Chapter 90
သူမတို့နှစ်ဦး စားပွဲခန်းမတွင်းသို့ ပြန်လည်ရောက်ရှိသည့်အခါ ပတ်ဝန်းကျင်မှာ တင်းမာနေသည်။ ဤသည်မှာ ဗားန်၏ အသွင်အပြင်ကြောင့်ပင်ဖြစ်သည်။ သူမ၏ စိုးရိမ်မှုများနှင့် ဆန့်ကျင်စွာပင် ဗားန်မှာ ခန်းမအလယ်တွင် လိုင်မာဖီးယပ်စ်နှင့် ယှဉ်တွဲ ကခုန်နေကြသည်။
သူတို့ပထမဆုံး မြင်ဖူးသော အမျိုးသမီးတစ်ဦးက အိမ်ရှေ့စံမင်းသားနဲ့ တွဲကနေသည့်အခါ လူကုံတန် မှူးမတ်များကြားတွင် အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ထိုမိန်းကလေးက မည်သည့်မိသားစုမှ ဖြစ်သည်ကို အလွန်အမင်းသိချင်နေကြသော်လည်း မည်သူတစ်ဦးကမှ ဗားန်၏ သရုပ်မှန်ကို မသိကြ။
"..."
"..."
ဗားန်ကို ကြည့်သည့်ဟန်နှင့် ဆာစီးနီယာမှာ ဘန့်နားမှ ခွာလာခဲ့သည်။
သူမတို့ ဘယ်လောက်ကြာကြာ တစ်ဦးနှင့်တစ်ဦးနမ်းရှိုက်နေခဲ့ကြမှန်း မသိတော့။ ကွဲကွာသွားသော နှုတ်ခမ်းများမှာ အကြိမ်ပေါင်းများစွာ ပြန်ပူးကပ်သွားခဲ့သည်။ နောက်ဆုံးအကြိမ် အနမ်းတွင်ပင် သူမက ရပ်တော့မည်ပြုသော်လည်း ဘန်က သူမကို တင်းကြပ်စွာ ဖက်ထားသည်နှင့် အနမ်းမှာ အချိန်အတော် ကြာမြင့်ခဲ့ရသည်။
'ရူးနေပြီ။ ရူးနေပြီ"
သူမ လုပ်ခဲ့သည်တို့ကို ပြန်တွေးကာ မျက်နှာမှာ ရဲတက်နေသည်။ တစ်စုံတစ်ယောက် လာသလို ခံစားရ၍သာ အနမ်းများ ရပ်တန့်ခဲ့ကြခြင်းဖြစ်သည်။ သူမတို့ကို နှောက်ယှက်မည့်သူ မရှိပါက တစ်ညလုံးပင် နမ်းရှိုက်နေမိနိုင်သည်။
'ဟူး...'
ဆာစီးနီယာက စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။ အပူချိန်မှာမူ သူမ ခုနကဘာတွေဖြစ်ခဲ့သလဲ တွေးမိနေခြင်းကြောင့် မကျသွား။ ဘန်ကလည်း ထိုသို့ပင်လားဟု သူမ အနည်းငယ် ခေါင်းကို စောင်းငဲ့ကြည့်မိသောအခါ သူ့နှုတ်ခမ်းများကို မျက်နှာနီနီနှင့် လက်ဖြင့်ပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။ ဆာစီးနီယာမှာလည်း ခုနက ဖြစ်ပျက်ခဲ့သည်များကို တွေးကာ မျက်နှာမှာ ရဲတက်လာသည်။
'မဟုတ်ဘူး၊ ဘာလို့ သူ့နှုတ်ခမ်းတွေကို ကိုင်နေရတာလဲ...'
သူမမှာ သတိမထားမိဘဲ သူ့နှုတ်ခမ်းများကို ငေးကြည့်နေမိသည်။ သူ့နှုတ်ခမ်းများမှာ သူမ၏ နှုတ်ခမ်းနီရာကြောင့် ပုံမှန်ထက် အနီရောင်ပိုရင့်နေကာ အနည်းငယ် ပိုဖောင်းနေသလိုပင်။
ဆာစီးနီယာက နဖူးမှ ခြေဖျားထိ ရှက်သွေးဖြာရင်း ခေါင်းကိုလွှဲလိုက်သည်။ အပြန်လမ်းတွင်လည်း ဘန်နှင့်အတူ လှည်းစီးရအုံးမည်။ ထိုသို့ဖြစ်လျှင် သူမနှလုံးသားမှာ သေမတတ် ပေါက်ကွဲသွားနိုင်သည်။
'မေနဲ့ဗားန်ကို ငါနဲ့ အတူစီးဖို့ ခေါ်လိုက်ရင် ကောင်းမလား?'
'မဖြစ်ဘူး။ အဲ့လိုဆို ငါတို့နှစ်ယောက်ထဲ စီးရမှာ သက်တောင့်သက်သာ မရှိဘူးလို့ ပေါ်တင်ပြောနေသလိုပဲ'
'ဒါမှမဟုတ် ငါအိပ်ချင်ယောင် ဆောင်နေရမလား?'
ဤသည်မှာ အကောင်းဆုံး နည်းလမ်းဟုထင်သည်။ သို့သော် သူမ အမှန်တကယ်အိပ်ပျော်မှဖြစ်မည်။ တစ်စုံတစ်ယောက်ကို ခံစားရ၍ အံ့ဩနိုးလာလျှင် သူမ ဟန်ဆောင်တာ လူမိသွားနိုင်သည်။
'အိုး ဘာလုပ်ရတော့မှာလဲ..!'
ဆာစီးနီယာမှာ သက်ပြင်းချရင်း တိုင်ဘက်သို့ လှည့်လိုက်သည့်အခါ မျက်လုံးပြူးသွားခဲ့ရသည်။ တိုင်တွင် ချိတ်ထားသည့် မှန်ပေါ်တွင် ပေါ်နေသည့် ပုံရိပ်မှာ အလန့်တကြားပင်။ သူမ ဆိုးလာသော နှုတ်ခမ်းနီများမှာ အကုန်ကွယ်ပျောက်သွားကာ သူမ၏ နှုတ်ခမ်းလေးမှာ အရောင်မဲ့နေသည်။
မေက သူမကို နှုတ်ခမ်းနီမှာ ကြာလျှင်ပျက်နိုင်သည့်အတွက် ထည့်ယူလာခိုင်းသော်လည်း အခုတော့ မယူလာမိသည့်အတွက် နောင်တရနေပြီ။
"ဒါကကော ဘာကြီးလဲ?"
ဆာစီးနီယာက မှန်ရှေ့နားတိုးကာ ကြည့်လိုက်သည်။ သူမပုခုံးပေါ်ရှိ ဘန်၏ ကုတ်အင်္ကျီကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သေချာအနီးကပ် ကြည့်မှ သူမ၏ လည်ပင်းတွင် နှုတ်ခမ်းနီရာ တစ်ခုရှိနေသည်။ ဘန်၏ နှုတ်ခမ်းဆီမှ ခုနက ထိမိသောကြောင့် ဖြစ်နိုင်သည်။
ရှက်ရွံ့စိတ်ဖြင့် သူမမျက်နှာလေးမှာ နှုတ်ခမ်းနီကဲ့သို့ရဲကာ လည်ပင်းကို ပွတ်နေမိသည်။ ခပ်ပြင်းပြင်းပွတ်မှုကြောင့် နှုတ်ခမ်းနီရာမှာ ပျောက်သွားသင့်သော်လည်း သူမ မည်မျှပင်ပွတ်ပွတ် လက်သည်းခွံလောက် နှုတ်ခမ်းရာလေးမှာ မပျောက်သွား။ သူမ၏ နားဆွဲမှ အရိပ်ဟုပင် ထင်မိသော်လည်း မဟုတ်။ သူမက စားပွဲပေါ်မှ လက်သုတ်ပဝါနှင့်ပင် ပွတ်သော်လည်း မထိရောက်။
'ဘာလို့ ဖျက်မရတာလဲ...'
ညီးတွားရင်း ပွတ်နေသော သူမလက်လေးများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
'နှုတ်ခမ်းနီရာမှ မဟုတ်တာ'
'ဘန် ချန်ထားခဲ့တဲ့ လက်ရာတွေပဲ'
အတိအကျမှာ ဘန်လုပ်ခဲ့သည့် အနမ်းရာ (hickey) ပင်ဖြစ်သည်။ ဤသို့သော မီးနှင့်တို့သလို စူးနေသည့် အမှတ်အသားမျိုး ရှိမည်ဟု သူမ တစ်ခါမှမသိခဲ့ဖူးပေ။
ဆာစီးနီယာမှ ကုတ်အင်္ကျီကို အမြန်ဆွဲတင်ကာ သူမလည်တိုင်ကို ဖုံးကွယ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုလည်း ဘယ်သူမြင်သွားသေးလဲဟု ပတ်ကြည့်မိသည်။ ကံကောင်းထောက်မစွာ လူအများစုမှာ ခန်းမအလယ်တွင် ကခုန်နေကြရာ သူမကို အနီးကပ် မကြည့်ဘဲနှင့် မသိနိုင်။
စိတ်သက်သာရာ ရသွားကာ သူမရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ သူမခေါင်းမှာတော့ ဘန် သူမကို နမ်းလိုက်မှန်း တလောကလုံး သိတော့မလိုဖြစ်သွားသည့်အတွက် အငွေ့ထွက်မတက် ခေါင်းပူသွားသည်။ ဘန့်အမှားမဟုတ်သော်လည်း သူမတို့မှာ ပွဲတက်နေကြခြင်း ဖြစ်လေသည်။
"ဆာစီးနီယာ"
ဆာစီးနီယာမှာ သူမဘေးမှ အသံကို ကြားလိုက်ရသဖြင့် ပုခုံးများပင်တုန်သွားသည်။ သူမကို ထိုသို့ ကြင်နာစွာ တယုတယ ခေါ်မည့်သူမှာ တစ်ဦးတည်းသာ ရှိခြင်းကြောင့် အသံကြားရုံနှင့် မည်သူမှန်း သူမ ပြောနိုင်သည်။
"..."
သူခေါ်လိုက်သောကြောင့် သူမခေါင်းကို လှည့်လိုက်သော်လည်း မျက်လုံးချင်းဆုံအောင် မကြည့်ဝံ့ဘဲ ရှက်သွေးဖြာနေသည်။
"ပျင်းနေပြီလားကွယ်?" ဘန်က သိမ်မွေ့စွာ မေးလိုက်သည်။
ဆာစီးနီယာမှာ လုံးဝ ထိုင်နေခြင်းမရှိသောကြောင့် သူမ ပျင်းနေပြီဟုထင်ကာ မေးလိုက်ခြင်း ဖြစ်သည်။
"အဲ့လို မဟုတ်ပါဘူး..."
နူးညံ့သောအပြုံးက သူ့နှုတ်ခမ်းဖျားမှတဆင့် လေထဲကိုကြည့်ရင်း ပါးကိုပွတ်နေသော ဆာစီးနီယာထံ ပျံ့လွင့်လာသည်။
"လက်စွပ်က မင်းနဲ့ လှနေတာပဲ"
လက်စွပ်မှာ သူမလက်ချောင်းတွင် အံကိုက်ပင်ဖြစ်သည်။ ဤသည်မှာ သူမနှင့်သူ့ကြား ဆက်စပ်နေသည့် သက်သေပင်ဖြစ်သည်။ ယခုအချိန်တွင် သူသည် သူမ၏ အမျိုးသားဖြစ်ပြီး သူမမှာလည်း ဘန်၏ အမျိုးသမီးဖြစ်သည်။
"အိုး.."
ဆာစီးနီယာမှာ လက်စွပ်လေးကို ငေးကြည့်နေသည်။ လှေကားပေါ်တွင် ဘန်စွပ်ပေးတုန်းက မြင်ခဲ့ရသော်လည်း ယခု လင်းထိန်နေသော မီးရောင်အောက်တွင်မူ တမျိုးခံစားရသည်။ သေးသွယ်သော ကွင်းလေးနှစ်ခုက နွယ်သဖွယ်လိမ်ယှက်ကာ အလယ်ရှိ နှင်းဆီပွင့်ဖတ် နှစ်ခုကြားတွင် စိန်ပွင့်လေး တစ်ခု မြုပ်နှံထားသည်။
လက်ဝတ်ရတနာ၏ တန်ဖိုးမှာမည်မျှပင်ဖြစ်စေ ဘန်၏ ခံစားချက်များ မြုပ်နှံထားသော ဤလက်စွပ်မှာ အခြားသော ကျောက်မျက်ရတနာအားလုံးထက် ပိုတန်ဖိုးကြီးမားသည်။
"မင်းသဘောကျမယ်လို့ ကိုယ်မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ပါ။ အရမ်းလှတာပဲ။ ကျေးဇူးတင်ပါတယ် ရှင်ရယ်"
သူမက ပေါ့ပါးစွာ ပြုံးပြလိုက်ရင်း သူ့အတွက် ဘာပြန်လုပ်ပေးရင်ကောင်းမလဲဟု တွေးနေမိသည်။ မည်သည့်လက်ဆောင်မဆို ဘန်ပိုင်ဆိုင်သော အရာများနှင့်ယှဉ်လျှင် သေးသိမ်သွားနိုင်သော်လည်း စိတ်အရင်းခံက ပိုအရေးကြီးသည်။ သူမ သူ့အတွက် လက်ဆောင်တစ်ခုလောက်တော့ ပေးဖူးချင်လှသည်။
"မင်းပျင်းနေရင် ကိုယ်တို့ လသာဆောင်ကို သွားကြမလား?"
သူမလက်ကလေးများကို ဆွဲညှစ်လိုက်ရင်း ပြောလိုက်သည်။ သူမကို ငုံ့ကြည့်နေသည့် ခရမ်းရင့်ရောင် မျက်လုံးများတွင် မီးပွားလေးများ တောက်ပလာသည့်နှယ်ပင်။
"မသွားဘူး!"
ဆာစီးနီယာက ချက်ချင်း အော်ပြောလိုက်မိသည်။ အလိုအလျောက် ငြင်းဆန်လိုက်မိသလိုပင်ဖြစ်သွားသည်။
သူ့မျက်လုံးထဲတွင် ထို မီးပွားလေးများ တောက်ပနေသည်မှာ သူမကို တပ်မက်သော စိတ်ဆန္ဒများဖြစ်ကြောင်း ကောင်းစွာသိနေသည်။ ထိုမျက်လုံးများမှာ အစောက သူမတို့နမ်းရှိုက်နေစဉ်တွင် ပိုမိုတောက်ပနေခဲ့သည်။ ချိုမြိန်သည့်အရသာကို သိလိုက်သလို ရှုံးမထွက်နိုင်သော သူ၏ အဆုံးမဲ့ မကုန်ခမ်းသော ဆန္ဒများဖြစ်သည်။ သူမ အစောက မသိခဲ့၍ ကျော်လွန်လာခဲ့သော်လည်း ဘန်ရဲ့ အာရုံခံစားမှုများ နိုးကြားလာလျှင် ပိုမို နက်ရှိုင်းသော အရာများကို တောင့်တလာလိမ့်မည်။
အန္တရာယ်ရှိသည်။
သူမတို့ လသာဆောင်သို့ အတူသွားခဲ့လျှင် နေရာသာပြောင်းသွားကာ ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။ ဘန်ကိုလည်း သူမ မငြင်းဆန်နိုင်၊ ဘန်ကလည်း သူမကို တွန်းထုတ်မည့်ပုံမပေါ်။
"ကောင်းပါပြီ..."
ဘန်၏ အနည်းငယ်လုံးထွေးနေသော အသံကြောင့် သူမမှာ စိတ်ရှုပ်သွားသော်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ အမှန်တကယ်လည်း ခန္ဓာကိုယ်ချင်း ဤမျှထက် ပိုရင်းနှီးမှုမှာ အတော်လွန်သည်။ ယခုပင် သူမမှာ နှလုံးခုန်သံများ မြန်နေရလေပြီ။
"မြို့စားမင်း"
ထိုအခိုက်တွင်ပင် အေရိုးနီးယားမှာ သူမတို့နှစ်ယောက်ကြား တိုးဝင်လာသည်။ သူမမှာ ယခုညစာစားပွဲအတွက် သေချာ ပြင်ဆင်လာပုံရပြီး ခရမ်းနုရောင်ဂါဝန်နှင့် လိမ်နွယ်နေသော ဆံနွယ်များမှာ လှပနေသည်။
"..."
အေရိုးနီးယား ရုတ်တရက်ပေါ်လာခြင်းကြောင့် သူမတို့ကြားမှ အနွေးဓာတ်မှာ ရေအေးလောင်းချလိုက်သလို ဖြစ်သွားသည်။
ဆာစီးနီယာက သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး ဘန်ကလည်း သာမန်သာ ကြည့်နေလိုက်သည်။
"မြို့စားမင်းကို ကျွန်မရှာနေတုန်းက ဒီမှာမရှိလို့ ကျွန်မနှုတ်ဆက်ဖို့ နောက်ကျသွားပါတယ်ရှင်"
အေရိုးနီးယားက ဘန်ကို ဟန်လုပ်ပြုံးပြရင်း ဘန်ဘေးမှ ဆာစီးနီယာကို အကဲခတ်နေသည်။ တစ်ဦးတည်းသာ စားပွဲတော်ကို တက်ရောက်မည်ဟု ထင်ခဲ့သောမြို့စားမင်းမှာ သူ၏ ဧည့်သည်ကို အဖော်အဖြစ်ခေါ်ဆောင်ကာ ပွဲတက်လာလိမ့်မည်ဟု သူမ မထင်ခဲ့။ အင်ပါယာနှင့် ဧကရီဒိုဝင်ဂါဆီသို့ပင် ခေါ်ဆောင်မိတ်ဆက်ပေးသည်ကို သူမ သေချာမြင်ခဲ့ရသည်။ တင်းတင်းစေ့ထားသော အေရိုးနီးယား၏ နှုတ်ခမ်းထောင့်မှာ သဝန်တိုစွာ တုန်ခါနေသည်။
"တစ်နေ့ပြီးတစ်နေ့ နှုတ်ဆက်နေစရာမလိုပါဘူး"
ဆာစီးနီယာမှာ ဘန်၏ အေးစက်သောလေသံကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အေရိုးနီးယားကို ရည်ညွှန်းသော်လည်း ဘန်မှာ အေးစက်လွန်းလှသဖြင့် သူမပါ နာကျင်သလိုခံစားလိုက်ရသည်။ သူမ သိသော ဘန်၏ ပင်ကိုစရိုက်မှာ သူမကိုနှစ်လိုဖွယ်သာ ပြုံးပြတတ်ပြီး ဤစကားမျိုး ပြောလိမ့်မည်မဟုတ်။
"ဆာစီးနီယာ၊ ဒါက မစ္စ အေရိုးနီးယား ဘလမ်ဇွမ်ပါ"
ဆာစီးနီယာ၏ခါးကို ပွေ့ဖက်ထားရင်း အေရိုးနီးယားနှင့် မိတ်ဆက်ပေးလိုက်သည်။ ဆာစီးနီယာမှာ ရုတ်တရက် မိတ်ဆက်ပေးလိုက်သဖြင့် မျက်လုံးပြူးသွားသည့်နောက်တွင် ဘန်က အပြစ်ကင်းစင်သော အပြုံးနှင့် ထပ်ဖြည့်လိုက်သည်။
"မစ္စ၊ ဒါက ကိုယ့်ရဲ့ ဇနီးလောင်း ဆာစီးနီယာပါ"
သူ၏မျက်လုံးများက ဝိုင်းစက်နေသည်မှာ သူ၏ချစ်ခွင့်ပန်ခြင်း အောင်မြင်မှုကို အလွန်ကြွားချင်နေသည့်နှယ်ပင်။
"ဇ..ဇနီးလောင်း?"
အေရိုးနီးယားမှာ တဆတ်ဆတ်တုန်နေသော မျက်လုံးများဖြင့် ဆာစီးနီယာကို ရှုံးနိမ့်သွားပြီဟု တုန်လှုပ်စွာ ကြည့်နေမိသည်။ ဆာစီးနီယာမှာလည်း ရုတ်တရက် တိုးတက်သွားသော အခြေအနေကြောင့် လန့်ဖြန့်သွားသည်။
"သူမက မြို့စားမင်းရဲ့ ဇနီးလောင်း?"
"ဘယ်တုန်းက သူတို့ စေ့စပ်လိုက်ကြပါလိမ့်?"
လူကုံတန် မှူးမတ်တို့မှာ 'ဇနီးလောင်း' ဆိုသည့် စကားလုံးကို တီးတိုးရေရွတ်ရင်း ပြောဆိုနေကြသည်။
ဆာစီးနီယာမှာ ဘာလုပ်ရမလဲ စဉ်းစားနေစဉ် ဘန်ကတော့ ပတ်ဝန်းကျင်မှ စူးစိုက်ကြည့်နေခြင်းများကို လျစ်လျူရှုကာ ဆာစီးနီယာ တစ်ဦးတည်းကိုသာ စိုက်ကြည့်နေသည်။ သူမတစ်ဦးတည်းသာ သူ့မျက်လုံးထဲတွင် ပုံရိပ်ထင်နေသည်။
ထိုအခိုက်အတန့်တွင် သူမ ပူနွေးလာသည်။ ဘန်၏ လက်များမှာ သူမခါးလေးကိုရစ်ပတ်ကာ သူမကို တင်းနေအောင် ဖေးမထားသည်။ သူမ မည်သို့ပင် ပြောပါစေ၊ မည်သို့ပင် လုပ်ပါစေ ဘန်က သူမ ဘေးတွင် အမြဲရှိနေသည်။ အဘယ့်ကြောင့်မှ ပြောင်းလဲမသွား။
သူမ၏ အစွမ်းများကြောင့် အလျင်အမြန်ပုန်းကွယ်ကာ နှိမ့်ချပြီး သိုသိုသိပ်သိပ်နေခဲ့ရသော နေ့ရက်များမှာ မီးအိမ်ပမာ ချုပ်ငြိမ်းခဲ့လေပြီ။ အခြားသူများထက် သာလွန်ကြီးမားသော အစွမ်းများရှိသော်လည်း မူရင်းဝတ္ထုထဲကလို ထပ်တူညီသော အရာများမလုပ်ရန် သူမ ကြံ့ကြံ့ခံခဲ့သည်။
အဘယ့်ကြောင့် သူမမှာ ဤ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ စုန်းမအနေနှင့် အကြိမ်ပေါင်းများစွာ မောင်းထုတ်ခံ၊ ညှင်းပန်းနှိပ်စက် ခံခဲ့ရပါသနည်း?
အခုတော့ သူမ သိလိုက်ပြီဖြစ်သည်။
သူ၏မျက်ဝန်းများထဲတွင် သူမကိုယ်သူမ ပြန်မြင်ရကာ အကုန်နားလည် သဘောပေါက်လိုက်သည်။
သူမ ဆာစီးနီယာ ဖြစ်လာရခြင်း အကြောင်းမှာ ...
ဘန်နှင့် တွေ့ဆုံရန်သာ ဖြစ်သည်။
ဤအစွမ်းများကြောင့်သာ သူ့ကို အစကတည်းက ကူနိုင်ခဲ့ခြင်းဖြစ်သည်။
သူမနှလုံးသားမှာ ပေါ့ပါးသွားသည်။ သူမနှလုံးသားထဲတွင် သုံးနှစ်ကျော် ခိုင်မြဲစွာ ခိုဝင်နေသော ကျောက်စိုင်သားတို့မှာ ဆက်တိုက်ထုနှက်မှုအောက်တွင် ကွဲသထက် ကွဲအက်လာသည်။
ကြံ့ခိုင် တည်ကြည်သော ကြက်သွေးရောင် မျက်လုံးများမှာ အေရိုးနီးယားထံ ဦးတည်လိုက်သည်။
ပြောင်းလဲချိန်တန်လေပြီ။
မည်သည့်အရာပင်ဖြစ်စေ သူမရှေ့သို့ရောက်လာသူများ အားလုံးကို သူမဘေးတွင် ဘန်ရှိနေသရွေ့ သူမ ရင်ဆိုင်မည်။
"ကျွန်မနာမည် ဆာစီးနီယာပါ"
သူမကိုယ်သူမ ယုံကြည်မှုအပြည့်နှင့်ပြုံးကာ မိတ်ဆက်လိုက်သည်။ သူမ တစ်ခုခုတော့ ပြောင်းလဲသွားလေပြီ။