော မျက်ဝန်းများကို မှိတ်ချလိုက်သည်။ သူမရဲ့ အရေပြားက သူ့နှာခေါင်းထိပ်ကို ထိတွေ့မိပြီး ကိုယ်သင်းနံ့နဲ့ ရေမွှေးနံ့က လေနှင့်အတူပါလာလေသည်။ ထိုအနံ့ကို သူရရှိလိုက်ချိန်မှာ သူ့နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်လာခဲ့ပြီး သူ့စိတ်အစုံဟာ ငြိမ်းချမ်းသွားရသည်။ ဒီမိန်းကလေးကို ပိုင်ဆိုင်ပြီး သူ့ဘေးမှာထားထားနိုင်ဖို့က ဘန်အတွက် ဘယ်လောက်တောင်များ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ရသလဲ။
သူ့ရဲ့ ကယ်တင်ရှင်ပင်ဖြစ်သည်။
ဆာစီးနီယာက သူ့ဘဝမှာ အစားထိုးမရနိုင်တဲ့ အလင်းရောင်လေးသာဖြစ်ပေ၏။
“ဒီနာမည်နဲ့ နေနေရတာ တကယ်အဆင်ပြေရဲ့လား” သူ့ရဲ့ ကျယ်ပြန်တဲ့ကျောပြင်ကို ညင်သာစွာပွတ်သပ်ရင်း သူမက မေးလိုက်သည်။
ကိုယ့်နာမည်အရင်းနဲ့ကိုယ်မနေရပဲ တခြားသူတစ်ယောက်ရဲ့ အမည်နာမနဲ့ ရှင်သန်နေရတဲ့ သူ့ကို ဆာစီးနီယာက စိတ်မကောင်းဖြစ်မိသည့်အတွက် ဂရုစိုက်ပေးချင်မိသည်။
“ဘန်ဆိုတဲ့ ကိုယ့်မှာ တစ်ခုတည်းရှိတဲ့ နာမည်ပဲ.. တခြားသူတွေမသိလည်း ကိစ္စမရှိဘူး.. ဘန်လို့ခေါ်တဲ့သူက ဆာစီးနီယာတစ်ယောက်ပဲရှိတယ်ဆိုရင်တောင် ကျေနပ်တယ်”
သူမရဲ့ နှလုံးသားထဲမှာ ဟိန်းထွက်သွားတဲ့အနိမ့်သံကြောင့် ဆာစီးနီယာရဲ့ မျက်နှာဟာ ပူတက်သွားရသည်။ သူမကို သဘောကျပါတယ်လို့ပြောတဲ့စကားလုံးတွေထက် ဒီလိုစကားလုံးမျိုးတွေမှာလည်း သူမရဲ့ နှလုံးသားဟာ တစ်နည်းနည်းနဲ့တော့ ခုန်ပေါက်ပြေးလွှားသွားရသည်။
“ကိုယ်က အမြဲမင်းရဲ့ ဘန်ပါ”
ချက်ချင်းဆိုသလိုပင် နွေးထွေးပြီးနူးညံ့တဲ့ ခံစားချက်က သူမရဲ့ လည်ပင်းကို ထိတွေ့လာပြီး ကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမကို တင်းကျပ်စွာ ဖက်တွယ်ထားသော သူ့လက်သည် လျော့ကျသွားခဲ့သည်။ သူမခေါင်းမော့ကြည့်လိုက်ချိန်မှာ သူ့ရဲ့ ညင်သာတဲ့အပြုံးလေးကို တွေ့လိုက်ရသည်။
“ဒါဆို နင့်နာမည်အရင်းနဲ့နေချင်လာတဲ့အချိန်တိုင်း ငါ့ကိုပြော.. အဲလိုအချိန်တွေမှာလည်း ငါနင့်ဘေးမှာ ရှိနေပေးမယ်”
ဆာစီးနီယာက သူ့ကို နူးညံ့ညင်သာစွာပြုံးပြလိုက်သည်။ သူမ စိတ်ဆုံးဖြတ်ပြီးတာနဲ့ သူ့ဘေးမှာရှိနေပေးဖို့ သန္နိဌာန်ချထားခဲ့ပြီးဖြစ်သည်။
“ဆာစီးနီယာ”
ဘန်က သူမထံသို့ အပြုံးနှင့် လှမ်းလာလိုက်သည်။ မျက်ရည်စများ ထင်ကျန်နေသော သူမရဲ့ ပါးပြင်လေးပေါ်သို့ သူ့ရဲ့ လက်ချောင်းများသည် ကြင်နာယုယစွာ ပွတ်သပ်လိုက်သည်။
“ကိုယ်ဒီနေ့ မင်းနဲ့အတူ ရှိနေချင်တယ်”
ဒါသည် အန္တရာယ်များတဲ့စကားပင်ဖြစ်သည်။ ထိုစကားမှာ သူမရဲ့ အတွေးပတ်လမ်းသည် ရပ်တန့်သွားခဲ့ရသည်။
ဆာစီးနီယာသည် သူမရဲ့ ခြောက်သွေ့တစ်လျှောက်ကို တံတွေးမျိုချလိုက်မိသည်။ သူ့ရဲ့ တောက်လောင်နေတဲ့ မှောင်မိုက်မိုက်ခရမ်းရောင်မျက်ဝန်းများသည် သူမရဲ့ ခန္ဓာကိုယ်ကို စူးစိုက်၍ငေးကြည့်နေသည့်အတွက် လှုပ်ပင်မလှုပ်နိုင်တော့။ သူ့ရဲ့ ရှည်လျားတဲ့လက်ချောင်းများသည် သူမရဲ့ ပါးပြင်တစ်လျှောက်ကို ဖြည်းညင်းစွာ ပွတ်သပ်သွားပြီး လွင့်ပါးကျနေသောဆံနွယ်များကို နားနောက်သို့ ညှပ်လိုက်၏။ ဘန်ရဲ့ လက်ဖျားထိပ်နဲ့ ထိတွေ့သွားသည့်အချိန်တိုင်း ရင်ခုန်စိတ်လှုပ်ရှားရသည့်အတွက် သူမသည် မူးဝေချင်သလိုတောင် ခံစားရလာသည်။
ဆာစီးနီယာသည် သူမရဲ့ တုန်လှုပ်နေတဲ့ မျက်ဝန်းများနဲ့ သူ့အား ဖက်တွယ်ထားရင်း ငေးကြောင်ကြောင်နဲ့ ရပ်ကြည့်နေမိသည်။ ဘန်ရဲ့ လက်က သူမရဲ့ ပါးပြင်ကနေ လျှောဆင်းသွားပြီး သူမရဲ့ လက်ချောင်းမှ လက်ဆစ်များကို ညင်သာစွာ ပွတ်သပ်နေမိသည်။ ထိုပုံစံက သူမရဲ့ ခန္ဓာကိုယ်တစ်လျှောက်လုံးက အာရုံကြောဆဲလ်များသည် သူ့လက်ချောင်းထိပ်များပဲ ပြေးလွှားနေသလိုခံစားရသည်။ ဘန်က သူမရဲ့ လက်ကို ကိုင်တွယ်လိုက်ချိန်တိုင်း အထိမခံနိုင်တဲ့ သူမရဲ့ လက်ချောင်းများသည် တုန်ယင်သွားရသည်။
“မရဘူးလား”
သူသည် သူမရဲ့လက်ကို ညင်သာစွာ ဖမ်းကိုင်လိုက်သည်။ သူ့မျက်ဝန်းများသည် သူမရဲ့ မျက်ဝန်းထံသို့ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ဆာစီးနီယာသည် သူမရဲ့ ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်ပြီးနောက် သူ၏ ဆုပ်ကိုင်မှုကို ခံထားရသော သူမရဲ့လက်အား တွေ့လိုက်ရသည်။ သူသည် တင်းကျပ်စွာဆုပ်ကိုင်ထားပေမယ့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ လက်ရဲ့ တင်းကျပ်မှုက သူ့နှလုံးသားကို ကိုယ်စားပြုနေသည်။ သူမနဲ့ ဆက်လက်ရှိနေချင်တဲ့ ဆန္ဒပင်ဖြစ်၏။ ဆာစီးနီယာက သူမရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာကို မော့လိုက်ကာ သူ့ထံသို့ ပြုံးကြည့်လိုက်သည်။
“ဒါပေါ့”
သူတို့နှစ်ယောက်သည် အမြဲအတူတူရှိချင်သောကြောင့်ပင်ဖြစ်သည်။ ဒီညမှာ သူမသည် သူ့ဆီက ကြားချင်နေတဲ့အရာတွေအများကြီးရှိ၏။
ဆာစီးနီယာသည် သူမတို့၏လက်အား တင်းမြဲစွာ ချိတ်ဆွဲထားလိုက်သည်။ သာမာန်ထက်ပိုကဲနေသော သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်များသည် ချိတ်ဆွဲထားသောလက်များကြားမှာ ဝေမျှလျက်ရှိနေသည်။
***
“အား…”
ဆာစီးနီယာက နာကျင်မှုကြောင့် ညည်းတွားလိုက်သည်။
“အရမ်းနာလား”
ဘန်က ဆာစီးနီယာကို စိတ်ပူသောမျက်နှာထားဖြင့်ကြည့်ကာ မေးလိုက်သည်။
“မနာပါဘူး အဆင်ပြေပါတယ်”
“ဘာလို့ ကိုယ့်ကိုကြိုမပြောတာလဲ.. ယောင်တောင်ယောင်နေပြီကို”
ဆာစီးနီယာက သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစားများကိုလဲကာ အခန်းကိုပြန်သွားသည်။ သို့သော်လည်း သူမရဲ့ ညအိပ်ဝတ်စုံသည် ခြေချင်းဝတ်ကို မြင်နေရတဲ့ အရှည်အလျားဖြစ်သည်။ လှေကားပေါ်က အဆင်းမှာ အဆစ်လွဲသွားတဲ့ သူမရဲ့ ခြေချင်းဝတ်သည် ဖူးရောင်နေပြီး အညိုရောင်ဒဏ်ရာဖြစ်နေကာ ဘန်က တွေ့သွားခြင်းဖြစ်သည်။
“တခြားနေရာတွေရော နာနေသေးလား.. ဒါမှမမဟုတ် ဒီနေရာထက်ပိုနာတဲ့နေရာရှိလား”
သူမသည် ဆိုဖာပေါ်ထိုင်နေချိန်မှာ ဘန်က သူမရှေ့တွင် ဒူးထောက်၍ထိုင်နေသည်။ သူမရဲ့ ဖူးရောင်နေသော ခြေချင်းဝတ်သည် သူ့ရဲ့ ပေါင်ပေါ်မှာ တင်ရှိလျက်ဖြစ်သည်။
“ဟင့်အင်း ရေနွေးနဲ့ရေချိုးလိုက်ရင် အဆင်ပြေသွားမှာပါ”
“ကိုယ်အခု ဆရာဝန်ခေါ်လိုက်မယ်”
“ဒီအချိန်ကြီးကိုလား.. မခေါ်ပါနဲ့”
သူထွက်သွားတော့မလို့လုပ်နေချိန်မှာ ဆာစီးနီယာက ချက်ချင်းလှမ်းတားလိုက်ရသည်။ အပြင်မှာ ပိန်းပိတ်အောင်မှောင်နေတဲ့ နောက်ကျသောညအချိန်ဖြစ်နေပြီပင်ဖြစ်၏။
“ကုသမှုခံယူဖို့လိုတယ်လေ”
သူ့မျက်နှာသည် စိတ်အနှောင့်အယှက်ဖြစ်မှုထဲသို့ တိမ်ဝင်နေသည်။
“ရေနွေးနဲ့ရေချိုးလိုက်ရင် အဆင်ပြေသွားမှာပါ.. မနက်မှ အခြေအနေကြည့်ကြည့်လည်း နောက်မကျသေးပါဘူး”
သူသည် အခုထိ စိတ်ပူနေမှာကိုစိုးသည့်အတွက် သူမက သူ့လက်အား ဖမ်းဆုပ်လိုက်သည်။
“ဘန် အခု ငါနင်နဲ့ပဲ နှစ်ယောက်တည်းအတူရှိချင်တယ်”
ဘန်သည် သူမရဲ့စကားလုံးများကြောင့် တင်းမာသွားရသည်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ မျက်နှာပေါ်သို့ အနီရောင်ဆေးရေများ ခြယ်မှုန်းလိုက်သလို အပူချိန်များ ပျံ့နှံ့သွားရသည်။
“အဟမ်း အဲဒါကြောင့် ဒီမှာပဲနေ”
သူမကိုယ်တိုင်ပြောလိုက်သည့်စကားများကြောင့် မျက်လုံးများသည် အခန်းထဲကို ယောင်တောင်တောင်နဲ့ လျှောက်ကြည့်နေမိပြီး ကိုယ့်အရှက်နဲ့ကိုယ် ဘာလုပ်ရမှန်းမသိပေ။
“...ဆာစီးနီယာ”
“ဟမ်”
“ကိုယ့်စိတ်ကို မစမ်းနဲ့နော်”
သူက ဆာစီးနီယာရဲ့လက်လေးကိုကိုင်၍ ချိုမြသောအပြုံးအားပေးလိုက်သည်။ အခုဆိုလျင် ဒါဟာ အန္တရာယ်ရှိနေတဲ့ အခြေအနေပင်ဖြစ်သည်။ နှစ်ယောက်တည်းအတူရှိနေတာကပင် စိတ်လှုံ့ဆော်မှုကို ပြင်းထန်စေသည်။ ဘန်က စိတ်ထိန်းထားပေမယ့် ဆာစီးနီယာရဲ့စကားတွေက သူ့နှလုံးသားကို မီးညှိပေးနေသလိုပင်။ ဒါပေမယ့် သူသည် ဒဏ်ရာရထားတဲ့လူတစ်ယောက်ကို ဝန်မလေးစေချင်တာကြောင့် မြင့်တက်လာတဲ့ သူ့ရဲ့ဆန္ဒတွေကို ချုပ်ထိန်းထားခဲ့သည်။ သို့သော် ဆာစီးနီယာကသာ ထပ်ပြီး မီးစာပွားပေးနေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို သူ့ကိုယ်သူ အာမမခံနိုင်တော့။
“အာ.. တောင်းပန်ပါတယ်…”
ဆာစီးနီယာက တောင်းပန်လိုက်သည်။ သူမ ဘာလို့တောင်းပန်လိုက်မိလဲဆိုတာကို မသိပေမယ့် တောင်းပန်သင့်သည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ ဘန်ရဲ့ တုန်ယင်နေတဲ့မျက်တောင်များသည် တစ်စုံတစ်ခုကို စိတ်ရှည်သည်းခံထားပုံရသောကြောင့်ဖြစ်သည်။
“ရေခဲယူခဲ့မယ်”
ဘန်က လျင်မြန်စွာနဲ့ အခန်းထဲမှထွက်သွားသည်။ ဆာစီးနီယာက သူမရဲ့ ပူလောင်နေတဲ့ပါးပြင်ကိုကိုင်ရင်း သူ့ကိုစောင့်နေမိသည်။ သူမရဲ့ နှလုံးသားက ရပ်တန့်ခြင်းမရှိပဲ လျင်မြန်စွာ ခုန်ပေါက်နေလေ၏။
“မြေအောက်ခန်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဗားဒစ်ဆီကနေ ကြားခဲ့သေးလား”
နှစ်ယောက်သားသည် အိပ်ရာပေါ်မှာ အတူလဲလျောင်းနေကြသည်။ ဆာစီးနီယာက လဲလျောင်းနေရင်း မျက်နှာကြက်တည့်တည့်ကိုကြည့်ကာ ဘန်ယူလာတဲ့ရေခဲနဲ့ သူမရဲ့ ခြေချင်းဝတ်ကို ကပ်ထားပြီး ဘန်ကတော့ သူမနှင့်အတူ လဲလျောင်းနေသည်။
“အင်း ကိုယ်သူ့စကားကို မယုံလို့ အားချန်ကို သွားတွေ့ခဲ့တယ်.. အားချန်က ကိုယ်နားမလည်မှာစိုးလို့ ပြောပြခဲ့ပါတယ်”
“အဲလိုကိုး.. နင်သိချင်နေတဲ့အကြောင်းရောရှိလား”
ဆာစီးနီယာက တိတ်ဆိတ်စွာနဲ့ သူ့ဘက်ကိုလှည့်ပြီး ငေးကြည့်မိသည်။ သူမ မေးချင်နေခဲ့သည့်မေးခွန်းက လည်ချောင်းဝထိမြင့်တက်လာပေမယ့် ပါးစပ်ကိုတော့ တကယ်မဖွင့်ဟခဲ့။ သူမရဲ့အမေးဟာ သူ့ရဲ့ဒဏ်ရာကို နာကျင်သွားစေမှာကိုကြောက်မိသောကြောင့်ဖြစ်သည်။
အားချန်ပြောပြပုံအရ သူရဲကောင်းများက မြို့စားမင်းကန်ထရစ်ကို လာဖမ်းခေါ်ဆွဲယူသွားကြချိန်တွင် မြို့စားမင်းက သေနေနှင့်ပြီးဖြစ်ပြီး ဘန်က သူ့ဘေးမှာရပ်နေခဲ့ခြင်းဖြစ်သည်။ အခြေအနေအရပ်ရပ်ကိုကြည့်မည်ဆိုလျင် ဘန်က သူ့အဖေကို သတ်လိုက်တာဟု လူတိုင်းထင်မည်ဖြစ်၏။ ဝတ္ထုထဲမှာတောင် ဘန်က သူ့အဖေရဲ့ဘဝကို နှုတ်ယူသွားတယ်ဆိုပြီးပြောထားသေး၏။
“အရင်မြို့စားမင်းဆီမှာ ဘာတွေဖြစ်သွားလဲဆိုတာကိုမေးလည်း ရပါတယ်”
ဘန်က အရင်ဆုံးစကားစလိုက်သည်။ သူသည် ဆာစီးနီယာက ဘာကိုမေးချင်လို့တုံ့ဆိုင်းနေခဲ့လဲဆိုတာကို သိနေခဲ့သည်။
“ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နင်က ငါ့အတွက်တော့ အတူတူပါပဲ”
ဘန်က သူ့အဖေကို သတ်လိုက်တာ ဟုတ်လား မဟုတ်လားဆိုတာကို ဒီတိုင်းသိချင်မိရုံဖြစ်သည်။ အမှန်တရားက ဘာပဲဖြစ်ဖြစ် ဘန်ကတော့ ဆာစီးနီယာအတွက် အမြဲတူညီစွာရှိနေဦးမည်ဖြစ်၏။
“ကြည့်ရတာ ကိုယ်သူ့ကို သတ်ခဲ့မိပုံပဲ”
ဖြေပြီးတဲ့နောက် ပြုံးလိုက်ပြီးမှ မျက်နှာထားကို ဖြည်းညင်းစွာ တင်းမာလိုက်ကာ အကြောင်းအရာကို ဝန်ခံနေသကဲ့သို့ ဆက်ပြောသည်။
“ကိုယ်က နိုင်ငံတော်သစ္စာဖောက်မှုကို ဖော်ထုတ်လိုက်တဲ့သူဆိုတာကို မြို့စားမင်း သိသွားတဲ့အချိန်မှာ လန့်ပြီး သတိလစ်သွားခဲ့တာ.. ဒါပေမယ့် ကိုယ် ဆရာဝန်ကိုလည်း မခေါ်ခဲ့သလို သူလဲကျတာကိုလည်း မဖမ်းခဲ့ဘူး”
သူ့နဖူးသည် ဘဝင်မကျမှုကြောင့် မှုန်ကုပ်နေ၏။ စိတ်သောကရောက်နေပုံရသောသူ့ကို ဆာစီးနီယာက သူမရဲ့လက်အား စောင်ထဲမှထုတ်ကာ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်၏။ ဘန်က သူမရဲ့လက်အား သူ့လက်နှင့်အတူ ထွေးပွေးထားသကဲ့သို့ ဆုပ်ကိုင်လိုက်သည်။
“ဒါရည်ရွယ်ပြီးလုပ်ခဲ့တာပဲ.. ဒီလိုပုံစံနဲ့သေဖို့ ဆုတောင်းနေခဲ့တာလည်းဖြစ်နိုင်တယ်.. ဒါပေမယ့် တကယ်ပဲ…”
မြို့စားမင်းက အမှောင်ထုထဲမှာ ကျဆုံးသွားလိမ့်မယ်ဆိုတာကို မသိခဲ့သောအသံဖြင့်ပြောနေသည်။ ဆာစီးနီယာက သူ့ဘက်ကို လှည့်လိုက်သည်။
“ငါသာ နင့်နေရာမှာဆိုရင် သူ့ကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူး.. သူ့ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်မိမှာ”
သုံးနှစ်အတွင်းဖြစ်ခဲ့တာတွေက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုဖယ်ထားပြီးပြောမယ်ဆိုရင်တောင် အလွန်ဆိုးရွားပြီးရက်စက်ခဲ့သောအကြောင်းအရာများသာဖြစ်သည်။ အားချန်ဆီက သူမ အားလုံးကို ကြားသိရပြီးချိန်မှာ ဆာစီးနီယာသည် ဗားဒစ်ကို ချက်ချင်းမီးလောင်တိုက်သွင်းပစ်လိုက်ချင်သည်။
“ဘန် နင်နောင်တရလား”
သူမရဲ့အမေးမှာ သူသည် နက်နက်နဲနဲ စဉ်းစားလိုက်ရသည်။ သို့သော် အဖြေက ရှိပြီးသားဖြစ်သည်။ မြို့စားမင်းသာ အသက်ရှင်နေဦးမည်ဆိုလျင် သူသည် ဘန်ကို ဆာစီးနီယာရဲ့အသက်နှင့် ခြိမ်းခြောက်လာနိုင်လေသည်။ အခုထိတောင်မှ ယခင်မြို့စားမင်းကို အထောက်အကူပြုနေတဲ့ အာဏာပိုင်ကွက်တွေရှိနေသေးသည့်အတွက် ဆာစီးနီယာကို ခြိမ်းခြောက်တာက မကြာခဏဖြစ်ပွါးနိုင်သည်။
“ကိုယ်နောင်တမရဘူး”
ဆာစီးနီယာက သူ့အဖြေအား တုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ် ဒီလိုပဲဖြစ်နေရမယ်.. အပြစ်ရှိသလို ခံစားမနေနဲ့.. နင်လုပ်သင့်တာကို လုပ်ခဲ့တာပဲ”
သူခံစားခဲ့ရတဲ့ နာကျင်မှုကို မည်သူမှမတိုင်းတာနိုင်ပေ။ သက်ဆိုင်တဲ့သူသာ သိနိုင်မည့် နာကျင်မှုမျိုးဖြစ်သည်။ ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ် ဆာစီးနီယာသည် သူ့အား နားလည်ပေးချင်မိ၏။ သူမသည် သူ့ဘေးမှာ ပြီးပြည့်စုံစွာ အတူရှိနေပေးချင်သည်။
ဘန်က သူမရဲ့လက်ကိုယူကာ သူ့ရဲ့ပါးပြင်ပေါ်သို့ တင်လိုက်သည်။ သူ့နှလုံးသားသည် စိတ်ခံစားလွယ်နေ၏။ အဖေကိုတောင်ပြန်သတ်တဲ့ ကောက်ကျစ်စဉ်းလဲသူလို့ လူတိုင်းက သူ့ကိုခေါ်မယ်ဆိုရင်တောင်မှ ဆာစီးနီယာသာ အမှန်တရားကိုသိတယ်ဆိုရင် လုံလောက်ပြီပင်ဖြစ်၏။
သူသည် ဂရုတစိုက်နှင့် သူ့နဖူးအား သူမ၏နဖူးနှင့် ထိကပ်လိုက်သည်။ နှစ်ယောက်ကြားက အကွာအဝေးက အသက်ရှုသံကိုပင် ခံစားမိနေတဲ့ထိ နီးကပ်နေကြသည်။ ဆာစီးနီယာက လက်ကိုမြှောက်ကာ သူ့ဆံပင်စုများအား သပ်တင်လိုက်သည်။ ဘာစကားမှမပြောပဲ သူ့ကို အချိန်အတန်ကြာကြည့်နေပြီးနောက် သူမစိတ်ထဲမှာ သိမ်းဆည်းထားခဲ့ရတဲ့စကားလုံးကို ထုတ်ပြောလိုက်သည်။
“ဘန် တစ်ခါတစ်လေကျရင် ငါက ငါ့ကိုယ်ငါနဲ့ မတူတော့သလိုခံစားရတယ်”
Xxxxxx