Chapter 88
ဗားန်မှာ လမ်းပျောက်သည့်ကလေးငယ်ပမာ ဧကရာဇ်နန်းတော်တွင်းတွင် ပတ်လျှောက်နေသည်။
"ဒါက စားသောက်ပွဲကို သွားတဲ့ စင်္ကြံထင်တာပဲ..."
သူမအတွက် ဆာစီးနီယာပြင်ဆင်ပေးထားသော ဂါဝန်ကို ဝတ်ဆင်ထားကာ စံအိမ်မှ မထွက်ခွာမီကပင် သူမကို ဆာစီးနီယာနှင့်အတူတကွ အစေခံများက သေချာပြင်ဆင်ပြောင်းလဲပေးလိုက်သည်။
"စားပွဲတော် စတာနဲ့ ဒီဂါဝန်ကိုဝတ်ပြီး စားသောက်ပွဲ ခန်းမထဲကို လာခဲ့နော်"
ဘာကြောင့် ထိုသို့စေခိုင်းသည် မသိသော်လည်း သူမမှာ ဆာစီးနီယာပြောထားသည့်အတိုင်း ဂါဝန်လဲလှယ် လာခဲ့ရသည်။ အစေခံအနေဖြင့်သာ လာသော်လည်း အဘယ့်ကြောင့် ဂါဝန်ဝတ်ဆင်ခဲ့ရမှန်း သူမဘာသာတွေးတောနေသည်။ သို့ရာတွင် ဆာစီးနီယာ၏ပြောစကားကို မလွန်ဆန်နိုင်သောကြောင့် သူမ၏ လေးလံသော ဂါဝန်အနားသားကို ကိုင်မကာ စားပွဲခန်းမကို ရှာဖွေနေသည်။
"...ဗားန်?"
အနောက်မှ ရင်းနှီးသောအသံဖြင့် သူမကို ခေါ်လိုက်သောအခါ လှည့်ကြည့်လိုက်မိသည်။ သူမ၏ သဘာဝအတိုင်းချထားသော ရှည်လျား ညိုမှောင်သည့် ဆံပင်ရှည်တို့မှာ ကြယ်ရောင်အောက်တွင် ချောမွေ့တောက်ပနေသည်။
"အရှင့်သား..."
ထင်မှတ်မထားသူကို တွေ့မြင်ကာ ဗားန်မှာ အံ့ဩမျက်လုံးပြူးသွားသည်။
သေသပ်သော ဝတ်စုံကို ဝတ်ဆင်ထားသော လိုင်မာဖီးယပ်စ်မှာ ကော်လာကြယ်သီးနှစ်လုံးဖြုတ်ကာ စားသောက်ခန်းမမှ ထွက်လာခဲ့သည်။ သူ့ရဲ့ ဖီးသပ်ထားသည့် နေရောင်ကဲ့သို့ ဝင်းဝါသော ရွှေဝါရောင်ဆံပင်များမှာ သူ့လက်နှင့်ပင် ထိုးဖွထားသလို အနည်းငယ်ပွယောင်းနေသည်။
"လမ်းပျောက်နေတာလား?"
ဗားန်ကို ငေးကြည့်နေမိသော လိုင်မာဖီးယပ်စ်က ပြန်သတိဝင်ကာ မေးလိုက်သည်။ ယနေ့ပွဲတက်သော အမျိုးသမီးများ အားလုံးထက် ပိုလှပသော ဗားန်၏ အသွင်အပြင်ကြောင့် သူ့နှလုံးသားမှာ ရင်ခုန်သံပြင်းထန်နေသည်။
"ဟုတ်ကဲ့... ကျွန်မ စားပွဲခန်းမကို ရှာနေတာပါရှင့်"
ဗားန်မှာ အနည်းငယ်ရှက်သွေးဖြာကာ လိုင်မာဖီးယပ်စ်ကို တည့်တည့်မကြည့်နိုင်။ မျက်နှာမှာလည်း ရှက်သွေးဖြန်းပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာသည်။
"အတူတူ သွားကြရအောင်"
ပျင်းစရာကောင်းသော စားသောက်ပွဲကိုမုန်းကာ ပြန်တော့မည့် လိုင်မာဖီးယပ်စ်က စိတ်ပြောင်းသွားသည်။ ဗားန်ကို မြင်လိုက်သည့်အချိန်မှစ၍ သူ့ခံစားချက်ကို သူ့ဘာသာ သတိပြုမိသွားသည်။
လိုင်မာဖီးယပ်စ်က ဗားန်ဆီသို့ လက်ကမ်းလိုက်သော်လည်း ဗားန်မှာ သူ့မျက်နှာကို တစ်လှည့် လက်ကိုတစ်လှည့် စိတ်ရှုပ်ထွေးကာ ကြည့်နေမိသည်။
"ကိုယ့်လက်ကို တွဲလိုက်"
လိုင်မာဖီးယပ်စ်က တွန့်ဆုတ်နေသော ဗားန်ကို ပြောလိုက်သည်။
"ဟုတ်ကဲ့.."
ဗားန်မှာ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင်တော့ လက်ကိုလှမ်းလိုက်သည်။ သူမလက်မှာ လိုင်မာဖီးယပ်စ်၏ လက်မောင်းကြားထဲသို့ သွယ်ယှက်သွားကာ ချိတ်ထားလိုက်ရင်း အတူလျှောက်လှမ်းလာခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ခြေသံမှာလည်း သူတို့၏ ရင်ခုန်သံများကဲ့သို့ပင် စင်္ကြံလမ်းတွင် ပဲ့တင်ထပ်နေသည်။
***
ကြီးမားကာ အရောင်အသွေးစုံလင်သော ရေပန်းရှိသည့် ဥယျာဉ်ထဲသို့ ထွက်လာခဲ့သော ဆာစီးနီယာနှင့် ဘန်မှာ ထိုင်စရာနေရာမတွေ့ဘဲ ဖြစ်နေသည်။
"ဟိုလှေကားထစ်မှာ ထိုင်ကြမလား?"
ဆာစီးနီယာက ဥယျာဉ်ဘေးရှိ လူကူးစင်္ကြံ၏ လှေကားထစ်များကို ညွှန်ပြလိုက်သည်။ သူမမှာ ဒေါက်မြင့်ဖိနပ်များကို အချိန်ကြာအောင် ဝတ်ဆင်ထားရသဖြင့် ခြေထောက်နာနေကာ ဘယ်နားဖြစ်ဖြစ် ထိုင်ချင်နေလေပြီ။
"မင်း အေးနေလား?"
"ကျွန်မက ကိစ္စမရှိပါဘူး။ ရှင်ကကော?"
"ကိုယ်လည်း ကိစ္စမရှိဘူး"
ဆောင်းရာသီဖြစ်သော်လည်း ယနေ့ ဆောင်းလေကတော့ သိပ်မအေးပေ။ သူမတို့နှစ်ဦး လှေကားထစ်များဆီ လျှောက်လာကာ ဘန်က သူ့ဝတ်စုံထဲမှ ခပ်ထူထူ လက်ကိုင်ပဝါကို လှေကားပေါ်တွင် ဖြန့်ခင်းလိုက်သည်။
"ကျေးဇူးပါရှင်"
ဘန်ရဲ့ ဂရုစိုက်မှုကြောင့် သူခင်းပေးသော လက်ကိုင်ပဝါပေါ်တွင် သူမပြုံးကာ ထိုင်လိုက်သည်။ လှေကားကို အုပ်မိုးထားသော ကျောက်သားတိုင်များမှာ လှပစွာ ထွင်းထုထားကာ အေးချမ်းသော ပတ်ဝန်းကျင်ဖြစ်အောင် ကာရံထားသည်။
တစ်တိုင်ချည်းစီတွင် ထွင်းထားသော ဒီဇိုင်းများမှာ လှပနေပြီး ဘေးပတ်ဝန်းကျင်ကို တိတ်ဆိတ်အေးချမ်းစေသည်။
"အား .. လန်းဆန်းသွားတာပဲ"
ဆာစီးနီယာမှာ ဒေါက်ဖိနပ်များကို ချွတ်လိုက်ပြီး ခြေထောက်ကို ဆန့်ချလိုက်ကာ ပေါ့ပါးသွားသည်။ ဘန်မှာလည်း ဝတ္တရားအရ ဝတ်ဆင်ရသော ကုတ်အင်္ကျီကို ချွတ်ကာ ဆာစီးနီယာ ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ ပုခုံးပေါ်တွင် လွှမ်းခြုံပေးထားလိုက်သည်။
"ဘန်ရယ် ကြည့်ပါအုံး။ ကြယ်တွေ အများကြီးပဲ"
ဆာစီးနီယာမှာ ပေါ့ပါးသွားဟန်ဖြင့် ခေါင်းကိုမော့ရင်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ ကြယ်စင်ပေါင်းများစွာမှာ ဟာလာဟင်းလင်းကောင်းကင်ပေါ်မှ ရွာကျလာတော့မလိုပင် တလက်လက် တောက်ပနေသည်။
"လှပါတယ်"
ဘန်ကတော့ ကြယ်များကို ငေးမောနေသော ဆာစီးနီယာကိုသာ စိုက်ကြည့်ရင်းပြောလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ တောက်ပနေသော ကြယ်စင်များကဲ့သို့ ဆာစီးနီယာမှာ လှပနေသည်။
"ဟုတ်တယ်မလား? လှတယ်နော်" ဆာစီးနီးယားက အေးအေးဆေးဆေးနှင့် သဘောကျ ကျေနပ်နေသည်။
ညကောင်းကင်ယံတွင် ပန်းထိုးထားသည့်နှယ် တလက်လက် လက်နေသော ကြယ်များမှာ ရွှေသဲမှုန်များကဲ့သို့ပင် တဖျတ်ဖျတ် ပြိုးပြက်နေသည်။ အံ့မခန်းဖွယ် လှပနေရာ သူမ ကြုံနေရသော စိတ်ညစ်ညူးစရာ အခြေအနေများကိုပင် မေ့ပျောက်သွားသည်။ အမှန်တကယ်တော့ ဘန်နှင့် အတူကောင်းကင်ကြီးကို ငေးကြည့်နေရသည့်အတွက် စိတ်လှုပ်ရှားနေခြင်းပင်။
အဆင့်အတန်း မည်မျှပင်ခြားနားသည်ဖြစ်စေ အင်ပါယာ၊ ဧကရီ ဒိုဝင်ဂါ သို့မဟုတ် သူမသည်လည်း နောက်ဆုံးတွင် ကောင်းကင်ယံထက်သို့ မျှော်ကြည့်နိုင်သည်။ ထိုအချက်သည်သာ လူတိုင်းအတွက် ထပ်တူညီနေသည်။ သို့ရာတွင် ဆာစီးနီယာမှာ သူမနှင့် ဘန်ကြား မကျော်လွှားနိုင်သော ဝေးကွာမှုများကို ပိုမိုကျဉ်းမြောင်းသွားစေနိုင်သည်ဟု ခံစားရခြင်းမှာ တန်ဖိုးဖြတ်မရနိုင်။
"အင်ပါယာပြောသမျှကို စိတ်ထဲမထားပါနဲ့"
ဆာစီးနီယာမှာမူ ဘာမှမဖြစ်သကဲ့သို့ ပြန်ပြုံးပြသည်။ ဘန်ကတော့ သူမစိတ်ထိခိုက်ရမှာ စိုးရိမ်နေသည်။
"ကိစ္စမရှိပါဘူး။ အင်ပါယာကို ကျွန်မနားလည်ပါတယ်။ ရှင်က သူ့တူဆိုတော့ သူလည်း စိတ်ပူမှာပေါ့"
တမူခြားနားစွာပင် သူမမှာ အင်ပါယာနေရာမှ စဉ်းစားရင်း နားလည်ပေးနေနိုင်သည်။ ဤကမ္ဘာမှာ သူမရဲ့ အရင်ကမ္ဘာနှင့် ကွဲပြားနေသည်။ မွေးကတည်းကပင်ဂုဏ်ပုဒ်မြင့်မားပြီး မျိုးရိုးဂုဏ်ပုဒ်အရ မတူညီသောအရာများကို သင်ယူလေ့လာခဲ့သော မျိုးရိုးမြင့်မားသူများနှင့် သာမန်လူတန်းစားများ မဆက်နွယ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။
'ဒါဆို လိုင်မာဖီးယပ်စ်နဲ့ ဗားန် လက်မထပ်ခင် လှည့်ကွက်တွေ အလှည့်အပြောင်းတွေရှိတာပေါ့'
သို့ရာတွင် နောက်ဆုံးမှာ သူတို့၏ ဂုဏ်ပုဒ်များ ထပ်တူညီသွားပေလိမ့်မည်။
ဝတ္ထုထဲတွင် ဆာစီးနီယာမှာ သူတို့နှစ်ဦးကြား အချစ်များ ပိုမိုတိုးပွားမြဲမြံရန် အတွက်သာ ရှိခြင်းဖြစ်သည်။
ဆာစီးနီယာမှာ မည်သူမှ မမျှော်လင့်ထားနိုင်အောင် များပြားလှသည့် စွမ်းအားများရှိနေသော သူမ၏ ပြေပြစ်ချောမွေ့သည့် လက်လေးများကို ကြည့်နေမိသည်။
သူမပေါင်ပေါ်တွင် တင်ထားသော လက်လေးများကို ဆုပ်လိုက်သည်။
'ငါ ဒီလက်တွေနဲ့ ဘယ်သူ့ကိုမှ အန္တရာယ်မပြုဘူး'
သူမအတွက် ဘန်အရှက်မရစေရန် အမြဲပင် ပြုံးနေချင်သည်။
"ဆာစီးနီယာ"
သူမအတွေးထဲတွင် နစ်မျောနေစဉ် ဘန်က လေးနက်စွာ ခေါ်လိုက်သည်။
"ရှင်?"
သူမက ခေါ်သံကြောင့်လှည့်ကြည့်လိုက်သောအခါ သူမကို တည်ကြည်လေးနက်စွာစိုက်ကြည့်နေသော သူ့မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။
"..."
ဘန်က သူမကိုခေါ်လိုက်ပြီးသည့်နောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည်။ နှုတ်ခမ်းကို ကြိမ်ဖန်များစွာ သပ်နေသော်လည်း အသံမှာ ထွက်မလာ။
ဆာစီးနီယာက ဘန်၏ လေးနက်သော အမူအရာကြောင့် စိတ်ထဲတွင် မည်သို့ဖြစ်နေသနည်းဟုတွေးကာ အလျင်မလိုဘဲ စောင့်နေလိုက်သည်။ ကမောက်ကမနှင့် တိတ်ဆိတ်နေရင်း ကောင်းကင်မှ အလင်းဆုံးသော ကြယ်ကြွေသွားသည့်အချိန်တွင် ဘန်က ဆာစီးနီယာ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။
"ကိုယ့်ကို မင်းရဲ့ဘေးမှာ သနားလို့ပဲဖြစ်ဖြစ် ဂရုတစိုက်စောင့်ရှောက်ပေးတာ ကိုယ်ကြိုက်ပါတယ်။ အဲ့လို သနားလို့ပဲ ကိုယ့်ဘေးနားမှာ ရှိနေပေးရင်လည်း ကိုယ်ကျေနပ်ပါတယ်... ဒါပေမယ့် ခု ကိုယ်အဲ့လို မတွေးတော့ဘူး"
ဘန်၏မျက်လုံးများစွာ ခံစားချက်ပြင်းထန်စွာဖြင့် တောက်ပနေသည်။ ဆာစီးနီယာမှာ သူ့ခံစားချက်များကို ခံစားလိုက်ရတာ မျက်လုံးများ တုန်ယင်သွားသည်။
"ကိုယ့်လောဘကို မရပ်တံ့နိုင်ဘူး။ မင်းကိုယ့်ကို ချစ်စေချင်တယ်။ မင်းရဲ့ ချစ်ရသူ ကိုယ် ဖြစ်ချင်တယ်"
"...ဘန်"
သူမက အသံတုန်တုန်ယင်ယင်ဖြင့် ခေါ်လိုက်မိသည်။
ဘန်၏ စစ်မှန်သော သူတတ်စွမ်းသမျှ ချစ်ခွင့်ပန်ခြင်းသည် သူမရဲ့ နှလုံးသားကို လာရိုက်ခတ်ကာ သူမကာရံထားသော နှလုံးသားထဲမှတံတိုင်းကို ဖြိုချပစ်လိုက်သည်။ ဘန်ထိုစကားလုံးများကို ထုတ်ပြောရန်မည်မျှတွေးတောကာ တွန့်ဆုတ်ခဲ့ရသည်ကို သိရှိသဖြင့် သူမမျက်ဝန်းထဲတွင် မျက်ရည်များဝိုင်းလဲ့လာသည်။ ရိုးရှင်းစွာ ဝန်မခံဘဲ သူ့ကို အေးစက်စက် ငြင်းဆန်လိုက်သော သူမတို့ကြားထဲမှ ဒဏ်ရာကိုလည်း သတိရလာသည်။
ဆာစီးနီယာ၏ တုန်ယင်နေသော လက်မှာ ဘန်ဘက်သို့ လှမ်းမိရာ သူက ကိုင်လိုက်ရင်း နမ်းရှိုက်လိုက်သည်။ ဤသို့ ဖွင့်ဟပြောရန် သူအချိန်ကြာမြင့်စွာ ယူခဲ့ရသည်။ သို့သော် သူပြောချင်သည်။ ထိုစကားလုံးများသည် သူအသက်ရှင်နေသမျှ ဆာစီးနီယာ တစ်ဦးတည်းကိုသာ ပြောလိုသော စကားလုံးများပင် ဖြစ်သည်။
"ကိုယ်မင်းကို ချစ်တယ်"
သူ၏ စစ်မှန်သော ခံစားချက်များ ပွင့်အံကျလာခြင်းဖြစ်သည်။
"မနေ့ကကော၊ ဒီနေ့ကော၊ မနက်ဖြန်ကော ကိုယ်မင်းကို အမြဲထာဝရချစ်တယ် ဆာစီးနီယာ"
ဆာစီးနီယာ၏ မျက်ခွံလေးများမှာ မူးဝေလောက်စရာ ချိုသာသော ချစ်ခွင့်ပန်မှုကြောင့် တုန်ယင်နေသည်။ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်သော ခံစားချက်ကြောင့် သူမ အသက်ပင်မရှူနိုင်သလို ခံစားရသည်။ သူဆုပ်ကိုင်ထားသော လက်ဖျားထိပ်လေးများမှာလည်း တုန်ခါနေကာ သူ့အကြည့်တွင် တစ်ကိုယ်လုံး အရည်ပျော်သွားတော့မည့်ပမာ ခံစားနေရသည်။ ဆာစီးနီယာမှာ ကျန်သည့်လက်တစ်ဖက်ကို မြှောက်လိုက်ရင်း ဘန်ရဲ့ ပါးပြင်ကို ကြင်နာစွာပွတ်သပ်ကာ
"ကျွန်မကောပဲ"
သူမတို့ စတွေ့သည့်နေ့မှစကာ သူမမှလွဲ၍ မည်သူ့ကိုမှ မကြည့်ဖူးသော သူ့ရဲ့ အကြည့်စူးစူးများကို သဘောကျခဲ့သည်။ သူမကို အမြတ်တနိုးတန်ဖိုးထားသော သူ့ကို သဘောကျသည်။ သူမကို ဖွင့်ဟပြောရသည်အထိ ချစ်မြတ်နိုးသော ဘန်ကြောင့် ပျော်ရွှင်ရသည်။ သူနှင့်အတူရှိလျှင်ပင် ရင်ခုန် စိတ်ကြည်နူးရသည်။
သူမ လောင်းကစားရုံတွင် သူ့ကို တွေ့လိုက်သည်မှာပင် ကံစီမံခြင်း ဖြစ်လိမ့်မည်။ ကံတရားက သူမတို့ကို ဤသို့ပင် စီရင်ထားတာဖြစ်နိုင်သည်။ သုံးနှစ်ကြာပြီးသည်အထိ သူမခံစားချက်များမှာ မပြောင်းလဲ။ သို့ရာတွင် သူမကိုယ်သူမ သတိမပြုမိဘဲ ခံစားချက်များကို လက်ခံနိုင်ဖို့ အချိန်ကြာမြင့်ခဲ့ရသည်။ ဘန်လည်း ထို့ကြောင့်ပင် ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။ ယခုအချိန်သည်ကား သူမ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ လှမ်းသင့်သည့် အချိန် ဖြစ်သည်။
"ကိုယ်မင်းကို ချစ်တယ်"
ဘန်က သူ၏ ခံစားချက်များကို ဖွင့်ဟ ဝန်ခံလိုက်ချိန်တွင် ဆာစီးနီယာ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ သူ့ပါးစပ်မှ စကားလုံးများထွက်ကျလာစဉ်တွင် သူမထိန်းထားသော ခံစားချက်များမှာလည်း ရှင်းလင်း ထင်ရှားလာသည်။
"ကျွန်မလည်း ရှင့်ကိုချစ်တယ်"
သူမ၏ ဖွင့်ဟပြောလိုက်သည့်စကားသည် သူ၏နားထဲသို့ စွဲထင်စွာ ဝင်သွားသည့်အခါ သူ့ခံစားချက် လိုအင်ဆန္ဒတို့ ပြည့်နေသည့် မျက်လုံးများမှာလည်း စိုစွတ်လာသည်။ ယခုအခေါက်တွင်လည်း ငြင်းပယ်သည့် စကားလုံးများထွက်ကျလာမည်ဟု တွေးမိနေသောကြောင့် ထင်ရသည်။ သွေးကြောများထောင်ထသည်အထိ တောင့်တင်းနေသော သူ့လက်များမှာလည်း ပြေလျော့သွားသည်။
ဘန်မှာ လွန်ခဲ့သော ရက်ပေါင်းများစွာကတည်းက ပြင်ဆင်ထားသည့် အရာကိုထုတ်ကာ သူမလက်ထဲထည့်လိုက်သည်။ ဆာစီးနီယာက သူမလက်ထဲ တစ်ခုခုထည့်လိုက်သလို ခံစားရသဖြင့် ငုံ့ကြည့်မိရာ ဗူးအသေး တစ်ခုကို တွေ့လိုက်ရသည်။
"ဘန် ဒါက..."
သူမ မျက်လုံးများမှာ အံ့အားသင့်ကာ ကျယ်သွားချိန်တွင် ဘန်က ဗူးကိုဖွင့်လိုက်သည်။ ဖွင့်လိုက်သည့်အသံနှင့်အတူ ပွင့်နေသော ဗူးထဲတွင် ကြယ်ကဲ့သို့လင်းလက်နေသည့် စိန်ပွင့်ပါရှိသော လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ ဆာစီးနီယာက လက်စွပ်ကို ငေးစိုက်ကြည့်နေချိန်တွင် ဘန်က ဗူးထဲမှ ထုတ်လိုက်ပြီး သူမ၏လက်ကို တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုနှယ် ဖမ်းဆုပ်ကိုင်လိုက်သည်။
"ကိုယ်မင်းရဲ့ အမျိုးသားအနေနဲ့ မင်းနဲ့ အမြဲအတူရှိချင်တယ်"
သူ့ရဲ့ မျက်လုံးများမှာ စိတ်အားထက်သန်စွာ လောင်မြိုက်နေသည်မှာ သူမပင် အချိန်မရွေးတောက်လောင်သွားတော့မလိုပင်။ ဆာစီးနီယာက သူလုပ်သမျှကို တုန်ခါနေသော နှလုံးသားလေးဖြင့် တိတ်တဆိတ်လိုက်ကြည့်နေချိန်တွင် ဘန်က သူမ၏လက်သူကြွယ်တွင် လက်စွပ်လေးကို စွပ်လိုက်သည်။
"ဆာစီးနီယာ ကျေးဇူးပြုပြီး တစ်သက်လုံး ကိုယ့်ဘေးနားမှာ ရှိပေးပါ"
သူမ၏ လက်ဖမိုးလေးကို နမ်းရင်း ပြောလိုက်သည့် သူ့ရဲ့ အသံမှာ ညသန်းခေါင် ကောင်းကင်ယံကဲ့သို့ နက်ရှိုင်းသော်လည်း စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ခါနေသည်။