အပိုင်း ၈၅
Viewers 12k

Chapter 85

မွေးနေ့ပွဲက ရက်ပိုင်းမျှသာလိုတော့သည်။ ဆာစီးနီယာက အခုထိ မွေးနေ့ပွဲကို သွားသင့်၊ မသွားသင့် စဥ်းစားနေဆဲဖြစ်သည်။ သူမသည် အဝတ်အစားနဲ့ လက်ဝတ်အဆင်တန်ဆာများကို မှာယူခဲ့ပြီးဖြစ်၏။ သို့သော်လည်း အခုထိ စိတ်မအေးဖြစ်ရသောကြောင့် မဆုံးဖြတ်ရသေးချေ။

‘ဘုရင်မကြီးက ဘာလို့ ငါ့ကိုမှလဲ.. ဘာလို့လဲ’

ဘုရင်မကြီးရဲ့ဇာတ်ကောင်ရောက်ရှိလာခြင်းက သူမကို ပိုပြီး စိတ်ရှုပ်ထွေးရစေသည်။ ဝတ္ထုထဲမှာ ဘုရင်မကြီးရဲ့အကြောင်းကို သိပ်ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားနဲ့အမျိုးသမီးဇာတ်ဆောင်ပါတဲ့ အခန်းတွေမှသာ သူမသည် မွေးနေ့ပွဲခန်းမထဲတွင် ခဏတဖြုတ်ပေါ်ပေါက်လာခြင်းဖြစ်၏။

‘အဲလိုဇာတ်ဆောင်မျိုးက ငါ့နာမည်ကိုတောင် သိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး’

“အိမ်ရှေ့စံမင်းသားက ငါ့ကို ရည်ညွှန်းခဲ့တာလား”

တစ်နည်းအားဖြင့် ရှင်းပြလို့မရနိုင်ချေ။

ဆာစီးနီယာက သက်ပြင်းချ၍ ဆိုဖာပေါ်မှာ နစ်မြုပ်သည်အထိ ထိုင်လိုက်သည်။ မွေးနေ့ပွဲအတွက် တစ်နေ့လုံးစိတ်လှုပ်ရှားနေရသောမေနဲ့ပြောဆိုပြီးနောက် သူမသည် တစ်ယောက်တည်းသာနေနေခဲ့သည်။ သူမသည် ဆက်ပြီး ချင့်ချိန်စဥ်းစားပေမယ့် အဆုံးသတ်က တစ်ခုတည်းသာရှိသည်။

‘ငါသွားမှရမယ်’

သူမသာ မသွားလျင် ဗားန်လည်း သွားရဖို့ လမ်းမမြင်ချေ။

“ငါရုတ်တရက်ကြီး မြှားနတ်မောင်ဖြစ်လာတာပဲ”

အမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသမီးဇာတ်ဆောင်ကို ချိတ်ဆက်ပေးရတဲ့ မြှားနတ်မောင်ဖြစ်ရတာက လည်ဖြတ်ခံပြီးသေရမယ့်ဗီလိန်ဖြစ်ရတာထက်တော့ အများကြီးပိုသာသေးသည်။

မမျှော်မှန်းထားတဲ့ဘက်ကို လှောင်ပြုံးပြုံးလိုက်မိတဲ့ဆာစီးနီယာသည် လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေမိသည်။ ဆောင်းကုန်လို့နွေဦးရောက်လာချိန်မှာ ဇာတ်လမ်းက တကယ်အဆုံးသတ်လိမ့်မည်ပင်ဖြစ်၏။ သူမသည် ဆာစီးနီယာအဖြစ်တည်ရှိလာခဲ့တာ သုံးနှစ်တောင်ကျော်လွန်သွားလေပြီ။

‘ငါ့ဆီမှာ ဘာတွေဖြစ်လာမှာလဲ’

နေ့ရက်တိုင်းကုန်ဆုံးသွားတာက ဝမ်းနည်းစရာတော့ကောင်းသည်။ ဘန်နဲ့အတူကုန်ဆုံးခဲ့တဲ့အချိန်တွေက အလွန်ပျော်ရွှင်ရလွန်းလို့ ဒီလိုမျိုးထပ်ပြီးပျော်ရွှင်ရပါဦးမလားဆိုတာနဲ့ သူမရဲ့နှလုံးသားသည် အသက်ရှင်နေတယ်လို့ခံစားရတဲ့ထိ ခုန်ပေါက်နေပါဦးမလားဆိုတာကို သိချင်မိ၏။

‘ဒါပေမယ့် ဇာတ်လမ်းက လုံးဝအဆုံးသတ်သွားရင် ငါက ဘယ်လိုဖြစ်လာမှာလဲ’

ဗားန်နဲ့လိုင်မာဖီးယပ်စ်သည် မကြာခင်မှာ လက်ထပ်ထိမ်းမြားဖို့ကို သူမမျှော်လင့်မိ၏။ တစ်ဖက်မှာလည်း သူမရဲ့ အကြောက်တရားတွေကို ဖုံးကွယ်မထားနိုင်ခဲ့။ မသိရသေးတဲ့ အနာဂတ်ကြောင့်ပင်ဖြစ်သည်။

ဆာစီးနီယာသည် လက်နှစ်ဖက်ကို ယှက်သွယ်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဇာတ်လမ်းကို ဘာပြဿနာမှမရှိပဲ အဆုံးသတ်သွားစေဖို့ သူမ မျှော်လင့်မိသည်။ အချိန်တွေဘယ်လောက်ပဲကုန်လွန်သွားပါစေ သူမသည် ဘန်ရဲ့အနားမှာပဲ ရှိနေချင်ခဲ့သည်။ အစာစားနေချိန် သို့မဟုတ် ရေချိုးနေချိန်မှာ ရုတ်တရက်ဖြစ်ပွားလာတတ်တဲ့ ဒီစိုးရိမ်ကြောင့်ကြမှုတွေကို အတတ်နိုင်ဆုံး ဂရုမစိုက်မိဖို့ သူမသည် ကြိုးစားခဲ့ရ၏။

‘မကြောက်လန့်ဖို့နဲ့ တိမ်းရှောင်ဖို့အတွက်ကို ဆုံးဖြတ်ပြီးသားမို့’

အခုတော့ သူမသည် နေ့ရက်တိုင်းကို တတ်နိုင်သမျှ သူနဲ့ပဲချစ်ခင်မြတ်နိုးစွာနေထိုင်သွားချင်မိတော့သည်။ ခဏကြာသောအခါ ဆာစီးနီယာသည် အလွန်စူးရှတဲ့နေရောင်ပျောက်ကွယ်ပြီး မျက်နှာပေါ်သို့ အရိပ်ကျရောက်လာချိန်မှာ မျက်လုံးများကိုဖွင့်ကြည့်လိုက်လေသည်။ ထို့နောက် သူမဘေးမှာ ချိုသာတဲ့အပြုံးနဲ့ရပ်နေသည့်ဘန်ကို တွေ့လိုက်ရသည်။

“ဘယ်တုန်းကရောက်လာခဲ့တာလဲ.. ဘာလို့ ကျွန်မကို မခေါ်တာလဲ”

“ကိုယ်မင်းကို မနှောင့်ယှက်ချင်လို့ပါ”

ဘန်က ပြတင်းပေါက်ရဲ့ ဆန့်ကျင်ဘက်ကိုမှီလိုက်ပြီး သူမဆီကို နေအလင်းရောင်ကျရောက်နေသောကြောင့် မျက်လုံးတစ်ဝက်ပိတ်ထားလျက်ကြည့်နေတဲ့ ဆာစီးနီယာရှေ့ကို ကာကွယ်ကာရပ်လိုက်သည်။ 

“ရပါတယ် အနှောင့်အယှက်ဖြစ်တာမှမဟုတ်တာ”

“စိတ်ပူစရာတွေရှိနေလို့လား”

သူက ပြတင်းပေါက်နားကနေ ထလာလိုက်ပြီး ဆိုဖာပေါ်မှာ သူမမှီထိုင်နေတဲ့နေရာကိုလာကာ ကန့်လန့်ဖြတ်ထိုင်လိုက်သည်။ သူ့ရဲ့ နူးညံ့တဲ့လက်က သူမရဲ့ ဆံပင်မွှေးညင်းပေါက်လေးများကို ပွတ်သပ်ကာ သေးသွယ်သောလက်လေးအား ယူလိုက်သည်။ အသားမာတွေရှိနေတဲ့လက်ကြီးသည် သူမရဲ့ လက်ချောင်းလေးများကို ကြင်နာစွာပွတ်သပ်လိုက်သည်။

“ဘာမှမရှိပါဘူး”

ဆာစီးနီယာက ပြုံးပြီး သူနဲ့အကြည့်ချင်းဆုံစေလိုက်သည်။ အံ့သြစရာကောင်းစွာနဲ့ပဲ စိတ်မသက်သာတဲ့ခံစားချက်က သူ့ဘေးမှာရှိနေတာနဲ့တင် ဘာမှမဟုတ်သလိုဖြစ်သွားခဲ့ရသည်။

“စိတ်ပူစရာတွေရှိနေတယ်ဆိုရင် ကိုယ်တို့ အတူတူစဥ်းစားကြမယ်လေ.. အဲဒါကြောင့် တစ်ခုခုပြောချင်တာရှိရင် ကိုယ့်ကို အချိန်မရွေးပြောလို့ရတယ်”

ဘန်က သံသယဝင်သွားမိပေမယ့် သူမရဲ့ တောက်ပတဲ့အပြုံးကြောင့် ပျော်ကျပျောက်ကွယ်သွားရသည်။

“ဟုတ်ပါပြီ” ဆာစီးနီယာက ခေါင်းငြိမ့်လိုက်သည်။

“တစ်ယောက်ယောက်က မင်းကို နှုတ်ဆက်ဖို့ ဒီကိုရောက်နေတယ်”

“ဘယ်သူလဲ”

“ဝင်လာခဲ့”

သူမ ပထမဆုံးတွေ့ဖူးသည့်အစေခံသည် တံခါးဖွင့်၍ ဝင်လာခဲ့သည်။ 

“တွေ့ရတာဝမ်းသာပါတယ် မိန်းကလေး ဆာစီးနီယာ.. ကျွန်မနာမည်က ရီနာပါ”

စိတ်လှုပ်ရှားပုံရနေသောရီနာသည် ဆာစီးနီယာကို ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။ ဆာစီးနီယာက ဘန်ကို ရုတ်တရက်ရောက်ရှိလာတဲ့သူစိမ်းကြောင့် စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။ အခုဘာတွေဖြစ်နေတာလဲဆိုတဲ့အကြည့်ကို သူ့ထံသို့ ပို့လွှတ်လိုက်၏။

“ဗားန်တစ်ယောက်တည်းနဲ့ ဆာစီးနီယာကို ဂရုစိုက်ဖို့ မလုံလောက်ဘူးထင်လို့”

သူမသည် ငြင်းဆိုဖို့ကြိုးစားရင်းနဲ့ ဗားန်ဆိုတဲ့အသံနောက်မှာ အတွေးများကိုရပ်တန့်လိုက်သည်။ အလုပ်တွေအများကြီးမရှိပေမယ့်လည်း ဗာန်းတစ်ယောက်တည်းကပဲ သူမရဲ့ ဝေယျာဝစ္စတွေကို ဂရုစိုက်ပေးနေရသည့်အတွက် လူတွေထပ်လိုအပ်လာပုံရသည်။

“သူမက အုပ်ချုပ်ရေးအဖွဲ့မှာ အကြာကြီးအလုပ်လုပ်လာခဲ့တဲ့ အစေခံဆိုတော့ တော်မှာကျိန်းသေတယ်”

ဘန်က ဆာစီးနီယာရဲ့အစေခံတွေကို တဖြည်းဖြည်းချင်းတိုးချဲ့ပေးနေသည်။ ရီနာကို အရည်အချင်းရှိတဲ့အစေခံတစ်ယောက်က အကြုံပြုပေးခဲ့သည့်အတွက် ဆာစီးနီယာအတွက် ခေါ်လာပေးခဲ့ခြင်းဖြစ်သည်။ ဆာစီးနီယာရဲ့ ဂုဏ်ပုဒ်ကို အားကောင်းအောင်လုပ်ပေးဖို့ဖြစ်သည့်အတွက် မည်သူမှ ဆာစီးနီယာကို အရေးမထားသလို ပြုမူလို့မရချေ။ ဆာစီးနီယာက သူ့အပိုင်ဆိုတာကို လူတွေ သတိမူမိအောင် ခိုင်ခိုင်မာမာပြသပေးလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ”

ဆာစီးနီယာက ဘန်ရဲ့ကမ်းလှမ်းချက်ကို လက်ခံဖို့ ဖိအားပေးခံလိုက်ရသည်။

“ကျွန်မကို လိုအပ်တဲ့အချိန်တိုင်းခေါ်လိုက်ပါ”

ဘန်က ထွက်သွားဖို့အချက်ပြလိုက်တာနဲ့ ရီနာက နှုတ်ဆက်ကာထွက်ခွာသွားသည်။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်နူးညံ့စွာပြုံးပြနေတာကိုကြည့်ကာ ရီနာရဲ့မျက်ဝန်းက ထူးခြားစွာနဲ့ အရောင်မှိန်ဖျော့တော့သွားကာ ထွက်ခွာသွားလေတော့သည်။ 

***

မွေးနေ့ဂုဏ်ပြုပွဲအခမ်းအနားက ကျရောက်လာချေပြီ

ဆာစီးနီယာက ဘန်နဲ့အတူ ရထားလုံးပေါ်ရောက်နေပြီပင်ဖြစ်၏။ ဗားန်နဲ့မေကတော့ နောက်ထပ်ရထားလုံးနဲ့ လိုက်လာကြသည်။

ဆာစီးနီယာသည် အစေခံအသစ်များ၏လက်ရာများကြောင့် ကောက်ရိတ်သိမ်းပွဲတော်မှာတုန်းကထက်တောင်ပို၍ လှပနေသေးသည်။ သူမရဲ့ ထူထဲပြီး ကောက်ကွေးရှည်လျားတဲ့ဆံနွယ်များသည် ခါးပေါ်သို့ လျော့ရဲကျနေသည်။ သူမရဲ့ သွယ်လျတဲ့ပုခုံးပြင်ကိုဖော်ပြနေတဲ့ အဖြူရောင်ဝတ်စုံသည် သူမဝတ်ခဲ့ဖူးသည့်ဝတ်စုံများနှင့်ကွဲပြားနေပြီး ရွှေရောင်ပုံစံကွက်က သူမရဲ့ရင်ဘတ်တစ်လျှောက်မှာ ပန်းထိုးထားသည်။ အဆင်တန်ဆာများက သူမရဲ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်ထားသည်။ အထူးသီးသန့်ဖြစ်သည့်အရာကတော့ လက်ရာမြောက်တဲ့ ပတ္တမြားနားကပ်သည် ဘန်ကိုယ်တိုင် ရွေးချယ်ပေးထားခြင်းဖြစ်သည်။

“ဘန် ဘယ်အချိန်ထိ ကျွန်မကို ဒီလိုကြည့်နေဖို့ စိတ်ကူးထားတာလဲ”

နောက်ဆုံးတော့ ဆာစီးနီယာသည် သူ့ရဲ့စူးရှလွန်းသောအကြည့်တွေကြောင့် မေးလိုက်ရသည်။

“ဆာစီးနီယာ မင်းက အမြဲတမ်းလှနေတာပဲ”

ဆာစီးနီယာက သက်ပြင်းချလိုက်ရင်း ပါးပြင်နှစ်ဖက်နီမြန်းစွာနဲ့ ထိုင်နေတဲ့သူ့ကို ကြည့်လိုက်သည်။ အိမ်ဂေဟာမှာထား၍ သူမကို စောင့်ကြပ်ခံရပြီးနောက် သူသည် သူမ ဘယ်လောက်လှပကြောင်း အမြဲပြောလေ့ရှိသည်။ တစ်ကြမ်နှစ်ကြိမ်လောက်တော့ သူမသည် ပျော်ရွှင်စွာနဲ့ လက်ခံခဲ့ပေမယ့် သူဒီလိုပြောချိန်တိုင်း သူမအတွက် ရှက်ကိုးရှက်ကန်းဖြစ်စေရသည်။

“ဒီလိုပြောနေတာ ဆယ်ကြိမ်ထက်မကတော့ဘူးဆိုတာ သိတယ်မလား”

“ဒါပေမယ့် ဆာစီးနီယာက လှတယ်လေ…”

“အာ တော်ပါတော့ ကျွန်မ သိတာမလို့ ရှင်လည်း အဲဒီအကြောင်းကိုပြောတာရပ်လိုက်တော့”

ဆာစီးနီယာက သူ့နားကိုလျင်မြန်စွာသွား၍ ပါးစပ်ကို လှမ်းပိတ်လိုက်သည်။ ဒီလိုမျိုးအမြဲ ကြိုတင်သတိပေးခြင်းမရှိပဲ အရှိန်အဟုန်နဲ့ ရင်ခုန်အောင်လုပ်နေတဲ့သူကြောင့် သူမရဲ့နှလုံးသားကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုခုန်ပေါက်လာရလေတော့သည်။ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ဆာစီးနီယာကိုကြည့်၍ ဘန်က ပေါ့ပေါ့ပါးပါးဖြင့်ပြုံးလိုက်ကာ သူ့ပါးစပ်ကိုကာထားတဲ့ ဆာစီးနီယာရဲ့ လက်ဖဝါးကို နမ်းလိုက်သည်။

“အာ…”

အံ့သြတုန်လှုပ်သွားတဲ့ ဆာစီးနီယာက လက်ကို ပြန်ရုတ်၍ အောက်သို့ အမြန်ပြန်ချလိုက်သည်။ အနမ်းခံလိုက်ရတဲ့ သူမရဲ့ လက်ဖဝါးနဲ့ ရင်းနှီးနေသင့်သည်။ သို့သော်လည်း အခုချိန်ထိ ဘန်ဒီလိုမျိုးလုပ်တိုင်း သူမရဲ့ လက်ချောင်းများသည် လျှပ်စီးဓာတ်များ စီးဆင်းလာသကဲ့သို့ စပ်ဖျဥ်းဖျဥ်းခံစားရသည်။ နေ့ရက်တိုင်းကျော်လွန်လာသည်နှင့် ဘန်ရဲ့ ချစ်ခင်တွယ်တာမှုတွေက ပို၍ ပေါ်လွင်ထင်ရှားလာခဲ့သည်။

ဆာစီးနီယာက ရှက်ရွံ့မှုကိုဖုံးကွယ်ရန် သူမရဲ့ အကြည့်များကို ပြတင်းပေါက်အပြင်ဘက်သို့ ပို့လိုက်၏။ သူမရဲ့ဘေးက ခပ်တိုးတိုးရယ်သံကြားသည်နှင့် ထိုအသံက သူမကို ဘဝင်ခိုက်စေသည်။ ပြည့်လျှံနေတဲ့ ပျော်ရွှင်မှုများနဲ့အတူ နူးညံ့တဲ့အပြုံးလေးတစ်ပွင့်ဟာ သူမနှုတ်ခမ်းထက်မှာတည်သည်။

ရထားလုံးက ရှေ့ဆက်သွားသည်နှင့် ဘန်က သူ့အိတ်ကို ဟိုရွေ့ဒီရွေ့လုပ်နေသည်။ သူက ဘယ်အချိန်မှာထုတ်ပြီး ပေးရမလဲဆိုတာကို ချင့်ချိန်စဥ်းစားနေခဲ့ခြင်းဖြစ်သည်။ သူမကို ချစ်ကြည်နူးဖွယ်ရာအကောင်းဆုံးဖြစ်သောအချိန်မှသာ ပေးချင်သောကြောင့်ဖြစ်၏။

ဆာစီးနီယာက သူ့ထံသို့ လှည့်ကြည့်လိုက်သည်။ ဘာအသံမှမကြားရပဲ တိတ်ဆိတ်ငြိမ်သက်နေတာကို ပျင်းလာသောကြောင့်ဖြစ်၏။ 

‘ဒီလောက်လေးလေးနက်နက်ဖြစ်နေအောင်ထိ သူဘာတွေတွေးနေတာများလဲ’

ဘန်က တစ်ခုခုကိုချင့်ချိန်စဥ်းစားသလိုနှင့် အရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်နေသည်။ သူမသည် ဘာမှလုပ်စရာမရှိသည့်အတွက် သူ့ကိုသာ ရှုစားနေမိသည်။

သူမရဲ့အမြင်မှာ ဘန်ရဲ့ဆံပင်ဟာ ပြတင်းပေါက်ကနေ အလင်းရောင်ဖြတ်ဝင်လာလျင် မီးခိုးရောင်ကနေ အပြာရောင်အဖြစ်သို့ပြောင်းသွားပြီး အချိန်တိုင်း အရောင်မျိုးစုံပြောင်းလဲနေတော့သည်။ အခုံးပုံစံနဖူးမျဥ်းကြောင်းအောက်ကနေ သူ့ရဲ့နှာတံမြင့်မြင်နဲ့ ချောမွတ်သည့်နှုတ်ခမ်းသည် ယခင်ကထက်ပို၍ လေးနက်နေခဲ့သည်။ သူက တူညီဝတ်စုံကိုဝတ်ဆင်ထားပြီး တင်းကျပ်တဲ့ဝတ်စုံပုံစံက သူ့ရဲ့ကျယ်ပြန့်တဲ့ပုခုံးကို ပိုပြီးထင်သာမြင်သာရှိအောင် ဖော်ပြပေးနေသည်။ ဘန် ဘာပဲဝတ်ဝတ် အမြဲတမ်းဆွဲဆောင်မှုရှိသည်။ သူနဲ့မလိုက်ဖက်တဲ့ဝတ်စုံမရှိသလောက်ပင်ဖြစ်၏။

‘စုတ်စုတ်ပြတ်ပြတ်ဝတ်ထားရင်တောင်မှ သူက တောက်ပနေဦးမှာ’

သူမသည် ဘန်ရဲ့ချောမောမှုတွေကို နောက်တစ်ကြိမ် သိရှိနားလည်ပြီးသွားချိန်မှာ ဘန်က သူမငေးကြည့်နေတာကို ခံစားမိနေသလိုနဲ့ လှည့်ကြည့်လာသည်။

“ဘာလို့လဲ”

“ဟမျ ဘာကိုလဲ”

“မင်းကိုယ့်ကိုကြည့်နေတာလေ”

“ရှင်က ချောလို့”

“...”

ရှက်သွားခြင်းဖြစ်နိုင်ပြီး သူ့မျက်လုံးက ပြူးကျယ်လာကာ မကြာမီတွင် ပြတင်းပေါက်ဘက်ကို လျင်မြန်စွာ ပြန်လှည့်သွား၏။ ဒါပေမယ့် သူ့ရဲ့ ဖုံးမရနိုင်တဲ့ နားရွက်ဖျားလေးကတော့ နီရဲနေခဲ့သည်။

“ရှင်အခု ရှက်နေတာလား”

သူ့ရဲ့ မမျှော်လင့်ထားတဲ့တုံ့ပြန်မှုကြောင့် ဆာစီးနီယာက နားမလည်သလိုဖြစ်သွားရသည်။ ဘန်က သူမကို လှပကြောင်း အကြိမ်ရေမတွက်နိုင်အောင်ပြောခဲ့သည်။ သို့သော်လည်း ဆာစီးနီယာက သူ့ကို တစ်ခါပဲ ချီးမွမ်းဖူးသည့်အတွက် ကြေကွဲနေသောလူတစ်ယောက်လိုပြုမူနေသည်။

“မ…မဟုတ်ပါဘူး”

သူသည် ရှက်ကိုးရှက်ကန်းဖြစ်မှုကြောင့် လည်ပင်းအထိပါ နီမြန်းနေတော့သည်။ သူမရဲ့ ချိုသာတဲ့ချီးမွမ်းမှုကြောင့် သူ့နှလုံးသားက သည်းထိတ်ရင်ဖိုဖြစ်နေရ၏။ ဆာစီးနီယာက ဧကရာဇ်နန်းတော်ကိုမရောက်မချင်း အပျော်သဘောနဲ့ စနောက်လို့ရတဲ့သူတစ်ယောက်ကို တွေ့ရှိသွားသကဲ့သို့ ရယ်ပြုံးလိုက်သည်။

***

ဧကရာဇ်နန်းတော်နဲ့ပက်သက်ပြီး သူ့ရဲ့ ပထမဆုံးထင်မြင်ချက်ကတော့ ကြီးမားပြီး ခမ်းနားလွန်းတဲ့နေရာဖြစ်သည်ဟုပင်ဖြစ်၏။ မွေးနေ့ပွဲကိုသွားရမည့် စင်္ကြံလမ်းသည် ရှေးဟောင်းပန်းပုရုပ်ထုများဖြင့် ခြံရံထားပြီး အဖြူရောင်စကျင်ကျောက်တိုင်လုံးများဖြင့် ဝန်းရံထားရှိသည်။

“ဝိုး တကယ် ကျယ်ဝန်းတာပဲ”

သူတို့နောက်ကလိုက်လာတဲ့ ဗားန်က ရှုစားငေးမောရင်းပြောဆိုလာသည်။

“ဒီနေ့ မွေးနေ့ပွဲရဲ့ အဓိကလူက ဆာစီးနီယာဖြစ်မယ်လို့ထင်တယ်.. အစ်မက အရမ်းလှနေတာ မြို့စားမင်းတောင် စိတ်တွေလှုပ်ရှားနေပြီ”

မေက ပြုံးရွှင်ကာပြော၍ သူမရဲ့အလှကို ချီးမွမ်းလိုက်သည်။

“အဓိပ္ပာယ်မရှိတာ”

ဆာစီးနီယာက ရပ်ဖို့ အချက်ပြလိုက်တာနှင့် မေက ပုခုံးတွန့်လိုက်သည်။

“ငါ သူမနဲ့ စက္ကန့်ပိုင်းလောက်လေးတောင် ဝေးဝေးနေနိုင်မယ်မထင်ဘူး”

ဘန်က ဒီလိုအချိန်ကိုစောင့်နေသည့်အလား တုံ့ပြန်ပြောဆိုလာတာကိုကြည့်ပြီး မိန်းကလေးသုံးယောက်က ပါးစပ်ပိတ်သွားကြသည်။ ဗားန်နဲ့မေကတော့ ဆာစီးနီယာဘေးမှာ အရူးတစ်ယောက်လိုပြုမူနေတဲ့ ဘန်ရဲ့ပုံစံကို နေသားမကျသေးပေ။ သူ့ရဲ့ ချစ်ခင်မှုပုံစံတွေက သူတို့ကို နေ့တိုင်းကြက်သီးထစေပေမယ့် ဒါကိုတွေ့ရတိုင်း အံ့အားသင့်ရဆဲသာဖြစ်သည်။ ဘန်က သူ့ရဲ့ပုံစံနဲ့ အလွန်ကွဲပြားနေသည်။

“တစ်စုံတစ်ယောက်က ကောက်ကျစ်တဲ့စိတ်လေးနည်းနည်းနဲ့ ဆာစီးနီယာကို တိုက်ခိုက်မယ်ဆိုရင် ငါ အဲဒီကိုသွားပြီး-”

“ဘန်”

ဘန်က တုံ့ဆိုင်းခြင်းမရှိပဲ အစီစဥ်ဆွဲထားပြီးဖြစ်ပေမယ့် ဆာစီးနီယာအော်လိုက်တာနဲ့ ပါးစပ်ပိတ်သွားလေတော့သည်။ ဆာစီးနီယာက သူ့ကိုကြည့်နေသည်။ သူမ အဆုံးထိ နားမထောင်လိုက်ရပေမယ့် ဘန်က သူ့ဓားရှည်ကိုဆွဲထုတ်ပြီး သူတို့ကိုသတ်မည်ဆိုတာ ထင်ရှားသိသာသည်။ သူက သူ့အစီအစဥ်ကိုပြောနေချိန်မှာ ဒေါသတွေ ပျံ့နှံ့သွားသလိုနဲ့ အံကြိတ်တင်းမာထားခဲ့ခြင်းဖြစ်သည်။

“ဆာစီးနီယာ ကိုယ်-”

ဘန်က ဂနာမငြိမ်ဖြစ်ကာ ဘေးဘီကို ကြည့်နေမိသည်။

“မွေးနေ့ပွဲကို အေးအေးချမ်းချမ်းပဲပြီးချင်တယ်.. တစ်ခုခုကြီးကြီးမားမားလုပ်ရင် ခွင့်လွှတ်မှာမဟုတ်ဘူးနော်”

ဆာစီးနီယာက သူ့ကိုခြိမ်းခြောက်ပြီး ရှေ့ကိုဆက်သွားသည်။

“ဆာစီးနီယာ ကိုယ်တောင်းပန်ပါတယ်.. ကိုယ်အမှားလုပ်မိသွားတယ်. ကိုယ်က ဒီတိုင်း-”

သူက ဆာစီးနီယာနောက်ကို လိုက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာ ဘာလုပ်ရမှန်းမသိပဲ ရှက်ရွံ့မှုနဲ့ စိတ်လှုပ်ရှားမှုတွေရှိနေသည်။ 

“ကိုယ် ကိုယ်…”

“ဘယ်လောက်ပဲကြည့်ကြည့် အခုထိ နေသားမကျနိုင်သေးဘူး”

အနောက်ကနေကြည့်နေကြတဲ့ ဗားန်နဲ့မေက တစ်ချိန်တည်းမှာ ပြိုင်တူပြောလိုက်ကြသည်။ ကြမ်းကြုတ်တဲ့သားရဲကြီးသည် ဆာစီးနီယာနောက်ကိုလိုက်နေတဲ့ ကြီးမားသောခွေးကြီးနှင့်တူနေသည်။ ဗားန်နဲ့မေက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး ရယ်မောကာ သူတို့နောက်ကိုလိုက်သွားကြသည်။

***

မွေးနေ့ပွဲကျင်းပတဲ့ခန်းမရဲ့တံခါးရှေ့မှာ ဆာစီးနီယာနဲ့ဘန်က ရပ်နေကြသည်။

“ဟူး…”

ဆာစီးနီယာက စိုးရိမ်ပူပန်မှုကြောင့် တံတွေးမျိုချလိုက်သည်။ ဒီလိုပွဲမျိုးကို တက်ရောက်တာ သူမအတွက် ပထမဆုံးဖြစ်ပေမယ့် သူမကို ပိုပြီးစိတ်လှုပ်ရှားစေတာကတော့ အားလုံးသိချင်နေကြတဲ့ ကောလဟာလဖြစ်တဲ့ သူမက အဓိကဇာတ်ဆောင်ဆိုတဲ့အချက်ကိုပင်ဖြစ်၏။ မြို့စားမင်းက သူ့အိမ်ဂေဟာမှာဖွက်ထားတဲ့ မိန်းကလေးအကြောင်းကို အားလုံးသိချင်နေကြတာက သိသာထင်ရှားလွန်းသည်။

သူမသည် ဒီနေ့မှာ သေးငယ်သောအမှားလေးတောင် မပြုလုပ်ချင်ခဲ့။ သူမရဲ့အပြုအမူတွေက ဘန်ရဲ့ ဂုဏ်သိက္ခာကို အရောင်မှေးမှိန်သွားစေနိုင်သည်။ ထို့ကြောင့်လည်း သူမရဲ့ခန္ဓာကိုယ်က အရင်ကထက် ဖိစီးသလိုခံစားနေရခြင်းဖြစ်နိုင်သည်။ သူမရဲ့ လည်ပင်းသည်လည်း မာတောင့်နေခဲ့ပြီးဖြစ်၏။

“အဆင်ပြေပါတယ် ကိုယ်မင်းဘေးမှာရှိနေပေးမယ်”

ဘန်က ဆာစီးနီယာရဲ့လက်ကို ချိတ်တွဲထားလိုက်သည်။

“ကျေးဇူးပါ”

သူ့ရဲ့ စိတ်သက်သာရာရစေသောစကားများကြောင့် ဆာစီးနီယာသည် အနည်းငယ် စိတ်အေးသွားရသည်။ တံခါးစောင့်နေတဲ့အစေခံက ဘန်ရဲ့မျက်နှာကို စစ်ဆေးပြီးသည်နှင့် သူရောက်ရှိလာမှုကို ကြေညာဖို့ပြင်ဆင်နေသည်။

“ဒီလိုကြေညာလိုက်”

ဘန်က ဆာစီးနီယာ ရရှိထားတဲ့ဖိတ်စာကို အစေခံကို ကမ်းပေးလိုက်သည်။ ဖိတ်စာကို အတည်ပြုပြီးသည်နှင့် အစေခံက နားမလည်နိုင်သောမျက်နှာဖြစ်သွားလေသည်။

“ဟုတ် ဒါပေမယ့် မြို့စားမင်းက…”

“အဲလိုပဲလုပ်လိုက်”

အစေခံက ဘာလုပ်ရမလဲစဥ်းစားနေပေမယ့် ဘန်ရဲ့ ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေကြောင့် ထပ်မမေးရဲပေ။ 

“ဘာဖြစ်လို့လဲ”

ဆာစီးနီယာက ထူးဆန်းတဲ့အခြေအနေကြောင့်မေးလိုက်တော့ ဘန်က သူမရဲ့ နားနားကိုကပ်ပြီး တီးတိုးပြောသည်။

“ဆာစီးနီယာရဲ့ လက်တွဲဖော်ဖြစ်နိုင်တာ ကိုယ်တစ်ယောက်ပဲရှိတယ်”

မကြာမီမှာ အစေခံက သူတို့နှစ်ယောက်ရောက်ရှိလာမှုကို ကျယ်လောင်စွာ ကြေညာလိုက်လေသည်။

“မိန်းကလေး ဆာစီးနီယာနဲ့ သူမရဲ့ လက်တွဲဖော် မြို့စားမင်း အလက်စ်ဒီမီကန်ရှောဗာစ့်တို့ ဝင်လာကြပါပြီ”

တင်းကျပ်စွာပိတ်ထားတဲ့ ခန်းမရဲ့တံခါးသည် ထိုအခါမှ ပွင့်သွားလေတော့သည်။

Xxxxcc