အပိုင်း ၈၉
Viewers 12k

Chapter 89

ဘန်၏ တုန်ရီမှုများမှာ ဆာစီးနီယာထံသို့လည်း ကူးစက်သွားသည်။

ဆာစီးနီယာမှာ တုန်ယင်နေသော မျက်လုံးများဖြင့် သူမ၏လက်တွင် တိကျစွာ လိုက်ဖက်နေသော လက်စွပ်လေးကို ငေးကြည့်နေမိသည်။ သူ့ရဲ့ ချစ်ခွင့်ပန်ခြင်းမှာ မည်သည်ကို ဆိုလိုမှန်း သူမ နားလည်သည့်အတွက် မျက်လုံးများမှာလည်း ရဲနေသည်။

ယခင်ကတည်းက အဖြေမှာ တစ်ခုတည်းသာ ရှိသည်။ သူမမှာ ဘန်မှ လွဲ၍ အခြားသူနားတွင်ရှိရန် တွေးတောကြည့်၍ပင်မရ။ သူမနောက်ဆုံးတွင်တော့ သူမအတွက် သက်ဆိုင်သည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ရပြီ။ ဘန်၏ အနားတွင်ပင်ဖြစ်သည်။

"ဟုတ်ကဲ့ပါရှင်"

သူမ၏ ပါးပြင်နှစ်ဖက်လုံး ရှက်သွေးဖြာနေရင်းနှင့်ပင် သူမ တောက်ပစွာ ပြုံးလိုက်သည်။

သူမပြုံးပြရင်းလက်ခံလိုက်သော ချစ်ခွင့်ပန်မှုမှာ ဘန်၏ နှလုံးသားတွင် ကြာရှည်စွာ အောင့်အည်းသည်းခံခဲ့ရသည့် ခံစားချက်တို့ဖြင့် လောင်မြိုက်သွားသည်။ သူက ဆာစီးနီယာနားသို့ ချစ်ရည်ရွှမ်းနေသော မျက်ဝန်းများဖြင့် ဖြည်းညှင်းစွာ ချည်းကပ်သွားသည်။ ရှောင်လွှဲမရသော စူးရှသည့်အကြည့်များအောက်တွင် ရင်ခုန်သံမှာ ပိုမိုမြန်ဆန်လာသည်။ သူမကို တပ်မက်သည့် သူ့အကြည့်များမှာ ပြင်းထန်လှသည်။

ဆာစီးနီယာ၏ နီရဲသော နှုတ်ခမ်းလေးကို ဘန်က လက်ဖြင့် ရုတ်တရက် ထိကိုင်လိုက်သည်။ ပျော့ပြောင်းနူးညံ့လှသည့် သူ့လက်ဖျားမှ အထိအတွေ့သည် နွေးထွေးကာ နှလုံးသားထဲထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။ သူ မထိန်းချုပ်နိုင်တော့။ သူမ၏ ဆံချည်တစ်မျှင်ချင်းစီမှ စ၍ သူမရှူထုတ်လိုက်သောလေအထိ သူမ၏ အရာရာတိုင်းကို သူ ပိုင်ဆိုင်ချင်သည်။

"ကိုယ် မထိန်းထားတော့ဘူး"

ထိုအခိုက်အတန့်မှာပင် သူ့နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းလေးများကို ငုံလိုက်သည်။ 

"အိုး.."

ပြင်းထန်သည့် လှုံ့ဆော်မှုကြောင့် ဆာစီးနီယာမှာ တုန်ခါကာ မျက်လုံးလေးများ ပိတ်သွားသည်။ သူမ မည်သည့်အရာကိုမဆို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ တွန့်ဆုတ်မနေဘဲ သူမလည်း လက်များကိုမြှောက်ကာ သူ့ပုခုံးထက်တွင် သိုင်းဖက်ထားလိုက်သည်။ ခွင့်ပြုချက်ရသည့်ပမာ ဘန်ကလည်း သူမ၏ ခါးမှ ပွေ့ချီကာ သူမကို ပိုမို တပ်မက်လာမိသည်။ သူမ၏ ရင်နှစ်မွှာကြားကို စူးစမ်းလိုစိတ်ပေါ်ပေါက်လာသော်လည်း ကြိုးစားလစ်လျူရှုလိုက်ရင်း ခါးမှနေ၍သာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။ 

သူ၏ ဆန္ဒများအကုန်လုံးကို သူမအပေါ် ဖွင့်ဟလိုက်ချင်သော်လည်း သူထိုသို့လုပ်၍မဖြစ်။ တိုင်းတာမရနိုင်အောင် အဆုံးမရှိသည့် သူ့ဆန္ဒများကို ဖွင့်ဟလိုက်မိလျှင် ဆာစီးနီယာမှာ ပြိုလဲသွားပေလိမ့်မည်။ 

သူက သူမ၏ အကုန်လုံးကို မျိုချမိမတတ် ခံစားနေရသော်လည်း တတ်နိုင်သမျှ ထိန်းချုပ်ကာ သူမရဲ့ နှုတ်ခမ်းလေးကိုသာ ဖြည်းဖြည်းချင်း ငုံကိုက်ထားမိသည်။ ဆာစီးနီယာ အံ့ဩသွားမှာ စိတ်ပူကာ သူ့လှုပ်ရှားမှု အကုန်လုံးကို သတိဖြင့်သာပြုမူနေလိုက်သည်။ 

"..ဟင်း" 

ဆာစီးနီယာဆီက ရှိုက်သံလေး တစ်ခု ထွက်လာသည်။

သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ စက္ကူပင် မခြားနိုင်အောင် ပူးကပ်နေသောအခါ ဆာစီးနီယာ၏ ကိုယ်သင်းနံ့ကြောင့် ဘန်၏ တွေးနိုင်စွမ်းများမှာလည်း တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ 

မူးယစ်‌စေသည့် သူမ၏ နူးညံ့သော နှုတ်ခမ်းသား အထိအတွေ့ကြောင့် သူရီဝေလာသည်။ သူခံစားချင်သည့် ချိုမြိန်မှုမှာလည်း အဖျားတက်နေသကဲ့သို့သော သူ့ကိုယ်အပူချိန်နှင့်အတူ မြင့်တက်လာသည်။ နှလုံးခုန်သံမှာ အစောကတည်းကပင် အလွန်မြန်ဆန်နေပြီး သူမ၏ ဂါဝန်သားကိုဖြတ်ကာ ခံစားရသော နူးညံ့သည့် အသားအရည်ကြောင့် သူ့သွေးများမှာ အထက်အောက် ပြောင်းပြန်စီးသကဲ့သို့ ဆူတက်လာသည်။ 

သူမနှုတ်ခမ်းသားလေးများ၏ ပထမဆုံးအနမ်းမှာ သူစိတ်ကူးယဉ်ခဲ့သည်နှင့်ပင် ဘာမှ မဆိုင်။ သကာရည်နှင့်စိမ်ထားသကဲ့သို့ ချိုမြိန်လှပြီး သူ၏ ဆဲလ်တစ်ခုစီတိုင်းမှာ အပူကို ဝါးမြိုလိုက်မိသည့်နှယ် ပြင်းထန်စွာ ပူနွေးတက်လာသည်။ သူအကြိမ်ကြိမ် မျှော်လင့်ခဲ့မိသလို နှုတ်ခမ်းသားချင်းမှာ ထိကပ်နေသော်လည်း သူ၏ တပ်မက်မှုတွေမှာ ပျောက်ကွယ်မသွား။ သူမကို ပိုတိုး၍သာ လိုချင်လာသည်။ တပ်မက်မှုတွေ ပိုမိုများပြားလာသည်။ 

ဘန်က သူ့ရဲ့လောင်မြိုက်နေသော ဆန္ဒများကို ချုပ်ထိန်းရင်း သူမ၏ ရဲနေသော နှုတ်ခမ်းလေးကို ငုံကာဆွဲစုတ်ရင်း နှုတ်ခမ်းချင်းသပ်နေမိသည်။ ဆာစီးနီယာ၏ ကော့နေသော မျက်တောင်လေးမှာလည်း သတိလစ်မတတ်ပြင်းပြသော ခံစားချက်ကြောင့် တုန်ခါနေသည်။

"ဟင်း.."

သူမ၏ နှုတ်ခမ်းလေးများကို ဖိနမ်းခံရသော ရီဝေသည့် ခံစားချက်ကြောင့် နှုတ်ခမ်းလေးမှာ အနည်းငယ်ပွင့်အာသွားသည်။ ထိုအခိုက်မှာပင် အလွန်အမင်းဆွဲထားရသည့် ဘန်၏ တွေးနိုင်စွမ်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။ သူမ၏ ရှုထုတ်လိုက်သောလေမှာ ဘန်၏ နှုတ်ခမ်းဖျားကြားတိုးဝင်သွားချိန်တွင် သူ့ ဆန္ဒများကို လုံးဝမထိန်းချုပ်နိုင်တော့။

"အင့်.."

ဘန်က သူမ၏ နူးညံ့သော အသားအရေကို ပိုမိုတိုးဝင် ထိတွေ့လိုက်မိသည်။ သူရပ်တန့်၍မရတော့။ သူမ၏ ဝင်သက်ထွက်သက်များအကုန်လုံးကို ငုံထားလိုက်မိမှ ပြင်းပြသည့်ဆန္ဒများ ကျေနပ်သွားမယောင်ပင်။ သူတို့နှစ်ဦး၏ ခံတွင်းထဲတွင် နွေးထွေးမှုက ပြည့်လျှံကျလာသည်။

ဆာစီးနီယာ၏ ခန္ဓာကိုယ်လေးမှာ ကျောရိုးထဲအထိ တုန်ယင်နေစေသော အထိအတွေ့ကြောင့် ခိုက်ခိုက်‌တုန်နေရသည်။ ခိုက်ခိုက်တုန်နေခြင်းက ပူလောင်သော ခံစားချက်အဖြစ်သို့ကူးပြောင်းသွားကာ သူမတစ်ကိုယ်လုံး နွေးထွေးသွားသည်။ သူမနှလုံးသားမှာလည်း မီးတိုက်ထားသည့် သံပမာ ပူလောင်နေသည်။ ချစ်တင်းနှီးနှောနေသံမှာ မဟူရာညနက်ကောင်းကင်အောက်တွင် သူမတို့နှစ်ဦးကို လွှမ်းခြုံထားသည်။ 

"ဟာ.. ရ..ရပ်.."

သူမ၏ ခေါင်းမှာလည်း ခံစားချက်ကြောင့် ရီဝေနေသည့်အတွက် ခဏရပ်ရန်ပြောချင်သော်လည်း စကားလုံးများသည်ပင် သူ၏ပါးစပ်ထဲသို့ စီးဝင်ပျောက်ကွယ်သွားသည်။ ဘန်က သူမ၏ ထွက်လေများပါမကျန် ဆွဲယူ စုတ်ငင်နေသည်။ နွေးထွေးစွာဖြင့် သူမ၏ ခံတွင်းအတွင်းသို့ အသက်ရှူရှိုက်ချိန်ပင်မရအောင် တိုးဝင်နေသည်။ 

"ဟင့်.."

ဆက်နေသော နှုတ်ခမ်းများကြားမှ ထွက်လေ နည်းနည်း လွတ်မြောက်လာသည်။ ဆာစီးနီယာမှာ တစစ်စစ် ခံစားနေရသော အထိအထွေ့ကြောင့် ခြေမခိုင်သည်အထိပင် နစ်မွန်းလာသည်။ အချိန်မရွေး လိပ်ပြာလွင့်သွားနိုင်သည်အထိ နွေးထွေးသောအထိအတွေ့က ပြင်းထန်လှသည်။ သူမ သတိမထားမိဘဲ နောက်သို့ခြေတစ်လှမ်း ဆုတ်မိသော်လည်း ဘန်က သူမ၏ကျောကို အတင်းဆွဲယူပွေ့ဖက်ထားသည်မှာ သူမတို့ကြား နေရာလပ်ပင် မခြားစေနိုင်ရန် ပမာပင်။ သူမ‌ပုခုံးထက်တွင် ဖုံးလွှမ်းပေးထားသော ကုတ်အင်္ကျီမှာလည်း မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။ 

ဆာစီးနီယာက မတောင့်ခံနိုင်တော့သဖြင့် သူ့လည်ပင်းကို ဖက်ထားသော လက်ကိုဖြည်ချလိုက်သော်လည်း ဘန်က သူမ၏ လက်လေးများကို ပြန်တင်ကာ သူမ မရုန်းထွက်နိုင်အောင် တင်းကြပ်စွာ ထွေးပွေ့ထားသည်။ ငုံထားသည့်နှုတ်ခမ်းလေးများကော သူမ၏ လက်လေးများပါ ရုန်းမထွက်နိုင်တော့။

သူတို့နှစ်ဦးမှာ အရာတစ်ခုတည်းပမာပင် တွယ်ဖက်ထားသည်မှာ သူ့ရဲ့ မာကျောသောကြွက်သားများကို သူမ ခံစားလာရသည်အထိပင်။ ပူနွေးသောထွက်သက်များမှာလည်း တိုးဝှေ့နေသော ဆောင်းလေကြားတွင် ရောနှောသွားသည်။ အချိန်ကြာမြင့်စွာ သူတို့နှစ်ဦးတွယ်ကပ်နေကြပြီးသည့်နောက်တွင် ဘန်က သူမကို အားနာကာ လိမ်ယှက်နေသော နှုတ်ခမ်းကို ပြန်ခွာလိုက်သည်။

"ဆာစီးနီယာ..."

သူက တိုးညှင်းအက်ကွဲသော လေသံဖြင့် ‌သူမကို ခေါ်လိုက်သည်။

"ဟား..."

ဤအခိုက်အတန့်ကို စောင့်နေသည့်ပမာ သူမ၏ အသက်ရှူသံက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ညောင်းနေသော လက်များကြောင့် ညည်းညူလိုက်ရင်း မူမမှန်စွာ ရှူရှိုက်လိုက်သည်။ နှုတ်ခမ်းများမှာ ခွာလိုက်သော်လည်း ဘန်၏ နှုတ်ခမ်းများက သူမနှုတ်ခမ်းလေးများပေါ်တွင် ရှိနေသေးသည့်နှယ် ပြင်းထန်သော လှုံ့ဆော်မှုက အထိ‌အတွေ့ကြောင့် စွဲထင်‌နေသေးသည်။ 

"ဆာစီးနီယာ"

ဘန်က သူ့နှာတံနှင့်နီးကပ်နေသော သူမ၏ ရှက်သွေးဖြာနေသည့် ပါးပြင်လေးများထံ ထပ်မံ၍ ခေါင်းကိုငုံ့လိုက်သည်။ သူ၏ မှေးနေသော မျက်လုံးများမှာ တပ်မက်ခြင်းဖြင့် တဖိတ်ဖိတ်လက်နေသည်။

"ဒီလောက်နဲ့ မရသေးဘူး"

စိတ်လှုပ်ရှားမှုအပြည့်နှင့် သူ့အသံနောက်တွင် ခေါင်းကို အနည်းငယ်စောင်းရင်း သူမကို ထပ်မံနမ်းရှိုက်လိုက်သည်။ ဤသည်မှာ သူ့လိုအင်ဆန္ဒတို့၏ အစသာဖြစ်သော်လည်း ခုနကလို သူမကို ဆန္ဒတို့ဖြင့် မလွှမ်းခြုံထားတော့။ နှုတ်ခမ်းလေးများကို ညင်သာစွာနမ်းရင်း နှုတ်ခမ်းတလျှောက် ဖြည်းညှင်းစွာ ဆွဲစုတ်လိုက်ကာ သူမကို ယခင်ကထက် ပိုမိုကောင်းမွန် ညင်သာစွာဖြင့် ဂရုစိုက်ပေးနေသည်။ သူ့အတွက် ထို့ထက်ပိုလိုချင်နေသော်လည်း ဤမျှနှင့်ပင် စိတ်ကို အလွန်ကြွတက်နေစေသည်။

"အင့် ဘန်..."

ဘန်၏အသံကပင် စိတ်ကိုအလွန်လှုပ်ရှားစေကာ သူမ၏ အာရုံကြောအားလုံးကို လှုံ့ဆော်လိုက်သလို စိတ်ကြွလာစေသဖြင့် နားလေးများပင် ရဲတက်လာသည်။ သူမ မသိခဲ့သည်မှာ သူ့ကိုနမ်းရသည်မှာ သူမ၏ နှုတ်ခမ်းများကို ပျားရည်သုတ်လိမ်းလိုက်သလို ချိုမြိန်လှကြောင်းပင်။ 

ညင်သာသော အနမ်းမှာ သူမကို တွေးတောချိန်ပင် မပေးသော အနမ်းပြင်းရှရှများနှင့်မတူ ကွဲပြားနေသည်။ ပြင်းပြသောအနမ်းများမှာ ညှာတာမှုကင်းစွာ လှုံ့ဆော်လှသဖြင့် သူမတစ်ကိုယ်လုံး အားအင်များကုန်ခမ်းသလိုပင် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်။ ညင်သာသော အနမ်းများမှာ သူမ၏ အရေပြားပေါ်တွင် ကလူကျီစယ်နေသကဲ့သို့ နှလုံးသားကို တိမ်များ‌သဖွယ် ပျော့ပျောင်းသွားစေသည်။ နှစ်မျိုးလုံးမှာ တူညီစွာပင် ခံစားရကောင်းလှသည်။

သူမက သူ့ရဲ့ သူမအပေါ်တမ်းတစိတ်ကို အပြည့်အဝခံစားရကာ ပီတိဖြာဘဝင်ကျနေရသည်။ သို့သော် သူမတို့ တစ်ညလုံး နမ်းရှိုက်နေမည့်ပုံရှိသဖြင့် ဆာစီးနီယာက သူမရဲ့ ခန္ဓာကိုယ်လေးကို အရင်လှည့်လိုက်သည်။ သူမ၏ခါးလေးကို ရစ်နွယ်ထားသော လက်များမှာလည်း ပြေလျော့သွားပြီး သတိမမူနိုင်အောင် လိမ်ယှက်နေသော နှုတ်ခမ်း‌များမှာလည်း ပြန်ကွာသွားသည်။ သူမကို ဘန် မထိန်းချုပ်ထားနိုင်တော့။

"ဟင်း..."

သူမတို့ နဖူးချင်းထိကပ်ထားကြပြီး အသက်ကို အခုမှ ကောင်းကောင်း ရှူထုတ်လိုက်ကြသည်။ အပြင်သို့စီးထွက်လာသော ရှူထုတ်လိုက်သည့်လေနွေးနွေးတို့မှာ ဆောင်းလေနှင့်အတူ မပါသွားဘဲ အနားတွင်ပင် ရစ်ဝဲနေသည်။

ဆာစီးနီယာက သူမရဲ့ ရီဝေဝေမျက်လုံးများနှင့် မော့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများမှာ ရှက်‌သွေးဖြာသော မျက်လုံးအောက်တွင် တလက်လက်‌ထနေသည်။ နှုတ်ခမ်းများမှာ သူမနှင့်အရောင်တူဖြစ်နေသည်ကို တွေ့လိုက်သည့်အခါမှသာ သူမ သူ့ကို နမ်းလိုက်မိမှန်း ပြန်သတိရသွားသည်။ သူမ မျက်နှာလေးရဲတက်သွားကာ သူ့နှုတ်ခမ်းမှ နှုတ်ခမ်းနီရာလေးများကို ရှက်ကိုးရှက်ကန်း လက်ဖြင့်ပွတ်သုတ်နေလေသည်။

သူမ၏အထိအတွေ့မှာ ဘန်၏ တွေးနိုင်စွမ်းကို ထပ်မံ ဝေဝါးသွားစေသည်။

"အန္တရာယ်ရှိတယ်"

သူက သူမရဲ့လက်လေးများကို ကိုင်ကာ နှုတ်ခမ်းဆီမှ ဆွဲဖယ်လိုက်သည်။

"ဆာစီးနီယာရဲ့ အရာရာတိုင်းက စိတ်ကိုထကြွ‌အောင်လှုံ့ဆော်နေတာ စိတ်မချရဘူး"

သူ့ရဲ့ စူးရှထွင်းဖောက်တော့မည့်ပမာ အကြည့်စူးစူးများက သူမကို ဝါးမျိုတော့မလိုပင် ဆန္ဒအပြည့်နှင့် စိုက်ကြည့်နေသည်။

"..."

ဆာစီးနီယာမှာ စိတ်လွတ်သွားသည်။ ခေါင်းထဲတွင်တော့ အချက်ပေးသံများ မြည်ဟီးလာသည်။ 

'အန္တရာယ်ရှိတယ်။ ဒီတိုင်းဆိုရင်တော့ လုံးပါးပါးတော့မှာပဲ'

သို့ရာတွင် သူ၏အကြည့်များမှာ နွံအိုင်ကဲ့သို့ နက်ရှိုင်းလှသဖြင့် သူမရုန်းထွက်၍မရနိုင်။

"ဆာစီးနီယာ"

သူက သူမပုခုံးများကိုဖုံးအုပ်နေသော ဆံပင်ရှည်‌များကို ဖြည်းဖြည်းဆွဲယူလိုက်ရုံနှင့်ပင် သူမကိုယ်လေး တုန်ခါသွားသည်။ သူမ၏ နူးညံ့သောအသားအရေကို သူ့လက်ဖျားလေးဖြင့် ထိလိုက်သည်နှင့် ထိုနေရာတွင် ပန်းပွင့်လာသလို ပူလာရသည်။

"ကိုယ် ဒီအချိန်ကို ဘယ်လောက်တောင် စောင့်စားခဲ့ရလဲ မင်းမသိပါဘူး"

ပိုးချည်များကဲ့သို့ တဖျတ်ဖျတ်လွင့်နေသော သူမ၏ဆံနွယ်များမှာ သူ့လက်ထဲတွင် ပွယောင်းနေသည်။ သူမရဲ့ ဖြူဆွတ်သွယ်လျသော လည်တိုင် ဂုတ်ပိုးပေါ်သို့ သူ့နှုတ်ခမ်းကို တိုးကပ်လိုက်သည်။

"အ..!"

သူမလည်ဂုတ်ကို အပြာရောင်မီးစနှင့် တို့သည့်နှယ် သူမညည်းညူလိုက်သည်။

"ကိုယ်နေ့တိုင်း လိုချင်ခဲ့တာ"

သူ့ရဲ့ တမ်းတမှုအပြည့်နှင့် အသံမှာ သူမနားထဲသို့ စိမ့်ဝင် ပဲ့တင်လာသည်။ နူးညံ့သော အနက်ရောင်ဆံပင်များကလည်း သူမ၏ ‌ပုခုံးဝိုင်းလေးကို ကလူကျီစယ်နေသည်။ ထိုအသည်းယားဖွယ် ခံစားချက်နှင့် အခြားသူတစ်ဦး၏ ထွက်လေက သူမ ဂုတ်ပိုးကို တိုးဝှေ့နေသည်မှာ ကြက်သီးပင် ထလာသည်။ ရင်တဖိုဖိုဖြစ်အောင် စိတ်ကို လှုံ့ဆော်သည့် ခံစားချက်ပင်။

ဆာစီးနီယာက အသက်ကိုပြင်းပြင်းရှူရှိုက်နေရကာ ဘန်၏ ရှပ်အင်္ကျီကို တွဲလောင်းခိုထားသလိုပင် ဆုပ်ကိုင်ထားသည်။ ဘန်က သူမကို ပြင်းရှရှလှုံ့ဆော်မှု ပေးနေသောကြောင့် သူမ ခေါင်းမှာရီဝေနေသည်။ 

သူမ၏ ဆင်ခြင်နိုင်စွမ်းများလည်း ‌ကွယ်ပျောက်လာသဖြင့် အကုန်မပျောက်သွားမီပင် စကားပြောဖို့ ကြိုးစားလိုက်ရသည်။

"ကျွန်မသွားရအုံးမယ် ... ဗားန်က ကျွန်မကို စောင့်နေမှာ"

တစ်ယောက်ထဲကျန်ခဲ့သော ဗားန်မှာ စားပွဲခန်းမကို ရှာမတွေ့နိုင်ဘဲ ခြေဦးတည့်ရာ လျှောက်ရှာနေလိမ့်မည်။ ထို့ကြောင့် သူမ ပြန်သွားကာ ဗားန်ကို အိမ်ရှေ့စံမင်းသားနှင့် တွဲကနိုင်ရန်ကူညီရမည်။ ဤသည်မှာ ဧကရီဒိုဝင်ဂါ၏ မွေးနေ့စားသောက်ပွဲသို့ သူမလာရောက်သည့် အဓိက အကြောင်းရင်း ဖြစ်သည်။

"နည်းနည်းလောက်ပဲ"

ထိုသည်မှာ ကြိုးတန်းပေါ်တွင်လမ်းလျှောက်နေသလို အန္တရာယ်နှင့် နီးစပ်သော အသံပင်ဖြစ်သည်။ သူ့လက်ဖြင့် လက်ဖျားလေးများကို ထိကာ သူမကို ပွေ့ဖက်လိုက်သည်။ အဆုံးမရှိသော တမ်းတသည့်ရှူရှိုက်သံတို့က သူမ၏ညှပ်ရိုးနားတွင် တိုးဝှေ့လျှံကျနေသည်။ ဤအချိန်တွင် မည်သူက ဒုက္ခပေးနိုင်မှန်း သူမ မခွဲခြားနိုင်တော့။

မလှုပ်မယှက်ပင် ဆာစီးနီယာမှာ သူ့လက်အတွင်း ရောက်ရှိသွားသည်။ သူ့အမူအယာများကော အသံကပါ သူမနှလုံးသားကို မတင်းမာနိုင်စေ။ သူမ သွားရမည်ဖြစ်သော်လည်း မသွားနိုင်။ သူမကိုယ်တိုင်ကပင် ဘန်နှင့်အတူ ရှိနေချင်သည်။ 

ခဏအကြာတွင် ဘန်က သူ့နှုတ်ခမ်းများကို သူမ၏လည်တိုင်မှ တမ်းတမ်းတတနှင့် ပြန်ခွာလိုက်သည်။ ထိုအခိုက်တွင် နှစ်ဦး၏ နက်ရှိုင်းသော အကြည့်များ ဆုံတွေ့မိကြသည်။ မျက်လုံးချင်းဆုံလိုက်ချိန်တွင် ‌သူမရဲ့လက်ဖျားထိပ်များမှာ ဓာတ်လိုက်သလို သိမ်သိမ်မွေ့မွေ့လေး တုန်ယင်သွားသည်။ ထိုအခိုက်တွင် တစ်စက္ကန့်မှာ ဆယ်နှစ်လောက် ကြာမြင့်သည့် ပမာပင်။

"..."

"..."

မည်သူက ဦးဆောင်သည်မသိ၊ သူမတို့နှစ်ဦး၏ နှုတ်ခမ်းများ ပူးကပ်သွားပြန်သည်။ နွေးထွေးသော ထွက်လေများမှာလည်း ရောယှက်သွားသည်။ အစီအစဉ်ကိုပင် မေ့သွားခဲ့ကာ သူမနှလုံးသားထဲတွင် ဤအခိုက်အတန့်မှ လွဲ၍ ဘယ်အရာမှ မရှိတော့ပေ။