Chapter 12
Viewers 12k

🎬 Chapter 12

ယုန်အရုပ်များ



မကြာမီ ရှိုး၏ဒုတိယအပိုင်း ရိုက်ကူးချိန် ရောက်လာခဲ့သည်။


ဒုတိယအပိုင်းအတွက် ရိုက်ကူးရေးနေရာက M မြို့ဖြစ်ပြီး လည်ပတ်ရန် အလွန်သင့်တော်သော မြို့ဖြစ်သည်။


လုဝမ်ရှင်း ယခင်တစ်ခေါက်က အခြားသူများ ခရီးဆောင်အိတ်နှစ်လုံး ယူလာစဉ် သူက တစ်လုံးသာယူခဲ့သည်။ ယခင်သင်ခန်းစာမှ သင်ယူပြီးနောက် လုဝမ်ရှင်း ဤတစ်ကြိမ်တွင် အဝတ်အစားများ ပို၍ပြင်ဆင်ခဲ့သည်။ သူက နေ့စဉ်သုံးပစ္စည်းများနှင့် အခြားအနုပညာရှင်များအတွက် လက်ဆောင်များထည့်ထားသည့် ခရီးဆောင်အိတ်ကိုလည်း ယူလာခဲ့သည်။


ဒါရိုက်တာ - "ကဲ...ဒီနေ့ အမှတ်အများဆုံးအဖွဲ့က ဧည့်သည်ရဲ့အကူအညီကို ရနိုင်မှာပါ..."


"ဒါဆို ပထမဆုံးမစ်ရှင်က ဘာလဲ..."


"ဒါနဲ့...ဂရုထဲမှာ ပို့လိုက်တဲ့ မက်ဆေ့ချ်ကို လူတိုင်းမြင်ပြီးကြပြီလား...အခု အချင်းချင်း လက်ဆောင်ပေးရပါမယ်..."


လုဝမ်ရှင်းနှင့် ကုယန်ရှန်းတို့ အချင်းချင်းကြည့်လိုက်ကြပြီး ရုတ်တရက် တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသည်။ ဒါရိုက်တာက မစ်ရှင်နှင့် ပတ်သက်သော မေးခွန်းကို မဖြေဘဲ လက်ဆောင်များအကြောင်း ဦးစွာပြောလာခဲ့သည်။


လက်ဆောင်များကို သူတို့ လူကိုယ်တိုင် မပေးနိုင်သလို မည်သူပေးသည်ကိုလည်း မရေးထားနိုင်ချေ။ ဝန်ထမ်းက ၎င်းတို့ကို ဘူးများထဲ ထည့်ပြီး အနုပညာရှင်များထံ ပေးခဲ့သည်။ လက်ဆောင်ပေးသူမှလွဲ၍ အခြားသူများက ဘာလက်ဆောင်လဲကို မသိကြချေ။


"အခု လူတိုင်းရဲ့လက်ထဲမှာ လက်ဆောင်ဘူး ခြောက်ခုစီ ရှိနေပါပြီ...ပြီးတော့ ဒီမှာ တံဆိပ်ငါးခုရှိပါတယ်..." 

ဒါရိုက်တာက သူ့လက်ထဲရှိ ရောင်စုံတံဆိပ်များကို ကိုင်ပြလိုက်သည်။ 


"မင်းတို့ထဲက ဘယ်သူ ငါ့ဆီလာပြီး ဒါယူပေးနိုင်မလဲ...ပြီးတော့ မင်းတို့ လက်ခံရတဲ့ လက်ဆောင်တွေကို ဘယ်လောက်ကြိုက်လဲအပေါ် မူတည်ပြီး ခွဲပေးရပါမယ်..."


"မင်းတို့ အကြိုက်ဆုံးကို အသဲပုံငါးခုပေးပြီးတော့၊ အနေတော်လောက်ကို အသဲပုံသုံးခု၊ မကြိုက်တကြိုက်ကို အသဲပုံနှစ်ခု၊ မကြိုက်တာကို အသဲပုံတစ်ခု၊ လုံးဝမကြိုက်တာကို ကွဲနေတဲ့အသဲပုံပေးပါ..."


ဒါရိုက်တာဆက်ပြောလာသည်ကို ကြားပြီးနောက် လူတိုင်း ချက်ချင်းသတိပေးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။


"ဒီတစ်ခေါက် ရမှတ်က အရမ်းရိုးရှင်းပါတယ်... လက်ဆောင်တွေကနေ အသဲပုံအများဆုံးရတဲ့ အဖွဲ့က ဧည့်သည့်ရဲ့ အကူအညီကို ရပါလိမ့်မယ်..."


လူတိုင်း - "!!!"


ဒါရိုက်တာအဖွဲ့၏ 'ရွေးချယ်မှုပြိုင်ပွဲ' ကို ကြားပြီးနောက် အနုပညာရှင်များ၏ အကြည့်များက လုဝမ်ရှင်းအပေါ်ရောက်သွားပြီး လမ်းလျှောက်နေသော အမှတ်ပေးစက်ကြီးကို ကြည့်နေသကဲ့သို့ ကြည့်လိုက်ကြသည်။


ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိနေသော အနုပညာရှင်အချို့က သူတို့၏ 'အနိုင်ရသူမိန့်ခွန်း' ကိုပင် စတင်ရေးဆွဲနေပြီဖြစ်သည်။


ပထမဆုံးအနေနဲ့ စုန့်ကျားကျားကို ကျေးဇူးတင်ချင်ပါတယ်...ဒုတိယအနေနဲ့ လုဝမ်ရှင်းကို ကျေးဇူးတင်ချင်ပါတယ်... နောက်ဆုံးအနေနဲ့ ပန်းရောင်လေးကို ကျေးဇူးတင်ချင်ပါတယ်...


လုဝမ်ရှင်းနှင့် ကုယန်ရှန်းတို့က အခြေအနေကြည့်ပြီးနောက် အချင်းချင်းမည်သည့်လက်ဆောင်များ ပေးသည်ကို အသံတိုးတိုးဖြင့် ဆွေးနွေးလိုက်သည်။ သူတို့က တိတ်တဆိတ်ညစ်ပြီး လက်ဆောင်ပစ္စည်း မည်သို့ဖြစ်စေ အသဲပုံငါးခုပေးရန် စီစဉ်ခဲ့သည်။


ကုယန်ရှန်းက သူ ပေးခဲ့သော လက်ဆောင်အကြောင်း မပြောနိုင်မီ လုဝမ်ရှင်းက ဝံပုလွေချောင်းချောင်းနေကြသူများအား မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်ရသည်။ 

"ကျွန်တော်ကို ဘာလို့ဝိုင်းကြည့်နေကြတာလဲဟင်..."


"ဘာမှမဟုတ်ပါဘူး...ရှင်းရှင်း မင်းဒီနေ့ အရမ်းချောနေလို့..."


"ဘာပေါက်ကရတွေ ပြောနေတာလဲ... ရှင်းရှင်းက ဘယ်တုန်းက မချောတာရှိဖူးလို့လဲ..."


"အမှန်ပဲ...ငါတော့ ဒီနေ့ကစပြီး ရှင်းရှင်းကို နေ့တိုင်းချီးကျူးတော့မယ်..."


"ငါက ဒီနေ့ကစပြီး ရှင်းရှင်းရဲ့ ဖန်ပဲ..."


"ငါနဲ့ လာမပြိုင်နဲ့နော်... ငါကမှ ရှင်းရှင်းရဲ့ တကယ့်ဖန်ပဲ..."


လုဝမ်ရှင်း : ?


"မင်းတို့အားလုံး ဘာလို့ လုဝမ်ရှင်းကို ကြည့်နေကြတာလဲ...သူ့လက်ဆောင်ကို အရင်ဖောက်စေချင်လို့လား..."


ဒါရိုက်တာက လူတိုင်း၏ပူပြင်းနေသော အကြည့်များကြောင့် ရှုပ်ထွေးသွားခဲ့သည်။


"ကောင်းပြီလေ...ဒါဆိုလည်း ရှင်းရှင်းကိုပဲ အရင်ဖွင့်ခိုင်းကြတာပေါ့..."


လုဝမ်ရှင်းက လက်ဆောင်များဖွင့်ရန် ပထမဆုံးရှေ့ထွက်လာခဲ့သည်။ ရင်ခုန်လှုပ်ရှားမှုကို ထိန်းထားနိုင်ရန် ဒါရိုက်တာအဖွဲ့က အခြားသူများကို ကျောပေးထားရန် လုဝမ်ရှင်းအား ပြောလိုက်သည်။


"ဘယ်ဘက်ကနေ စကြည့်ရအောင်..." 

ဝန်ထမ်းတစ်ယောက်က လုဝမ်ရှင်း လက်ဆောင်ဘူးများဖွင့်သည်ကို ကူညီရန် ရှေ့ထွက်လာခဲ့သည်။


ပထမဆုံးလက်ဆောင်ဘူးက လိပ်ပြာဖဲကြိုးလေးပါသော ပန်းရောင်ဘူးလေးဖြစ်သည်။


လုဝမ်ရှင်းက အဖုံးကိုဖွင့်ပြီး ဝန်ထမ်းက အထဲကို စူးစမ်းစွာကြည့်လိုက်သည်။


ဘူးထဲ၌ အဖြူရောင်စက္ကူများဝန်းရံထားပြီး အလယ်တွင် ဂန္တဝင်ကားမော်ဒယ်လ်ရုပ်တစ်ခု ရှိနေခဲ့သည်။


ကားမော်ဒယ်က အလွန်လှပပြီး စင်ပေါ်တွင် အဆင်တန်ဆာအဖြစ် ပြသထားရန် အလွန်သင့်တော်သည်။ 


သို့သော်...


ကားအရုပ်က ပန်းရောင်ကြီးဖြစ်နေသည်။


လုဝမ်ရှင်း : "……?"


ဒါက စုန့်ကျားကျား ဒါမှမဟုတ် ဝမ်မင်အတွက် မဟုတ်ဘူးလား...


ဝန်ထမ်းက အသဲပုံတံဆိပ်စာရွက်ကိုင်ထားပြီး မေးလိုက်သည်။ 

"မင်း ဘယ်လောက်ပေးချင်လဲ..."


လုဝမ်ရှင်းက ခဏခန့်တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ 

"တခြားဟာတွေကို အရင်ကြည့်ရအောင်..."


ထို့နောက် လုဝမ်ရှင်း ဒုတိယလက်ဆောင်ဘူးကို ဖွင့်လိုက်ရာ အမွေးပွယုန်ရုပ်ညဝတ်အင်္ကျီကို တွေ့လိုက်ရသည်။


ဦးထုပ်တွင် ငိုက်စိုက်ကျနေသော ယုန်နားရွက်တစ်စုံရှိပြီး အမွှေးပွပွအမြီးလည်း ရှိနေသည်။


၎င်းက အလွန်ချစ်စရာကောင်းသည်ဟု ပြောနိုင်သော်လည်း ပန်းရောင်ဖြစ်နေခဲ့သည်။


လုဝမ်ရှင်း : "...."


တတိယလက်ဆောင်က ဇိမ်ခံအပျော်စီးသင်္ဘောပုံမော်ဒယ်တစ်ခုဖြစ်သည်။


ကောင်းပြီ...ဒါလည်း ပန်းရောင်ပဲ...


လုဝမ်ရှင်းက ဒါရိုက်တာအဖွဲ့ကို အမူအရာမဲ့စွာကြည့်ပြီး လက်မလျှော့သေးဘဲ မေးလိုက်သည်။


"မှားမထားမိတာသေချာလားဟင်..."


ဘယ်တစ်ခုမှ ယောင်္ကျားလေးအတွက် လက်ဆောင်နဲ့လည်း တူမနေဘူး...ပြီးတော့ မိန်းကလေးတွေ အားလုံးကလည်း ပန်းရောင်ကြိုက်ကြတာမှ မဟုတ်တာ...


ထိုလက်ဆောင်များက ယောင်္ကျားလေးသုံးဦးပေးခဲ့သော လက်ဆောင်များဖြစ်သည်ဟု သူ သံသယဝင်မိသည်။


အဖြောင့်ကောင်တွေအားလုံးက ဒီလိုပဲ တွေးကြတာလား...


သူတို့က မိန်းကလေးတွေအားလုံး ပန်းရောင်ကြိုက်တယ်လို့ ထင်နေကြတာလား...


"မိန်းကလေးတွေက အဲဒီလောက်ကြီးတဲ့ အိမ်နေရင်းဝတ်စုံကိုဝတ်နိုင်မယ် ထင်လို့လား..


လုဝမ်ရှင်း : "……"


သူ အဖြစ်မှန်ကို လက်ခံရန် တွန့်ဆုတ်နေသော်လည်း စတုတ္ထလက်ဆောင်ကို မျှော်လင့်ချက်မရှိဘဲ အမူအရာမဲ့စွာဖြင့် ဆက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။


စတုတ္ထလက်ဆောင်ဘူးက ၎င်းတို့ထဲတွင် အကြီးဆုံးဖြစ်သည်။ ဝန်ထမ်း၏ အကူအညီဖြင့် အပေါ်ပလပ်စတစ်လွှာကို ဖွင့်လိုက်သည်။


ဘူးထဲတွင် ခေါင်းအုံးကဲ့သို့ ပန်းရောင်အိတ်ကြီးတစ်ခု ရှိနေခဲ့သည်။


လုဝမ်ရှင်း ၎င်းကို ဖွင့်လိုက်ရာ အထဲတွင် ယုန်ရုပ်များပြည့်နေသည်ကို တွေ့လိုက်ရ၏။


အိုး...လာပြန်ပြီ ပန်းရောင်ပဲ...


လုဝမ်ရှင်းက ခေါင်းအုံးအတွင်းမှ အရုပ်များကို တစ်ခုပြီးတစ်ခုထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ ၎င်းတို့က စုစုပေါင်းခုနစ်ရုပ်ရှိသည်။


ဒါက ယုန်တွေ့ဆုံပွဲလားဟ...


လုဝမ်ရှင်းက ပန်းရောင်ကို သည်းခံနိုင်သော်လည်း ပန်းရောင်ယုန်ရုပ်ခုနစ်ရုပ်ကို မြင်ချိန်တွင် သူ့မျက်နှာပေါ်ရှိ အမူအရာကို ဖိနှိပ်မထားနိုင်တော့ချေ။


သူက နောက်ဆုံးအနေဖြင့် ဆင်တူမေးခွန်းကို ထပ်မေးခဲ့သည်။ 

"တကယ်ကြီး လူမှားမပေးခဲ့တာဟုတ်လို့လား..."


ဒါရိုက်တာအဖွဲ့က ကျောများမမတ်နိုင်သည်အထိ ရယ်မောနေခဲ့ကြသည်။ ဒါရိုက်တာက လက်ထဲတွင် အသံချဲ့စက်လေးကို ကိုင်ထားပြီး လုဝမ်ရှင်းကို ပြောလိုက်သည်။ 

"ဒီယုန်ခုနစ်ကောင်က မင်းနဲ့ လိုက်သားပဲ... ခဏနေကျရင် ကိုင်ထားပြီး ဓာတ်ပုံရိုက်လိုက်လေ...အဲဒါဆို မိသားစုက ပြည့်စုံသွားလိမ့်မယ်..."


"……"


လုဝမ်ရှင်းက ပြန်မဖြေဘဲ လုပ်ငန်းသဘောအရ ပဉ္စမမြောက်လက်ဆောင်ဘူးကို ဖွင့်လိုက်သည်။


၎င်းက blue tooth စပီကာဖြစ်သည်။


လုဝမ်ရင်းက ပန်းရောင်များကြားထဲ၌ ထင်းထွက်နေသော ထိုလက်ဆောင်ကို တအံ့သြကြည့်လိုက်သည်။


၎င်း ရှေးခေတ်ရေဒီယိုပုံဖြစ်ပြီး သစ်သားအရောင်ဖြင့် ယခင်ခေတ်ခံစားချက်မျိုး အပြည့်ပေးသည်။


လုဝမ်ရှင်းက နောက်ဆုံးလက်ဆောင်ကို တုံ့ဆိုင်းခြင်းမရှိစွာ အသဲပုံငါးခုပေးလိုက်သည်။


"ရှင်းရှင်းက ဒီလက်ဆောင်ကို အရမ်းကြိုက်တဲ့ပုံပဲ..."


"ဘယ်ဟာကိုလဲ ဘယ်ဟာကိုလဲ..."


အခြားသူများစွာက စိုးရိမ်စွာ စောင့်ဆိုင်းနေသော်လည်း သူတို့ပေးသော လက်ဆောင်များကို လုဝမ်ရှင်း သေချာပေါက် ကြိုက်လိမ့်မည်ဟု အလွန် ယုံကြည်ချက်ရှိနေကြသည်။


ဒါရိုက်တာအဖွဲ့က ပြဿနာမီးထွန်းရှာရန် စဉ်းစားပြီး ပြောလိုက်သည်။ 

"ကွဲနေတဲ့မီးခိုးရောင်အသဲပုံကို ရတဲ့အဖွဲ့က အမှတ်ဆယ်မှတ် နှုတ်ခံရမှာပါ..."


"ဒါရိုက်တာကြီး ခင်ဗျားက အရမ်းမတရားတာပဲ...အမှတ်ရဖို့တောင် မလွယ်တာကို အမှတ်နှုတ်ဦးမှာလား..."


ထိုစကားကို ကြားချိန်တွင် လုဝမ်ရှင်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။ 


ဘယ်လို...ဒီလိုကောင်းတဲ့ ကိစ္စမျိုးလည်း ရှိသေးတာလား...


ပန်းရောင်လက်ဆောင်များရသောကြောင့် ကျဆင်းနေသော စိတ်ဓာတ်လေးပင် ချက်ချင်းပျောက်သွားခဲ့သည်။


သူက အခြားလက်ဆောင်လေးခုကို မီးခိုးရောင်အသဲပုံများ လျင်မြန်စွာ ပေးလိုက်သည်။


"ရှင်းရှင်း ဒါက ခင်မင်ရင်းနှီးမှုပြနေတာလား..." 

ဒါရိုက်တာက ရယ်မောပြီး အခြားသူများကို ပြန်လှည့်ရန် ပြောလိုက်သည်။ 

"ကဲ အခု ရလဒ်တွေကို ကြေညာပါတော့မယ်..."


လူတိုင်း၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး နားများစွင့်ကာ အောင်ပွဲခရာသံကို နားထောင်ရန် အဆင်သင့်ဖြစ်နေကြသည်။


"လုဝမ်ရှင်းရှိတဲ့ အစိမ်းရောင်အသင်းကလွဲရင် ကျန်တဲ့အသင်းတွေအားလုံး အမှတ်နှစ်ဆယ် နှုတ်ခံရပါမယ်..."


"??????"


"ဒါရိုက်တာကြီး မှားဖတ်နေတာလား..."


ဒါရိုက်တာက အသံချဲ့စက်ဖြင့် ပြောလိုက်သည်။ 

"ရှင်းရှင်းလည်း ငါ့ကို စောစောက ဒီလိုမေးခွန်းမျိုး မေးခဲ့သေးတယ်... သူက ငါ လက်ဆောင်တွေ မှားပေးနေတာလားလို့‌ မေးခဲ့တာ..."


အခြားသူများက အံ့အားသင့်သွားပြီး လုဝမ်ရှင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ စုန့်ကျားကျားက ဦးစွာတုံ့ပြန်လာပြီး လုဝမ်ရှင်းကို ဝမ်းနည်းနေသော အမူအရာဖြင့် စွပ်စွဲလိုက်သည်။


"ရှင်းရှင်း နင်က လူလိမ်ကြီးပဲ..."


လုဝမ်ရှင်း : ?


"ငါပေးသမျှ ကြိုက်မှာပါလို့ ပြောခဲ့တာ မဟုတ်ဘူးလား..."


လုဝမ်ရှင်း : "……"


"အစ်မကျားကျား ဘာပေးလဲဆိုတာမှ ကျွန်တော် မသိတာ..." 

လုဝမ်ရှင်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏မျက်တော်ရှည်များက ညွတ်ကိုင်းကျနေကာ အပြစ်ကင်းစင်သော မျက်လုံးများ ရှိနေခဲ့သည်။


စုန့်ကျားကျားက လုဝမ်ရှင်း ဘာပြောပြော စိတ်ပျော့သွားမည် မဟုတ်ချေ။ သူမက ဖြောင့်မတ်စွာဖြင့် လုဝမ်ရှင်းကို ပြောလိုက်သည်။


"ငါပေးတာ ဘာမှန်းမသိလို့ အကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်တာလား... အတန်းဖော်ရှင်းရှင်းရေ ငါတော့ တကယ် စိတ်မကောင်းဖြစ်သွားပြီ...မူလတန်းကျောင်သားတွေတောင် ခင်မင်ရင်းနှီးမှုက ပထမလာပြီး နောက်မှ ပြိုင်ဆိုင်မှုလာတယ်ဆိုတာ သိကြတယ်..."


လုဝမ်ရှင်း ဆွံ့အသွားခဲ့သည်။ 


အမှတ်မနှုတ်ခံရသည့် တစ်ဦးတည်းသောသူမှာ ကုယန်ရှန်းဖြစ်သည်။ သူနှင့် လုဝမ်ရှင်းကြားတွင် ထိုကဲ့သို့ တိတ်တဆိတ် နားလည်မှုမျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။


လက်ဆောင်များ မဖွင့်မီတွင် ကုယန်ရှန်းက လုဝမ်ရှင်းကို သူ ပေးသောလက်ဆောင်ကို ပြောပြရန် အချိန်မရှိခဲ့ချေ။ သို့သော် မမျှော်လင့်စွာပင် သူက မီးခိုးရောင်အသဲပုံများကြားမှ အသဲပုံငါးခုပေးခံခဲ့ရသည်။


ဒါရိုက်တာက ပြဿနာနှိုးဆွရန် စိတ်အားထက်သန်နေခဲ့သည်။ 

"ရှင်းရှင်း မင်း တခြားလက်ဆောင်တွေကိုမကြိုက်ဘဲနဲ့ ဘာလို့ ကုလောင်ရှီးရဲ့လက်ဆောင်ကိုတော့ အသဲပုံငါးခုပေးခဲ့တာလဲဆိုတာ ပြောပြလို့ရမလား..."


လုဝမ်ရှင်း ပြန်မဖြေနိုင်မီ လီရှန်းမင်နှင့် ကျိုးဇီထုံတို့က ခုန်ထွက်လာခဲ့ကြသည်။ 

"ဒါက လျှို့ဝှက်ကြံစည်ထားတာပဲ... သေချာပေါက် လျှို့ဝှက်စီစဉ်ထားတာ... သူတို့နှစ်ယောက် ညစ်တာပဲ..."


ညစ်ရန် အချိန်မရှိသော လုဝမ်ရှင်းက ပြောလိုက်သည်။ 

"ညစ်ထားတာ မရှိပါဘူး...ဒီတိုင်း အကြိုက်ဆုံးဟာကို ရွေးလိုက်တာ..."


စုန့်ကျားကျားက ရုတ်တရက် တစ်ခုခု သတိရသွားပြီး စားပွဲဆီသို့ လျှောက်သွားခဲ့သည်။ 

"ကျွန်မ လက်ဆောင်တွေ အားလုံးကို ကြည့်ချင်တယ်..."


ထို့နောက် စုန့်ကျားကျားက ပန်းရောင်ပစ္စည်းများကြားမှ မတူညီသော ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။ သူမက သစ်သားရောင်စပီကာကို ကောက်ကိုင်ပြီး မေးလိုက်သည်။ 

"ဒါကို ဘယ်သူပေးတာလဲ..."


ကုယန်ရှန်းက ဖြည်းညင်းစွာ ရှေ့ထွက်လိုက်သည်။ 

"ငါ..."


စုန့်ကျားကျား : "????"


"နင်ပေးတာလား...ဒါဆို ဘာလို့ သစ်သားရောင်ပေးရတာလဲ..." 

စုန့်ကျားကျား၏ပစ်မှတ်က ကုယန်ရှန်းထံသို့ ပြောင်းသွားခဲ့သည်။ 

"နင်ပြောတော့ ရှင်းရှင်းက ပန်းရောင် ကြိုက်တာဆို...အဲဒါကြောင့် ငါတို့အားလုံး ပန်းရောင်ပေးခဲ့တာ...ဒါပေမယ့် နင်ကတော့ သစ်သားရောင်လက်ဆောင်ပေးတယ်တဲ့လား..."


"ဘယ်လိုတောင် ကောက်ကျစ်တဲ့လူလဲ..."


စုန့်ကျားကျား ပြောပြီးသည်နှင့် အခြားသူများလည်းချက်ချင်း စောဒကတက်လာခဲ့ကြသည်။ 

"ဒါရိုက်တာကြီး ကုလောင်ရှီးကို တိတ်တိတ်လေး ပြောခဲ့တာလား...အဲဒါကြောင့် သူက ကျွန်တော်တို့ကို အချက်အလက်အမှားတွေ တမင်ပေးခဲ့တာမလား..."


"ဟုတ်တယ် ကျွန်တော်တို့ ပေးခဲ့တဲ့လက်ဆောင်တွေကို ပထမပွဲအတွက် အမှတ်တွေအဖြစ် သုံးလိမ့်မယ်လို့ မသိထားဘူးလေ..."


"ငါလည်း မသိပါဘူး..." 

ကုယန်ရှန်းက စိတ်ကောင်းဝင်နေပြီး ဖြည်းညင်းစွာပြောလိုက်သည်။ 

"ပြီးတော့ မင်းတို့ကို ပန်းရောင်ပေးလို့ တစ်ခါမှ မပြောခဲ့ဘူး..."


လီရှန်းမင်က ကုယန်ရှန်း ငြင်းလာရန် မမျှော်လင့်ထားချေ။ 

"ဟာ ကုလောင်ရှီးပဲ အစ်မကျားကျားကို ရှင်းရှင်းက ပန်းရောင်ကြိုက်တယ်လို့ ပြောခဲ့တာလေ... စကားပြောမှတ်တမ်းက သက်သေအဖြစ်ရှိသေးတယ်..."


စုန့်ကျားကျားက ပူးပေါင်းလာပြီး စကားပြောမှတ်တမ်းကို ထုတ်ပြလိုက်သည်။ 

"ဒီမှာကြည့် သက်သေခိုင်မာလွန်းတယ်..."


ကုယန်ရှန်းက စကားပြောမှတ်တမ်းရှိ 'ပန်းရောင်' ဟူသော စကားလုံးနောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။ 

"ငါ မေးခွန်းအမှတ်သားလည်း ပို့ခဲ့သေးတယ်လေ..." 


ကုယန်ရှန်း၏အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ 

"မေးခွန်းအမှတ်အသားက သံသယကို ညွှန်ပြနေတာပဲ...ပြောချင်တာက ငါလည်း မသေချာဘူးဆိုတာပဲ..."


လူတိုင်းတွင် ကွဲပြားသော အမူအရာများ ရှိသွားခဲ့ကြသည်။ 


ပုံမှန်ဆို တည်ငြိမ်တဲ့ ကုယန်ရှန်းက ဒီလောက် လက်ပေါက်ကပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...


သူတို့အားလုံး မျက်လုံးများပြူးကာ စိုက်ကြည့်နေပြီး ဘာပြောရမည်မသိဖြစ်နေကြသည်။ 


လုဝမ်ရှင်းက မပျော်နေချေ။ ကုယန်ရှန်းနှင့် စုန့်ကျားကျားကြားရှိ စကားပြောမှတ်တမ်းက ကုယန်ရှန်း တွေ့သွားသော ပန်းရောင်ရေသုတ်ပုဝါကို သူ့အား ပြန်အမှတ်ရစေခဲ့သည်။


နောက်ဆုံးတွင် မေ့ပစ်နိုင်ခဲ့သော အရှက်တရားက သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့သည်။


ကုယန်ရှန်းက အခြားလူများ၏မည်းမှောင်နေသော မျက်နှာများကို ကြည့်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော အမူအရာကို တမင်ပြလာခဲ့သည်။ 

"ဒီတော့ ရှင်းရှင်းက ပန်းရောင် မကြိုက်ဘူးကို...တော်သေးတာပေါ့ ငါသူ့ကို အဲဒါမပေးခဲ့မိလို့..."


လူတိုင်း - "…"

ကုယန်ရှန်းက တစ်ခုခုမှားနေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်...


ကုယန်ရှန်းက ပန်းရောင်ရေသုတ်ပုဝါကို မြင်ခဲ့ချိန်တွင် အလွန်အံ့အားသင့်သွားသော်လည်း လုဝမ်ရှင်းနှင့် တစ်ခန်းတည်း နေခဲ့သောကြောင့် သေချာမလေ့လာနေလျှင်ပင် ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်အချို့ ပြုလုပ်နိုင်ပေသည်။


လုဝမ်ရှင်းသာ ပန်းရောင်ကို အမှန်တကယ်ကြိုက်ပါက ရေသုတ်ပုဝါအပြင် အခြားပန်းရောင်ပစ္စည်းများပါ ရှိနေသင့်သော်လည်း ကုယန်ရှန်း မတွေ့ခဲ့ရချေ။


ထိုအစား လုဝမ်ရှင်းက အပြာရောင်ဖိနပ်ပါးနှင့် အပြာရောင်ညဝတ်အင်္ကျီ ဝတ်ပြီး အပြာရောင် သွားတိုက်တံနှင့် ခွက်တို့ကို သုံးခဲ့သည်။


"အစိမ်းရောင်အသင်းကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံး ဆယ်မှတ်ဆီလျော့ပါမယ်...ဆိုတော့ အဖွဲ့တစ်ဖွဲ့ကို အမှတ်နှစ်ဆယ်စီလျော့မှာပါ..." 

ဒါရိုက်တာက လက်ရှိအမှတ်များကို ကြေညာပြီးနောက် လူအချို့ပေါက်ကွဲသွားခဲ့ကြသည်။


"ဘာလို့လဲ..."


လူများက ကုယန်ရှန်းကို မကျေမနပ်ဖြစ်ရမည့်အစား ဒါရိုက်တာဆီသို့ လှည့်သွားခဲ့သည်။ 

"ကျွန်တော်တို့က ဘာလို့ ဆယ်မှတ်စီ လျော့ရမှာလဲ... ကုလောင်ရှီးကျတော့ အမှတ်နှစ်ဆယ်ရပြီးတော့..."


ဒါရိုက်တာက အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။ 

"အသဲပုံငါးခုက ဆယ်မှတ်နဲ့ညီပါတယ်... ဒါပေမယ့် အဲဒီအသဲပုံငါးခုကို အသင်းဖော်က ပေးခဲ့တာဆိုရင် သူတို့နှစ်ယောက်ကြားမှာ တိတ်တဆိတ်နားလည်မှုရှိတဲ့အတွက် ဆယ်မှတ်အပိုရမှာပါ..."


စုန့်ကျားကျားက ဒါရိုက်တာကို ကြည့်လိုက်သည်။ 

"ဒါရိုက်တာကြီး ဒီတိုင်းသာပြောလိုက်ပါတော့...ကုယန်ရှန်း ဒါရိုက်တာကြီးကို ဘယ်လောက်ပေးထားပေးထား ကျွန်မ၊ စုန့်ကျားကျားက နှစ်ဆပေးမယ်..."


မူလက စိတ်ဓာတ်ကျနေသော လူများမှာ ရုတ်တရက် စုန့်ကျားကျားကြောင့် ရွှင်မြူးသွားပြီး သဘောတူလိုက်သည်။


"ဟုတ်တယ် ငါတို့ရဲ့အစ်မကျားကျားက ကြင်နာတယ်...သူက ဒါရိုက်တာကြီးကို နှစ်ဆပေးလိမ့်မယ်..."


အခြားသူများနှင့် ကွဲထွက်နေသော ကုယန်ရှန်းမှာ လုဝမ်ရှင်းနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။


ကုယန်ရှန်းက လုဝမ်ရှင်း နှုတ်ခမ်းများကွေးညွတ်ပြီး တောက်ပစွာပြုံးနေသည်ကို တွေ့ရုံဖြင့် အကြောင်းပြချက်မရှိဘဲ အပြစ်ရှိစိတ် ခံစားလိုက်ရသည်။ 

"ရှင်းပြပါဦး..."


ကုယန်ရှန်း : "……"


"ကျွန်တော်က ပန်းရောင်ကြိုက်တယ်တဲ့လား..."


ကုယန်ရှန်း : "……"


"နည်းဗျူဟာပါ..." 

ကုယန်ရှန်း၏မျက်နှာအမူအရာက ပြတ်သားပြီး မည်သည့်အမူအရာမှ မလုပ်နေချိန်တွင် လူများကို သူက တည်ငြိမ်ပြီး ယုံကြည်ထိုက်သူဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေသည်။ 

"ကြည့်လေ...အခုကိုယ်တို့ တစ်ခါတည်းနဲ့ အမှတ်နှစ်ဆယ်ရသွားပြီ...သူတို့ကတော့ အစကတည်းက အမှတ်နှစ်ဆယ် နှုတ်ခံလိုက်ရတယ်မလား..."


လုဝမ်ရှင်းက သူ ပြောသည်ကို မယုံဘဲ တစ်ဖက်သို့လှည့်လိုက်သည်။


ဒါရိုက်တာအဖွဲ့သာ ဤပြိုင်ပွဲကို မလုပ်ခဲ့ပါက လုဝမ်ရှင်းလည်း ပန်းရောင်လက်ဆောင်များ ရရှိမည်မဟုတ်ချေ။


အခုတော့...


အင်တာနက်တစ်ခုလုံးက ငါ ပန်းရောင်ကြိုက်တယ်လို့ ထင်ကြတော့မယ်...


ကုယန်ရှန်းက သူ၏လွဲမှားသော လမ်းညွှန်မှုကြောင့် လုဝမ်ရှင်း၏ရန်ငြိုးစာအုပ်ထဲ ပါဝင်တော့မည်ကို မသိလိုက်ချေ။


 

🎬🎬🎬