Chapter 13
Viewers 12k

🎬 Chapter 13

သိမ်မွေ့သည့် ငါးဆားနယ်



အပေါင်းအမှတ်နှစ်ဆယ်နှင့် အနုတ်အမှတ်နှစ်ဆယ်ကြားတွင် ကြီးမားသော ကွာဟချက်ရှိသောကြောင့် နောက်ပိုင်း၌ အမီလိုက်ရန် မလွယ်ကူခဲ့ချေ။


ထို့ကြောင့် ယခုတစ်ခေါက် အမှတ်အများဆုံးအဖွဲ့မှာလည်း လုဝမ်ရှင်းနှင့် ကုယန်ရှန်းတို့ ဖြစ်ခဲ့ပြန်သည်။


သူတို့က ဧည့်သည်ထံမှ အကူအညီကို တစ်ဖန်ရရှိမည်ဖြစ်သည်။


"ဒီအပိုင်းအတွက် ဧည့်သည်ကရော ဘယ်သူလဲ..."


"ဟုတ်တယ် သူ ဘာလို့ မထွက်လာသေးတာလဲ..."


"သူက မနက်ဖြန်အထိ လာဦးမှာ မဟုတ်ဘူး...မင်းတို့ ဒီည အနားယူလို့ရပြီ..."


"ခဏလေး..." 

စုန့်ကျားကျားက ရုတ်တရက် ထပြောလာခဲ့သည်။ 

"ရှင်းရှင်း ငါ နင်ပြောတာကို မှတ်မိတယ်နော်...စခရင်ရှော့တောင် ရိုက်ထားသေးတယ်..."


လုဝမ်ရှင်း : ?


"ငါပေးတဲ့ လက်ဆောင်ကို ကြိုက်မှာလို့ ပြောခဲ့တာလေ..." 

စုန့်ကျားကျားက ညင်သာစွာပြုံးလိုက်သည်။ 

"နင် ငါပြောတာတစ်ခုလုပ်ပေးသရွေ့ စောစောက အမှတ်လျော့အောင် လုပ်ခဲ့တာကို စိတ်ထဲမထားတော့ဘူး..."


လုဝမ်ရှင်းက သတိအနေအထား ဖြစ်သွားခဲ့သည်။ 

"ဘာလုပ်ပေးရမှာလဲ..."


စုန့်ကျားကျားက လက်ဆောင်ပုံထဲမှ သူမ ပေးခဲ့သော အရုပ်အိတ်ကို ယူလိုက်သည်။


"ငါ နင့်ကို ဒါကိုင်ထားရင်း ဓာတ်ပုံရိုက်စေချင်တယ်..."


လုဝမ်ရှင်း : "ကျွန်တော် ငြင်းတယ်..."


ဝမ်မင်က အချိန်ကိုက် ရှေ့ထွက်လာခဲ့သည်။ 

"ဒါမှမဟုတ် ရှင်းရှင်းက ငါဝယ်ပေးတဲ့ ယုန်ညဝတ်အင်္ကျီကို ဝတ်ချင်လို့လား..."


လုဝမ်ရှင်း : "……"


ကုယန်ရှန်းက သူ၏ရယ်မောချင်စိတ်ကို ပြန်ထိန်းလိုက်သည်။ 

"မင်း မိန်းကလေးတွေကို လိမ်လို့မဖြစ်ဘူးနော် ယောင်္ကျားတစ်ယောက်က ကိုယ်ပြောထားတဲ့စကား ကိုယ်တည်ရတယ်..."


သူက လုဝမ်ရှင်းကို ကိုယ့်စကားကိုယ်တည်ရန် သင်ပေးရုံသာဖြစ်ပြီး သူလည်း ၎င်းကို မြင်ချင်နေခြင်း မဟုတ်ပေ။ ကုယန်ရှန်းက သူ့ကိုယ်သူ အောင်မြင်စွာ ဦးနှောက်ဆေးပြီး သူ့အပြုအမူက သူ့အသင်းဖော်အား ရောင်းထုတ်နေခြင်းဖြစ်သည်ကို မတွေးမိခဲ့ချေ။


လူတိုင်းက သူတို့လိုချင်သောအရာရရန် တညီတညွတ်တည်း လုဝမ်ရှင်းကို စည်းရုံးခဲ့ကြသည်။


"အမှန်ပဲ...ယောင်္ကျားလေးတစ်ယောက်က လူကြီးလူကောင်းဆန်သင့်တယ်... မင်း မိန်းကလေးတစ်ယောက်ကို ကတိပေးလိုက်ပြီဆိုတာနဲ့ အဲဒီစကားကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး... မဟုတ်ရင် မင်းက မကောင်းတဲ့ကောင်ပဲ..."


လုဝမ်ရှင်း ???


ဒီနှစ်ရဲ့မကောင်းတဲ့ကောင်ကို ရွေးတာက အဲဒီလောက် လွယ်တာလား...


နောက်ဆုံးတွင် လုဝမ်ရှင်းက ယုန်ရုပ်ကို အမူအရာမဲ့စွာ ဖက်လိုက်ရသည်။


စုန့်ကျားကျားက ကျေနပ်စွာဖြင့် လုဝမ်ရှင်း၏လက်ထဲသို့ ယုန်ရုပ်ခုနှစ်ရုပ်လုံး ထည့်ပေးလိုက်သည်။ 

"ဒါရော ဒါရော ဒါကိုပါ ကိုင်ထား..."


လုဝမ်ရှင်း၏လက်ထဲတွင် ပန်းရောင်ယုန်ရုပ်များပြွတ်သိပ်နေပြီး စုန့်ကျားကျားက ပြောလာခဲ့သည်။ 

"ယုန်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ... မနမ်းလိုက်ချင်ဘူးလား..."


လုဝမ်ရှင်း : "……"


ဝမ်မင်က ဖုန်းထုတ်ပြီး ဓာတ်ပုံစရိုက်ခဲ့သည်။


စုန့်ကျားကျားက မကျေနပ်သေးချေ။ 

"ရှင်းရှင်း ပြုံးပြုံးလေးနေလေ...နင် ပြောတော့ ငါပေးသမျှ ကြိုက်မှာပါဆို..."


လုဝမ်ရှင်းက ယုန်ခုနစ်ကောင်နှင့်အတူ ဆိုဖာပေါ်ထိုင်နေရပြီး ဓာတ်ပုံများရိုက်ခံခဲ့ရသည်။ သူက အလွန်ဆန္ဒရှိပြီး ပျော်ရွှင်နေဟန်လည်း ဆောင်ခဲ့ရသေးသည်။


သူက ထိန်းချုပ်နိုင်သော အရုပ်လေးကဲ့သို့ပင်။ အမှန်တွင် သူ၏ရုပ်ရည်သွင်ပြင်က ထိုအရုပ်များထက် ပို၍လှပသိမ်မွေ့ပြီး ဂရုတစိုက် ထွင်းထုထားပုံရသည်။


နူးညံ့ပျော့ပျောင်းသော သစ်အယ်သီးဆံပင်၊ ဖြူဖွေးသောအသားအရေ၊ ရှည်လျားပြီး ထူထဲသော မျက်တောင်များနှင့် အရောင်ဖျော့ဖျော့ မျက်လုံးများ...


လုဝမ်ရှင်းက ယုန်ကို အနမ်းပေးရန် တွန်းအားပေးခံရသဖြင့် သူ့ပါးပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်ဖျော့ဖျော့သန်းနေခဲ့သည်။


ထိုနေရာရှိ လူများအားလုံး ပင့်သက်မရှိုက်ဘဲ မနေနိုင်ဖြစ်ခဲ့ကြသည်။


သူက စာအုပ်ထဲကနေ ခုန်ထွက်လာတဲ့ လှပတဲ့ကောင်လေးလိုပဲ...


လီရှန်းမင်က သူ့ကို သွားမထိမိရန် ထိန်းချုပ်လိုက်ရသည်။ 


ကျိုးဇီထုံတစ်ယောက် စုန့်ကျားကျားကို သူမက လုဝမ်ရှင်းကို ထိုကဲ့သို့ တိုက်တွန်းနိုင်ခဲ့သောကြောင့် မနာလိုဖြစ်စွာ ကြည့်ပြီး သက်ပြင်းချလိုက်သည်။ 

"နောက်ဆုံးတော့ မိန်းကလေးတွေ ဘာလို့ အရုပ်တွေကို ကြိုက်လဲဆိုတာ ငါ နားလည်သွားပြီ...ငါလည်းကြိုက်လာပြီ..."


ကုယန်ရှန်းက ဘာမှမပြောခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ့နှလုံးခုန်သံက အနည်းငယ် ထိန်းချုပ်ရခက်နေသဖြင့် မသက်မသာခံစားနေရသည်။


"ဟုတ်ပြီ မင်မင်ရေ ငါ့ကို ပုံတွေပို့လိုက်ဦး... ငါ Weiboမှာ တင်ရမယ်..."


လုဝမ်ရှင်း : ???


စုန့်ကျားကျားက သူမ ဖုန်းထဲရှိ ဓာတ်ပုံများကို ကြည့်ပြီး အတွေးနက်သွားခဲ့သည်။ 


လုဝမ်ရှင်းက တကယ်ချောလွန်းတယ်...


ငါးမိနစ်လောက်ကြာပြီးနောက်...


[စုန့်ကျားကျား v] ရှင်းရှင်းကို ပေးတဲ့ယုန်ရုပ်လေးတွေ...သူ အဲဒါတွေကို အရမ်းသဘောကျနေတယ်...


၎င်းနောက်တွင် ပုံကိုးပုံတွဲပါခဲ့သည်။


စက္ကန့် 30အတွင်း ကောမန့်များ လျင်မြန်စွာ တက်လာခဲ့သည်။


[ရှင်းရှင်းက ယုန်လေးတွေကို ကြိုက်တာလား...]


[အရမ်းချစ်ဖို့ကောင်းတာပဲ... မျှော်လင့်ထားတဲ့အတိုင်း ချစ်စရာကောင်းတဲ့ကောင်လေးတွေက ချစ်စရာကောင်းတဲ့ ယုန်လေးတွေနဲ့ ရှိသင့်တယ်...]


[ငါ နှာခေါင်းသွေးယိုတာ ရပ်လို့မရတော့ဘူး...]


[ငါ ရှင်းရှင်းနဲ့ ယုန်လေးတွေ အိပ်ရာပေါ်မှာ လှဲနေတာ မြင်ချင်တယ်...]


[ပန်းရောင်အိပ်ရာကြီးပေါ်မှာ...]


[ဘာတွေပြောနေတာလဲ...ငါကတော့ ရှင်းရှင်း ယုန်ရုပ်ညဝတ်အင်္ကျီဝတ်ထားတာကိုပဲ မြင်ချင်တယ်...]


အဖြစ်မှန်ကိုလက်ခံပြီးသော လုဝမ်ရှင်းက အေးစက်သော မျက်နှာဖြင့် တရားခံဖြစ်သူ ကုယန်ရှန်းကို လှည့်ကြည့်လိုက်သည်။


ကုယန်ရှန်းက သူ ဘာကြောင့် အလွန်အပြစ်ရှိစိတ် ခံစားနေရသည်ကိုမသိချေ။ သူ၏ ပိုထိန်းချုပ်ရခက်လာသော နှလုံးခုန်သံကို နားထောင်ပြီး လုဝမ်ရှင်း၏ မျက်လုံးများကို ပြန်မကြည့်ဝံ့ဘဲ ရှောင်လွှဲလိုက်လေသည်။


လုဝမ်ရှင်း ဆေးကြောသန့်စင်ပြီးနောက် အိပ်ရာပေါ်လှဲနေစဉ် စုန့်ကျားကျားတင်ထားသည့် Weibo post ကိုသတိရသွားကာ မနေနိုင်တော့ဘဲ Weiboကိုဖွင့်ကြည့်လိုက်သည်။


ရိုက်ကွင်းတွင်ကြုံခဲ့သည့် ရှက်ရွံ့မှုကို ပြန်မခံစားချင်သောကြောင့် ဓာတ်ပုံကိုဖွင့်မကြည့်ဘဲ comment box ကို တိုက်ရိုက်ဖွင့်ကြည့်လိုက်၏။ 

ပထမဆုံး commentတွင် -


[ယောက်ျားလေးတွေ ပန်းရောင်မကြိုက်ဘူးလို့ ဘယ်သူပြောလဲ…]


[ပန်းရောင်က ကောင်လေးတွေနဲ့ လိုက်တယ်…]


[ပန်းရောင်ကြယ်ပွင့်ကို မမြင်ဖူးဘူးမလား….ဒီမှာရှိတယ်...]


[အခုကစပြီး ပန်းရောင်ကြယ်ပွင့်လေးတွေကိုပဲ ငါမြင်တော့တယ်…]


[အစ်မကျား… ပို့လို့ရရင် ထပ်ပို့ပေးပါဦး… မလုံလောက်သေးဘူး… အား...]


[ငါနှာခေါင်းသွေးလျှံနေပြီ…]


[ငါသူ့ပုံတွေကို လိုင်းပေါ် မှာတွေ့ပြီးပြီ... ဒါမဲ့ ရှင်းရှင်းလင်းလင်းပုံမရှိဘူး....အစ်မကျားကျားကိုကျေးဇူးတင်ပါတယ်… နောက်ဆုံးတော့ ငါ့ဖုန်းမှာ wallpaperထားဖို့ပုံရသွားပြီ…]


ရိုးစင်းသည့် လုဝမ်ရှင်းက ဤသို့ တွေးလိုက်၏။ 

ရှိုးမှာ ငါ ပန်းရောင်မကြိုက်ကြောင်း ပြနေသရွေ့ အဆင်ပြေမှာပါ… တကယ်တမ်းတော့ ငါ တော်တော်အကြပ်ရိုက်နေတာ… အခုဆို အကုန်လုံးက ငါ ပန်းရောင်ကြိုက်တယ်ထင်နေကြပြီ…


ဒါတွေအကုန် ကုယန်ရှန်းကြောင့်…


လုဝမ်ရှင်း Weiboမှ ထွက်လိုက်သည်။ ကုယန်ရှန်းက ရေချိုးနေ‌သောကြောင့် tabletကိုင်ထားရင်း သူ ဘာလုပ်နေရမလဲဆိုသည်ကို စဉ်းစားနေ၏။


သူ့လက်ချောင်းများက tabletတွင် ရောက်တတ်ရာရာလျှောက်ထိနေပြီးနောက် နောက်ဆုံးတွင် မှတ်ပုံတင်ထားသည့် သူ့ art pageကိုဖွင့်လိုက်သည်။


လုဝမ်ရှင်းက ပုဂ္ဂလိကနှင့် စီးပွားဖြစ်ပုံအမှာစာများကို ဤappမှတစ််ဆင့် လက်ခံလေ့ရှိပြီး အမှာစာအများစုမှာ 2D fanartပုံ များဖြစ်သည်။


ယခုအချိန်တွင် သူ့ Weibo page၌ fan 900,000 ကျော်ရှိနေပြီဖြစ်သည်။ ရသစုံရှိုးတွင် မပါဝင်ခင်အချိန်ကထက် အဆပေါင်းများစွာဖြစ်၏။


Appထဲသို့ဝင်လိုက်ရာ private messageများဝင်ထားလေသည်။


ထိပ်ဆုံးတစ်ခုက လွန်ခဲ့သည့် တစ်နာရီက ပို့ထားခြင်းဖြစ်သည်။ လုဝမ်ရှင်းဝင်ကြည့်လိုက်၏။


[အိပ်ရတာကြိုက်တယ်] - “ကျွန်မ နောက်တစ်ပုံထပ်မှာချင်လို့ပါ…”


သူမက လုဝမ်ရှင်းထံတွင် ခြောက်ပုံ ခုနစ်ပုံခန့် မှာဖူးသည့် ဖောက်သည်တစ်ယောက်ဖြစ်သည်။


သူမက အမြဲတမ်း လုဝမ်ရှင်းဆွဲထားသည့် ပုံကြမ်းကို မကြည့်ဘဲ ပုံအချောကို ပေးလိုက်သည်နှင့် ‘ကျွန်မကြိုက်တယ်...ကျေးဇူးတင်ပါတယ်’ ပြောပြီး ကျသင့်ငွေကို မြန်မြန်ပေးလေ့ရှိသည်။


လုဝမ်ရှင်းက ယနေ့မှ အသစ်ဝယ်ထားသည့် tablet နှင့် penကို ယူလာခဲ့သောကြောင့် အသေးစိတ်လိုအပ်ချက်များမရှိလျှင် ပုံကို နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ဆွဲနိုင်၏။


လုဝမ်ရှင်း စာမပြန်ရသေးသော်လည်း တစ်ဖက်မှ စာဝင်လာသည်။


[အိပ်ရတာကြိုက်တယ်] ”ရှင်ဒီနေ့ လိုင်းတက်နေတာပဲ… ကျွန်မ တစ်ကိုယ်လုံးပုံ လိုချင်လို့ပါ…”


ထို့နောက် ပုံတစ်ပုံပို့လိုက်၏။ ပုံထဲတွင် မော်ဒယ်က ပန်းရောင်အမွေးပွ အိမ်နေရင်းဝတ်စုံဝတ်ထားပြီး ပုခုံးပေါ်ထိကျနေသည့် ယုန်နားရွက်ခေါင်းစွပ်ကို ဝတ်ထားလေသည်။


ဤပန်းရောင်အမွေးပွဝတ်စုံကို လုဝမ်ရှင်း ရင်းနှီးနေ၏။


[အိပ်ရတာကြိုက်တယ်] - ”အဝတ်အစားက ဒီထဲကလိုမျိုး…”


ထို့နောက် ဓာတ်ပုံအချို့ ထပ်ပို့လိုက်၏။ ဓာတ်ပုံကို လုဝမ်ရှင်းကြည့်လိုက်ရာ


ဒါ…ဒါ ငါမဟုတ်ဘူးလား…


ပုံထဲတွင် လုဝမ်ရှင်းနှင့်ယုန်များပါပြီး လုဝမ်ရှင်းက ယုန်များနှင့် ဖက်ကာဆော့နေလေ၏။


လုဝမ်ရှင်း မကောင်းသည့်ခံစားချက်တစ်ခုရလိုက်သည်။


ငါတွေးနေသလိုတော့ မဟုတ်လောက်ဘူးမလား…


မဖြစ်နိုင်ဘူး…


“အိပ်ရတာကြိုက်တယ်” ကအမြဲတမ်း fanart တွေကိုတောင်းဆိုလေ့ရှိတယ်... သူက 2D ဇာတ်ကောင်တွေကို သဘောကျတာမဟုတ်ဘူးလား… ဘာလို့ တကယ့်လူတွေကို ရုတ်တရက်ကြိုက်သွားတာလဲ…


တိုက်တိုက်ဆိုင်ဆိုင် ဘာလို့သူလဲ…


လုဝမ်ရှင်း ခန့်မှန်းမနေဘဲ '?' တစ်ခုပို့လိုက်သည်။


[S] "?"


[အိပ်ရတာကြိုက်တယ်] “ရှင် လုဝမ်ရှင်းကိုသိတယ်မလား… သူက ရုပ်ရှင်ဧကရာဇ် ကုယန်ရှန်းနဲ့ အလုပ်အတူလုပ်ပြီးနောက်ပိုင်း နာမည်ကြီးလာတာလေ….”


လုဝမ်ရှင်း “….”

သိတာပေါ့…သူက အခု မင်းကို စာပို့နေတာလေ…


[အိပ်ရတာကြိုက်တယ်] “ကျွန်မရဲ့ဝမ်းကွဲက သူ့ကိုကြိုက်တာ သိပ်မကြာသေးဘူး… အခု လုဝမ်ရှင်းရဲ့ ပုံကိုလိုချင်လို့ ကျွန်မကိုတောင်းနေတာ…”


[အိပ်ရတာကြိုက်တယ်] “ပုံထဲမှာ ယုန်ခုနှစ်ကောင်ကို အရောင်ထည့်ပေးပါ…. ပန်းရောင်အမွေးပွဝတ်စုံကိုရောပဲ… ပြီးတော့ အရောင်သိပ်မကွဲစေနဲ့နော်…"


လုဝမ်ရှင်း : ??? မဟုတ်ဘူး… ဘာဖြစ်တယ်… ငါ့ပုံငါပြန်ဆွဲရမှာလား…


အရောင်သိပ်မကွဲတာ...


ဒါကို ငါ ဘယ်လိုပြန်ပြောရမလဲ…. ငါ့ပုံငါပြန်ဆွဲရမယ့်အပြင် အရောင်တွေပါ ထည့်ရ‌ဦးမှာလား…


ထို့နောက် ယွမ်(၈၀၀) ‌ရောက်လာသည့် မက်ဆေ့ချ်တစ်စောင်ဝင်လာလေသည်။


[အိပ်ရတာကြိုက်တယ်] “ပုံနှစ်ပုံစာ စရံငွေလွှဲလိုက်တယ်နော်…”


[အိပ်ရတာကြိုက်တယ်] “ကျွန်မဝမ်းကွဲက ကုယန်ရှန်းရဲ့ဖန်လေ… သူက ကုယန်ရှန်းရဲ့ တစ်ကိုယ်လုံးပုံကိုလည်း လိုချင်နေတာ...”


[အိပ်ရတာကြိုက်တယ်] “သူ့ပုံကိုကျတော့ သိမ်မွေ့တဲ့ငါးဆားနယ်ပုံစံလိုချင်တယ်… ဖြစ်နိုင်ရင် suitဝတ်ထားပြီး အပေါ်အင်္ကျီကို ကြယ်သီးတပ်ထားတဲ့ပုံမျိုး… အေးစက်ပြီး အပျော်အပါးကင်းတဲ့ ခံစားချက်မျိုးရတဲ့ပုံလေ...”


လုဝမ်ရှင်း : ???


သိမ်မွေ့တဲ့ငါးဆားနယ် ဟုတ်လား... အေးစက်ပြီး အပျော်အပါးကင်းတာ ဟုတ်လား...


လုဝမ်ရှင်း နှစ်ပုံလုံးကိုလက်မခံချင်သော်လည်း တစ်ဖက်လူပို့ပေးသည့် သရုပ်ဖော်ပုံကိုမြင်ပြီး သူ အလွန်သိချင်သွားသည်။


ငါးဆားနယ်တစ်ယောက်က အပျော်အပါးကင်းနိုင်လို့လား…


[အိပ်ရတာကြိုက်သူ] “ဒီလိုပုံမျိုး...”


လုဝမ်ရှင်း ပုံကိုဖွင့်ကြည့်လိုက်ရာ ကုယန်ရှန်းက ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်ပုံဖြစ်သည်။


အနည်းငယ်ရှည်နေသည့် မျက်ဝန်းထောင့်က သူ၏မျက်ဝန်းနက်များကို လေးနက်သိမ်မွေ့စေပြီး ရွှေကွပ်ထားသည့်မျက်မှန်က သူ၏ ဖြောင့်စင်းနေသောနှာတံပေါ်တွင်နေရာယူထားလေသည်။ အေးစက်ကာ ဘာကိုမှ စိတ်မဝင်စားပုံပေါ်နေလေ၏။


လုဝမ်ရှင်းက ဓာတ်ပုံကို သေချာစိုက်ကြည့်ပြီးနောက် ကြက်သွေးရောင်နှုတ်ခမ်းဆီသို့ အကြည့်ရောက်သွား၏။


“ဟမ်…မင်းမှာ ဒီပုံရှိတယ်ပေါ့...”

ဘေးမှ အသံတိုးတိုးလေးထွက်လာသည်။ ရုတ်တရက်ထွက်လာသည့် အသံကြောင့် လုဝမ်ရှင်းလန့်သွားပြီး အိပ်ရာပေါ်သို့ tabletပြုတ်ကျသွား၏။


ကုယန်ရှန်း၏ပုခုံးပေါ်တွင် သဘက်တစ်ထည်တင်ထားသည်။ ဆံပင်ကလည်း အနည်းငယ်စိုနေကာ tabletကိုကြည့်ရန် ကိုယ်ကို ကိုင်းထားသောကြောင့် ရေချိုးဝတ်ရုံလည်ပင်းမှာ ဟနေပြီး တောင့်တင်းသည့်ရင်အုပ်ကို ထုတ်ဖော်ပြထားလေသည်။


ရေချိုးဆပ်ပြာနံ့က ခန္ဓာကိုယ်ပေါ်တွင် ရစ်ဝဲနေပြီး လေထဲတွင် မွှေးရနံ့များ ပျံ့နှံနေ၏။


ခါးစည်းကြိုးကို လျော့လျော့ချည်ထားသဖြင့် လုဝမ်ရှင်းငုံ့ကြည့်လိုက်လျှင် ရင်အုပ်ကြွက်သားများကို မြင်နေရလေသည်။


သို့ရာတွင် လုဝမ်ရှင်းက ဤမြင်ကွင်းကို ဂရုစိုက်နေဖို့ရာ အချိန်မရှိချေ။ သူ အမှန်ပင် ထိတ်လန့်သွားခြင်းဖြစ်သည်။


လုဝမ်ရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အသံမပေးဘဲ ဘယ်လိုရောက်လာတာလဲ...”


“ကိုယ် အသံထွက်ပါတယ်... မင်း အာရုံလွင့်နေတာကို…”


လုဝမ်ရှင်း “…..”



🎬🎬🎬