အပိုင်း ၈၄
Viewers 12k

Chapter 84

အပြင်သွားရာက ပြန်လာပြီးနောက်မှာ ဘန်က ဆာစီးနီယာဆီကို ချက်ချင်းရောက်ရှိလာခဲ့သည်။ သူအဝေးကိုရောက်နေချိန် ဧကရာဇ်နန်းတော်ဆီကလာတဲ့ တမန်တော်တွေအကြောင်းကို ကြားသိခဲ့ပြီးဖြစ်၏။ 

“ဆာစီးနီယာ”

မကြာမီမှာ တံခါးပွင့်သွားခဲ့ပြီး တောက်ပစွာပြုံးနေတဲ့ဆာစီးနီယာက သူ့ကို နှုတ်ဆက်လာခဲ့သည်။

“ကောင်းမွန်တဲ့ခရီးစဥ်ဖြစ်ခဲ့ရဲ့လား”

“အင်း ကိုယ်ပြန်လာပြီ”

ဘန်ရဲ့အပြုံးတွေက ဆာစီးနီယာဆီမှာပဲ အခြေတည်သည်။ သူပြန်လာချိန်မှာ သူ့ကိုပြုံးပြကြိုဆိုနေတဲ့သူဟာ ဆာစီးနီယာဖြစ်နေသည့်အတွက် အလွန်ပျော်မိ၏။ ပိုပြီးလောဘစိတ်ဝင်မိတဲ့အထိဖြစ်၏။

“ဧကရာဇ်နန်းတော်ကနေ တမန်တော်တွေရောက်လာတယ်လို့ကြားတယ်”

နှစ်ယောက်သားသည် ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

“ဟုတ်တယ် ဘုရင်မကြီးက မွေးနေ့ဂုဏ်ပြုထမင်းစားပွဲအတွက် ဖိတ်စာပို့လိုက်တာ”

“ဘုရင်မကြီးကလား.. သူနဲ့ ဆာစီးနီယာက သိကြလို့လား”

တမန်တော်တွေကို စေလွှတ်လိုက်တဲ့ မမျှော်လင့်ထားသည့်သူကြောင့် ဘန်က အံ့အားသင့်သွားသည်။ လိုင်မာဖီးယပ်စ်ရဲ့ နောက်ပြောင်ကျီစယ်မှုလို့ထင်ခဲ့ပေမယ့် မဟုတ်ခဲ့။

“ဟင့်အင်း သူမကို အရင်က တစ်ခါမှမတွေ့ဖူးဘူး.. သူမ ဘယ်လိုပုံစံရှိလဲဆိုတာတောင်မသိဘူး”

ဆာစီးနီယာကိုယ်တိုင်လည်း မေးခွန်းထုတ်နေခဲ့ခြင်းဖြစ်သည်။ သူမ အရင်က တစ်ခါမှမတွေ့ဖူးတဲ့လူတစ်ယောက်က သူမဆီကို ဘာလို့ ဖိတ်စာပို့ရသလဲ။

မူလဝတ္ထုထဲမှာ ဘုရင်မကြီးရဲ့ မွေးနေ့ဂုဏ်ပြုထမင်းစားပွဲက အလွန်ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုဖြစ်ခဲ့သည်။ ဗားန်က စင်ဒရဲလားလို ခန်းမထဲမှာပေါ်လာပြီး အိမ်ရှေ့စံမင်းသားနဲ့ ကပြဖျော်ဖြေသည်။ ၁၂နာရီထိုးတာနဲ့ သူမသည် ပြေးထွက်လာခဲ့ပေမယ့် မတူညီတာတစ်ခုကတော့ ဖန်ဖိနပ်ကို မကျကျန်ခဲ့။

‘မူလဝတ္ထုထဲမှာ တစ်ယောက်ယောက်က မွေးနေ့ပွဲမှာ အဓိကဇာတ်ဆောင်နေရာကိုယူသွားခဲ့တယ်’

ထိုကဲ့သို့ ကူညီခဲ့သူသည် အမျိုးသမီးဇာတ်ဆောင်ရဲ့အလုပ်နေရာကို မကြာခဏလာလေ့ရှိတဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေးကပဲ အမျိုးသမီးဇာတ်ဆောင်ကို အိမ်ရှေ့စံမင်းသားနဲ့ ချိတ်ဆက်မိအောင် ကူညီခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ ဗားန်ရဲ့အလုပ်နေရာသည် မြို့စားမင်းပိုင်နက်ဖြစ်ပြီး မကြာခဏရောက်လာတတ်တဲ့ မိန်းကလေးလည်းမရှိ။ 

ဆာစီးနီယာက ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်လို့ စိတ်ရှုပ်ထွေးနေချိန်မှာ

“ဆာစီးနီယာ”

“အာ.. အင်း”

သူ့အသံကြားမှ သူမသည် အသိပြန်ဝင်လာခဲ့၏။

“မင်းရဲ့မျက်နှာထားက အလေးအနက်ဖြစ်နေပုံပဲ”

ဆာစီးနီယာသည် သူမကိုသူမပင် မသိလိုက်ပဲ မျက်မှောင်ကြုတ်နေခဲ့ခြင်းဖြစ်သည်။ သူမသည် လျင်မြန်စွာနဲ့ မျက်နှာထားကို ဖြေလျော့လိုက်ပြီး ဖိတ်စာကတ်ကို ဘန်ဆီသို့ ကမ်းပေးလိုက်သည်။

“ဖတ်ကြည့်ချင်လား”

ဖိတ်စာကို လက်ခံရရှိပြီးနောက် ဘန်သည် အထဲကအကြောင်းအရာများကို ဖြည်းဖြည်းချင်းဖတ်လိုက်သည်။ ဖိတ်စာမှာချိတ်တွယ်ထားတဲ့ ဖယောင်းတံဆိပ်နဲ့ ဖိတ်စာရဲ့အလယ်မှာရေးဆွဲထားတဲ့ ကြီးမားတဲ့ပုံစံကွက်သည် ဧကရာဇ်နန်းတော်ရဲ့ တရားဝင်အမှတ်တံဆိပ်ပင်ဖြစ်သည်။ 

ဧကရာဇ်မိသားစုရဲ့လူပိုဖြစ်တဲ့ဘန်သည် ဖိတ်စာမရရင်တောင်မှ မွေးနေ့ပွဲကို တက်ရောက်ရမည်သာဖြစ်၏။ မြင့်မားတဲ့ဂုဏ်ပုဒ်တွေရှိတဲ့ ဆွေကြီးမျိုးကြီးများနှင့် တန်းတူညီဖြစ်သည်။ သို့သော် ဂုဏ်ပုဒ်တွေမတပ်ပဲ ဖိတ်ကြားသည့်အခါမှာတော့ သူတို့သည် ဒီလိုမျိုးဖိတ်ကြားလေ့ရှိကြသည်။

“ဆာစီးနီယာ ဒီမှာ လက်တွဲဖော်နဲ့အတူတက်ရောက်ဖို့ ရေးထားတယ်”

ဘန်က သူမသည် လက်တွဲဖော်နဲ့အတူတက်ရောက်နိုင်သည်ဆိုတဲ့အကြောင်းအရာကြောင့် စိတ်လှုပ်ရှားသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလက်စ်ဒီမီကန်ရှောဗာစ့်အနေနဲ့မဟုတ်ပဲ သူမရဲ့ ပါတနာအဖြစ်နဲ့သာတက်ရောက်ချင်သောကြောင့်ဖြစ်သည်။

‘မဖြစ်နိုင်တာ အဲဒါငါလား’

လက်တွဲဖော်နဲ့အတူတက်ရောက်ဖို့ဆိုတဲ့အကြောင်းကို ရုတ်တရက်တွေးမိသွားတဲ့ ဆာစီးနီယာသည် ထိတ်လန့်သွားခဲ့သည်။

‘ဗားန်ကိုကူညီတဲ့မိန်းကလေးက ငါဖြစ်လာခဲ့တာလား’

အလွန်လက်ရာမြောက်လွန်းတဲ့ ချိန်ကိုက်မှုက သူမကို သံသယဝင်စေသည်။ ဘုရင်မကြီးဆီက ဖိတ်စာနဲ့ လက်တွဲဖော်နဲ့အတူတက်ရောက်ဖို့ဆိုတာက တကယ်ကို ပြီးပြည့်စုံစွာ ကိုက်ညီလွန်း၏။

“ဘာကိုဆိုလိုချင်တာလဲ”

“ဘန်.. လက်တွဲဖော်ဆိုတာက ဆွေကြီးမျိုးကြီးဖြစ်မှရမှာလား”

သူ့ရဲ့လက်တွဲဖော်အဖြစ်နဲ့ ဆွေကြီးမျိုးကြီးထဲကမဟုတ်ပဲ ခေါ်ဆောင်ခြင်းခံရမည်ဆိုလျင် သူမသည် တကယ်ပဲ ဗားန်ကိုကူညီတဲ့ မိန်းကလေးဖြစ်လာနိုင်သည်။ 

“ဘယ်သူလဲ”

“ဟမ်”

ဘန်ရဲ့ ရုတ်တရက် ကျောချမ်းဖွယ်အသံကြောင့် ဆာစီးနီယာက ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် သူ့ရဲ့ ပေါက်ကွဲထွက်ပြီး တစ်စုံတစ်ယောက်ကို သတ်တော့မလိုဖြစ်နေတဲ့ တောက်လောင်နေသော မျက်ဝန်းများအား တွေ့လိုက်ရလေသည်။ 

“ဆာစီးနီယာတွေးနေတဲ့ လက်တွဲဖော်က ကိုယ်မဟုတ်ဘူးပဲ.. ဘယ်သူလဲ”

သူက သူ့ရဲ့လက်ဆစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့ပုံစံသည် ရန်သူရဲ့လည်ပင်းကို အချိန်မရွေးခုတ်ဖြတ်ဖို့အတွက် အချိန်အခါကို စောင့်နေသည့် ရက်စက်ကြမ်းကြုတ်ပြီး ရဲရင့်သောသူရဲကောင်းနှင့်တူသည်။ ဆာစီးနီယာက နားမလည်ဟန်နဲ့ ခေါင်းကိုတိမ်းစောင်းလိုက်ပြီးမှ ခဏကြာတော့ ရယ်မောလေတော့သည်။

“မဟုတ်ဘူး ဗားန်ရဲ့အကြောင်းကိုတွေးနေတာ”

“...ဗားန်”

ဘန်က ထိုအခါမှ မျက်နှာထားကို ဖြေလျှော့လိုက်သည်။ ထို့နောက် သူ့မျက်နှာသည် နီမြန်းသွားပြီး နားလည်မှုလွဲသွားမှုကြောင့် ရှက်ရွံ့သွားလို့ဖြစ်ဖို့များသည်။

“နင်မဟုတ်ပဲ တခြားတစ်ယောက်နဲ့သွားမယ်လို့ထင်နေတာလား”

သူ့ရဲ့ တောက်လောင်နေတဲ့မျက်ဝန်းများသည် သဝန်တိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ဆာစီးနီယာသည် သဝန်တိုမှုကြောင့် တံခါးလက်ကိုင်ဖုကို ရိုက်ချိုးခဲ့သည့် သူမရဲ့ပုံစံနဲ့ ဆင်တူတဲ့ပုံစံကြောင့် ရယ်မောမိရသည်။

ဒါက သဝန်တိုလျင်ဖြစ်တတ်သည့်ပုံစံဖြစ်သည်။ ထိုအချိန်တုန်းက အိမ်စေလိုမျိုး သူ့ရဲ့သဝန်တိုမှုက အကျည်းမတန်ခဲ့ပဲ ချစ်စဖွယ်ကောင်းသည်။ ထိုအရာနဲ့ပက်သက်ပြီး သူသဝန်တိုနေတာကို သူမသည် နှစ်သက်မိ၏။ နေ့ရက်တိုင်းမှာ သူ့ဆီက အချစ်ခံနေရတာက ထင်ရှားပေသည်။ 

“ဒါပေါ့ ကိုယ်က ဆာစီးနီယာနဲ့သွားချင်တာပေါ့.. ဒါပေမယ့် ဆာစီးနီယာက ကိုယ်နဲ့မသွားချင်တာများလား…”

သူ့ပုခုံးသည် ညွတ်ကျသွား၏။

“နင်မဟုတ်ပဲ တခြားသွားချင်တဲ့သူ ဘယ်သူမှမရှိဘူး”

ဆာစီးနီယာရဲ့အမြင်အာရုံတွေ ကွယ်ပျောက်သွားစေတဲ့ထိ ဘန်က တောက်တောက်ပပနှင့်ပြုံးလိုက်သည်။

“ကိုယ်ပျော်တယ်”

ထို့နောက် သူသည် ရှက်ရှက်နှင့် ခေါင်းငုံ့လိုက်သည်။ သူ့လုပ်ပုံနဲ့အပြုံးတွေသည် သူမရဲ့နှလုံးသားကို အမှန်စင်စစ် ထိခိုက်နိုင်သည်။

“ဟဟ ဟ”

ဆာစီးနီယာက ကို့ရိုးကားရားဖြစ်သောအပြုံးနှင့် ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ သူမရဲ့ ခုန်ပေါက်နေတဲ့နှလုံးသားကြောင့် ပူအိုက်နေသလို ခံစားရ၏။

“ဗားန်ကို အစေခံအနေနဲ့ ဘာလို့ခေါ်မသွားတာလဲ”

ဒါသည် အကောင်းဆုံးနည်းလမ်းဖြစ်သည့်အတွက် သူမသည် ခဏတော့ စိတ်ဒုက္ခရောက်သွားရသည်။ ဘန်ရဲ့ အကြံပြုချက်နဲ့ပက်သက်ပြီး ဘာမှမှားယွင်းနေတာမျိုးမရှိ။ ထို့အပြင် ဗားန်က သူမရဲ့ သီးသန့်အိမ်အကူဖြစ်သည့်အတွက် ဘန်ရဲ့လက်တွဲဖော်အဖြစ်နဲ့ဆိုတာထက် ဗားန်ကိုသာ အိမ်စေအဖြစ်နဲ့ခေါ်သွားတာက ပိုမှန်ကန်သည်။

ဒါပေမယ့် ဗားန်က အိမ်ရှေ့စံမင်းသမီးဖြစ်သင့်တယ်ဆိုတဲ့အချက်နဲ့ပက်သက်ပြီး ဘန်က ဘာမှမသိခဲ့။ ပြီးတော့ ဗားန်ကို အိမ်ရှေ့စံမင်းသားနဲ့အတူတွဲကဖို့အတွက်ဆိုရင် သူမသည် ဆွေကြီးမျိုးကြီးတွေလို ဝတ်စားသွားဖို့လိုသည်။ ထို့ကြောင့် ဆာစီးနီယာက သူမကို ဘယ်လိုနည်းနဲ့များ အိမ်စေအဖြစ်နဲ့ ခေါ်ဆောင်သွားနိုင်လိမ့်မလဲ။

“ဟုတ်ပါတယ် ဒါပေမယ့်…”

“လက်တွဲဖော်တွေအနေနဲ့ လိင်မတူတဲ့သူကိုရွေးချယ်တာက သာမာန်ပါပဲ.. လိင်တူချင်းတွေက လက်တွဲဖော်တွေဖြစ်ကြတယ်ဆိုတာ သူတို့က သွေးသားချင်းဆက်စပ်လို့ပဲ”

နောက်ဆုံးမှာတော့ ဗားန်ကို လက်တွဲဖော်အဖြစ်နဲ့ ခေါ်သွားလို့မရနိုင်ဘူးဟုပြောထားခြင်းရှိသည်။ ထို့ကြောင့် သူမကို အစေခံအဖြစ်နဲ့ခေါ်သွားရုံကလွဲလို့ တခြားရွေးချယ်စရာမရှိတော့။

“ဟုတ်ပါပြီ မေလည်း လိုက်ချင်မယ်ထင်တယ်.. ဘယ်လိုလုပ်ရမလဲ…”

“မေကို ကိုယ့်အစေခံအနေနဲ့ ခေါ်သွားလိုက်မယ်”

“ဒါဆို မေကို ပြောပြထားလိုက်မယ်”

ဗားန်က အစေခံအနေနဲ့သွားရဖို့ကို စိတ်မကောင်းဖြစ်နေနိုင်သည်။ မေကတော့ ဧကရာဇ်နန်းတော်မှာကျင်းပတဲ့ မွေးနေ့ပွဲကိုသွားရလို့ အစေခံအနေနဲ့ပဲဖြစ်ဖြစ် မြင့်မြတ်တဲ့အမျိုးသမီးအဖြစ်နဲ့ပဲဖြစ်ဖြစ် ပျော်လွန်းလို့ ကခုန်နေနိုင်သည်။ 

“ကိုယ် ဆာစီးနီယာရဲ့ လက်တွဲဖော်ဖြစ်ချင်တယ်”

သူက သူ့လက်နဲ့ ဆာစီးနီယာကို ညင်သာစွာထွေးပွေ့လိုက်သည်။ သူမရဲ့ စိုးရိမ်ကြောင့်ကြနေတဲ့မျက်ဝန်းများက သူ့မျက်ဝန်းများထံသို့ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

“မသိဘူး ဘယ်လိုလုပ်ရမလဲ”

ဆာစီးနီယာက ရယ်စရာအဖြစ်နဲ့ပြောလိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဗားန်ဆီကကြားခဲ့သောစကားကို သတိရသွားသည်။

  “အေးတိအေးစက်ဖြစ်ပြီး တဲ့တိုးပြောတတ်တဲ့သခင်က မိန်းကလေး ဆာစီးနီယာရှေ့မှာပဲ တခြားလူတစ်ယောက်လို ပြောင်းသွားတတ်တာ”

သူများတွေရှေ့မှာ အေးတိအေးစက်ဖြစ်၊ တဲ့တိုးပြောတတ်ပြီး မငဲ့ညှာတတ်တဲ့သူဆိုပြီး နာမည်ကြီးတဲ့ဘန်က သူမရှေ့မှာတော့ ညင်သာတဲ့သိုးပေါက်လေးလိုပင်ဖြစ်၏။ ဆာစီးနီယာသည် ဗားန်ပြောခဲ့သလို သူ့ရဲ့ပုံစံကို တစ်ခါမှမမြင်တွေ့ဖူးပေ။

ဘန်က ဂနာမငြိမ်ဖြစ်ပြီး အဖြေကိုစောင့်နေသည်။ သူမက လက်သည်းထိပ်ဖျားများထိ ထုံကျင်စေတဲ့ သူ့ရဲ့ချစ်ခင်ကြင်နာမှုကြောင့် ပြုံးကာပြောလိုက်သည်။

“ဘန် နင်ငါနဲ့သွားမလား”

နီရဲပြီး ပုစွန်ဆီရောင်သန်းနေတဲ့ နေဝင်ချိန်ရဲ့အလှသည် ဆာစီးနီယာရဲ့မျက်နှာပေါ်ကို ကျရောက်နေသည်။ ကြီးမားတဲ့တုန်ယင်မှုနဲ့အတူ ဘန်ရဲ့ခန္ဓာကိုယ်က တင်းမာသွားရသည်။ သူမရဲ့အပြုံးက တခြားသောပန်းပွင့်များထက်လှပနေပြီး လက်ဝတ်ရတနာများအားလုံးထက် တောက်ပနေသည်။

သူသည် အသက်ရှုဖို့မေ့သွားသလိုပင်ခံစားရ၏။ ဆာစီးနီယာကလွဲလို့ အချိန်တွေဟာ ရပ်တန့်နေသည်။ သူ့နှလုံးသားရဲ့ခုန်ပေါက်နေတဲ့အသံက သူ့နားထဲမှာတောင် တုန်မြည်နေ၏။ ပျော်ရွှင်မှုများစီးဆင်းသွားသကဲ့သို့ သူ့မျက်လုံးထဲမှာ မျက်ရည်များဝဲလာရသည်။ သူက သူမရဲ့လက်လေးကိုကိုင်ကာ နမ်းလိုက်သည်။ သူ့ဘဝကိုတောင် ကျိန်ဆိုထားမိတဲ့ နတ်ဘုရားမတစ်ပါးရဲ့လက်ကို နမ်းလိုက်ရသကဲ့သို့ပင်ဖြစ်သည်။

“ဝမ်းသာစွာနဲ့ပဲ”

ဘန်က နောက်တစ်ခေါက်ထပ်ပြီး သန္နိဌာန်ချလိုက်သည်။ ဒီလက်လေးကို သူဘယ်တော့မှ အဆုံးရှုံးမခံနိုင်။ ဘာတွေပဲဖြစ်ဖြစ် ဒီအပြုံးလေးကိုကာကွယ်ဖို့အတွက် သူကတိပေးသည်။

***

“တကယ်လား ဒါတွေအားလုံးလား”

“ထင်ထားတဲ့အတိုင်း အဲလောက်မကောင်းသေးဘူး.. ဒါဆို ဒါနဲ့ဒါတွေကို အိမ်ဂေဟာကို ပို့ပေးပါ”

“မဟုတ်ဘူး အဲလိုမဟုတ်ဘူးလေ.. အရမ်းများနေပြီ”

ဆာစီးနီယာက ဘန်ရဲ့လက်မောင်းကိုဆွဲကာ စိတ်ငြိမ်အောင်ထားရသည်။ သူမသည် ဗားန်နဲ့မေကိုခေါ်၍ မွေးနေ့ပွဲအတွက် ဝတ်စုံသွားရွေးမလို့လုပ်ထားပေမယ့် ဘန်က ကြားဝင်ဖြတ်ပြီး သူနဲ့သွားဖို့ပြောလာခဲ့သည်။ ဘာပြဿနာမှမရှိခဲ့သည့်အတွက် သူတို့အတူတူထွက်လာခဲ့ကြသည်။ လက်ဝတ်ရတနာဆိုင်ကို သူမ မရောက်ဖြစ်တာ သုံးနှစ်တောင်ရှိခဲ့ပြီဖြစ်သည်။ 

“တစ်ခုတည်းပဲဝတ်ဖို့လိုတာကို ဘာလို့ နားကပ်နဲ့ဆွဲကြိုးတွေကို အများကြီးဝယ်နေတာလဲ”

ဆာစီးနီယာက အရောင်းဝန်ထမ်းကို ပြန်ထားဖို့ လက်ယမ်းပြလိုက်သည်။

“အားလုံးက ဆာစီးနီယာနဲ့လိုက်နေတော့ ဝယ်လိုက်တာပေါ့”

ဘန်က အရောင်းဝန်ထမ်းကို ပြန်ယူဖို့အတွက် မျက်လုံးဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။ အရောင်းဝန်ထမ်းက သူတို့နှစ်ယောက်ကြားမှာ မျက်ရည်လေးဝဲနေရ၏။ အရောင်းဝန်ထမ်းသည် သူတို့နှစ်ယောက်ကြောင့် ပစ္စည်းများကို ပြန်ထည့်လိုက် ပြန်ထုတ်လိုက်နဲ့ အခေါက်ပေါင်းများစွာလုပ်နေရလေသည်။

“ငါ့ပိုက်ဆံနဲ့ပဲ ငါဝယ်လိုက်မယ်.. အဲတော့ နင်လည်း နင်လိုတာတွေကိုပဲ ဝယ်ရုံပဲ”

“ကိုယ်မင်းအတွက် ဝယ်ပေးချင်တယ်”

“ဘာလို့ ဝယ်ပေးချင်နေရတာလဲ” သူမရဲ့ ခက်ထန်တဲ့အသံက သူ့ဆီကို ဦးတည်သွားသည်။

ဆာစီးနီယာက စိတ်မသက်မသာတဲ့ခံစားချက်နဲ့ သူမရဲ့မျက်နှာကို အေးစက်စွာနဲ့ တင်းမာထားလိုက်သည်။ ပိုက်ဆံသာဖြစ်မည်ဆိုလျင် ဘန်မိသားစုရဲ့ပိုက်ဆံအနေနဲ့ သူမမှာ အလျှံပယ်မရှိပေမယ့် လောင်းကစားအိမ်မှာ အနိုင်ရလာခဲ့တဲ့ ဆုငွေများကတော့ အခုထိကျန်ရှိနေသေးသည်။ သူမသည် ဘယ်တော့မှ ပိုက်ဆံအများကြီးမသုံးခဲ့သည့်အတွက် အဝတ်အစားနဲ့ တန်ဆာဆင်ယင်ဖို့အတွက်တော့ လုံလောက်စွာရှိသည်။ သူ့ဆီကနေ ငှားရမ်းစရာမလိုပေ။

“ဆာစီးနီယာ ဟိုးရှေးရှေးတုန်းက ကောင်လေးတစ်ယောက်ရှိတယ်တဲ့”

“ရုတ်တရက်ကြီး ဘာတွေလာပြောနေတာလဲ”

ကြုံရာကျပန်းပြောနေတဲ့ ပုံပြင်ကြောင့် ဆာစီးနီယာက သူ့ကို ငေးကြည့်လိုက်သည်။

“မိန်းကလေးတစ်ယောက်က ငတ်ပြတ်ပြီးသေတော့မလိုဖြစ်နေတဲ့ကောင်လေးကို ခေါ်သွားခဲ့တယ်.. သူမက သူ့ကို အိမ်လို့ခေါ်လို့ရတဲ့နေရာကိုပေးခဲ့ပြီး နွေးထွေးတဲ့အစားအစာတွေကိုလည်း ကျွေးခဲ့တယ်.. သူ့ကို နာမည်ပေးပြီး အတူတူနေကြရအောင်လို့ ပြောခဲ့တယ်”

ဆာစီးနီယာရဲ့မျက်လုံးက ရင်းနှီးနေတဲ့ပုံပြင်ကြောင့် ပြူးကျယ်သွားရသည်။ 

“ဘန် နေဦး.. ဒါက..”

“ဆာစီးနီယာကြောင့်သာမဟုတ်ရင် ကိုယ်ဒီကမ္ဘာပေါ်မှာရှိနေနိုင်မှာတောင်မဟုတ်ဘူး”

ဘန်က နူးညံ့စွာပြုံး၍ ဆာစီးနီယာရဲ့ ဆံပင်အဖျားပိုင်းလေးကို နမ်းလိုက်သည်။

“ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာအားလုံးက မင်းအပိုင်ပါပဲ.. ကိုယ့်ရဲ့အသက်ရှုသံတွေကိုတောင်မှ မင်းပိုင်တယ်”

သူမရဲ့ ပါးပြင်နှစ်ဖက်က သူ့ရဲ့ပြင်းထန်တဲ့မျက်ဝန်းများကြောင့် အချိန်မရွေးတောက်လောင်တော့မလိုခံစားရသည်။ ဆာစီးနီယာက ရှက်ရှက်နဲ့ အကြည့်လွှဲလိုက်သည်။ သူမသည် ကျီစယ်ခံလိုက်ရသလို ခံစားရ၏။ သူမဆီက ဘယ်လိုအကူညီရခဲ့လဲဆိုတဲ့အကြောင်းကို ပုံပြင်လုပ်ပြီးပြောခဲ့တာကို ယုံပင်မယုံနိုင်ခဲ့။ ထိုအကြောင်းနဲ့ပက်သက်ပြီး အဆုံးမရှိတော့ချေ။

“ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးကတော့ အရမ်းများလွန်းတယ်”

သူ့စိတ်ကို နားမလည်လို့မဟုတ်ပေမယ့် ဆိုင်တစ်ဆိုင်လုံးကို ဝယ်နေတာကိုတော့ တားမှဖြစ်မည်။ သူမရဲ့ ပျော့ညံ့သွားတဲ့ ကိုယ်နှုတ်အမူအရာတွေကြောင့် သူ့ရဲ့ နှုတ်ခမ်းမှာ ကျေနပ်တဲ့အပြုံးဖြစ်ပေါ်လာရသည်။

“ကောင်းပြီ မင်းနဲ့လိုက်တာတွေကိုပဲ ဝယ်တော့မယ်”

ဘန်က အရောင်းဝန်ထမ်းကို ပထမဆုံးစင်ကနေ နောက်ဆုံးစင်အထိ လက်ညှိုးညွှန်ပြကာပြောလိုက်သည်။ 

“အဲဒါတွေအားလုံးပဲ”

နောက်ဆုံးမှာတော့ အလွန်အံ့အားသင့်သွားတဲ့ ဆာစီးနီယာသည် ရွေးချယ်စရာမရှိပဲ သူ့ကို ဆိုင်ထဲက ကန်ထုတ်ဖို့သာ တတ်နိုင်တော့သည်။

 Xxxxxx