Chapter 86
စားပွဲခန်းမဆောင်၏ ဖွင့်ထားသော တံခါးမကြီးမှ သူမတို့စုံတွဲ ဝင်ရောက်လာသောအခါ ပျားပန်းခတ်မျှ ယောက်ယက်ခတ်နေကြသော ခန်းမကြီးတစ်ခုလုံး ရေခဲရေ လောင်းချလိုက်သလို တိတ်ဆိတ်သွားသည်။ သူတို့ကို ပထမဆုံး လာရောက်ကြည့်ရှုကြသော မှူးမတ်များ လူကုံတန်များက အသက်ပင်မရှူနိုင်။
အနီရင့်ရင့် ဆံနွယ်များနှင့်လိုက်ဖက်သော အနီရောင်ဂါဝန်နှင့် သူမ၏အလှမှာ ကမ္ဘာ့ပြိုင်စံရှားပင်ဖြစ်သည်။ သူမရဲ့ အသားအရည်မှာ နို့ကဲ့သို့ ဖြူနှစ်နေကာ ကြက်သွေးရောင်မျက်လုံးများမှာလည်း ဆွဲဆောင်မှုရှိလှသည်။ နှုတ်ခမ်းဖောင်းဖောင်းလေးနှင့် လိုက်ဖက်သော ပြတ်သားအချိုးကျသည့် မျက်နှာသွင်ပြင်က ပါးလွှာသော လည်တိုင်နှင့် ညှပ်ရိုးနက်နက်ကြားမှ ထွက်ပေါက်နေသည်မှာ နှင်းဆီနီတစ်ပွင့်ပမာပင်။ သူမ၏ ရုပ်အဆင်းအင်္ဂါရပ်အားလုံးမှာ မမေ့ပျောက်နိုင်အောင် စွဲထင်လွန်းလှသည်။
သူမဘေးတွင် အတူတကွယှဉ်တွဲလျှောက်လာသော အမျိုးသားမှာလည်း ထို့နည်းတူပင်ဖြစ်သည်။ ခန်းမဆောင်၏ မီးရောင်အောက်တွင် အမျိုးသားရဲ့ ဆံပင်နက်များက တောက်ပနေသည်။ သူ၏ လက်တွဲဖော်ကိုသာ စောင်းငဲ့ကြည့်သော သူ့မျက်လုံးများမှာ ဖော်ရွေဖွယ်ကောင်းကာ သူ့ရဲ့ နှာရိုးမှာလည်း မြှားခေါင်းသဖွယ် ချွန်ထက် ဖြောင့်စင်းနေသည်။ သူ့နှုတ်ခမ်းပေါ်မှ သိမ်မွေ့သောအပြုံးကလည်း ဆွဲဆောင်မှုရှိလှသည်။ သူ၏ ကျယ်ပြန့်သောပုခုံးနှင့် မြင့်မားသောအရပ်ကို အနီရင့်ရောင်ဝတ်စုံဖြင့်လွှမ်းခြုံထားရာ သူ၏လက်တွဲဖော်နှင့် လိုက်ဖက်ဖွယ် ဝတ်ဆင်ထားသည့်အတိုင်းပင်။
မှူးမတ်များမှာ ဤအတွဲ၏ အံ့ချီးဖွယ် လှပကျက်သရေရှိမှုကို မယုံကြည်နိုင်။ ထို့ထက်ပို၍ မြို့စားမင်း၏ အမူအယာမှာ သူတို့ကို အလွန်အံ့အားသင့်စေသည်။ အမြဲအေးတိအေးစက်နှင့် ဘယ်အရာကိုမှ စိတ်မဝင်စားသော မြို့စားမင်းမှာ သူ့ဘေးမှ အမျိုးသမီးအပေါ် ချစ်ခင်ဖွယ် အပြုံးဖြင့် ဆက်ဆံနေသည်။ လူများမှာ မျက်လုံးဖြင့်တပ်အပ်မြင်နေရသည့်တိုင် မယုံကြည်နိုင်ကြသေးပေ။
"အိုး ဘုရားရေ..."
ထို အာမေဋိတ်သည် သူတို့နှစ်ဦးကို မြင်တွေ့လိုက်သော မှူးမတ်များ၏ ပထမဆုံး စကားပင်ဖြစ်သည်။ ထိုနေ့က သူတို့နှစ်ဦး၏ ရုပ်ဆင်းအသွင်အပြင်မှာ ပြီးပြည့်စုံသော စုံတွဲပင်ဖြစ်ကာ နောင်ကာလများအထိ ထိုအကြောင်းကို ပြောနေကြစမြဲဖြစ်သည်။
ဆာစီးနီယာက ဘန့်ကိုအဖော်ပြုကာ စကျင်ကျောက်လှေကားအတိုင်း ဆင်းလာသည်မှာ နဂိုကျော့ရှင်းဖြောင့်မတ်သည့် ကိုယ်နေဟန်ထားအတိုင်းပင်ဖြစ်သည်။ သူမ၏ ခေါင်းလေးကိုမော့ထားသောကြောင့် သူမနှင့်ဘန်ကို စုပြုံကြည့်နေကြသော ခန်းမထဲမှ လူအားလုံး၏ မျက်လုံးများကိုတွေ့လိုက်ရသည်။
'ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်နိုင်ဘူး'
သူမစိတ်တည်ငြိမ်အောင် သူမဘာသာအကြိမ်ကြိမ် သတိပေးနေရသည်။ ပုံမှန်ဆို သူမကို သတိပြုမိမှာကိုပင် မကြိုက်။ ယခုမူကား မျက်လုံးပေါင်းများစွာ သူမကို ပြုံကြည့်နေကြသည်မှာ စိတ်မသက်မသာဖြစ်သလိုလိုပင်။ ထို့အပြင် သူမမှာ တိုင်တွင်မီးရှို့ခံခဲ့ရတော့မလိုပင် ဖြစ်ခဲ့သည့်အတွက် ယခုအာရုံစိုက်ခံရသည်မှာ သူမအတွက် မအီမသာ စိတ်မသက်မသာဖြစ်ကာ အသက်ရှူရန်ပင် ခက်ခဲလာသည်။
"ဆာစီးနီယာ မင်းပြန်ချင်တာနဲ့ ကိုယ့်ကိုပြောနော်"
ဘန်က သူမရဲ့လက်တွင် ချွေးစေးများ ပြန်လာသည်ကို သတိထားမိပြီး စိတ်ပူသွားသည်။
"ဟုတ်ကဲ့ပါရှင်"
ဆာစီးနီယာက ခေါင်းညိတ်ပြလိုက်သော်လည်း မသက်မသာအပြုံးကြောင့် နှုတ်ခမ်းလေးမှာ အနည်းငယ်တုန်သွားသည်။ သူမ တကယ်ပင် ကြာကြာနေဖို့ မစဉ်းစားထား။ သူမကိုယ်တိုင်ယူဆောင်လာသော ဂါဝန်ကို ဗားန်က လဲလှယ်ကာ အိမ်ရှေ့မင်းသားနှင့်တွဲကပြီးသည်နှင့် သူမ ပြန်ရန် ကြံစည်ထားပြီးဖြစ်သည်။
သူမတို့နှစ်ဦး လှေကားအတိုင်းဆင်းလာကာ ခန်းမထဲသို့ဝင်လာခဲ့သည်။ မှူးမတ် လူကုံတန်တို့မှာ သူတို့၏ အသွင်အပြင်အရှိန်အဝါကို တုန်လှုပ်ကာ နောက်ဆုတ်သွားကြသည်မှာ ဒဏ္ဍာရီထဲမှ ပင်လယ်နီကို နှစ်ခြမ်းခွဲလိုက်သည့်နှယ်ပင်။ ဆာစီးနီယာနှင့်ဘန်မှာ အေးအေးဆေးဆေးပင် လူအုပ်ကြီးကို ဖြတ်ကျော်လာခဲ့သည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စူးစမ်းလိုစိတ် အားကျစိတ်များမှာလည်း အနောက်မှ ကပ်ပါလာကြသည်။
"မြို့စားမင်း ရက်အတော်ကြာ ခေါ်ထားတဲ့ အမျိုးသမီးဆိုတာ အဲ့တစ်ယောက်နေမှာ"
"သူ့အိမ်မှာ မိသားစု ရတနာလို ဖွက်ထားတာ ခုတော့ သူမ ပေါ်လာပြီပဲ"
အကုန်လုံးမှာ ပါးစပ်ကို ယပ်တောင်ဖြင့်ကွယ်ကာ တီးတိုးပြောဆိုနေကြသည်။ သူတို့ဘာသာ အချင်းချင်း ပြောနေကြသော်လည်း တမင်ပင် ဆာစီးနီယာကြားရအောင် ခပ်ကျယ်ကျယ်ပြောဆိုနေကြခြင်းဖြစ်သည်။
"ဘယ်သူများပါလိမ့်?"
ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သူတို့နှစ်ဦးရှေ့တွင် ပေါ်လာသည်။
"မတွေ့တာကြာပြီနော် မြို့စားမင်း"
မကျေမချမ်းပြုံးနေသော ထိုသူမှာ ဘန့်ကို သိပုံရသည်။
"ဟုတ်တယ်"
သို့သော် ဘန်ကမူ ခပ်ပြတ်ပြတ်သာပြောရင်း ထိုသူနှင့် ပြောဆိုချင်စိတ်ရှိပုံမပေါ်ဘဲ ပါးစပ်ကိုပိတ်ထားလိုက်သည်။ ထိုအခိုက်တွင် အမျိုးသားရဲ့ အပြုံးလည်း ပျက်ပြယ်သွားပြီး လစ်လျူရှုခံလိုက်ရသဖြင့် စော်ကားခံလိုက်ရသလို ဒေါသတလိမ့်လိမ့်ထွက်လာသည်။
"အဲ့မိန်းမက ရက်ဖယ်ချီရွာကနေ စုန်းမဆိုပြီး မောင်းထုတ်ခံလိုက်ရတဲ့တစ်ယောက် မလား?"
သူက မထေမဲ့မြင်ပြုကာ ခန်းမထဲတွင် ပဲ့တင်ထပ်အောင်ပင် ခပ်ကျယ်ကျယ် ပြောရင်း အလွတ်မပေးဘဲ တုံ့ပြန်လိုက်သည်။
"အိုး ဘယ်လို.."
"သူမက စုန်းမ? တကယ်လား?"
လူအများကြားတွင် စုန်းမ ဟူသောစကားလုံးကို ပြောဆို ညည်းတွားနေကြသည်မှာ သူ့အကြံ အထမြောက်သွားသည်။ ဆာစီးနီယာမှာ ရပ်နေရင်းပင် မျက်ခုံးများလှုပ်လာသည်။ အတိတ်အကြောင်းပြောနေသော ထိုသူကြောင့် သူမစိတ်ရှုပ်သွားရသည်။
"မြို့စား ကိုင်လိုစ့်၊ မင်း ဒတ်စ်တာကို ကာကွယ်ပြောနေတာလား?"
ဘန်ရဲ့အသံက တည်ငြိမ်အေးစက်စွာ မြို့စားကြီးကိုပြောလိုက်သည်။
ရွာတွင် ဖြစ်ပျက်ခဲ့သည်များကြောင့် ဆာစီးနီယာမှာ ထိခိုက်နာကျင်ခဲ့ရပြီးပြီ။ ထိုကိစ္စကို ပြန်ပြောရန်မှာ မလွယ်ကူ။ သို့သော် ကိုင်လိုစ့်ရဲ့ စကားနှင့် အပြုအမူများကတော့ အတော်လွန်သွားပြီဖြစ်သည်။ ဘန်က အေးစက်စက်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"အဲ့ဒါ ဘာအဓိပ်ပာယျလဲ!"
ကိုင်လိုစ့်မှာ ရာထူးအဖြုတ်ခံလိုက်ရပြီဖြစ်သော အပြစ်သား ဒတ်စ်တာနှင့် ဆက်စပ်ခံလိုက်ရသောအခါ စိတ်တိုသွားသည်။
"ရက်ဖယ်ချီရွာက ခုတလောရာထူးဖြုတ်ခံလိုက်ရတဲ့ ဒတ်စ်တာဆိုတာ သိရဲ့သားနဲ့ မင်းဒါမျိုးပြောနေတုန်းပဲလား?"
ဘန်က ဆာစီးနီယာမှာ ညစာစားပွဲတွင် အေးအေးဆေးဆေးနေလိုသောကြောင့် သူ့ဒေါသကို ချုပ်တည်းထားရင်း ပြန်ပြောလိုက်သည်။
"အဲ့လိုမဟုတ်..!"
"အရည်အချင်းမရှိတဲ့ မြို့ပိုင်နဲ့ ရူးကြောင်ကြောင်သူ့သားက သူတို့ဘာသာဆင်ထားတဲ့ဇာတ်လမ်းကို မင်းက ယုံနေတုန်းပဲလား?"
ဘန်က ခုနကလို အေးစက်စွာစိုက်ကြည့်ရင်း စကားကိုဖြတ်လိုက်သည်။
"ဘန်"
ဆာစီးနီယာက ဘန်ရဲ့ လက်မောင်းကို တို့ကိုင်ရင်း ပြဿနာပိုကြီးမလာစေရန် ဆွဲထားလိုက်သည်။
"ကိုယ် စိတ်တိုသွားမိသည်။ တောင်းပန်ပါတယ် ဆာစီးနီယာ"
သူက စိတ်မကောင်းဖြစ်ကာ ဆာစီနီးယာကို တောင်းပန်လိုက်သည်။ ဘန်ရဲ့ မြို့စားကိုင်လိုစ့်ကို ဒေါသနှင့် ပြောဆိုနေမှုများမှာ ဆာစီးနီယာ ဝင်ပါလိုက်သည်နှင့် ကွယ်ပျောက်သွားသည်။
"ကျွန်မအဆင်ပြေပါတယ်၊ အဲ့ဒါကြောင့် ရှင် ဖြေရှင်းဖို့မလိုဘူးနော်"
ဆာစီးနီယာ က လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
နားလည်မှုအပြည့်ဖြင့် သူမတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်မှာ ရှေ့တွင်ရပ်နေဆဲဖြစ်သော မြို့စားကိုင်လိုစ့်ကိုပင် စိတ်မဝင်စားတော့။
"ဟမ်... ဘာတွေလဲကွာ?"
ကိုင်လိုစ့်က သူ့ကို ဂရုမစိုက်ကြသော နှစ်ဦးအား အံ့အားသင့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒတ်စ်တာဆိုတာ ကိုင်လိုစ့်ရဲ့ သစ္စာခံထဲက အရာရှိတစ်ယောက်မလား?"
"မြို့စားကိုင်လိုစ့်က ရာဇဝတ်ကောင်ဘက်က နေနေတာလား?"
သူတို့ဘေးတစ်ဝိုက်က လူများသည် စုန်းမဟူသောစကားကို မကြားလိုက်သလိုပင် ပိုစိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်ဖြစ်သည့် အရာရှိဒတ်စ်တာ အကြောင်း ပြောဆိုနေကြသည်။ ထုံးစံအတိုင်းပင် လူတို့၏ စိတ်ဝင်စားမှုမှာ အဖြစ်မှန်ကို မသိဘဲ ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခေါင်းစဉ်ဆီသို့ ပြောင်းသွားခဲ့သည်။
"အဟမ်း!"
ကိုင်လိုစ့်မှာလည်း လူတွေရဲ့စိတ်ဝင်စားမှုသည် ဒတ်စ်တာဆီသို့ ကူးပြောင်းသွားသဖြင့် စိတ်ပျက်ကာ ချောင်းဟန့်လိုက်သည်။ စိတ်ဝင်တစား တီးတိုးပြောနေကြသူများသည်လည်း အံ့ဩကာ ပါးစပ်ပိတ်သွားကြရင်း ခန်းမတစ်ခုလုံး အသံတိတ်သွားသည်။
'မြို့စားကြီး ကိုင်လိုစ့်'
ဆာစီးနီယာက မျက်စောင်းထိုးကြည့်လိုက်သည်။ မြို့စားကြီးကိုင်လိုစ့်မှာ ဒေါသကိုမထိန်းချုပ်နိုင်ဘဲ စိတ်တိုနေသော ကျွဲရိုင်းလိုပြုမူနေသည်။
'အရာရှိဒတ်စ်တာက မြို့စားကြီးကိုင်လိုစ့်ရဲ့ သစ္စာခံဆိုတော့ မြို့စားမင်းကို ဆန့်ကျင်တုန်းကလည်း အတူတူပဲ မလား?'
သူမနှင့် အိမ်ရှေ့စံမင်းသား တွေ့ဆုံချိန်တွင် ကိုင်လိုစ့်အကြောင်းပြောဖြစ်ခဲ့သည်။ လိုင်မာဖီးယပ်စ်က ဘန်သည် ရက်ဖယ်ချီရွာကိစ္စကို ဖြေရှင်းရန်အတွက် မြို့စားကြီးကိုင်လိုစ့်ကို စစ်ကြေညာခဲ့ကြောင်း ပြောပြခဲ့သည်။ သို့သော် ကိုင်လိုစ့်အနေဖြင့်လည်း ဘန်အပေါ် မကျေနပ်ကြောင်း သူမနှင့်ဘန်ရှေ့တွေပေါ်လာပြီး အတိတ်ကကိစ္စများကို ထုတ်ဖော်ပြောနေခြင်းအရ ထင်ရှားသည်။
ဆာစီးနီယာမှာ သူမကြောင့် ဘန်ကို အခြားသူများက တိုက်ခိုက်တာ မခံရစေလိုတော့။ အခက်အခဲမရှိ၊ မကောင်းသော အရာများမရှိဘဲ ဘန်ကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နှင့်သာ သူမ မြင်လိုသည်။
"မြို့စားမင်း_!"
"ဧကရာဇ် ဘုရင်မင်းမြတ် ကြွချီလာပါပြီ!"
အင်ပါယာ ဝင်ရောက်လာခြင်းကို ကြေညာသံကြားလိုက်ရသည်။
အရှက်ရသွားသော ကိုင်လိုစ့်က ဘန်ကိုတစ်ခုခု ပြောရန်ကြံလိုက်သော်လည်း အသံမှာပျောက်ကွယ်သွားသည်။
အားလုံးမှာ မြို့စားမင်းကော မြို့စားကြီးကိုပါ စိတ်မဝင်စားတော့ပဲ အပေါ်သို့သာ မော့ကြည့်နေကြသည်။
"ဒီနေ့ကိစ္စကို ငါလုံးဝမမေ့ဘူး"
ကိုင်လိုစ့်မှာ ထွက်လာသောဒေါသကို မထိန်းချုပ်နိုင်ဘဲ သိပ်မကြာခင်မှာပင် ခန်းမထဲမှာ အလျင်အမြန်ထွက်ခွာသွားသည်။ ခဏအကြာတွင် ခန်းမဆောင်၏ အမြင့်ဆုံးနေရာ၌ အင်ပါယာ ပေါ်ထွက်လာသည်။ ဘုရင်မင်းမြတ်၏ ဩဇာတိက္ကမ ပြည့်စုံသော သွင်ပြင် ဖိအားတို့ကို အားလုံးမှာ ဦးညွတ်အရိုအသေပေးလိုက်ကြသည်။
"ဧကရီ ဒိုဝင်ဂါ နှင့် အိမ်ရှေ့စံမင်းသားလည်း ဝင်ရောက်လာပါပြီ!"
ထို့နောက် ဤစားသောက်ပွဲ၏ အဓိကပုဂ္ဂိုလ် ဧကရီ ဒိုဝင်ဂါက အိမ်ရှေ့မင်းသား၏ လက်ကိုဆွဲကိုင်ကာ ထွက်ပေါ်လာသည်။
"ဒီလိုပျော်ရွှင်စရာနေ့မှာ တက်ရောက်လာကြတာ ကျေးဇူးတင်ပါတယ်"
အင်ပါယာက သူ့ခြေထောက်အောက်တွင် ဦးညွတ်အရိုအသေပေးနေကြသော မှူးမတ် လူကုံတန်တို့ကို ကြည့်ရင်း ပြောလိုက်သည်။
"အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဧကရီ ဒိုဝင်ဂါရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲ စားသောက်ကြရအောင်"
တစ်ခဲနက် ဂုဏ်ပြုဩဘာသံများသည် အင်ပါယာရဲ့ စကားအဆုံးတွင် ခန်းမတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
"ကျွန်တော် တကယ်ကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဧကရီ ဘုရင်မကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်"
"ဂုဏ်ပြုပါတယ် ဘုရင်မကြီး"
စားသောက်ပွဲကြီးစတင်လေပြီ။ နန်းတွင်းဂီတပညာရှင်များက တီးမှုတ်ဖျော်ဖြေလိုက်သည်နှင့် ငြိမ့်ညောင်းသော ဂန္ထဝင်တေးဂီတသံမှာ ခန်းမတစ်လျှောက်လွင့်ပျံ့လာသည်။ မှူးမတ်လူကုံတံတို့မှာ နှစ်ယောက် သုံးယောက်တစ်ဖွဲ့ စကားစမြည်ပြောနေကြသည်။
ဆာစီးနီယာက အဝေးမှ ဘုရင်မကြီးကိုမြင်နိုင်ရန် စူးစိုက်ကြည့်လိုက်သော်လည်း အလွန်ဝေးကွာနေသောကြောင့် မည်မျှအာရုံစိုက်စိုက် မျက်နှာကိုမူ မမြင်နိုင်ပေ။ သူမကို ဖိတ်ကြားသော ဘုရင်မကြီး၏ မျက်နှာကို မြင်ချင်သော်လည်း မဖြစ်နိုင်သေး။
"ဆာစီးနီယာ၊ ကိုယ်ခဏလောက် သွားနှုတ်ဆက်ရအုံးမယ်"
"ဟုတ်ပါပြီ၊ သွားနော်"
မည်သို့ပင်ဖြစ်စေ အပြင်ပန်းတွင် ဘန်မှာ အင်ပါယာ၏ တူတော်ဖြစ်သဖြင့် ဧကရီ ဘုရင်မကြီးကို သူကိုယ်တိုင်သွားရောက် ဂုဏ်ပြုသင့်လေသည်။
"...ကိုယ်နဲ့ လိုက်ခဲ့ချင်လား?"
အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီးနောက် သူပြောချင်သည့် စကားလုံးများကို ပြောထွက်သွားသည်။
"လိုက်ခဲ့ရမယ်?"
ဝေခွဲမရဖြစ်ကာ ပြန်မေးလိုက်သော ဆာစီးနီယာကို ဘန်က သေချာခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ ဆာစီးနီယာမှာ မသွားချင်။ အဓိက အမျိုးသား ဇာတ်ကောင်နှင့် တွေ့ဆုံပြောဆိုရသည်မှာပင် သူမအတွက်ပင်ပန်းလှသည်။ သို့သော် အင်ပါယာကပါ သူမကို သတိထားမိသွားမည်ဆိုလျှင်? သူမကို စိတ်မသက်မသာဖြစ်စေကာ တွန့်ဆုတ်နေမိသည်။
"ကောင်းပြီလေ"
ဘန်နှင့်အတူသွားမည့် ဆုံးဖြတ်ချက်သည် ဘန်၏ အသိုင်းအဝန်းထဲသို့သူမလည်း လိုက်ဝင်မည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ထို့အပြင် ဧကရီ ဘုရင်မကြီး ဒိုဝင်ဂါဆိုသည်မှာ မည်သူမှန်း သူမလည်း သိချင်မိသည်။