Chapter 83
ဆာစီးနီယာသည် ဘယ်လိုရှင်းပြရမှန်းမသိ။ သူမ ဘယ်လိုခံစားနေခဲ့ရလဲဆိုတာ သူ့ကိုပြောပြဖို့သာရှိသည်။ သူ့ကို ပြောပြစရာတစ်ရှိနေပြီး ထိုထက်ပိုတာကတော့ သူတို့ အခုအတူတူရှိနေကြခြင်းဖြစ်သည်။
“အားလုံးက ဒီလိုပါပဲ”
သူ့ရဲ့ ချစ်ခင်ကြင်နာတဲ့မျက်ဝန်းများနဲ့ ဆာစီးနီယာရဲ့မျက်နှာအား ကြည့်လိုက်၏။
“မတူဘူး.. ငါ့ကိုယ်ငါ မဟုတ်တော့သလိုခံစားနေရတာ…”
“စွမ်းအားတွေအကြောင်းကို ပြောနေတာလား”
အစောပိုင်းတုန်းက ဆာစီးနီယာပြောခဲ့တဲ့ သူမရဲ့ကျိန်စာနဲ့တူတဲ့စွမ်းအားတွေက သူ့ကိုနာကျင်စေလိမ့်မယ်ဆိုတဲ့အကြောင်းကို ဘန်က မှတ်မိသွားခြင်းဖြစ်သည်။
“ဟုတ်တယ် ငါမကြာခဏ သတိမေ့တတ်နေတယ်.. ပြီးတော့ ငါအသိပြန်ဝင်လာတဲ့အချိန်မှာ မီးပင်လယ်ကြီးဖြစ်နေပြီး တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ဒဏ်ရာရနေခဲ့တာ”
သူမ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အချိန်မှာ ကြိုးပြတ်ထွက်သွားသလိုပျောက်ကွယ်သွားတဲ့ သူမရဲ့ သတိတရားဟာ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်လေးတောင် မကြာမြင့်ခဲ့။ သို့သော် သူမ အသိပြန်ဝင်လာချိန်မှာတော့ တဲအိမ်လေးဟာ မီးပင်လယ်ကြီးဖြစ်နေပြီး မိန်းမတစ်ယောက်ရဲ့ လည်ပင်းကို လိမ်ချိုးနေခဲ့တဲ့ ထင်ရှားတဲ့ခံစားချက်တွေက သူမရဲ့လက်ထဲမှာ ကျန်ရှိနေခဲ့သည်။
“ငါစိတ်ပူတယ်.. ဒီစွမ်းအားတွေက နင့်ကို ထိခိုက်စေမှာကို စိတ်ပူတယ်”
သူမသည် ကောက်ရိတ်သိမ်းပွဲတော်မှာတုန်းက ဖြစ်ခဲ့သလို အချိန်မရွေးထပ်ဖြစ်လာမှာကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ ဖြစ်လာခဲ့မည်ဆိုလျင် ဘန်က သူ့ဘဝကို စတေးလိုက်ဖို့ ဆန္ဒရှိနိုင်သည်။ ဘန်က သူမကို တိုက်ခိုက်နိုင်မည်မဟုတ်။ ဆာစီးနီယာက ထိုသို့ဖြစ်လာမှာကို ကြောက်နေခြင်းဖြစ်၏။ သူ အကြီးအကျယ်ထိခိုက်နာကျင်သွားမှာကို စိုးကြောက်မိခြင်းဖြစ်သည်။
“ဖြစ်လာမှာမဟုတ်တဲ့အရာတွေအတွက် စိတ်ပူမနေပါနဲ့ ဆာစီးနီယာ”
စိုးရိမ်နေတဲ့ သူမကို ဘန်က ဖက်လိုက်သည်။ သူ့လက်မောင်းကို သူမရဲ့ သေးသွယ်တဲ့ခါးတစ်ဝိုက်မှာ ရစ်ပတ်လိုက်ပြီး နောက်တစ်ဖက်ကိုတော့ လည်ပင်းတစ်ဝိုက်မှာ နေရာလပ်မကျန်စေအောင် သိုင်းဖက်ထားလိုက်သည်။
“ငါစိတ်ပဲပူနေခဲ့မိတာ.. အဲဒါကြောင့် နင့်ကို ထားသွားဖို့ကြိုးစားခဲ့တာ”
ဆာစီးနီယာက သူ့ရဲ့ကျယ်ပြန်တဲ့ပုခုံးတွေကြားမှာ မှီတွဲရင်း ဖွင့်ဟပြောဆိုလိုက်သည်။
“အဲလိုဖြစ်လာခဲ့မယ်ဆိုလည်း ဒါက မင်းကိုယ်တိုင်လုပ်တာပဲလေ.. အဲတော့ ကိုယ်အဆင်ပြေမှာပါ”
“မဟုတ်ဘူး ငါကိုယ်တိုင်မဟုတ်ဘူး”
ဒီလိုဖြစ်လာမယ်ဆိုတာ သူမသိနေသည်။ ဆာစီးနီယာက မျက်မှောင်ကြုတ်ပြီး ခေါင်းရမ်းလိုက်၏။
“အဲဒါက ငါမဟုတ်ဘူး နင်သိလား.. ခန္ဓာကိုယ်အတူတူပဲဆိုတာတောင်မှ လုံးဝကို မတူညီတဲ့လူတစ်ယောက်လိုဖြစ်နေတာ”
သူမရဲ့ အသိညဏ်တွေပျောက်ဆုံးသွားတာလား မူလ ဆာစီးနီယာရဲ့ မာနတွေပဲ ထွက်ပေါ်လာတာလားဆိုတာ မထင်ရှားချေ။ သို့သော် သေချာတာတစ်ခုကတော့ ဒါသည် သူမ လိုချင်သည့်အရာမဟုတ်။ မူလ ဆာစီးနီယာလိုမျိုး သူမ မနေထိုင်ချင်။ ထို့ကြောင့်လည်း တစ်ချိန်လုံး သိုသိုသိပ်သိပ်နေခဲ့ခြင်းဖြစ်၏။
“ကိုယ်မှတ်မိနိုင်တယ်”
“ဘာ”
“ဆာစီးနီယာက တခြားလူတစ်ယောက်လိုပြောင်းသွားမယ်ဆိုရင် ကိုယ်မှတ်မိနိုင်တယ်”
သူ့မျက်လုံးများက သူမအား တည့်တည့်မတ်မတ်ရင်ဆိုင်ရင်း မယိမ်းမယိုင်ပဲ ခိုင်မာစွာရှိနေခဲ့၏။ ဒါသည် သက်သေမပြနိုင်သည့်စကားဆိုပေသော်လည်း ဆာစီးနီယာက ဘန် တကယ်မှတ်မိနိုင်တယ်ဆိုတာကို ယုံမိသည်။
“ဒါဆို ငါ့ကို ကတိတစ်ခုပေး”
“ဘာကတိလဲ”
“ငါပြောင်းလဲသွားပြီး အရင်ကလို ပြန်မဖြစ်ခဲ့ဘူးဆိုရင်.. ပြီးတော့ တခြားသူတွေ သို့မဟုတ် နင့်ကို ထိခိုက်နာကျင်စေခဲ့မယ်ဆိုရင်.. နင့်ရဲ့ ဓားရှည်ကို ဖမ်းဆုပ်ထားရမယ်”
သူမ အသိပြန်ဝင်လာချိန်မှာ ဘန်က သူမကြောင့် နာကျင်နေခဲ့မယ်ဆိုရင် သူမသည် ကိုယ့်ကိုယ်ကို ရွံရှာမိပြီး မခံမရပ်နိုင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘန်က ထိုကတိကို ပေးဖို့လိုအပ်သည်။ သူ့ဘဝကို သူမလက်ထဲမှာပဲ မဆုံးရှုံးသွားစေဖို့ မျှော်လင့်မိ၏။
“ဆာစီးနီယာ အဲဒါက…”
“ကတိပေးပါ.. နင်တကယ်မှတ်မိနိုင်တယ်ဆိုရင် အရူးတစ်ယောက်လို ငြိမ်ခံမနေနဲ့”
ဆာစီးနီယာက ခိုင်ခိုင်မာမာပြောဆိုလိုက်သည်။
ဘန်က အလွန်စိတ်ရှုပ်ထွေးသွားပုံရပြီး သူ့ရဲ့အကြည့်များကို အားလျော့ကာ အလွန်အမင်းတုန်ယင်နေခဲ့၏။ သူမက ထပ်တိုးပြောဆိုလိုက်သည်။
“အဲဒါမှ ငါနင့်ဘေးမှာ အချိန်တိုင်းအတူရှိနေနိုင်မှာ”
“...ကိုယ်က ဘယ်လိုလုပ်ပြီး ဆာစီးနီယာကို ဓားနဲ့ရွယ်ရက်မှာလဲကွာ”
ဝမ်းနည်းပူဆွေးနေတဲ့အသံက သူမလုပ်နိုင်သည့်အလား အားအင်ယုတ်လျော့နေခဲ့သည်။
“ငါပြောနေတယ်လေ.. နင်သာ ကတိပေးနိုင်မယ်ဆိုရင် ငါတို့အတူရှိနေနိုင်ပြီ”
သူမသည် သူ့လက်မောင်းများကြားမှ လှည့်ခွာသွားခဲ့သည်။ ဒါသည် သူ့ရဲ့ကတိကို ရရှိဖို့အတွက် မတတ်သာလို့လုပ်လိုက်ရခြင်းဖြစ်၏။ သူမရဲ့အပြုအမူတွေကြောင့် လန့်သွားခဲ့ပြီး ဘန်က ဆာစီးနီယာအား ပို၍တင်းကျပ်စွာဖက်ထားလိုက်သည်။
‘ငါ သူမကို ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး’
“ကောင်းပြီ…”
ဘန်က အလံဖြူပြဖို့အတွက် တွန်းအားပေးခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့အနားက ထွက်ခွာသွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးဆိုတဲ့စကားက သေဒဏ်နှင့် တန်းတူညီမျှသောကြောင့်ပင်ဖြစ်၏။
“ကျေးဇူးတင်ပါတယ်”
အခုမှ ဆာစီးနီယာသည် ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်ပြီး သူ့ရဲ့မာကျောတဲ့ရင်ဘတ်ပေါ်သို့ မျက်နှာကို နစ်မြုပ်လိုက်လေသည်။ ဘန်ရဲ့ လက်မောင်းများသည် သူမအား အမြဲတမ်း ပူပန်သောကများကို ဖြေဖျောက်ပေးနိုင်သည်။ သူ့အနားမှာရှိနေမှသာ သူမသည် ကိုယ့်ကိုယ်ကို ပြုမူနိုင်သောကြောင့်ဖြစ်သည်။
“...”
သူ့လက်မောင်းပေါ်မှာ ထိုးဖောက်လာတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် ဘန်က တံတွေးမျိုချလိုက်သည်။ သူ့စိတ်အစဥ်သည် ထုံထိုင်းသွားပြီး သူ့နှလုံးသားသည် ပေါက်ကွဲထွက်တော့မလို ခံစားရသည်။ အခုလေးတင်ပဲ ခွဲခွာရခြင်းနဲ့ ခြိမ်းခြောက်ခံခဲ့ရပေမယ့် ဒီလိုမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသလို ခံစားရသည်။ အစကတည်းက သူသည် သူမရှေ့မှာ မည်သည့် ဂုဏ်ပုဒ်၊ ခွန်အားနှင့် သတ္တိများကို မပြသခဲ့။
နှစ်ယောက်သားသည် မပြီးဆုံးနိုင်ကြသည့်အကြောင်းအရာများကို လမင်းကြီးပျောက်ကွယ်ပြီး နေလုံးကြီးထွက်ပေါ်လာသည်အထိ ပြောဖြစ်ခဲ့ကြသည်။ တစ်ယောက်နဲ့တစ်ယောက်ဖက်ထားရတာနဲ့တင် ရရှိခဲ့သည့် ပျော်ရွှင်ရသောအချိန်များသည် ပြည့်နှက်သွားခဲ့သလို ခံစားရသည်။ ဒီအချိန်လေးဟာ ထာဝရတည်ရှိနေပါစေဟု နှစ်ယောက်လုံး ဆုတောင်းမိကြ၏။ ပြီးနောက် ကတိပေးခဲ့သည့်နေ့ရက်သည် ဘယ်တော့မှ မရောက်ရှိလာစေဖို့ မျှော်လင့်မိသည်။
***
“ဒါမများလွန်းဘူးလား”
မေက နှုတ်ခမ်းဆူပြီး တအီအီပြောနေသည်။
“ဘာ”
ဆာစီးနီယာက သူမနဲ့ ဆန့်ကျင်ဘက် ဆိုဖာပေါ်မှာ ပစ်လဲချနေတဲ့ မေကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
“အစ်မက မြို့စားမင်းနဲ့ အဆင်ပြေပြီးနောက်ပိုင်း သူနဲ့ပဲ နှစ်ယောက်အတူရှိနေကြတယ်”
ထိုနေ့ပြီးကတည်းက တစ်ပတ်တာကုန်လွန်သွားခဲ့ပြီပင်ဖြစ်သည်။ ဆာစီးနီယာသည် မြေအောက်ခန်းထဲမှာ ချုပ်ထားပြီး သူမကိုယ်တိုင် လူချင်းတွေ့ပြီး အလုပ်ဖြုတ်ပစ်ခဲ့တဲ့ အိမ်အကူမိန်းမဆီကို သွားကြည့်ခဲ့သည်။ ဒီအိမ်ဂေဟာကြီးထဲမှာ ဒီလိုအကျင့်စရိုက်မျိုးနဲ့လူကို မနေစေချင်သောကြောင့်ဖြစ်၏။ မြေအောက်ခန်းကိစ္စပြီးတာနဲ့ သူမနဲ့ဘန်သည် လုံးဝမခွဲခွာခဲ့ကြပဲ မနက်ကနေ ညနေအထိ အတူရှိနေခဲ့ကြသည်။
“အဲဒါတင်မကသေးဘူး.. မြို့စားမင်းက ဆာစီးနီယာ ခြေချင်းဝတ်ထိထားလို့ဆိုပြီး တစ်ပတ်လောက် ဆာစီးနီယာကို ချီလာခဲ့တာလေ”
“ဒါပေမယ့် ငါအဲဒါကို ငြင်းခဲ့တာပဲ…”
“အစ်မ ငြင်းခဲ့တယ်လေ ဒါပေမယ့် မြို့စားမင်းဖြစ်နေတော့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူးလေ.. သိပါတယ်”
ထိထိမိမိပြောဆိုခံလိုက်ရသောကြောင့် ဆာစီးနီယာသည် ဘာမှပြောစရာမရှိတော့။ မေပြောသလို သူမရဲ့ ဖူးရောင်နေတဲ့ခြေချင်းဝတ်သည် လမ်းလျှောက်ရခက်စေပြီး သူမငြင်းခဲ့သော်လည်း ဘန်က ဘယ်သွားသွား သူမကို ချီခေါ်ခဲ့သည်သာဖြစ်သည်။ ပတ်ဝန်းကျင်က မျက်လုံးတွေအများကြီးကြည့်စရာဖြစ်နေသည့်အတွက် ငြင်းခဲ့ပေမယ့် သူ့ကို မတွန်းလှန်နိုင်ခဲ့။ နေ့စဥ်နေ့တိုင်း သူ့အခန်းမှာသာ စားသောက်ပြီး ပန်းခြံထဲမှာ လမ်းလျှောက်ထွက်မည်ဆိုလျင် ဘန်က သူမကို ဖက်၍သယ်ပိုးကာခေါ်ဆောင်သွားလေ့ရှိသည်။
ပထမဆုံးနေ့တုန်းက ဘန်က သူမကိုသယ်ပြီး လှေကားကနေ ဆင်းလာစဥ် အစေခံတွေအားလုံးနဲ့ မာချန်းရဲ့ မျက်နှာထားကို အခုထိ မေ့မရနိုင်ခဲ့။ သူတို့ရဲ့ အံ့အားသင့်မှုများသည် မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုကို မြင်တွေ့ခဲ့ရသလိုပင်။ သူတို့ရဲ့ ပိုကဲလွန်းတဲ့ မျက်နှာအမူအရာတွေကြောင့် သူမသည် ကြက်သီးမွေးညင်းများပင် ထခဲ့ရပေမယ့် တခြားသူတွေရဲ့အကြည့်ကို ဂရုမစိုက်ချင်ခဲ့။ သူတို့ရဲ့အကြည့်တွေကို သတိမူမိနေတဲ့အတွက် သူမရဲ့ ခံစားချက်တွေကိုဖုံးကွယ်မထားချင်ခဲ့။ သူမသည် မတတ်သာပဲ ရှက်ရွံ့နေခဲ့ရပေမယ့် ဘန်ရဲ့ ချစ်ခင်ကြင်နာမှု အပြုအမူတွေက သူမတစ်ယောက်တည်းဆီမှာပဲဖြစ်တယ်ဆိုတဲ့အချက်ကို တခြားသူတွေသိနေသည်ကို မမုန်းတီးခဲ့။ ထို့အပြင် ခံစားချက်ပင် ကောင်းသေး၏။
ဘန်က နေ့ရက်တိုင်း ဆာစီးနီယာကို ဘယ်သွားသွား ချီခေါ်သွားခဲ့သည်။ မနေ့ကမှသာ သူမသည် ကိုယ်တိုင်လမ်းလျှောက်နိုင်ပြီး ဆရာဝန်ကလည်း အခြေအနေကောင်းလာသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဆရာဝန်က သူမဘာသာ လမ်းလျှောက်လို့ရပြီဟုပြောလာသောအခါ ဘန်ရဲ့ ဝမ်းနည်းသွားတဲ့ မျက်နှာထားကို သူမမှတ်မိသည်။
“ဆာစီးနီယာ ညီမပြောတာမကြားတော့ဘူးလား.. ဒါမှမဟုတ် မြို့စားမင်းအကြောင်းတွေးနေပြန်ပြီလား”
“ဟမ်”
အံ့အားသင့်ပြီး မေကို ဘယ်လိုသိသွားလဲဆိုတဲ့ စိတ်ရှုပ်ထွေးသွားသောမျက်ဝန်းများဖြင့်ကြည့်လိုက်၏။
“ညီမ အားလုံးသိပါတယ်နော်.. အစ်မ ပြုံးလိုက်တယ်လေ”
“ငါကလား”
“အင်း လှလှပပလေးကို ပြုံးလိုက်တာ”
သူမရဲ့စကားကြောင့် ဆာစီးနီယာသည် ခိုးခိုးခစ်ခစ်ရယ်လိုက်မိသည်။ ဒီရက်ပိုင်းမှာ သူမ အထီးကျန်နေခဲ့ကြောင်း ညည်းတွားနေတဲ့မေကိုကြည့်ရတာ ရယ်ချင်စဖွယ်ကောင်း၏။
“ညီမ တကယ်ပြောနေတာ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ သိပါပြီ.. မနက်ဖြန်ကျရင် ဗားန်နဲ့အတူ မှန်သားဥယျာဥ်ကို အတူသွားရအောင်”
“တကယ်လား”
မေက ဆာစီးနီယာက လက်သန်းလေးနဲ့ ကတိပေးလိုက်ချိန်မှာ တောက်ပစွာပြုံးလိုက်၏။ မေထွက်သွားပြီး အခန်းထဲမှာ အကြာကြီးနေမှ အထီးကျန်သလိုခံစားလိုက်ရတဲ့ ဆာစီးနီယာသည် ပြတင်းပေါက်ကို ငေးကြည့်နေမိသည်။ ခဏလေးပဲထွက်သွားမယ်လို့ပြောတဲ့ ဘန်ကို ပြန်လာမလားဆိုတာ သူမ သိချင်မိသည်။
*ဒေါက် ဒေါက်* (တံခါးခေါက်သံ)
“ဝင်လာခဲ့”
သူမပြောလိုက်တာနဲ့ ဗားန်က ဝင်လာသည်။
“မိန်းကလေး ဆာစီးနီယာ အခု အပြင်ကိုထွက်ကြည့်သင့်တယ်လို့ထင်တယ်”
“ဟမ် ဘာဖြစ်လို့လဲ”
ဗားန်က သူမမျက်နှာမှာ မရင်းနှီးတဲ့အပြုအမူနဲ့ အလျင်စလိုဖြစ်နေ၏။
“မိန်းကလေး ဆာစီးနီယာ.. ဧကရာဇ်နန်းတော်ကနေ တမန်တော်ရောက်ရှိလာပါတယ်”
“ငါ့ဆီကိုလား.. ဘန်ဆီကိုမဟုတ်ပဲနဲ့လေ”
“ဟုတ်ပါတယ် သူတို့က ဆာစီးနီယာနာမည်ကိုပဲ အတပ်ပြောလာတာပါ”
ဆာစီးနီယာသည် အံ့အားသင့်မှုကြောင့် ထိုင်နေရာမှ ထရပ်လိုက်သည်။
‘ဧကရာဇ်နန်းတော်ကနေ တမန်တော်တွေ ငါ့ဆီကိုလာရတာ ဘာအကြောင်းကြောင့်လဲ’
‘အိမ်ရှေ့စံမင်းသားလွှတ်လိုက်တာလား’
သို့သော် လိုင်မာဖီးယပ်စ်က တမန်တော်တွေကို တရားဝင်လွှတ်လိုက်ဖို့ဆိုတာမဖြစ်နိုင်။ မျှော်လင့်မထားတဲ့ အခြေအနေကြောင့် သူမရဲ့ စိတ်က လုံးလုံးလျားလျားဝေဝါးသွားရပြီး သာမာန်တွေးခေါ်နိုင်ဖို့မဖြစ်နိုင်တော့ပေ။
“အရင်ဆုံးထွက်ကြည့်သင့်တယ်ထင်တယ်”
ထို့နောက် ဗားန်ရဲ့စိတ်လှုပ်ရှားနေတဲ့မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ ဆာစီးနီယာက အရင်ဆုံးခြေလှမ်းလိုက်သည်။ ချွေးစီးများက သူမလက်မှ စီးကျနေပြီး အိမ်ဂေဟာရဲ့အရှေ့တံခါးကို ဦးတည်နေတဲ့လမ်းတစ်လျှောက်မှာ သူမရဲ့ ကုပ်ပိုးသည် ပူကျစ်နေခဲ့သည်။ ဗုံတီးသလို ခုန်ပေါက်နေတဲ့ သူမရဲ့နှလုံးသားသည် တစ်စုံတစ်ရာဆိုးဆိုးရွားရွားဖြစ်လာမှာကို ကြောက်ရွံ့မိပြီး မတည်ငြိမ်နိုင်တော့ပေ။
တင်းမာနေတဲ့ ခန္ဓာကိုယ်နဲ့ တံခါးပေါက်ကိုရောက်ရှိပြီးနောက် ဆာစီးနီယာသည် ရွေးချယ်စရာမရှိပဲ ကြက်သေသေနေခဲ့ရသည်။ ဧကရာဇစ်အမှတ်တံဆိပ်နဲ့ တူညီဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူကြီးငါးယောက်က သူမကို စောင့်နေသည်။ သူတို့အားလုံးသည် အချိန်မရွေးခက်ထန်တဲ့စကားလုံးတွေကို ဖွင့်ဟပြောလိုက်နိုင်တဲ့ တည်ကြည်လေးနက်သောမျက်နှာထားများရှိနေကြသည်။
‘ဘာတွေဖြစ်နေကြတာလဲ’
အကြောင်းပြချက်မရှိပဲ စိုးရိမ်နေမိရုံကလွဲပြီး မတတ်နိုင်။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုထဲမှာ ဧကရာဇ်နန်းတော်နဲ့ သူမရဲ့ ဆက်ဆံရေးသည် မကောင်းမွန်သောကြောင့်ဖြစ်၏။ လှေကားနေဆင်းလာတဲ့ ဆာစီးနီယာရဲ့ အနီရောင်ဆံနွယ်များကိုမြင်ပြီး လူတစ်ယောက်က ရှေ့တိုးကာ မေးလိုက်သည်။
“မိန်းကလေး ဆာစီးနီယာဟုတ်ပါသလား”
“ဟုတ်ပါတယ် ဘာတွေ… ဖြစ်လို့လဲ”
ဆာစီးနီယာက စိုးရိမ်ကြောင့်ကြမှုများစွာနဲ့မေးလိုက်သည်။ သူမရဲ့ မာတောင့်နေတဲ့ ပုခုံးက စိတ်ပင်ပန်းမှုကြောင့် ထုံထိုင်းနေသည်။ အဝေးမှာတော့ ဘဏ္ဍာထိန်းမာချန်းနဲ့ အစေခံများသည် တစ်စုတစ်ဝေးတည်းအတူရှိနေကြသည်။ ဧကရာဇ်နန်းတော်က တမန်တော်တွေရောက်လာကြတဲ့သတင်းနဲ့ပက်သက်ပြီး သူတို့သည် တီးတိုးပြောဆိုနေကြသည်။
“ဘုရင်မကြီးက မိန်းကလေး ဆာစီးနီယာကို ဖိတ်စာပို့လိုက်ပါတယ်”
တမန်တော်က သူ့လက်ထဲမှဖိတ်စာကို ကမ်းပေးလာသည်။ အဖြူရောင်စာအိတ်က ဖယောင်းနှင့်လုပ်ထားသည့် ရွှေရောင်တံဆိပ်ကို တပ်ဆင်ထားရှိသည်။ တံဆိပ်ပုံစံက ဧကရာဇ်မိသားစုရဲ့ သင်္ကေတဖြစ်သည်။ ဆာစီးနီယာက ဘာလဲဆိုတာ မသိပေမယ့် တုန်ယင်နေသောလက်တွေနဲ့ ဖိတ်စာကို လက်ခံယူလိုက်သည်။
“ဒါဆို ခွင့်ပြုပါဦး”
သူတို့တာဝန်ပြီးဆုံးသွားတာနဲ့ တမန်တော်များသည် အိမ်ဂေဟာထဲမှာ ထောင့်ချိုးပုံစံနှင့် ညီညာစွာထွက်သွားကြသည်။ သူမရဲ့ စိတ်လှုပ်ရှားမှုတွေ လောင်ရိပ်မိနေချိန်မှာ လျင်မြန်စွာ ထွက်ခွါသွားကြခြင်းဖြစ်သည်။
“ဘုရင်မကြီးကလား” ဗားန်က နားမလည်ဟန်နှင့်မေးသည်။
“ငါသိတယ်” ဆာစီးနီယာလည်း သဘောမပေါက်သည့်ပုံပေါ်နေ၏။
‘ဘုရင်မကြီးဆိုတာ ဘာအဓိပ္ပာယ်လဲ.. ငါ အိမ်ရှေ့စံမင်းသားကိုပဲတွေ့ဖူးပြီး သူမကို တစ်ခါမှမှမတွေ့ဖူးတာ.. ဒါပေမယ့် ငါ့ကို ဖိတ်စာပေးဖို့ဆိုတာက…’
ဒါတွေအားလုံးသည် စိတ်ရှုပ်ထွေးစရာဖြစ်သည်။
ဆာစီးနီယာသည် သိချင်စိတ်ပြင်းပြမှုများအား မနှိမ်နင်းနိုင်ကြသေးသောအစေခံများကို ထားခဲ့ကာ သူမရဲ့အခန်းဆီသို့ ဗားန်နဲ့အတူပြန်လာသည်။
“ဘာဖိတ်စာလဲ”
“ငါလည်းမသိဘူး”
ဆာစီးနီယာသည် တံဆိပ်ခေါင်းကို ညင်သာစွာ ဆုတ်ဖြဲလိုက်သည်။ စာအိတ်ထဲမှာ ဖိတ်စာပါရှိ၏။ ဖိတ်စာပေါ်မှာ ထွင်းထုထားတဲ့ရွှေရောင်ပုံစံကွက်များသည် ထူးချွန်ပြောင်မြောက်သည်။
“ဒါက ဘုရင်မကြီးရဲ့ မွေးနေ့ ဂုဏ်ပြုထမင်းစားပွဲအတွက် ဖိတ်စာပဲ” သူမ ဖတ်လို့မပြီးသေးချိန်မှာ ဗားန်က အော်လိုက်သည်။
ဗားန်ပြောသလို ဆာစီးနီယာက နောက်တစ်ပတ်နေရင်ကျင်းပမယ့် ဘုရင်မကြီးရဲ့ မွေးနေ့ ဂုဏ်ပြုထမင်းစားပွဲကို ဖိတ်ကြားခြင်းခံရသည်။ ဘန်ရဲ့ လက်တွဲဖော်အဖြစ်နဲ့ လာရမလားဆိုတာကို သူမ သိချင်မိပေမယ့် ဖိတ်စာပေါ်မှာကတော့ ဆာစီးနီယာနာမည်ကိုသာ ရေးထားခြင်းဖြစ်သည်။
Xxxxxxx