လုဖုန်းက ယုန်သေကို မီးခိုချောင်သို့ယူသွားသည်။
မြို့မှဝယ်လာသော ဆေးကိုထုတ်ပြီး ဦးစွာ
ကြိုလိုက်၏။ ထို့နောက် ယုန်သေအား
သန့်ရှင်းလေသည်။ လင်းဟန်က သူ၏
အစ်ကိုကြီးဘေးတွေထိုင်ပြီး မီးဖိုမှ မီးအား
ကူ၍ ကြည့်ပေးခဲ့သည်။
လုဖုန်းသည် စကားနည်းသော လူငယ်လေး
ဖြစ်၏။ သူပြန်ရောက်ပြီးကတည်းက
စကားတစ်ခွန်းသာဆိုပြီး သူလုပ်စရာရှိသည့်
အလုပ်ကိုသာ လုပ်ကိုင်နေခဲ့သည်။
၎င်းက ရှောင်ယွမ်အား စိတ်သက်သာရာရစေသည်။
သူ၏ခင်ပွန်းဖြစ်သူနှင့် မည်သို့စကားဆိုရမည်မှန်း
မသိသေးချေ။ အဖြောင့်လူပျိုလေးမှ ချက်ချင်း
ယောကျာ်းရသွားလေရာ သူ့၌ ကြိုတင်
ပြင်ဆင်ချိန်ပင် အချိန်မရှိခဲ့ပေ။
"လင်းဟန် ဒီမှာ
မရီးကို ဆေးသွားပေးလိုက်..."
မကြာမီတွင် လုဖုန်း၏ အသံအား
ထပ်မံကြားလိုက်ရပြီး လင်းဟန်က
ကုတင်ဘေးသို့ရောက်လာသည်။
"မရီး ဒီမှာ ဆေးရည်ပါဗျ
ပူတော့ပူသေးတယ်
ခဏနေမှသောက်နော်
ကျွန်တော် ရေခပ်ပေးမယ်..."
လင်းဟန်က ရှောင်ယွမ်၏လက်ထဲမှ
ရေခွက်အားယူပြီး ရေတစ်ခွက်ခပ်ပေးပြန်သည်။
ထို့နောက် ဆေးရည်အားကူ၍ အအေးခံပေးသည်။
ရှောင်ပိုင်လေးကလည်း လင်းဟန်နောက်မှ
လိုက်လာသည်။ ယခင်အတိုင်း ဖင်လေးကုန်း၏
ကုတင်ပေါ်တက်ကာ သူ၏ရင်ခွင်ထဲသို့
ဝင်လာသည်။
"ရပါတယ် အစ်ကိုကြီးကိုသာ ကူလိုက်နော်
အစ်ကို ဘာသာ အအေးခံပြီး သောက်လိုက်မယ်..."
"ဟုတ် မရီး "
အင်း မရီးလို့မခေါ်ဖို့ ဘယ်လိုပြောရမလဲ
မရီး တစ်ခါကြားတိုင်း ဖင်ကျိန်းတယ်
မကြာသေးခင်က စမ်းရေတစ်ခွက်သောက်လိုက်၍ဖြစ်မည် အားအင်အနည်းငယ်
ပြန်ရလာသည်။ ရှောင်ပိုင်လေးနှင့်ဆော့ရင်း
ဆေးရည် အေးသွားမည့်အချိန်ကို စောင့်နေခဲ့သည်။
စိတ်ထဲတွင်လည်း ဤဆေးခါးကြီးအား
နေရာလွတ်ထဲ သွန်ပစ်လိုက်ရမလားဟု
တွေးနေမိ၏။ နေရာလွတ်ထဲ ဆေးဝါးများရှိ၍
လူလစ်လျှင် ထုတ်၍သောက်သုံးနိုင်သည်။
ခေတ်မှီဆေးဝါးများက ပို၍ထိရောက်နိုင်မည်ဟု
ထင်မိသည်။ ထို့ပြင် ဆေးပြားများက
သောက်ရသည်မှ လွယ်ကူသည်။ ဤဆေးရည်
မဲမဲကြီးကိုသာ သောက်ရလျှင် ခါးလွန်း၍
တစ်ခါတည်း သေသွားမလား မပြောတတ်ချေ။
သို့သော် ရှောင်ယွမ်၏အကြံအစည်မှာ
မအောင်မြင်လိုက်ပေ။ လုဖုန်းက ယုန်သား
ဟင်းအိုးအား လင်းဟန်ထံတာဝန်လွှဲခဲ့ပြီး
ရှောင်ယွမ်ထံလျှောက်လာသည်။
"ဆေးသောက် အေးနေပြီ
သကြားရည်ပေးရမလား..."
ငါ့များ ကလေးထင်နေလား
ဟွန်း ခါးမှာကြောက်လို့ မသောက်တာလို့များ
ထင်နေသလား
ဒီလောင်ဇီက ဘာမှမကြောက်ဘူးကွ
"ကောင်းပြီ ခုသောက်မလို့ပါပဲ..."
လုဖုန်း၏အကြည့်အောက်တွင်
ဆေးရည်အား ဖျစ်ညှစ်၍ သောက်လိုက်ရသည်။
သူ ကြိုးစား၍ ဟန်ဆောင်သော်လည်း
ခါးလွန်းသောကြောင့် မျက်ရည်များဝဲလာရသည်။
နေရာလွတ်ထဲက ပဲနို့လေးများ
ထုတ်သောက်လိုက်ရရင်တော့လား
အမလေး တော်တော်ခါးတာပဲဟ
လုဖုန်းက ရှောင်ယွမ်ထံမှရေခွက်အားယူကာ
မီးခိုချောင်သို့ပြန်ဝင်သွားပြီး သကြားရည်
ဖျော်လာပေးသည်။
"သောက် ချိုတယ်..."
"ကျေးဇူးတင်ပါတယ်..."
ရှောင်ယွမ်ထပ်မံ ဟန်မဆောင်နိုင်တော့ချေ။
ရေများများဖြင့်ရောထားသော သကြားရည်အား
တစ်ဝက်ခန့်သောက်ပြီး ရှောင်ပိုင်လေးအား
တိုက်လိုက်သည်။
"ရှောင်ပိုင်လေး သောက်
သကြားရည် ချိုတယ်..."
"မရီး သောက်
မရီး နေမကောင်း..."
"အစ်ကိုက နေမကောင်းလို့
အများကြီးသောက်လို့မရဘူး
ရှောင်ပိုင်က ကူသောက်ပေးလေနော်
ရှောင်ပိုင်လေးရဲ့ အကူအညီကိုလို့လို့ပါ..."
"ဟုတ် ကူညီ..မယ်"
ရှောင်ပိုင်က စကားပြောလျှင် စကားအား
ဆုံးသည်ထိမပြောချေ။ စကားထစ်ခြင်းမျိုး
မဟုတ်ဘဲ။ ဖြေးဖြေးချင်းသာ ပြောလေသည်။
မူလကိုယ်၏ မှတ်ဥာဏ်အရဆိုလျှင်
ရှောင်ပိုင်က အသက်၄နှစ်ခန့်ရှိပြီဖြစ်သည်။
အသက်၄နှစ်အရွယ် ကလေးတစ်ယောက်
အတွက်မူ ရှောင်ပိုင်က အနည်းငယ်ညှပ်၏။
သူ၏မိခင်ဆုံးသွားသောကြောင့် မွေးကင်းစအရွယ်တွင် အာဟာရကောင်းစွာမရရှိခဲ့၍ ဖြစ်မည်။
ကံကောင်းထောက်မစွာ သူ့ထံတွင်
ကလေးများအတွက် ဖြည့်စွက်စာအချို့ရှိ၏။
လူလစ်သည့်အခါ ရှောင်ပိုင်လေးအား
ခိုးကျွေးရမည်။
လုဖုန်းက သူတို့နှစ်ယောက်
စကားအပြန်အလှန်ပြောနေသည်ကို ရပ်၍
ကြည့်နေခဲ့သည်။ ထို့နောက် ရှောင်ပိုင်သောက်
ပြီးသွားသော ရေခွက်အား ဆေးရန်ယူသွားခဲ့သည်။
"အစ်ကိုကြီး လာကြည့်ပါဦး
ယုန်သားက ကျက်တော့မယ်ထင်တယ်..."
မကြာမီတွင် ယုန်သားစွပ်ပြုတ်နံ့ သင်းသင်းလေးရလာသည်။ ယုန်သားကအလွန်ချိုသည်ဟု
ကြားဖူးသော်လည်း ရှောင်ယွမ်က တစ်ခါမျှ
မစားဖူးခဲ့ချေ။ ယခုအနံ့နဲ့တင် သွားရည်ယို
နေရလေပြီ။
ရှောင်ယွမ်က မတ်တပ်ရပ်ရန်ပင် အားမရှိသေး၍
ကုတင်ပေါ်တွင်သာ စားရပေမည်။ ရှောင်ယွမ်အတွက် စွပ်ပြုတ်ပန်းကန်အသေးလေးအား ယူလာပေးသည်။ ကုတင်ဘေးမှ စားပွဲပေါ်တွင်တင်ပေး၏။
"စွပ်ပြုတ်က ပူသေးတယ်
ကိုယ် ခွံ့ကျွေးရမလား
ကိုယ့်ဘာကိုယ်စားနိုင်ရဲ့လား..."
လုဖုန်း၏အမေးကြောင့် ရှောင်ယွီ၏
နားရွက်များရဲတက်လာရပြီး လျင်မြန်စွာ
ပြန်ဖြေလိုက်သည်။
"ရတယ်
ကျွန်တော် ကိုယ့်ဘာသာစားနိုင်ပါတယ်..."
"ကောင်းပါပြီ..."
လုဖုန်းကရှောင်ပိုင်လေးအားခေါ်ပြီး
ထွက်သွားသည်။ အိမ်အလယ်ရှိ ယိုင်နဲ့နဲ့
ထမင်းစားပွဲပေါ်တွင် ညီအစ်ကို၃ယောက်သား
စားကြသည်။ လင်းဟန်ကား ခေါင်းပင်
မဖော်နိုင်ချေ။
"အစ်ကို စွပ်ပြုတ်ကအရမ်းချိုတာပဲဗျာ..."
"အင်း
ဖြေးဖြေးစား နင်လိမ့်မယ်..."
သူတို့၏စကားသံများကြောင့်
ရှောင်ယွမ်၏ဗိုက်မှာ တဂွီဂွီပင် မြည်လာသည်။
အနည်းငယ် အေးသွားသည့် စွပ်ပြုတ်အား
ယူ၍ သောက်ကြည့်လိုက်ရာ အလွန်ပင်
အရသာရှိလှသည်။ စွပ်ပြုတ်ထဲတွင်
မည်သည့် အပိုဟင်းခတ်အမွှေးအကြိုင်မှ
မပါဝင်သော်လည်း အသား၏အရသာဖြင့်
ချိုမြနေသည်။ မကြာမီတွင် တစ်ပန်းကန်
ကုန်သွားတော့သည်။
စွပ်ပြုတ်သောက်ပြီးနောက် တဖန် အိပ်ငိုက်လာသည်။ ရှောင်ယွမ်အိပ်ပျော်သွားပြီးနောက်
လုဖုန်းက ထင်းများဆက်၍ပေါက်နေသည်။
မကြာမီ ဆောင်းတွင်းရောက်တော့မည်ဖြစ်၍
ထင်းများကို ကြိုတင်စုဆောင်းထားရလိမ့်မည်။
ညနေစောင်းသောအခါ မူလကိုယ်၏
အမေလင်းက ရောက်လာသည်။ ထိုအချိန်မှသာ
ရှောင်ယွီက အိပ်ယာမှနိုးလာခဲ့သည်။
"သား သက်သာရဲ့လား
သား သတိရလာပြီလို့
လုဖုန်းကလာပြောတယ်
ဘာစားချင်သေးလဲ
ဘာချက်ပေးရမလဲ..."
မိဘမေတ္တာအားတစ်ခါမျှ မခံစားဖူးသည့်
ရှောင်ယွမ်တစ်ယောက် ကြောင်အနေမိသည်။
မည်သို့ပြန်လည် ဖြေဆိုရမည်ကို ချက်ချင်း
မတွေးနိုင်လိုက်ပေ။ အမေလင်းက
သူ၏ခြင်းတောင်းလေးထဲမှ ကြက်ဥများကို
ထုတ်လာသည်။
"ဒါ အမေတို့အိမ်က ကြက်ဥ
သားအတွက်ယူလာတာ
အားရှိအောင်စားရမယ်..."
"လင်းဟန် သားရေ
ကြက်ဥတွေ သိမ်းပေးပါဦး..."
"ဟုတ် အဒေါ်လင်း..."
"အမေ.. အမေသာ အားရှိအောင်စားပါ
ပြန်ယူသွားလိုက် ကျွန်တော်
မနက်က ယုန်သားစွပ်ပြုတ်သောက်ထားတယ်
လုဖုန်းကလည်း အမဲလိုက်နိုင်နေတာပဲ
သားအတွက် စိတ်မပူနဲ့
အသားစားရပါတယ် အမေကဖြင့်
ကျန်းမာရေးလည်းကောင်းတာမဟုတ်ဘူး..."
ရှောင်ယွမ်က ပြန်ပြောလိုက်သည်။
"နေပါစေ
အိမ်က ကြက်ကနောက်နေ့လည်းဥဦးမှာပဲ
အမေက အခုသက်သာနေပြီ
သားကဖြင့် ထနိုင်သေးတာတောင် မဟုတ်ဘဲနဲ့
ကဲ ကဲ အမေသွားပြီ
အိမ်က လူစောင့်ရှိတာမဟုတ်ဘူး..."
အမေလင်းက ရှောင်ယွမ် ကြက်ဥပြန်ပေးလာမည်ကို စိုးရိမ်၍ လျင်မြန်စွာ အိမ်ပြင်ထွက်သွားခဲ့သည်။ ရှောင်ယွမ် တားချိန်ပင် မရလိုက်ပေ။