Chapter 15
Viewers 12k

🎬 Chapter 15

မွှေးရနံ့ရှိသောလက်များ



“ဧည့်သည်ရောက်လာပြီ… သူ့ကိုကြိုဆိုလိုက်ကြဦး…”

ဒါရိုက်တာ စကားပြောပြီးသည်နှင့် တံခါးဘဲလ်သံ မြည်လာသည်။


“ကျွန်မတံခါးသွားဖွင့်လိုက်မယ်…”

ဝမ်မင်က ထကာ တံခါးဆီ လျှောက်သွားလိုက်သည်။


“ဝိုး…”

ဝမ်မင်၏အသံကို ကြားသဖြင့် အားလုံးလှည့်ကြည့်လိုက်ကြ၏။


“ဝမ်ယွီပဲ…”


“အာ… ဧည့်သည်က အရင်လူပဲလား…”


“ဝမ်ယွီကို ကြိုဆိုလိုက်ကြစို့…”

ဒါရိုက်တာက ဦးဆောင်ပြောလိုက်ပြီး လက်ခုပ်နှစ်ချက်တီးလိုက်သည်။


ဝမ်ယွီ ပေါ်လာသည်က အံ့ဩစရာဖြစ်၏။ အပိုင်းတစ်ပိုင်းချင်းစီတွင် guestများကို အပြောင်းအလဲလုပ်မည်ဟု သူတို့အားလုံး ထင်ထားခြင်းဖြစ်သည်။ သို့သော် လုဝမ်ရှင်းကမူ အလွန်အံ့ဩသွားခြင်းမရှိချေ။ ယမန်နေ့ညက ကုယန်ရှန်းပြောသည်ကို ကြားခဲ့၏။ အပိုင်းနှစ်ပိုင်းပြီးမှသာလျှင် ဧည့်သည်များနှင့် ရိုက်ကူးရေးနေရာများကို ပြောင်းလဲမည်ဖြစ်သည်။


တတိယမြောက်ရိုက်ကူးရေးနေရာကို မဆုံးဖြတ်ရသေးသော်လည်း G မြို့တော်ထဲတွင်သာ ဖြစ်၏။


“ဟိုင်း… ဘာလို့ အားလုံးက စိတ်ပျက်သွားပုံပေါ်နေတာလဲ…” 

ဝမ်ယွီက အားလုံး၏အမူအရာများကို မြင်လိုက်ရသောကြောင့် စနောက်သကဲ့သို့ ပြောလိုက်သည်။


“ရှောင်ဝမ်… ကြိုဆိုပါတယ်…” 

စုန့်ကျားကျားက လက်ခုပ်တီးကာပြောလိုက်၏။

“ရှောင်ဝမ်က နှစ်ပိုင်းလုံး ရှန်းကောနဲ့ တစ်ဖွဲ့တည်းဆို ပျော်စရာမကောင်းတော့ဘူး… ငါတို့အဖွဲ့ထဲ လာချင်လား…”


စုန့်ကျားကျားက ပြိုင်ဖက်အသင်း၏လူကို ခိုးရန်ကြိုးစားလိုက်သည်။ သူမ၏အမြင်အရ အသင်းတွင် လူများလေလေ နိုင်ရန်အခွင့်အရေးပိုများလေလေ ဖြစ်သည်။


“လူကိုစပြီး လုနေပြီပေါ့…” 

လီရှန်းမင်က စုန့်ကျားကျား အားမနာတော့သည်ကို တွေ့သောကြောင့် သူလည်း ဝမ်ယွီကို ခေါ်ရန်လုပ်လိုက်သည်။ 

“ငါတို့ဆီလာ… ဒီအစ်ကိုကြီးနှစ်ယောက်က မင်းကို အနိုင်ရသူတွေရဲ့နေရာဆီ ခေါ်သွားပေးမယ်…”


“ကျွန်တော်က ဝမ်ရှင်းနဲ့ တစ်ဖွဲ့တည်းနေချင်တာ…” 

ဝမ်ယွီက ပြုံးပြီးဆက်ပြောလိုက်၏။

“ပြီးခဲ့တဲ့အပိုင်းတုန်းက ဝမ်ရှင်း နေမကောင်းတာမလို့ သူနဲ့တစ်ဖွဲ့တည်း မနေလိုက်ရတာကို နှမြောနေတာ… ဒီအပိုင်းအတွက် ပရိုဂရမ်အဖွဲ့ဆီကနေ ဖိတ်ကြားစာထပ်ရလိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူး… ဒီအခွင့်အရေးကို အသုံးချရမယ်…”


နှစ်ယောက်က မျက်နှာချင်းဆိုင်နေကြပြီး ဝမ်ယွီ၏အပြုံးမှာ အလွန်ပင်နွေးထွေးပုံ ပေါ်နေလေသည်။


“ဝမ်ရှင်းက အရမ်းရေပန်းစားနေတာပဲ…”


“ရှောင်ဝမ်နဲ့ရှင်းရှင်းက သူငယ်ချင်းတွေဆိုရင် သူတို့ဆက်ဆံရေးက ကောင်းမှာပေါ့…”


စုန့်ကျားကျားက အချိန်မဖြုန်းချင်သောကြောင့် ဝမ်ရှင်းကို လှည့်မေးလိုက်သည်။

“ဝမ်ရှင်း… ဘယ်သူနဲ့တစ်ဖွဲ့တည်းနေမှာလဲ… ရှန်းကောလား… ဝမ်ယွီလား…”


လုဝမ်ရှင်း : “နှစ်ယောက်လုံးက ကျွန်တော့်ပါတနာတွေပဲလေ…”


စုန့်ကျားကျားက သူ၏အဖြေကို နားမထောင်ပေ။ 

“ငါ နင်နဲ့တစ်သင်းတည်းနေချင်တော့ ရှန်းကောက သဘောမတူဘူး... အခု ငါ ဝမ်ယွီကို ဖိတ်ပြန်တော့ သူက နင်နဲ့တစ်သင်းတည်းဖြစ်ချင်နေတယ်… နင် တစ်ယောက်ပဲ ရွေးလို့ရမယ်… ရှန်းကောလား… ဝမ်ယွီလား…”


“ဝိုး… အစ်မကျားကျားကတော့ ပြင်းပြင်းထန်ထန် မေးလိုက်ပြီ…”


စုန့်ကျားကျား၏ မေးခွန်းကို ကြားချိန်တွင် ကုယန်ရှန်းက လုဝမ်ရှင်းကို‌ မော့ကြည့်လိုက်သည်။ လုဝမ်ရှင်းက စုန့်ကျားကျားဆင်သည့် အကွက်ထဲသို့ မကျသည်ကို သိသော်လည်း လုဝမ်ရှင်း ဘာပြန်ပြောမည်ကို သူသိချင်သည်။ 


လူများစွာ၏အာရုံက သူ့ဆီ ရောက်နေသော်လည်း လုဝမ်ရှင်းက ဝန်မလေးဘဲပြောလိုက်သည်။

“ကျွန်တော် ကုလောင်ရှီးကို ရွေးတယ်…”


သူ၏ရှင်းလင်းသောအသံကြောင့် အားလုံး ကြက်သေသေသွားသည်။ ကုယန်ရှန်းသည်လည်း အနည်းငယ်အံ့ဩသွား၏။


လုဝမ်ရှင်းက ညှိနှိုင်းသည့်အဖြေ သို့မဟုတ် တိတိကျကျမဟုတ်သည့်အဖြေကို ပြောမည်ဟု သူထင်ထားခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်းဖြေလိုက်မည်ဟု လုံးဝမထင်ထားခဲ့ပေ။


“ဘာလို့လဲ…”

စုန့်ကျားကျားက ထပ်မေးလိုက်သည်။


“ဘာလို့လဲဆိုတော့ ကုလောင်ရှီးမရှိရင် ကျွန်တော် ဒီရှိုးမှာ ပါခွင့်ရမှာမဟုတ်ဘူး…”


“အို…” 

စုန့်ကျားကျားက လေသံကိုဆွဲပြောလိုက်သည်။


ဒါရိုက်တာက ရယ်ပြီး လုဝမ်ရှင်း၏နောက်ကျောကိုပုတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတရားကြောင့်ပေါ့… ဟုတ်လား…”


ဤမေးခွန်းက ဖြေရန်မလွယ်‌ပေ။ မည်သို့ပင်ဖြေစေကာမူ မပြတ်မသားဖြစ်နေမည်ဖြစ်၏။


“တကယ်တော့ ကုလောင်ရှီးကို ကျွန်တော်ကျေးဇူးတင်ရဦးမယ်… ဝမ်ရှင်းကိုတင်မဟုတ်ဘဲ ကျွန်တော့်ကိုလည်း အခွင့်အရေးပေးတဲ့အတွက်ကြောင့်ပါ…”

ထိုစကားကို ပြောလိုက်သည့်လူက ဝမ်ယွီပင်ဖြစ်သည်။ သူ၏ကျေးဇူးတင်မှုကိုလည်း ဖော်ပြပြီး လုဝမ်ရှင်းဆီမှ လူထု၏အာရုံကိုလွှဲကာ ဘေးကျပ်နံကျပ်အခြေအနေမှ ကယ်တင်လိုက်လေ၏။


လုဝမ်ရှင်းက ဝမ်ယွီ သူ့ကို ကူညီမည်ဟု မထင်ထားသောကြောင့် အံ့အားသင့်နေသည်။ သူ ဝမ်ယွီကို လှည့်ကြည့်လိုက်စဉ် မျက်လုံးချင်းဆုံသွားပြီး သူ့ကိုပြုံးပြလေ၏။


“ရှောင်ဝမ်နဲ့ ရှင်းရှင်းက တကယ်ရင်းနှီးတဲ့ပုံပဲ… ရှင်းရှင်းကို ကူညီဖို့ အရမ်းကို စိတ်အားထက်သန်နေတာ…”


“ရှောင်ဝမ်ပြောသားပဲ…သူနဲ့ရှင်းရှင်းက မိတ်ဆွေတွေတဲ့လေ…”


“ကောင်းတာပေါ့… ရှိုးမှာ သူငယ်ချင်းတွေ အတူလုပ်လို့ရပြီ…”


***


MY Music Bar


“ဒီနေ့ လူတော်တော်များတာပဲ…”


ချန်လီက ယနေ့ ပြိုင်ပွဲရှိသည့်အကြောင်းကို ကြားသောကြောင့် အလုပ်ဆင်းသည်နှင့် ဘားတွင် သူမသူငယ်ချင်းများနှင့် အချိန်ဖြုန်းရန် မစောင့်နိုင်တော့ချေ။

 

“ဒီစားပွဲမှာ မိန်းကလေးသုံးယောက် ရှိတာလား…”


“ဟုတ်တယ်…” 

ချန်လီပြန်ဖြေပြီးနောက် စားပွဲထိုးဆီမှ နှင်းဆီပန်းကို လက်ခံယူလိုက်သည်။


“ဒီနေ့ ဒီမှာ ပြိုင်ပွဲတစ်ခုရှိပါတယ်… ဧည့်သည်သဘောကျတဲ့ အဆိုတော်ကို နှင်းဆီပန်းပေးလို့ရပါတယ်...”


“အဆိုတော်တွေရဲ့ PK ပြိုင်ပွဲလား…”


“ဟုတ်ပါတယ်…”


စားပွဲထိုးက ဧည့်သည်များကို နှင်းဆီပန်းတစ်ပွင့်ဆီ လိုက်ပေးနေ၏။ 

“ဒီနေ့မှာ အဖွဲ့သုံးဖွဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဧည့်သည်တို့လက်ထဲမှာရှိတဲ့ နှင်းဆီပန်းတွေက တစ်ပွင့်ကို တစ်မဲ ကိုယ်စားပြုပါတယ်… ဧည့်သည်သဘောကျတဲ့ အဆိုတော်ကို တစ်ပွင့်ပေးလိုက်ရင် အပေးခံရတဲ့သူက တစ်မှတ်ရရှိမှာဖြစ်ပါတယ်…”


ချန်လီက သူမသူငယ်ချင်းများနှင့် ဤဘားကို မကြာခဏရောက်လေ့ရှိသော်လည်း ယခုကဲ့သို့ပြိုင်ပွဲမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးသောကြောင့် အလွန်စိတ်လှုပ်ရှားနေ၏။


သူမက သူငယ်ချင်းများကို အထဲသို့ဆွဲခေါ်သွားသည်။

“ရှေ့မှာထိုင်ရအောင်… အဲ့ဒါမှ ချောတဲ့ ရှောင်ကောကောလေးတွေကို မြင်ရမှာ…”


ည 9:30 ၌ ဘားတွင် ဧည့်သည်များ ပိုစည်လာ၏။


ပရိုဂရမ်အဖွဲ့၏ ညွှန်ကြားချက်အရ အဖွဲ့တစ်ဖွဲ့တွင် တစ်ယောက်က စင်ပေါ်တွင် ရှိနေရမည်ဖြစ်ပြီး ကျန်တစ်ယောက်ကမူ စားပွဲထိုးများအကြားတွင် ရောနှောဟန်ဆောင်နေရမည်ဖြစ်သည်။ 


လုဝမ်ရှင်းတို့အဖွဲ့က ဝမ်ယွီ၏အကူအညီ ရှိနေသောကြောင့် သူတို့နှစ်ယောက်က စင်ပေါ်တွင်ရှိနေမည်ဖြစ်ပြီး ကုယန်ရှန်းကမူ မဲဆွယ်ရန်အလို့ငှာ စားပွဲထိုးအဖြစ် ဟန်ဆောင်ရမည်ဖြစ်သည်။


ဝိတ်တာများထံတွင်လည်း အမှတ်ပေးသတ်မှတ်ချက်များရှိသည်။ သူတို့လက်ထဲတွင် အမှတ်ပေးစက်များ ကိုင်ထားမည်ဖြစ်ပြီး သူတို့ဧည့်ခံပေးသည့် customer များမှ အမှတ်ပေးမည်ဖြစ်သည်။ ထို့နောက် အသင်းဖော်၏ အမှတ်ကိုပေါင်းကာ အမှတ်အများဆုံးရသည့်အဖွဲ့က အနိုင်ရရှိမည်ဖြစ်၏။ 


ယနေ့ရှိနေသည့် customer များမှာ ပရိုဂရမ်အဖွဲ့မှ ဖိတ်ကြားထားသူများမဟုတ်သော်လည်း ဘားရှိဝန်ထမ်းများကမူ ပရိုဂရမ်အဖွဲ့ဘက်မှလူများ ဖြစ်၏။ ထို့ကြောင့် သရုပ်မှန်ပေါ်ပေါက်မည်ကိုကာကွယ်ရန် ဝန်ထမ်းအားလုံး mask တပ်ထားကြရသည်။ 


ထို့အပြင် ဘားရှိမီးရောင်က မှိန်ပျပျဖြစ်ပြီး သီချင်းသံကလည်း ကျယ်သောကြောင့် customer များမှ မည်သူဆိုသည်ကို အလွယ်တကူ မှတ်မိမည်မဟုတ်ချေ။


လုဝမ်ရှင်းက စင်ပေါ်သို့ နောက်ဆုံးမှတက်ရမည်ဖြစ်သောကြောင့် အလျင်အမြန်ပြင်ဆင်ရန် မလိုအပ်ပေ။ ကုယန်ရှန်းကိုရှာရန် ဆိုင်ထဲ လျှောက်ပတ်ကြည့်ချိန်ရသေးသည်။


ဧည့်သည်များရှိသည့်နေရာတွင်ရှာသော်လည်း ဝိတ်တာဝတ်စုံနှင့် ကုယန်ရှန်းကို မတွေ့ချေ။ ဝိတ်တာများက ယူနီဖောင်းနှင့် maskများကို ဆင်တူ ဝတ်ထားသောကြောင့် သူ့ဘေးက ဖြတ်သွားပြီးပြီလားဟု တွေးမိသည်။


“ရှောင်ကျန်းက သူဘားကောင်တာမှာတဲ့… အဲဒီကိုသွားရအောင်… အသစ်ရောက်လာတဲ့ အဖျော်ဆရာက အရမ်းချောတယ်တဲ့…”


“mask တပ်ထားတာမဟုတ်ဘူးလား… သူ ချောမှန်း ဘယ်လိုသိတာလဲ…”


“သူ ဗီဒီယိုရိုက်ထားတယ်… သူ့ပုံက ကြော့ရှင်းတဲ့အပြင် အရက်စပ်တဲ့ skill ကလည်း အရမ်းဆွဲဆောင်မှုရှိတာပဲ…”


ထိုစကားများကို လုဝမ်ရှင်းကြားပြီးနောက် ဘားကောင်တာသို့ တည့်တည့်လျှောက်သွားလိုက်၏။ သူရောက်သွားချိန်တွင် ဘားကောင်တာကို လူများဝန်းရံထားလေသည်။


အလယ်တွင် ဝိတ်တာသုံးယောက်ရပ်နေပြီး ကုယန်ရှန်းကို သူ ချက်ချင်းမှတ်မိလိုက်လေသည်။


သူက အရပ်ရှည်ပြီး ထင်ရှားသည့်အသွင်အပြင် ရှိသည့်အတွက် မျက်နှာတစ်ဝက်ကို အုပ်ထားလျှင်ပင် ချောမောခံ့ညားသည့် ပုံစံကို မြင်နေရသေးသည်။


သူ၏ရှည်လျားသည့် လက်ချောင်းများက ဖန်ခွက်ကိုဆုပ်ကိုင်ထားပြီး ဖြည်းဖြည်းချင်း လှုပ်ယမ်းနေသောကြောင့် ဖန်ခွက်ထဲရှိဝိုင်များမှာ ဘောင်ဘင်ခတ်နေလေသည်။ 


လုဝမ်ရှင်း အနားကိုရောက်သွားချိန်တွင် ပါးကိုအုပ်ကိုင်ထားသည့် မိန်းကလေးတစ်ယောက်က ရှက်ရွံ့စွာမေးလိုက်သည်ကို ကြားလိုက်ရ၏။

 â€œá€€á€ťá€˝á€”်မဥတွက် တစ်ခွက်လောက် စပ်ပေးနိုင်မလား…”


“ဒါပေါ့… မင်းဘာသောက်ချင်လဲ…”


“ ‘ဒီညအိမ်မပြန်ဘူး’ တစ်ခွက်လိုချင်တယ်…” 


ကုယန်ရှန်း၏ အသံမှာ နူးညံ့ညင်သာနေလေသည်။

“အဲ့တစ်ခုက အရမ်းပြင်းတယ်နော်… အဲ့ဒါသောက်ဖို့ အကြံမပေးဘူး…”


မိန်းကလေးက သူ့သူငယ်ချင်းလက်ကို ကိုင်ထားပြီး နူးညံ့သည့် အသံလေးဖြင့် ပြန်ပြောလေသည်။

“ဟင့်အင်း… အဆင်ပြေပါတယ်… ကျွန်မသောက်မလို့မဟုတ်ဘူး… ရှင် စပ်တာကို ကြည့်ချင်ရုံပဲ…”


ကုယန်ရှန်းက ဘာမှထပ်မပြောဘဲ ပါဝင်သည့် အရက်လေးမျိုးကို ခွက်ထဲသို့ လောင်းထည့်လိုက်၏။ 


လူတော်တော်များများက သူတို့ဖုန်းများထုတ်ကာ မှတ်တမ်းတင်ထားကြသည်။ မိန်းကလေးများက အရက်အကြောင်းမသိပေ။ အရက်စပ်သည့်လူက အလွန်မိုက်သည်ဟု တွေးနေရုံသာဖြစ်၏။


လုဝမ်ရှင်းက ဘားတွင်အချိန်ပိုင်းလုပ်ဖူးသောကြောင့် သူရောလိုက်သည့် အရက်လေးမျိုးမှာ ဝီစကီ၊ တက်ကီလာ၊ ဝှိုက်ရမ်(မ်) နှင့် ဂလီရာနို ဆိုသည်ကို မှတ်မိလိုက်၏။ တစ်မျိုးချင်းစီတွင် အယ်လ်ကိုဟော ၄၀% ခန့်ပါဝင်သည်။


‘ဒီညအိမ်မပြန်ဘူး’ တွင် အနည်းဆုံး အယ်လ်ကိုဟော 60% မှ 70% ထိ ပါဝင်ပြီး မိန်းကလေးများ သောက်ရန်မသင့်ပေ။ ယောက်ျားလေးများ သောက်လျှင်ပင် အိမ်မပြန်နိုင်တော့ချေ။


သို့ပေမဲ့ လုဝမ်ရှင်းကို အံ့အားသင့်စေသည်မှာ ကုယန်ရှန်းက ထိုကော့လ်တေးကို စပ်နိုင်သည်ကြောင့် မဟုတ်ဘဲ ကော့လ်တေးစပ်ရာတွင် တိုင်းသည့်ခွက်များကို မသုံးဘဲ အတိအကျနီးပါး ပမာဏကို ခွက်ထဲသို့ တိုက်ရိုက်လောင်းထည့်နိုင်သောကြောင့်ဖြစ်သည်။


ပါဝင်သည့်အရက်များကို ရောစပ်ပြီးနောက် ကုယန်ရှန်းက မီးခြစ်ကိုယူကာ ဖန်ခွက်နံရံကို ထွန်းညှိလိုက်၏။ ထို့နောက် ဝိုင်ကို အဖျော်ဖန်ခွက်ထဲမှ ကော့လ်တေးဖန်ခွက်ထဲ လောင်းထည့်လိုက်သည်။ အပြာရောင်မီးတောက်က အရက်နှင့်အတူ ဖန်ခွက်ထဲသို့ စီးဆင်းသွားလေသည်။ 


လိမ္မော်ပြာရောင်မီးတောက်က ဖန်ခွက်နှုတ်ခမ်းဝတွင် တောက်လောင်နေသောကြောင့် မိန်းကလေးများထံမှ အသံများထွက်လာတော့သည်။


ကုယန်ရှန်းက ဖန်ခွက်ကို မိန်းကလေးဆီ မပေးဘဲ ဓာတ်ပုံရိုက်နိုင်ရန်အတွက် ဘားကောင်တာပေါ်တွင် တင်ပေးလိုက်သည်။


လုဝမ်ရှင်းရောက်လာသည်ကို မြင်ချိန်တွင် ကုယန်ရှန်းက မျက်လုံးပင့်ကာ မေးလိုက်၏။ 

“ဘာသောက်ချင်လဲ…”


လုဝမ်ရှင်းက ဝိတ်တာတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရန်မလိုအပ်ပေ။ သူက ဖျော်ဖြေရန်အတွက် suit ဝတ်ထားပြီး ကုယန်ရှန်းကဲ့သို့ maskတပ်ထား၏။ မင်းသားလေးက မျက်နှာဖုံးကပွဲတပ်ရန် ပြင်ဆင်ထားသကဲ့သို့ ဖြစ်‌နေလေသည်။


ကုယန်ရှန်း၏ အမေးကိုကြားချိန်တွင် လုဝမ်ရှင်း ပြုံးပြီးပြန်ဖြေလိုက်၏။

“လာမယ့်ပြိုင်ပွဲအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့… စိတ်ငြိမ်စေမယ့်အရာ တစ်ခုခုလောက်မရှိဘူးလား…”


ဤနေရာ၏အခြေအနေက သူ့ကို လှုံ့ဆော်နေသဖြင့် လုဝမ်ရှင်းက မတွေးလိုက်မိဘဲ ပြောထွက်သွားသည်။


ကုယန်ရှန်း၏လက်က တစ်ခဏခန့်ရပ်သွားပြီး အကြည့်လွှဲလိုက်၏။

“ခဏစောင့်…”


ဘားကောင်တာရှေ့တွင် ရှိနေသည့် မိန်းကလေးတစ်ယောက်က လုဝမ်ရှင်းကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“ရှင်က ဒီနေ့ပြိုင်ပွဲမှာ ပါမှာလား…”


“ဒါပေါ့… ကျွန်တော်က နံပါတ်စဉ်(၃)… ကျွန်တော့်ရဲ့ ဖျော်ဖြေမှုကို သဘောကျတယ်ဆိုရင် မိန်းကလေးရဲ့လက်ထဲက ပန်းပွင့်လေးနဲ့ ကျွန်တော့်ကို vote ပေးဖို့မမေ့နဲ့နော်…”


ထို့နောက် မိန်းကလေးတစ်ယောက်က စနောက်သကဲ့သို့မေးလိုက်၏။

“ရှောင်ကောကောမှာ ရည်းစားရှိလား… WeChat အပ်မယ်လေ… ဒါဆို ပန်းပေးမှာပေါ့…”


“ရပြီ…”

ကုယန်ရှန်းက မိန်းကလေး၏စကားကို ဖြတ်ပြောလိုက်ပြီး လုဝမ်ရှင်းဆီသို့ ဖန်ခွက်တွန်းပေးလိုက်သည်။


“သောက်ကြည့်…”


“ကောင်းပါပြီ…”

လုဝမ်ရှင်းက အရက်အမျိုးအစားကိုမမေးဘဲ သောက်လိုက်၏။ အသီးရနံ့က သင်းပျပျ အရက်နံ့နှင့် ရောနှောနေလေသည်။

“မဆိုးပါဘူး…”


ကော့လ်တေးက အနည်းငယ်သာဖြစ်သောကြောင့် လုဝမ်ရှင်း တစ်ကျိုက်တည်းမော့ချလိုက်ကာ ကုယန်ရှန်းကို ပြောလိုက်သည်။ 

“ကျေးဇူးပါ… အသင်းဖော်ရဲ့ ဖျော်ဖြေမှုကိုလည်း ကြည့်ဖို့မမေ့နဲ့နော်..”


“မမေ့ပါဘူး…”


မိန်းကလေးကလည်း လုဝမ်ရှင်းကို အားပေးလိုက်၏။

“ကျွန်မတို့လည်း ရှောင်ကောကောကို မဲပေးမှာ… Cheer…”


“ကျေးဇူးပါ…”


“ကျွန်မလည်း ပေးမှာ…”


‌”ကျွန်မရောပဲ…”


လုဝမ်ရှင်းက စင်ပေါ်မတက်ရသေးသော်လည်း customerများ၏ မဲအချို့ကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ကုယန်ရှန်းက လုဝမ်ရှင်းကို ကြည့်လိုက်၏။


လုဝမ်ရှင်းက ဆွဲဆောင်တတ်တယ်လို့ကြားဖူးတယ်… ကြည့်ရတာ အမှန်ဖြစ်ပုံပဲ…သူဘာမှ မလုပ်ရသေးပေမဲ့ လူတွေရဲ့စိတ်က သူ့ဘက်‌ယိမ်းယိုင်နေကြပြီ...


“ကျွန်တော်သွားတော့မယ်… ကျွန်တော့်ကို vote ကြနော်… ဒီအဖျော်ဆရာ ရှောင်ကောကော သက်သေရှိတယ်… မင်းတို့လိမ်လို့မရဘူး…”


လုဝမ်ရှင်းက ထွက်မသွားခင် ကုယန်ရှန်းကို သတိပေးလိုက်သည်။ မိန်းကလေးများက ရယ်မောကာ သဘောတူလိုက်ကြလေ၏။


လီရှန်းမင်က ပထမဆုံး စင်ပေါ်တက်ရသူဖြစ်သည်။ သူ့အသံက တစ်မူထူးခြားကာ သူသီချင်းစဆိုသည်နှင့် ဆိုင်ထဲရှိ customer များက လက်ခုပ်ဩဘာပေးကြလေသည်။ 


“ဒီအသံက လီရှန်းမင်နဲ့တူတယ်လို့ ငါဘာလို့ ထင်နေတာပါလိမ့်…”


“ငါက လီရှန်းမင်ရဲ့ဖန်… သူ့အသံကို လုံးဝအမှတ်မမှားဘူး… လီရှန်းမင်အသံနဲ့ တကယ်တူတာ…”


“မဖြစ်နိုင်ဘူး… လီရှန်းမင်က ဘယ်လိုလုပ် ဒီလိုဘားလေးမှာ သီချင်းလာဆိုမှာလဲ… လီရှန်းမင်ရဲ့အသံကို အတုခိုးထားတာပဲနေမှာပေါ့…”


“အား… တကယ်တူတာပဲ… မသိရင် သူ့ဖျော်ဖြေပွဲကို ရောက်နေတဲ့အတိုင်းပဲ…”


စင်စစ်အားဖြင့် လီရှန်းမင်၏အသံမှာ အတုခိုးရန်မလွယ်ပေ။ သူ့အသံက သိမ်မွေ့နူးညံ့သော်လည်း ပေါ့ပျက်ပျက်မဖြစ်ဘဲ လူများ၏ရင်ထဲသို့ တန်းရောက်လေသည်။


သီချင်းအဆုံးတွင် ပရိသတ်က မိန်းမောနေပြီး နောက်တစ်ပုဒ်ထပ်ဆိုရန် တောင်းဆိုကြလေသည်။


“အားနာပါတယ်… ဒါက ပြိုင်ပွဲမလို့ နောက်မှာ တခြားပြိုင်ပွဲဝင်တွေရှိသေးတယ်… ကျွန်တော့်ကိုသဘောကျရင် လက်ထဲက နှင်းဆီပန်းတွေကို မနှမြောနဲ့နော်…”


ဒုတိယမြောက် စင်ပေါ်တက်ရမည့်လူက ဝမ်မင်ဖြစ်သည်။ သူမက mask တပ်ထားပြီး သင်္ဘောသားဝတ်စုံဖြင့် စင်ပေါ်တက်လာသဖြင့် ပရိသတ်က အော်ဟစ်ကြလေ၏။


ဝမ်မင်၏ အမြင့်သံက ရှင်းလင်းပြီး တစ်ခါနားထောင်ပြီးလျှင် မှတ်မိလွယ်သည်ကို လုဝမ်ရှင်းသိသည်။


နောက်ဆုံးဖျော်ဖြေမှုက လုဝမ်ရှင်းနှင့် ဝမ်ယွီ၏ ပူးတွဲဖျော်ဖြေမှုဖြစ်သည်။


သီချင်းစသည်နှင့် ဝမ်ယွီက စင်ပေါ်တက်လာပြီး လုဝမ်ရှင်းကမူ စင်၏ အခြားတစ်ဖက်ရှိ လှေကားမှတက်လာသည်။


နှစ်ယောက်လုံး၏ ခြေလှမ်းများမှာ တစ်ထပ်တည်းကျနေပြီး ဝတ်စုံများပင်လျှင် ဆင်တူဖြစ်ကာ အင်္ကျီအိတ်ကပ်ထဲတွင်မူ နှင်းဆီပန်းတစ်ပွင့်စီ ထည့်ထားလေ၏။ 


ပထမဆုံး သီချင်းစာသား စဆိုချိန်တွင် လူများ မိန်းမောသွားကြသည်။ 


နှစ်ယောက်သားက အောက်နှုတ်ခမ်းကို လက်ဖြင့်ပွတ်သပ်လိုက်ရာ တောက်ပသည့် အနီရောင်နှုတ်ခမ်းများက ဝိုင်နီရောင်ကဲ့သို့ဖြစ်နေပြီး မီးရောင်ထဲတွင် ပို၍ ဆွဲဆောင်မှုရှိနေလေသည်။


--------


သီချင်းအလယ်တွင် လုဝမ်ရှင်းက လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး ပရိသတ်ဆီ fry kiss ပေးလိုက်ရာ အော်သံများထွက်လာလေ၏။


“အား........”


“အား….”


အရှေ့ဆုံးတွင်ထိုင်နေသည့် ပရိသတ်များက မတ်တတ်ရပ်ပြီး လက်ထဲရှိ light stickများကို ဝှေ့ယမ်းကာ တစ်ခဲနက် အားပေးကြလေသည်။


လုဝမ်ရှင်းက ဝမ်ယွီ၏ ပခုံးကိုကိုင်ထား၏။ ထို့နောက် မိုက်ကိုကိုင်ထားလျက် နေရာပြောင်းကာ တစ်ပြိုင်တည်း သီချင်းဆိုပြီး က,လေသည်။ လှုပ်ရှားမှုများကြောင့် အဆိုပျက်သွားခြင်းမရှိဘဲ နှစ်ယောက်က လိုက်ဖက်ညီစွာ ဖျော်ဖြေကြလေ၏။


နောက်ဆုံးကကွက်က ပရိသတ်ဘက်ကို မျက်နှာမူထားလေသည်။


ဖျော်ဖြေမှုအဆုံး၌ လုဝမ်ရှင်းက အိတ်ကပ်ထဲမှ နှင်းဆီပန်းကိုထုတ်ကာ ပွင့်ဖတ်ကို အနမ်းပေးလိုက်ပြီးနောက် စင်ရှေ့သို့ လျှောက်သွားလေ၏။


သူ နှင်းဆီပန်းကို ပေးရန်လုပ်လိုက်သည်။


“ရှောင်ကောကော…. ဒီကိုပေး…”


“လိုချင်တယ်… ရှောင်ကောကော… ဒီဘက်ကိုကြည့်ပါဦး…”


“အား…ဒီဘက် ဒီဘက်… ရှောင်ကောကော… ဒီကိုပေးပါ…”


လုဝမ်ရှင်းက သူ့လက်ကို ထုတ်လိုက်သည့်အချိန်တွင် ကျစ်လျစ်သည့် လက်တစ်ဖက်က မိန်းကလေးများ၏ခေါင်းပေါ်မှ ကျော်ကာ နှင်းဆီပန်းကို ဆုပ်ကိုင်လိုက်သည်။


လုဝမ်ရှင်း၏လက်က မတော်တဆဖြင့် တစ်ဖက်လူ၏လက်မကို ထိမိသွားပြီး နှစ်ယောက်က ခဏတာရပ်တန့်သွားကြ၏။


ကုယန်ရှန်းက တစ်နည်းနည်းဖြင့် လူအုပ်ကိုဖြတ်လာပြီးနောက် လုဝမ်ရှင်းနှင့်နီးရာတွင်ရပ်နေကာ လုဝမ်ရှင်းအနမ်းပေးထားသည့် နှင်းဆီကို ဆုပ်ကိုင်ထားသည်ကို လုဝမ်ရှင်း မြင်လိုက်ရလေသည်။


ခဏအကြာတွင် အသံတိုးတိုးလေးတစ်ခုက ဆူညံနေသည့် လူအုပ်၏အသံကို ထိုးဖောက်ကာ လုဝမ်ရှင်း၏နားစည်ထဲတွင် ပြင်းထန်စွာရိုက်ခတ်လာသည်။


“ကျေးဇူးပါ… ကိုယ်အရမ်းသဘောကျတယ်…”



🎬🎬🎬