Chapter 14
Viewers 12k

🎬 Chapter 14

မျက်စိပသာဒဖြစ်စေတဲ့အရာ



ကုယန်ရှန်း အထင်လွဲသွားမည်ကို လုဝမ်ရှင်း စိုးရိမ်နေ၏။ 


ကုယန်ရှန်းကို ငါ့အွန်လိုင်းအလုပ်အကြောင်း ပြောပြရလည်း ကိစ္စမရှိပေမဲ့ မယုံရင်ဘယ်လိုလုပ်မလဲ...


စကားပြောထားတဲ့ မှတ်တမ်းကို ပြလိုက်ရမလား...


လုဝမ်ရှင်းက သူ၏ဖုံးကွယ်ထားသည့်သရုပ်တစ်ခုကို ‌မဖော်ထုတ်ချင်သော်လည်း စကားပြောမှတ်တမ်းတွင် ကုယန်ရှန်း၏ ဓာတ်ပုံရှိနေပြီး ကုယန်ရှန်းက ၎င်းကို မြင်သွားပုံရသည်။


အဆုံးတွင် ကုယန်ရှန်းကို သူ့အလုပ်အကြောင်း မပြောပြရန် ဆုံးဖြတ်လိုက်၏။ သို့ရာတွင် ဓာတ်ပုံကိစ္စ ရှင်းပြရန်လိုသေးသည်။


သူ ရှိုးတွင် မပါဝင်ခင်အချိန်က ကုယန်ရှန်း၏အေးဂျင့် ရှန့်ချောင်နှင့် တွေ့ပြီး သီးသန့်သဘောတူညီမှုတစ်ခု လုပ်ထားခဲ့သည်။


ပထမဆုံးအချက်အနေဖြင့် သူက ကုယန်ရှန်း၏ကျော်ကြားမှုကို အမှီပြုခွင့်မရှိချေ။


လုဝမ်ရှင်းက ရှိုးအတွင်းမှာပင်လျှင် ကုယန်ရှန်းနှင့် မလိုအပ်သည့် ဆက်သွယ်မှုကိုမလုပ်ဘဲ အကွာအဝေးတစ်ခုခြားထားသည်။


ဒုတိယအချက်မှာ သူ ကုယန်ရှန်းကို ကြိုက်ခွင့်မရှိပေ။


ကုယန်ရှန်းနဲ့ရှန့်ချောင် စိတ်ချဖို့ တစ်လျှောက်လုံး ငါ နှိမ့်နှိမ့်ချချ နေခဲ့တယ်… ကုယန်ရှန်းက သဘောတူညီချက် ဆယ်ချက်နဲ့ ငါ့ကို မန်းဂိုးအင်တာတိန်းမန့်ကနေ နှုတ်ထွက်ဖို့ကူညီပေးခဲ့တယ်…. အချက်တစ်ရာဆိုရင်တောင် ငါ လက်မှတ်ထိုးမှာပဲ….


ကုယန်ရှန်းက လုဝမ်ရှင်းကို အပြန်အလှန်အနေဖြင့် တစ်ခုခုလုပ်ပေးရန် မပြောသော်လည်း လုဝမ်ရှင်းက အကြွေးမတင်ချင်ပေ။ ထို့ကြောင့် သူတတ်နိုင်သမျှ ပြန်ပေးရန်ကြိုးစားနေသည်။


လုဝမ်ရှင်း ရှင်းပြရန်ကြိုးစားလိုက်၏။

“ကျွန်တော်ဆီ တစ်ယောက်ယောက်လာပို့ထားတာမလို့ ဖွင့်ကြည့်လိုက်တာ…”


“ဪ…”


လုဝမ်ရှင်း “…….”


အဲ့ဒါ ယုံတာလား မယုံတာလား…


ပိုပြီး ယုတ္တိရှိရန်အတွက် လုဝမ်ရှင်းက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။

“သူက ကုလောင်ရှီးရဲ့ဖန်လေ…. ကုလောင်ရှီးကို ချီးကျူးနေတာ….”


ထိုအချိန်တွင် ကုယန်ရှန်းက ခေါင်းသုတ်ရန်အတွက် သဘက်ကိုကိုင်ထားပြီး ရေချိုးခန်းထဲပြန်သွားရန် လုပ်နေသည့်အချိန်ဖြစ်၏။ လုဝမ်ရှင်းပြောသည်ကို ကြားချိန်တွင် သူ ရပ်လိုက်သည်။


“သူ ဘာပြောတာလဲ…”


လုဝမ်ရှင်း “…..”


ကုယန်ရှန်းက သူထင်ထားသည်နှင့် အလွန်ကွဲပြားနေ၏။ 


ရုပ်ရှင်ဧကရာဇ်က တခြားလူတွေ သူ့ကိုဘာပြောလဲဆိုတာ စိတ်ဝင်စားတယ်လား…


ငါ ဘယ်လိုပြန်ဖြေရမလဲ…


အေးစက်တယ်လို့ ပြောတာကိုလား…


ဒါမှမဟုတ် သိမ်မွေ့တဲ့ ငါးဆားနယ်လား…


အဲ့ဒါက ချီးကျူးတာနဲ့မတူဘူး…


လုဝမ်ရှင်းက တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

“သူက ကုလောင်ရှီး ရုပ်ချောတာကို ချီးကျူးနေတာပါ…”


“ပြီးတော့ရော…”


“မရှိတော့ဘူး…”

လုဝမ်ရှင်း မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။


“ဪ…”


လုဝမ်ရှင်း “…..”


ကုယန်ရှန်းက ဆက်မမေးတော့ဘဲ ရေချိုးခန်းထဲသို့ လှည့်ထွက်သွားတော့သည်။ ထို့နောက် လုဝမ်ရှင်း tablet ကို ပြန်ကောက်ကြည့်လိုက်ရာ ‘အိပ်ရတာကြိုက်တယ်’ က မက်ဆေ့ချ့်အချို့ ထပ်ပို့ထားလေ၏။


[S] “တောင်းပန်ပါတယ်… လုဝမ်ရှင်းရဲ့ပုံကို လက်မခံပါဘူး…”


[အိပ်ရတာကြိုက်တယ်] “ဘာလို့လဲ… ကျွန်မဝမ်းကွဲက ရှင့်လက်ရာတွေကို အရမ်းကြိုက်တာ… မစဉ်းစားပေးတော့ဘူးလား…. ရှင်အလုပ်များနေတာကြောင့်ဆိုရင် ကျွန်မစောင့်နိုင်ပါတယ်… ဈေးထပ်တောင်းရင်လည်းရပါတယ်….”


သူမက ဤမျှလောက်ဇွဲကောင်းမည်ဟု သူ မထင်ထားပေ။ ပန်းချီဆရာတိုင်းတွင် မတူညီသည့် ကိုယ်ပိုင်ဆွဲဟန်များရှိကြ၏။ ဆင်တူသည့် ပန်းချီဆွဲဟန်ဆိုပင်လျှင် ကွဲပြားမှုအနည်းငယ်ကို တွေ့ရလေသည်။


[အိပ်ရတာကြိုက်တယ်] “မဒမ်…. စဉ်းစားပေးပါဦး… နောက်လကျ ကျွန်မဝမ်းကွဲရဲ့မွေးနေ့ရှိတယ်… ကျွန်မ သူ့ကိုလက်ဆောင်ပေးချင်လို့ပါ…”


[အိပ်ရတာကြိုက်တယ်] “အခု မဆွဲချင်ဘူးဆိုရင်လည်း စဉ်းစားပေးပါလား...”


[အိပ်ရတာကြိုက်တယ်] “မဒမ်… ရက်နည်းနည်းလောက် ထပ်စဉ်းစားပေးပါဦး… စာမပြန်ဘူးဆိုလည်း ရပါတယ်… စဉ်းပဲစဉ်းစားပေးပါ…”


‘အိပ်ရတာကြိုက်တယ်’ က ဖောက်သည်ကြီးတစ်ယောက်ဖြစ်သောကြောင့် အဆုံးတွင် လုဝမ်ရှင်း တိုက်ရိုက်မငြင်းတော့ပေ။


ထို့နောက် မက်ဆေ့ချ် နောက်တစ်စောင်ကိုဖွင့်လိုက်သည်။


[ကြက်တွေထက် ပိုစောစောထသူ] “မဒမ်… ကျွန်တော် တစ်ပုံလောက် တောင်းဆိုလို့ရမလား” [/cute] [/cute]


[S] “ဘာပုံလိုချင်လို့လဲ”


[ကြက်တွေထက် ပိုစောစောထသူ] “animeပုံအသစ် လိုချင်လို့”


ဤလူက anime ဇာတ်ကောင်များကို ကြိုက်သူဖြစ်သည်။


လုဝမ်ရှင်းက ဤကဲ့သို့ ပုံအမျိုးအစားများကို ဆွဲလေ့ရှိ၏။ ထိုပုံများက မရှုပ်ထွေးဘဲ ဆွဲရန် အချိန်များစွာမပေးရချေ။


သူက လက်ထဲတွင် tabletကိုတစ်ဖက် penကိုတစ်ဖက် ကိုင်ထားပြီး ခေါင်းအုံးကိုမှီကာ ပုံကြမ်းတစ်ပုံစဆွဲတော့သည်။


ကုယန်ရှန်းက ဆံပင်ကို လေမှုတ်ပြီး ထွက်လာချိန်တွင် လုဝမ်ရှင်းက ခေါင်းငုံ့ထားသည်ကို မြင်လိုက်ရသည်။


သူ၏အုန်းခွံရောင်ရှေ့ဆံပင်က နှဖူးပေါ်တွင် ညင်သာစွာကျနေပြီး မျက်လုံးက အောက်သို့ကြည့်နေသောကြောင့် ထူထဲသည့်မျက်တောင်များမှာ လိပ်ပြာအတောင်များသကဲ့သို့ ဖြစ်နေ၏။ ချယ်ရီရောင်နှုတ်ခမ်းလေးကမူ ရှေ့ကိုဆူနေပြီး တစ်စုံတစ်ခုကို အလေးအနက် အာရုံစိုက်နေပုံပေါ်သည်။


ဖြူဖျော့သွယ်လျသည့် လက်ချောင်းလေးများက penကို ကိုင်ထားပြီး လှပသေသပ်သည့် လက်ကောက်ဝတ်လေးက ဖြည်းဖြည်းချင်း လှုပ်ရှားနေလေသည်။ ကုယန်ရှန်း သူ့ကို မနှောင့်ယှက်ချင်သောကြောင့် ခြေလှမ်းကို ညင်သာစွာ လှမ်းလိုက်၏။


Tabletပေါ်တွင် မျက်နှာတစ်ခြမ်းပုံကို မြင်နေရသည်။ မျက်နှာအသွင်အပြင်ကို အချောမဆွဲရသေးသော်လည်း ဆွဲထားသည့်မျဉ်းများမှတစ်ဆင့် ထောင့်ကျအချိုးကျသော မျက်နှာပုံသဏ္ဌာန်ကို မြင်ရလေ၏။ ခန္ဓာကိုယ်မှာ ကျစ်လျစ်သန်မာပြီး ဘတ်စကတ်ဘောကစားနေဟန်ဖြစ်သည်။


လုဝမ်ရှင်း၏ ကျွမ်းကျင်သောလက်ကောက်ဝတ်များကြောင့် tabletကိုထိထားသည့် penထိပ်ဖျားမှာ ပိုမိုလျှင်မြန်လာပြီး ပုံမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။


ဆံပင်နှင့် အဝတ်အစား အသေးစိတ်အချက်အလက်များကို ဖြည်းဖြည်းချင်း သရုပ်ဖော်ရေးဆွဲနေပြီး ဂျာစီအင်္ကျီပေါ်ရှိ အတွန့်အ‌ခေါက်များကိုပါ ရှင်းရှင်းလင်းလင်း သရုပ်ဖော်နေလေသည်။


ကုယန်ရှန်း၏ အကြည့်များက အင်္ကျီဆီသို့ရောက်သွားသည်။ လုဝမ်ရှင်း၏ လျှို့ဝှက်အလုပ်အကြောင်းကို သူ မသိသောကြောင့် ပုံထဲရှိ ဇာတ်ကောင်ကို ကြိုက်နေသည်ဟုသာ ထင်နေ၏။


“မင်းလည်း သူ့ကိုကြိုက်တာလား…”


“လည်းဆိုတာက…”

လုဝမ်ရှင်းက ပုံဆွဲနေသည်ကိုမရပ်ပေ။ ပုံကို အာရုံစိုက်နေဆဲဖြစ်သည်။


“ကိုယ့်သူငယ်ချင်းတစ်ယောက်လည်း သူ့ကိုအရမ်းကြိုက်တာ…”


သူငယ်ချင်း…


ကုယန်ရှန်း ဤစကားကိုပြောသည်က ပထမဆုံးအကြိမ်မဟုတ်ပေ။ ပထမဆုံးအကြိမ်ပြောခဲ့သည်က ပြီးခဲ့သည့်အပိုင်းကို ရိုက်နေစဉ် ကုယန်ရှန်း၏ အိတ်ထဲ၌ သူ့ပိုစတာကို တွေ့ခဲ့ရစဉ်ကဖြစ်သည်။ ထိုအချိန်ကလည်း သူငယ်ချင်းဆိုသည့် စကားပါခဲ့၏။


လုဝမ်ရှင်း အနည်းငယ် အံ့ဩသွားသည်။

ကုယန်ရှန်းက သူနဲ့ အခြေအနေတူ ရွယ်တူတွေကိုပဲ သူငယ်ချင်းဖွဲ့မယ်ထင်ထားတာ… ဒါပေမဲ့ သူပြောတဲ့အတိုင်းဆိုရင် သူ့သူငယ်ချင်းတွေက အသက်အရမ်းမကြီးသေးတာ ဒါမှမဟုတ် သူ့ထက်တောင်ငယ်လောက်မယ်…


ငါ့လက်မှတ်ကို လိုချင်တဲ့သူနဲ့ animeတွေကြိုက်တဲ့လူနဲ့က တစ်ယောက်တည်းဖြစ်လောက်မယ်… ဒါဆိုရင်… 


သူ့လက်မှတ်ကို ကုယန်ရှန်းဆီကတစ်ဆင့် တောင်းခိုင်းတာနေမှာ… အဲဒါကြောင့် ငါ့ကို ဦးစားပေးတာပဲဖြစ်မယ်...


ရုတ်တရက် လုဝမ်ရှင်းက ပုံဆွဲနေသည်ကို ရပ်လိုက်၏။ ယခင်အပိုင်းကို ရိုက်ကူးနေစဉ်တွင် ကုယန်ရှန်းက ဝမ်ယွီအနား ကပ်ရန် လုံးဝမကြိုးစားခဲ့ပေ။


ဖြစ်နိုင်တာက… ကုယန်ရှန်းမှာ တခြားတစ်ယောက်ရှိနေတာလား…


“ဘာလို့ ရပ်လိုက်တာလဲ…”

လုဝမ်ရှင်း ရပ်လိုက်သည်ကို မြင်သောအခါ ကုယန်ရှန်းမေးလိုက်၏။


သူ မပြောခဲ့သည်က လုဝမ်ရှင်း အာရုံစိုက်နေပုံမှာ အလွန်ပင် မျက်စိပသာဒဖြစ်စေသည်ကို ဖြစ်သည်။


လုဝမ်ရှင်းက တိုက်ရိုက်မမေးလိုက်ပေ။ သူ့အနေဖြင့် ကုယန်ရှန်း၏ အတွင်းရေးကိစ္စများကို မေးရန်မလိုအပ်သလို အခွင့်အရေးလည်း မရှိချေ။ 


လုဝမ်ရှင်း သမ်းကာ အချိန်ကိုကြည့်လိုက်သည်။ 11:30 ရှိပြီဖြစ်၍ သူ လွှတ်ခနဲ ပြောလိုက်မိ၏။

“ကုလောင်ရှီး အိပ်တော့မှာလား…”


ပထမဆုံးအကြိမ် ကုယန်ရှန်း၏ အတွေးများမှာ မသန့်ရှင်းတော့ချေ။ သူ့လည်စေ့က လှုပ်ခတ်သွားပြီး အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။

“အင်း…”


လုဝမ်ရှင်းက Tabletကို ပိတ်ကာ အိပ်ရာဘေးရှိ အံဆွဲထဲ ထည့်လိုက်ပြီးနောက် စောင်ထဲသို့ ဝင်ကွေးလိုက်လေသည်။


ယခုတစ်ကြိမ် သူတို့ကို ရိုက်ကူးရေးလုပ်သည့်နေရာမှာ G မြို့တော်အနားရှိ မြို့လေးတစ်ခုတွင် ဖြစ်သည်။ ယခင်အပိုင်းတွင် အခန်းဖော်များနှင့် အသင်းဖော်များကို ရွေးချယ်ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် မိမိအခန်းဖော်ရှိရာဆီ တိုက်ရိုက်သွားကြလေ၏။


ကုယန်ရှန်းက လုဝမ်ရှင်းရှိနေသောအခန်းဆီ ဝင်သွားသည်ကို ဒါရိုက်တာမြင်သောအခါ အိပ်ခန်းအပိုရှိကြောင်း ကြေညာချက်ကို ပြန်မြိုချလိုက်လေ၏။


ယခင်အပိုင်းကို ရိုက်ကူးရေးပြီးသည့်အချိန်တွင် ကုယန်ရှန်း၏ အေးဂျင့်က ဒါရိုက်တာကို ကုယန်ရှန်းက အခြားလူများနှင့် အခန်းအတူမသုံးသည့်အတွက် သီးသန့်တစ်ခန်းချန်ထားပေးရန် ပြောခဲ့သည်။


စုစုပေါင်း လူခြောက်ယောက်သာ ရှိသောကြောင့် အခန်းများရနိုင်သေး၏။ သို့ရာတွင် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးစေရန်အတွက် သီးသန့်အခန်းမပေးခြင်းဖြစ်သည်။


ကုယန်ရှန်း သက်တောင့်သက်သာဖြစ်နေပုံကိုကြည့်လိုက်ဦး… အဆင်မပြေဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


နောက်တစ်နေ့တွင် နံနက်စာစားပြီးနောက် ဒါရိုက်တာက ယနေ့လုပ်ရမည့် မစ်ရှင်ကို ကြေညာသည်။

“ညနေကျရင် မြို့ထဲမှာရှိတဲ့ အစည်ကားဆုံး music bar ကိုသွားပါမယ်…”


“ဝိုး…”


“အိုး…”


“သောက်စရာတွေရော ပါလား…”


“ပရိုဂရမ်အဖွဲ့က အရမ်းကောင်းတာပဲ…”


“မင်းတို့ဘာတွေတွေးနေတာလဲ… “

ဒါရိုက်တာက တက်ကြွနေသည့် အနုပညာရှင်များကို ဖြတ်ပြောလိုက်သည်။


“ဒီနေ့အတွက်မစ်ရှင်က ဆိုင်မှာ ဝိတ်တာနဲ့ သီချင်းဆိုတဲ့သူတွေအဖြစ် လုပ်ရမှာ…”


“ပျော်စရာကြီး…”


“မင်းတို့ ဘားတွေကို သွားလေ့ရှိကြတယ်မလား…”


“ဒါပေါ့…”


“Music bar က စိတ်အပန်းဖြေဖို့ တော်တော်လေး သင့်တော်တယ်...”


“ကျွန်တော့်သူငယ်ချင်းတွေ လာခေါ်ရင် သွားတယ်…”


လုဝမ်ရှင်းက စကားစပြောခဲသည်။ များသောအားဖြင့် လူတိုင်းစကားပြောပြီးသည့်အချိန် သို့မဟုတ် သူ့ကိုမေးမှသာလျှင် ပြော၏။


ဒါရိုက်တာက အနည်းငယ်စိုးရိမ်နေသည်။

လုဝမ်ရှင်းရဲ့ ထင်ပေါ်ချင်စိတ်က ဘာလို့ ဒီလောက်တောင်နည်းရတာလဲ…


ကြယ်ပွင့်တစ်ယောက်အတွက် ကျော်ကြားဖို့အခွင့်အရေးရဖို့က အရမ်းခက်ခဲတယ်… ကျိုးဇီထုံနဲ့ ဝမ်မင်တို့ကတော့ သူတို့ကိုယ်သူတို့ အာရုံစိုက်ခံရအောင် ဘယ်လိုလုပ်ရမလဲသိတယ်…


သို့ရာတွင် ပရိသတ်ဆိုသည်မှာ မှော်ဆန်သည့်အရာဖြစ်သည်။ လုဝမ်ရှင်း၏ အသွင်အပြင်စံနှုန်းမှာ အနိမ့်ဆုံးဖြစ်သော်လည်း ဖန်အများဆုံးရရှိသူဖြစ်၏။


“ဝမ်ရှင်းက ကောလိပ်မှာ ဂျူနီယာအတန်းကမလား… အတန်းဖော်တွေနဲ့ ဘားကိုသွားဖြစ်ကြလား…”


“ဟုတ်…ကျွန်တော်က ဂျူနီယာပါ… ကျောင်းနားမှာ music barတစ်ခုရှိတယ်… ကျောင်းသားအများစုကတော့ ပိတ်ရက်တွေမှာ သီချင်းသွားနားထောင်ပြီး သောက်ကြတယ်…”


“ဝမ်ရှင်းရော သွားလား…”

ဒါရိုက်တာက ထပ်မေးလိုက်သည်။


လုဝမ်ရှင်းက စဉ်းစားပြီးနောက် အမှန်အတိုင်းပြောလိုက်သည်။ 

“ပထမနှစ်တုန်းက အင်တာတိန်းမန့်မှာ စာချုပ်မချူပ်ခင် ဘားတစ်ခုမှာ ကျွန်တော် အချိန်ပိုင်းအလုပ်အနေနဲ့ သီချင်းဆိုဖူးတယ်…”


“အိုး…”

အားလုံး အံ့အားသင့်စွာဖြင့် လုဝမ်ရှင်းကို ကြည့်လိုက်ကြသည်။


“ဒါဆို ဝမ်ရှင်းက သီချင်းဆိုတော်မှာပဲ…”


“ဝမ်ရှင်းကို အကတော်တယ်ပဲ ထင်ထားတာ… သီချင်းလည်းဆိုနိုင်တာလား…”


“ခဏလေး…”

စုန့်ကျားကျားက သူတို့ကို ဖြတ်ပြောလိုက်သည်။

“ဒီနေ့ လုပ်ရမယ့် မစ်ရှင်က ဘာလဲ…” 


“ဝိတ်တာနဲ့ သီချင်းဆိုရမယ့်လူ…”

လုဝမ်ရှင်းကို အားလုံးက လှည့်ကြည့်လိုက်သောကြောင့် ဝမ်မင်၏စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်နေတော့၏…


ထို့နောက် ဝမ်မင်က ဒါရိုက်တာကို လှည့်ကြည့်လိုက်သည်။

“ရှန်းကောက ပရိုဂရမ်အဖွဲ့ကို ပိုက်ဆံပေးထားတာလား… ဒီအပိုင်းမှာ လုပ်ရမယ့်မစ်ရှင်ကို ခန့်မှန်းမိနေတာလား… အဲ့တာကြောင့် လုဝမ်ရှင်းကို ပါတနာအဖြစ် ရွေးလိုက်တာပေါ့…”


ကုယန်ရှန်းကလည်း အလွန်အံ့အားသင့်သွား၏။


ရိုးရိုးသားသားပြောရရင် လုဝမ်ရှင်း သီချင်းဆိုတတ်သည်ကို သူ မသိပေ။ 

လုဝမ်ရှင်းကို ရွေးလိုက်တယ်ဆိုတာကလည်း အလျဉ်းသင့်သလိုလုပ်လိုက်တာ…


သူက လုဝမ်ရှင်း၏အရည်အချင်းကို သိလည်းမသိသလို စိတ်လည်းမဝင်စားပေ။


ကြုံရာကျပန်းရွေးလိုက်တဲ့လူတစ်ယောက်က ပုံဆွဲတော်တဲ့အပြင် သီချင်းဆိုတာရော ကတာပါ တော်နေမယ်လို့တော့ ငါ လုံးဝမထင်ထားဘူး…


ပထမဆုံးအပိုင်းမှာ လုဝမ်ရှင်းက သူ့ရဲ့အကစွမ်းရည်ကိုပြတယ်… ဒီအပိုင်းမှာ အဆိုစွမ်းရည်ကိုပြမယ်ဆိုရင် နောက် တတိယအပိုင်းကျ ပုံဆွဲတဲ့အရည်အချင်းကို ထုတ်ပြတော့မှာလား…


“ဝမ်ရှင်း သီချင်းဆိုတတ်တယ် ဆိုတာကို ငါလည်း အခုမှသိတာ…”

ကုယန်ရှန်းက ချက်ချင်းရှင်းပြလိုက်၏။


“ပြီးခဲ့တဲ့အပိုင်းမှာ သူ ကတုန်းက တခြားလူတွေလို ကျွန်တော်လည်း အံ့ဩသွားတာပဲ…”


လုဝမ်ရှင်းက ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ 

“အဲဒါက အချိန်ပိုင်းလုပ်ရုံပါပဲ… ရှန်းမင်ကသာ ကျွမ်းကျင်တဲ့ အဆိုတော်ပါ… ပြီးတော့ ဝမ်မင်ရဲ့ အမြင့်သံကလည်း အရမ်းကောင်းတယ်…”


ဝမ်မင်က လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မတို့အဖွဲ့က albumတစ်ခု ထွက်ပြီးပြီဆိုပေမဲ့ တိုက်ရိုက်မဖျော်ဖြေဖူးသေးဘူး… စင်ကြောက်တတ်လားဆိုတာတောင် မသိသေးဘူး…”


လီရှန်းမင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ငါလည်း ဖျော်ဖြေပွဲလုပ်ဖူးတယ်ဆိုပေမဲ့ သီချင်းပဲဆိုတာ… ”


“ဟုတ်တယ်…ဟုတ်တယ်…”

ဝမ်မင်က ချက်ချင်း ထောက်ခံလိုက်၏…


Albumရော ဖျော်ဖြေပွဲပါ တစ်ခါမှမလုပ်ဖူးသည့် လုဝမ်ရှင်း : “…..”

ကျေးဇူးတင်တယ်… အရမ်းကျေးဇူးတင်တာပဲ…



🎬🎬🎬