အပိုင်း ၈၇
Viewers 12k

Chapter 87

"ဘယ်လောက်သတ္တိရှိလို့လဲကွ?"

ဒေါသသံသည် စင်္ကြန်ထဲတွင် ကျယ်လောင်စွာ ပျံ့လွင့်နေသည်။

မြို့စားကြီး ကိုင်လိုစ့်က သူ့ကုတ်အင်္ကျီကိုချွတ်ကာ ကြမ်းပေါ်လို့ပစ်ချလိုက်သည်။ ခုနက မြို့စားမင်းနှင့် ကြုံခဲ့ရသည့် အရှက်တကွဲဖြစ်မှုကြောင့် သူ့မျက်နှာမှာလည်း နီရဲနေသည်။

"ကိုယ့်ကိစ္စကိုတောင် သေချာမသိတဲ့ လူပါးဝတဲ့ကောင်!"

အံကြိတ်ထားရင်းနှင့်ပင် မကျေမချမ်းဖြစ်ကာ တိုင်ကိုပါ လက်သီးနှင့်ထိုးနေသည်။ ထိုးနှက်သံမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

"အရာရှိဒတ်စ်တာ အကြောင်းကို သူ့ပါးစပ်က ပြောထွက်တယ်ပေါ့!"

မြို့စားမင်းသည် ဘုရင်မင်းမြတ်ကို အရာရှိဒတ်စ်တာရဲ့ လာဘ်စားမှုအကြောင်း သတင်းပေးခဲ့ခြင်းဖြစ်သည်။ အရာရှိဒတ်စ်တာမှာ မြို့စားကြီး ကိုင်လိုစ့်၏ သစ္စာတော်ခံတစ်ဦး ဖြစ်ခဲ့သည်။ သို့ရာတွင် မြို့စားမင်းက အရာရှိဒတ်စ်တာအကြောင်းကို ဦးစွာ ထုတ်ဖော်ပြောခြင်းကို ကိုင်လိုစ့် မယုံကြည်နိုင်။

'ငါ့အပေါ် မြို့စားမင်းက အထင်သေးရင်တောင်မှ ပြောတာဆိုတာက အတိုင်းအတာတစ်ခုတော့ရှိရတယ်၊ ဒါပေမယ့် မြို့စားမင်းက ဘောင်ကျော်ရဲတယ်ပေါ့?!'

"ဒီကောင်လေးက စက္ကန့်မခြား ဘောင်ကျော်နေတာပဲ!"

'ငါ့ကိုလာ‌ထိ‌တာတော့ ဒင်း အကြီးအကျယ် နောင်တရသွားစေရမယ်!'

"ငါလုပ်ပြမယ်"

'ဒီနိုင်ငံမှာ မြို့စားကြီး အဆင့်ဆိုတာ ဘာလဲ သူသိအောင် ပြန်သတိပေးလိုက်မယ်'

"ဒီကောင် အသက်ရှူရပ်သွားစေရမယ်"

ကိုင်လို့စ်က အသက်ရှူကြပ်သည်အထိ ဒေါသထွက်ကာ မာန်တက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့လက်သီးများမှာ သွေးကြောများထောင်ထကာ တုန်ခါနေသည်။

ထိုအချိန်မှာပင် 

"မြို့စားကြီး"

အနက်ရောင်အရိပ်တစ်ခုက စင်္ကြ့တွင် တစ်ယောက်ထဲရပ်နေသော ကိုင်လိုစ့်ထံ ချဉ်းကပ်လာသည်။

"ဘာ!"

ကိုင်လိုစ့်က လန့်ဖြန့်ပြီး လှည့်ကြည့်လိုက်သည်။

"ကျွန်မ ကူညီနိုင်မယ်ထင်တယ် မြို့စားကြီး"

သူ့ရှေ့တွင် ဦးညွတ်အရိုအသေပေးနေသော အမျိုးသမီးကို ကြည့်မိသည်။ သူမဝတ်စားထားပုံမှာ ဧည့်သည်အဖြစ် ဖိတ်ကြားခံရသူဟန်ရှိသော်လည်း သူ အခုမှ တွေ့ဖူးခြင်းဖြစ်သည်။ မည်သည့်မိသားစုမှ ဖြစ်သည်ဟု သူ သတိမပြုမိခြင်းမှာ ထိုအမျိုးသမီး၏ မိသားစုသည် မထင်မရှားထဲမှ ဖြစ်ပုံရသည်။

"ငါ့စကားကို ချောင်းနားထောင်ရဲတယ်လားကွ!"

ကိုင်လိုစ့်မှာ အလွန်စိတ်တိုနေသည်။ အမျိုးသမီးမှာ ‌ခိုးနားထောင်ရုံမျှမက သူ့ကိုပါ ဝင်ရောက်စွက်ဖက်နေသည်။ 

"ကျွန်မ မြို့စားကြီး လက်စားချေဖို့ ကူညီပေးနိုင်ပါတယ်"

ကိုင်လိုစ့်၏ ဒေါသထွက်နေသောမျက်နှာကို လျစ်လျူရှုကာ အမျိုးသမီးက ငုံ့ထားသော ခေါင်းကိုမော့ရင်း ပြောလိုက်သည်။

"မင်းဘာတွေ ပြောနေတာလဲ? မင်းကြားလိုက်တဲ့ဟာကို မေ့ပစ်လိုက်။ အဲ့အကြောင်းပြောမယ်ဆိုရင် ငါမင်းကို သတ်ပစ်လိုက်မယ်။ သွားတော့"

ကိုင်လိုစ့်က အမျိုးသမီးကို ထပ်တွေ့စရာအကြောင်းမရှိတော့သည့်နှယ် ကျောခိုင်းလိုက်သော်လည်း အမျိုးသမီး၏ စကားကို ကြားပြီးသည့်နောက် ခြေလှမ်းများတုံ့သွားရသည်။ 

"မြို့စားမင်း ခေါ်လာတဲ့ အဲ့မိန်းမက တကယ့်စုန်းမစစ်စစ်ပဲ"

ကိုင်လိုစ့်က သူမပြောစကားကို စိတ်ဝင်စားသွားသဖြင့် ဝေခွဲမရသော အပြုံးတစ်ခုပေါ်လာသည်။

"ဆာစီးနီယာ ဆိုတဲ့ အဲ့တစ်ယောက်က စုန်းမပါ။ ကျွန်မဆီမှာ သက်သေပြစရာရှိတယ်"

ထိုအမျိုးသမီးက ထပ်ဖြည့်ပြောလိုက်သောအခါ ကိုင်လိုစ့်က စိတ်ဆိုးသော အမူအရာဖြင့် သူမကိုကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေဆိုလို့ကတော့ ဘယ်သူမှ မသိခင် မင်းကိုသတ်ပစ်လိုက်မယ်"

သူသည် နဂိုကတည်းက အရေးနိမ့်နေသဖြင့် အမျိုးသမီးနှင့် အပေးအယူလုပ်ရန် စိတ်ဝင်စားနေသည်။ ညာပြောလျှင် သတ်ပစ်လိုက်မည်ဖြစ်ပြီး သူမပြောသည်မှာ အမှန်ဆိုလျှင်တော့ မြို့စားမင်းကို ဖြုတ်ချပစ်ရန် အခွင့်ကောင်းပင် ဖြစ်မည်။

ခုနက အရူးအနှမ်းသဖွယ် ပတ်ရမ်းနေသော ကိုင်လိုစ့်သည် အမျိုးသမီး၏ပြောစကားတွင် တည်ငြိမ်သွားသည်။ ဤမိန်းမသည် မြို့စားမင်းကိုရှင်းပစ်ရန် အဖြေဖြစ်နိုင်သည်။

"ဟုတ်ကဲ့ပါ မြို့စားကြီး"

အမျိုးသမီးမှာ ယုံကြည်မှုပြည့်ဝနေသည်လားမသိ ထူးဆန်းစွာ ပြုံးလိုက်ပြန်သည်။ ကိုင်လိုစ့်က ထိုအပြုံးကိုမြင်၍ တွန့်ဆုတ်နေသော်လည်း တုန်လှုပ်ဟန်မပြဘဲ ခပ်ထန်ထန်ပဲ ဆက်လက်စိုက်ကြည့်နေသည်။

"ဒါဆို အဲ့မိန်းမက စုန်းမဆိုတာ မင်းဆီမှာ ဘာသက်သေရှိလဲ?"

ထိုအချိန်တွင် အမျိုးသမီး၏ မျက်လုံး၌ အပျော်များလွှမ်းလာသည်မှာ မြို့စားနား စကပ်လာစဉ် ကတည်းက ဤအချိန်ကို စောင့်နေသလိုပင်။ သူမ က မော့၍ ကိုင်လိုစ့်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ ထို့နောက် သူမရင်ထဲမှ ကာလရှည်ကြာစွာ ထိန်းချုပ်ထားသော အမုန်းတရား ဒေါသများကို ဖွင့်ထုတ်ချလိုက်သည်။

"ကျွန်မအဖေ အဲ့မိန်းမကြောင့် ဒုက္ခိတ ဖြစ်သွားရတယ်"

 * * *

ဘန်က အင်ပါယာထံ ဆာစီးနီယာကို မိတ်ဆက်ပေးနိုင်မည်ဖြစ်၍ ပြုံးပျော်နေသည်။

ခန်းမအလယ်ရှိ လှေကားမှ တဆင့် အင်ပါယာဆီသို့ ဘန်က ဆာစီးနီယာကို ဦးဆောင်ကာ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။ လိုင်မာဖီးယပ်စ်မှာမူ ထိုနေရာတွင် မရှိတော့။

"နိုင်ငံ့ပြည့်ရှင် ဧကရာဇ်မင်းကြီးနဲ့ ဧကရီ ဘုရင်မကြီး ဒိုဝင်ဂါ"

"ဧကရီ ဘုရင်မကြီး ဒိုဝင်ဂါရဲ့‌မွေးနေ့ကို လှိုက်လှိုက်လှဲလှဲ စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်"

ဆာစီးနီယာသည် ဘန်နှင့် အတူတကွ အင်ပါယာနှင့် ဧကရီ ဒိုဝင်ဂါ ကို ဦးညွတ်အရိုအသေပေးလိုက်သည်။ 

ဆာစီးနီယာမှာ ဇောချွေးပင်ပြန်လာသည်။ အဝေးမှ သူမ မြင်တွေ့ရသလိုမဟုတ်သည့် အနီးကပ်ဖိအားကြောင့် သူမ ရင်ထိတ်နေသည်။ တိုင်းပြည်တစ်ခုလုံးတွင် ဩဇာအာဏာအကြီးမားဆုံးသော သူကို မျက်နှာချင်းဆိုင်ရသည့်အတွက် သူမမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေသည်။ 

"မြို့စားမင်းလာတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ဘေးက မိန်းကလေးက ဘယ်သူများပါလိမ့်?"

အင်ပါယာက ဘန်ကို ကြိုဆိုလိုက်ရင်း ဆာစီးနီယာကို စူးစမ်းကာ စိုက်ကြည့်လိုက်သည်။

"ဒါဟာ အရှင်မင်းကြီးနဲ့ ပထမဆုံးတွေ့ခြင်းပါ။ ကျွန်မက ဆာစီးနီယာဖြစ်ပါတယ်"

သူမက အင်ပါယာအပေါ် အမှားမပြု‌မိအောင် အသံကို သိမ်သိမ်မွေ့မွေ့ဖြင့် ပြောလိုက်သည်။

"ဟိုး၊ ဆာစီးနီယာ ခေါင်းမော့လိုက်ပါ"

အင်ပါယာ၏ အမိန့်အတိုင်း ဆာစီးနီယာမှာ ခေါင်းပြန်မော့လိုက်သည်။

'ဟမ်? အဲ့တစ်ယောက်...'

အင်ပါယာ၏ဘေးတွင် ပြုံးနေသော ရင်းနှီးသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် သူမ မျက်လုံးပြူးသွားသည်။

"ထပ်တွေ့ပြန်ပြီနော်"

အင်ပါယာ၏ဘေးတွင် ဂုဏ်သိက္ခာအပြည့်ဖြင့် ဖြောင့်မတ်သောကိုယ်ဟန်နှင့် ရပ်‌နေသောသူသည် သူမ ထိုတစ်ရက်က ဖာဘီယမ်းလမ်းပေါ်တွင် ဆုံခဲ့သူဖြစ်နေသည်။ ကျောက်ကုန်သည်၏ အလိမ်အညာခံရတော့မည့် အချိန်တွင် သူမကူညီခဲ့သော အမျိုးသမီးကြီးမှာ ယခုသူမရှေ့တွင် ရပ်နေလေသည်။ သူမ၏ အသွင်အပြင်မှာ မတူညီတော့သော်လည်း ဂုဏ်သိက္ခာပြည့်ဝသော ကိုယ်နေဟန်မှာတော့ ထိုအတိုင်းပင်ဖြစ်သည်။

ပုံပန်းသွင်ပြင်သာ ပြောင်းလဲသွားသည်။ မြင့်မြတ်ကျော့ရှင်းသော ကိုယ်ဟန်မှာ ထပ်တူပင်။

'မဖြစ်နိုင်ဘူး၊ ဒါ.. ဒါဆိုရင် အဲ့ အမျိုးသမီးကြီးက ဘုရင်မကြီး ဒိုဝင်ဂါပေါ့?'

ဆာစီးနီယာက ခေါင်းထဲတွင် လျှပ်ပြက်လိုက်သလို ထိုနေ့က အဖြစ်အပျက်ကို သတိရသွားသည်။

"အန်တီလွန်တာရှိသွားနိုင်တယ်၊ ဒါပေမယ့် မိန်းကလေးကူညီပေးတာ ကျေးဇူးတင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် မိန်းကလေးရဲ့နာမည်လေး သိချင်‌ပါတယ်"

"ရပါတယ် ကိစ္စမရှိပါဘူး"

ဘုရင်မကြီး ဒိုဝင်ဂါကို နာမည်ပြောရန်ငြင်းလိုက်သော သူမကိုယ် သူမ ပြန်သတိရမိသွားသည်။

'ငါတော့ သေပါပြီ'

သူမစိတ်ရှုပ်ထွေးစွာဖြင့် အလျင်အမြန် ထပ်မံ ဦးညွတ်လိုက်သည်။

"အရှင်မမှန်း မသိခဲ့လိုက်ဘူး၊ ကျွန်မလည်း ရိုင်းပြခဲ့မိတာ တောင်းပန်ပါတယ် ဧကရီ ဒိုဝင်ဂါ"

ဧကရီနှင့် ဆာစီးနီယာတို့၏အကြောင်းကို မသိသော အင်ပါယာနှင့် ဘန်မှာတော့ ဧကရီ ဒိုဝင်ဂါကို ကြည့်လိုက်ကြသည်။ ဧကရီ ဒိုဝင်ဂါမှာ နားမလည်နိုင်သောအပြုံးဖြင့် ပဟေဠိဆန်စွာ ပြုံးလိုက်သည်။

"အန်တီက ဘယ်သူလဲမပြောပြတော့ မိန်းကလေး ဘယ်သိမလဲ၊ ခုလည်း ကျေးဇူးတင်စကား သေချာမပြောရသေးလို့ ညစာစားပွဲကို ဖိတ်လိုက်တာ"

"မယ်တော်က အမျိုးသမီး ဆာစီးနီယာကို တစ်ရက်က တွေ့ဖူးပုံပေါ်တယ်"

အင်ပါယာ၏စကားကို ဧကရီ ဒိုဝင်ဂါက ပြုံးလိုက်သည်။

"မယ်တော့်ကို ကူညီခဲ့တာ ဒီတစ်ယောက်ပါပဲ"

ကူညီခဲ့သည်ဟူသောစကားကို ကြားရချိန်တွင် ဆာစီးနီယာမှာ ဇောချွေးများအမှန်တကယ်ပျံလာခဲ့သည်။ သူမမှာ ဧကရီဒိုဝင်ဂါကို ကူညီခဲ့သော်လည်း နောက်ဆုံးတွင် နာမည်မေးသည်ကို မပြောဘဲ အေးတိအေးစက် ဆက်ဆံခဲ့မိသည်လား မသိ?

သူမတစ်ခါမှ မမြင်ဖူးသော ဧကရီဒိုဝင်ဂါထံမှ ဖိတ်ကြားလွှာအဘယ့်ကြောင့် ရရှိသည်ကို အခုမှ နားလည်သွားရသည်။ ဧကရီဒိုဝင်ဂါက သေသေချာချာ ကျေးဇူးတင်ကြောင်းပြောချင်သည့်အတွက်ဟု ပြောသော်လည်း သူမနာမည်ကို မပြောပြခဲ့သည့်အတွက် အပြစ်အနည်းငယ်တင်ချင်သည်ဟုလည်း သူမထင်သည်။ 

ဆာစီးနီယာမှာ တံထွေးမျိုချလိုက်မိသည်။ သူမတို့၏ ရှုပ်ထွေးသောဆက်ဆံရေးအရ အကြောင်းပြချက်မရှိပါဘဲ ဘန်နောက်သို့လိုက်ကာ နှုတ်ခွန်းဆက်လိုက်မိသည်ကိုလည်း နောင်တရလာသည်။ 

"ဒီလို ဆက်ဆံရေးမျိုး တွေ့ဖူးလား?"

အင်ပါယာ၏ မျက်လုံးများမှာ စိတ်ဝင်တစား တလက်လက်တောက်ပ လာသည်။

"ဒါပေမယ့် မိန်းကလေးဆာစီးနီယာဟာ အခုတော့ မြို့စားမင်းစံအိမ်မှာ ခေါ်ထားတယ်လို့ နာမည်ကြီးနေတဲ့ အမျိုးသမီးဖြစ်နေလို့ သူ့မျက်နှာကို သေချာကြည့်ပြီး နှုတ်ဆက်ဖို့ ဖိတ်လိုက်တာ"

ဧကရီ ဒိုဝင်ဂါကသာ ဖိတ်ကြားခြင်းမရှိခဲ့လျှင် အခုလိုဖြစ်မည်မဟုတ်။ မြို့စားမင်းက လက်တွဲဖော်အဖြစ် ခေါ်ဆောင်လာမှသာ ကြုံရ‌လိမ့်မည်။ ဆာစီးနီယာမှာ ဧကရီ ဒိုဝင်ဂါ ကိုယ်တိုင်မှ ဖိတ်ကြားသောကြောင့် စားသောက်ပွဲကို မငြင်းဆန်နိုင်ဘဲ တက်ရောက်ရခြင်းဖြစ်သည်။

သူမ၏အစီအစဉ်အတိုင်းဖြစ်လာသဖြင့် ဧကရီဒိုဝင်ဂါမှာ မြို့စားမင်းနှင့် ဆာစီးနီယာကို ကျေနပ်စွာ တစ်လှည့်စီ ကြည့်နေသည်။

"မြို့စားမင်းက သူ့စံအိမ်မှာ ဖွက်ထားတယ်ဆိုတဲ့ အမျိုးသမီးဟာ မိန်းကလေး ဆာစီးနီယာပါလား"

အင်ပါယာကလည်း သူ့ရဲ့ ထက်မြက်သော အပြာရောင်မျက်လုံးများနှင့် ကောလဟာသများကို ကြားဖူးသည့်နှယ် ဆာစီးနီယာကို သေချာကြည့်နေသည်။

"ကျွန်တော်တို့ အတူနေထိုင် နေကြတာပါ"

ဆာစီးနီယာဘေးတွင် ရပ်နေသော ဘန်က သူမကို ကူညီကာ ဝင်ပြောလိုက်သည်။ အင်ပါယာနှင့် ဧကရီဒိုဝင်ဂါကတော့ ဘာကိုဆိုလိုသည်လဲ သေချာမသိနိုင်။

ထိုအခိုက်မှာပင် သူ့ရဲ့ တစ်ဦးတည်းသော တူ၏ လက်တွဲဖော်မှာ သာမန်လူတန်းစားဟုတွေးကာ အင်ပါယာ၏ မျက်နှာတွင် သဘောမတူသော အရိပ်အယောင်အချို့ပေါ်လာသည်။ 

"အရှင်မင်းကြီးနဲ့ အရှင်မ ဒိုဝင်ဂါတို့က ကျွန်တော်တို့အနာဂတ်အတွက် ကောင်းချီးပေးရင် အလွန်ကျေနပ်မိမှာပါ"

ဤသည်ပင်လျှင် ဘန်က ဆာစီးနီယာကို အင်ပါယာနှင့် ဧကရီတို့အား နှုတ်ခွန်းဆက်ရန် ခေါ်ဆောင်လာသော အကြောင်းရင်းဖြစ်သည်။ ဆာစီးနီယာသည် မည်သူမည်ဝါဖြစ်ကြောင်း အနာဂတ်တွင် သိရှိလာမည်ဖြစ်ရာ သူမကို ဆန့်ကျင်သူများလည်း ရှိလာမည်ဖြစ်သည်။ သို့‌ရာတွင် အင်ပါယာနှင့် ဧကရီဒိုဝင်ဂါက သူတို့၏ ရင်းနှီးကျွမ်းဝင်မှုကို အသိအမှတ်ပြုထားပါက မည်သူကမှ သူတို့၏ သာမန်ပါးစပ်ဖြင့် လှောင်ပြောင်နိုင်တော့မည်မဟုတ်။

လူကုံတန်မှူးမတ်တို့မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အတင်းအဖျင်းကဲ့သို့ပြောကြရင်းနှင့်ပင် ဆာစီးနီယာကို အထင်အမြင်သေးကြသည်။ အဓိပ္ပါယ်မရှိသော ကောလဟာလများလည်း ပေါ်လာမည်ဖြစ်ရာ ဘန်မှာ အကာအကွယ်လိုအပ်နေသည်။ ဆာစီးနီယာကို ဆာလောင်နေသော ခြင်္သေ့ရိုင်းများကဲ့သို့သော ထိုသူများထံမှ ကြံ့ကြံခံကာကွယ်ပေးနိုင်ရန် အကာအကွယ် လိုအပ်သည်။

"ပျော်ပျော်ပါးပါး စားသောက်လိုက်ကြအုံး"

အင်ပါယာက မသိကျွိုးနွံပြုကာ ထွက်ခွာသွားသည်။ ဧကရီ ဒိုဝင်ဂါကမူ ထွက်သွားသော အင်ပါယာကို ကြည့်လိုက်ရင်း သူမတို့နှစ်ဦးကို ကြင်နာစွာ ပြုံးပြလိုက်သည်။

"အင်ပါယာက သူ့တူကို ဂရုစိုက် အလေးထားလို့ပါ။ မိန်းကလေး နားလည်ပေးပါကွယ်"

"ရပါတယ် ကျွန်မ နားလည်ပါတယ်ရှင်"

ဆာစီးနီယာမှာ သူမ၏ ဂုဏ်သိမ်အဆင့်အတန်းနှင့်ပတ်သက်ကာ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ အများအမြင်တွင် ဘန်နှင့်အတူယှဉ်တွဲရပ်တည်ရန် သူမ၏ အဆင့်အတန်းမှာ သေးငယ်လှသည်။ ဤလူ့အဖွဲ့အစည်းတွင် ဘွဲ့ထူးဂုဏ်ထူးမရှိသော သာမန်လူများမှာ အင်ပါယာ၏ လစ်လျူရှုခြင်းကို ခံရပေမည်။

ခံစားချက်မှာ ခါးသီးသော်လည်း သူမက အင်ပါယာ၏ သဘောကို နားလည်ပေသည်။ မည်သူမဆို သူတို့၏တူ မြို့စားမင်းသည် ကျောထောက်နောက်ခံမရှိသည့် သာမန်လူနှင့် တွဲမည်ဆိုလျှင် ထိုသို့ပင် ပြုမူလိမ့်မည်။

"ဒါဆို စားလိုက်အုံးနော်။ မိန်းကလေး တစ်ခုခုအခက်အခဲရှိမယ်ဆို အမြဲ လာခဲ့နိုင်ပါတယ်"

ဧကရီဒိုဝင်ဂါက ပျော့ပျောင်းစွာ ပြုံးလိုက်သည်။ သူမမည်သည်ကိုဆိုလိုတာမှန်း သေချာမသိသော်လည်း ဆာစီးနီယာအနေဖြင့် ဘန်နှင့်သူမအတွက် အားရှိသွားသလို ခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် ဧကရီ ဒိုဝင်ဂါရှင့်။ မွေးနေ့အတွက် နောက်တစ်ကြိမ် ဝမ်းမြောက်ကြောင်း ပြောပါရစေ"

ဧကရီဒိုဝင်ဂါမှာလည်း အင်ပါယာနောက်သို့ထွက်ခွာသွားသည်။ ထိုအချိန်မှသာ ဆာစီးနီယာလည်း ပူပန်နေသည်များကို သက်ပြင်းချလိုက်နိုင်သည်။ စိတ်ကိုလျော့ချလိုက်သည်နှင့် သူမရဲ့ ခြေထောက်များမှာ ယိမ်းယိုင်သွားသဖြင့် ဘန်က အလျင်အမြန်ပင် ခါးမှ ဖက်ထားလိုက်သည်။

"အဆင်ပြေရဲ့လား?"

"ကျွန်မခုမှ စိတ်ပေါ့သွားလို့"

ထိုမိနစ်ပိုင်းအနည်းငယ်အတွင်းတွင် ဆာစီးနီယာ၏ မျက်နှာမှာ ဖြူဖျော့နေသည်။

'အာ .. ငါအားတောင် မရှိတော့ဘူး'

သူမ ဆယ်နှစ်လောက် ပိုအိုမင်းသွားသလို ခံစားလိုက်ရသည်။

"ကိုယ်တို့ပြန်ကြရအောင်"

ဘန်က စိတ်ပူကာ ဆာစီးနီယာကို ပြန်ရန် အမြန်ပင် ဦးဆောင် ခေါ်လာခဲ့လိုက်သည်။

"ဟင့်အင်း၊ ဒီရောက်လာမှတော့ ခဏလောက် ဆက်နေလိုက်ကြရအောင်"

သူမက ဘန်ရဲ့ လက်မောင်းကို ပြန်ဖက်ရင်း အဆင်ပြေကြောင်း ပြောလိုက်သည်။ အမှန်တကယ်တော့ သူမလည်း ပြန်ချင်လှပြီဖြစ်သည်။ သို့သော် ဗားန်နှင့် လိုင်မာဖီးယပ်စ်ဆုံတွေ့ကာ အတူတွဲကကြစေရန် သူမကူညီရအုံးမည်။

"ဒါဆို ခဏလောက် အပြင်ထွက်လမ်းလျှောက်ချင်လား?"

အလွန်ကြိုးစားတင်းထားသော ဆာစီးနီယာကို ဘန်က ဂရုဏာ အကြည့်ဖြင့်ကြည့်ရင်း သူမဆံနွယ် အနီရောင်လေးများကို သပ်ပေးလိုက်သည်။

"ကောင်းပါပြီ၊ လျှောက်ကြမယ်နော်"

ဘန်မှာ ဆာစီးနီယာလျှောက်သည့်နှုန်းဖြင့် အစအဆုံး လိုက်လျှောက်ပေးရင်း ဥယျာဉ်ဘက်ဆီသို့ ဦးတည်လာခဲ့ကြသည်။