ရှောင်ပိုင်လေး၏စကားကြောင့် ရှောင်ယွမ်
ကြောင်အသွားရသည်။ ထိုမှသာ ဆပ်ပြာ၏အမွှေးနံ့က ဤနေရာမှလူများအတွက် သိသာမည်ဖြစ်ကြောင်း သတိရသွားသည်။ လုဖုန်းမေးလာလျှင် မည်ကဲ့သို့ဖြေရမလဲဟု ကြိုတင်တွေးထားရတော့၏။
အင်း အမေမြို့ကဝယ်ထည့်ပေးလိုက်တာလို့ပဲ ဖြေလိုက်မယ်...လုဖုန်းက အနေအေးတော့ မေးချင်မှတောင် မေးမှာပါလေ...
သို့နှင့် ရှောင်ပိုင်လေးအား ရေချိုးပေးရန်
အိမ်နောက်ဖေးသို့ ခေါ်သွားသည်။
"အစ်ကိုယွမ် သားလည်း မွှေး ချင်"
"ရှောင်ပိုင်လေးကလည်း မွှေးချင်တာ
ဟား ဟား ဟား မွှေးစေရမယ်ဗျာ့"
ရှောင်ပိုင်အား ဆပ်ပြာအနည်းငယ်ကို ရေနှင့်ရော၍ မသိသာအောင် တိုက်ပေးလိုက်သည်။ ကလေးလေးအား ခေါင်းပါလျှော်ပေးလိုက်၏။
အင်း ဆံပင်အခြောက်ခံစက် ထည့်မလာမိတာ
နာတာပဲ...ဒီခေတ်ကလူတွေက ဆံပင်အရှည်တွေကြီးပဲ...
ရှောင်ပိုင်အား ရေချိုးပေးပြီးနောက် အင်္ကျီဝတ်ပေးကာ ဆံပင်သုတ်ပေးလိုက်သည်။ အိမ်တွင် သင့်တော်သည့် မျက်နှာသုတ်ပဝါ မရှိသဖြင့် သူ၏နေရာလွတ်ထဲမှ အရောင်အမှိန်ဆုံးနှင့် သာမန်ဆန်သည့်
သဘက်စောင်၂ထည်အား ထုတ်၍ သုံးလိုက်သည်။
သူ့အတွက် ၁ထည်နှင့် ရှောင်ပိုင်အတွက် ၁ထည်ဖြစ်၏။
ကျန်သည့် ကောင်ကလေးနှင့် လုဖုန်းအတွက်မူ ရှိတာနှင့်သာ သုတ်ကြပါစေ။ မေးခွန်းများ မေးလာလျှင် ဖြေရခက်ပေလိမ့်မည်။
နေရာလွတ်ထဲမှ ပစ္စည်းများက ထုတ်ယူသုံးစွဲမှသာဖြစ်ပေလိမ့်မည်။ သို့မဟုတ်ဘဲ ဤဒေသမှ
ဆန်ကြမ်း၊ကန်စွန်းဥများနှင့်သာ ရှေ့ဆက်ရမည်ဆိုလျှင် အာဟာရပျက်သွားနိုင်သည်။ နေရာလွတ်ထဲမှထုတ်ပြီးနောက် လုဖုန်းအားမည်သို့ပြောရမည်ကို မသိသေးချေ။ လုဖုန်း၏အကျင့်စရိုက်အား
သေချာမသိသေး၍ ဤရက်ပိုင်းတွင် သေချာစောင့်ကြည့်လေ့လာရပေဦးမည်။
ရှောင်ယွမ်နှင့် ရှောင်ပိုင် ရေချိုးပြီးနောက်
ထမင်းဝိုင်းမှာ အဆင်သင့်ဖြစ်ချေပြီ။ ယုန်သားမှာ နေ့လည်ကတည်းက ကုန်သွားလေပြီ။ ချင်းယွမ်၏ အမေ လာပို့ထားသော ကြက်ဥကိုသာ စွပ်ပြုတ်ကဲ့သို့ချက်ထားလေသည်။ စွပ်ပြုတ်မှာ ဆီမပါ မည်သည့်အရသာမျှ မပါချေ။ ဆားအနည်းငယ်သာထည့်၍ ပြုတ်ထားသည်။
ယခုခန္ဓာကိုယ်က နေပြန်ကောင်းခါစဖြစ်၍ ဤကဲ့သို့သော စွပ်ပြုတ်မှာ သင့်တော်ပေသည်။ သို့သော်လည်း အစားမက်သည့် ရှောင်ယွမ်တစ်ယောက် ကြိတ်ငိုနေမိသည်။
မဖြစ်ဘူး မဖြစ်ဘူး နည်းလမ်းရှာရမယ်
ငါ့ရဲ့ဟင်းခတ်အမွှေးအကြိုင်လေးတွေ ထုတ်သုံးမှဖြစ်မယ် တကယ့်ကို ရေလုံပြုတ်ဟင်းပဲ..
ညစာစားပြီးနောက် လင်းဟန်က ပန်းကန်များကိုဆေးပေးသည်။ ကောင်ကလေးက အရွယ်နှင့်မလိုက်အောင် အလွန်လိမ္မာရေးခြားရှိလေသည်။
တောရွာဖြစ်၍ ညမှောင်လာသည်နှင့် မီးမရှိချေ။ ရေနံဆီသုံး၍ မီးထွန်းနိုင်သော်လည်း ခက်ခဲနေသောဘဝတွင် အဘယ်က ရေနံဆီရနိုင်အံ့နည်း။
ထို့ကြောင့် တောသူတောင်သားများက စောစောအိပ်ယာဝင်ပြီး စောစောထတတ်ကြသည်။
ယခုမှကူးပြောင်းလာပြီး တစ်နေကုန်နီးပါး အိပ်ထားသည့် ရှောင်ယွမ်ကတော့ တက်ကြွတဲ့ကြက်ဖဖြစ်နေခဲ့သည်။ လူလစ်လျှင် နေရာလွတ်ထဲသို့ဝင်၍ လယ်စိုက်ရန်ပင် တွေးနေသည်။
ညစာစားပြီးနောက် တစ်မိသားစုလုံး ဘာမှလုပ်စရာမရှိတော့ချေ။ လရောင်၏အကူအညီဖြင့် အိမ်ရှေ့ရှိ
အပင်ကြီးအောက်မှ ကွပ်ပစ်ပေါ်တွင် ထိုင်လိုက်ကြသည်။
လုဖုန်းက စကားစပြောခဲ့သည်။
"နေရတာ သက်သာရဲ့လား
အန်တီလင်းက မင်းကို စိတ်ပူနေတာ"
"ကျွန်တော်သက်သာသွားပါပြီ
ဆေးကစွမ်းတယ်ထင်တယ်
ကြည့်ပါ့လား ခုလမ်းတောင်လျှောက်နိုင်နေပြီ"
"အင်း ဆေးက၂ရက်စာကျန်သေးတယ်
လမ်းလျှောက်နိုင်ပြီဆိုပြီး အလုပ်တွေမလုပ်နဲ့ဦး
တစ်ခုခုဆိုရင် လင်းဟန်ကို ခိုင်းလို့ရတယ်
လင်းဟန်မလုပ်နိုင်တာမျိုးဆိုရင်
ကိုယ်ပြန်လာရင်လုပ်ပေးမယ်
တစ်ခုခုလိုတာရှိရင်လည်း အားမနာနဲ့
ကိုယ့်ကိုပြောလို့ရတယ်"
လုဖုန်း၏စကားကြောင့် ရင်ထဲ နွေးထွေးသွားရသည်။ ရှောင်ယွမ်သည် ငယ်စဥ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး မိသားစုတစ်ခုအား လိုချင်ခဲ့ဖူးသည်။ သူ့အားဂရုစိုက်မည့်သူ၊စိတ်ပူပေးမည့်သူနှင့် သူဂရုစိုက်ပေးရမည့် သူအား လိုချင်ခဲ့သည်။ သို့သော် သူ
မကူးပြောင်းလာမှီအထိ သူ့ထံတွင် ချစ်သူရည်းစားထားရန် အချိန်ပင်မရှိခဲ့ချေ။ နေ့စဥ် အချိန်ပိုင်းအလုပ်၊ကျောင်းကိစ္စများနှင့် အချစ်ရေး အကြောင်းစဥ်းစားရန်ပင် မအားလပ်ခဲ့ပါ။
ရှောင်ယွမ်က မိမိကိုယ့်ကို အဖြောင့်ဟု အော်နေသော်ငြား သူ၏ဘဝတွင် မိန်းကလေးတစ်ယောက်ကိုမျှ မနှစ်သက်ခဲ့မှုချေ။ မည်သည့်ယောကျာ်းလေးကိုမျှလည်း ထိုကဲ့သို့စိတ်မျိုးဖြင့် မတွေ့ခဲ့မိလေရာ
မိမိကိုယ်ကိုကိုယ်ပင် သေချာမသိသေးပါ။
သို့သော် ယခုကူးပြောင်းလာပြီးနောက် သူ့၌ ကိုယ်ပိုင်မိသားစုတစ်ခုရှိလာသည်။ သူ့အားချစ်သော မိဘများလည်းရှိသည်။ ထို့ကြောင့် ဤကူးပြောင်းလာရသည့် ဘဝမှာချို့တဲ့သော်လည်း ပျော်ရွှင်နေမိသည်။ လုဖုန်းနှင့်လည်း အဆင်ပြေအောင် နေမည်ဟု သူတွေးထားသည်။
မကြာမီ လင်းဟန်ရောက်လာပြီး သူ၏အစ်ကိုနှင့်
ဟိုဟိုဒီဒီစကားများပြောပြီးနောက် အိပ်ယာဝင်ရန် အိမ်ထဲသို့ပြန်ဝင်လာကြသည်။ ရှောင်ပိုင်လေးမှာ သူ၏လက်ပေါ်တွင် အိပ်ငိုက်နေလေပြီ။
တစ်လုံးထဲသော ကုတင်အားကြည့်ပြီးနောက် ရှောင်ယွမ် မျက်နှာပူလာရသည်။
ငါတို့ကဘယ်လိုအိပ်ရမှာလဲ
ကုတင်ကတစ်လုံးပဲ ရှိတာ ဒုက္ခပါပဲ...
ညအမှောင်ထဲတွင် လုဖုန်း၏ နားရွက်များမှာလည်း
နီရဲနေခဲ့ပြီး သေချာကြည့်လျှင် မြင်နိုင်ပေသည်။
ယခင်ရက်များက ရှောင်ယွမ်တစ်ယောက် သတိမေ့နေ၍ ကလေးများနှင့် ရှောင်ယွမ်အား ကုတင်ပေါ်တွင်သာ အိပ်ခိုင်းခဲ့ပြီး သူက ကွပ်ပျစ်ပေါ်၌ အိပ်ခဲ့လေသည်။ ယခုမည်သို့ နေရာချထားရမည်မှန်း မသိတော့ချေ။
ရှောင်ယွမ်က ကုတင်ပေါ်သို့အရင်တက်ပြီး
အိမ်နှင့်ကပ်နေသည့် ဘယ်ဘက် အစွန်းဆုံးဘက်တွင် နေရာယူလိုက်သည်။ ထို့နောက် ရှောင်ပိုင်အား သူ၏ ညာဘက်တွင်သိပ်လိုက်သည်။ သို့နှင့်
သူက အိမ်ထရံနှင့် ရှောင်ပိုင်ကြားရောက်သွားသည်။
ထိုမှသာ လုဖုန်းလည်း ရှောင်ပိုင်၏ဘေးတွင် ဝင်၍လှဲလိုက်သည်။ လုဖုန်း၏ညာဘက်အစွန်းဆုံးတွင် လင်းဟန်လေးက အိပ်လေသည်။
လင်းဟန်သည် ငယ်ရွယ်သေးသော်လည်း ယောကျာ်းလေးဖြစ်၍ ချင်းယွမ်တို့နှင့် အတူ မအိပ်သင့်တော့ကြောင်း ခံစားမိသည်။
"ကိုယ် သစ်မာကောင်းကောင်းတွေ့တဲ့အခါ
ကုတင်တစ်လုံး ထပ်လုပ်ပေးမယ်"
"ကောင်းပါပြီ"
"ကောင်းသောညပါ လုဖုန်း"
"ကောင်းသောညပါ ချင်းယွမ်"
"အို့ ကောင်းသောညပါ မရီးနဲ့အစ်ကိုဗျ"
"မင်း! ခုထိ မအိပ်သေးဘူးလား"
"အိပ်ပါပြီဗျ အိပ်ပါပြီဗျ
အစ်ကိုကြီးတို့ရဲ့ စကားဝိုင်းကို
မနှောင့်ယှက်တော့ပါဘူးဗျ"
အသံတိတ် ရှက်ရွံ့နေမည့် လုဖုန်း၏ပုံသဏ္ဍန်အား
ပုံဖော်ပြီး ရှောင်ယွမ်တစ်ယောက် ကြိတ်၍ရယ်နေမိသည်။
မကြာမီတွင် လုဖုန်း၏အသက်ရှုသံ မှန်မှန်အား ကြားရသည်။ နာရီဝက်ခန့် ထပ်၍စောင့်ပြီး လူအားလုံး
အိပ်ပျော်နေကြောင်း အတည်ပြုလိုက်သည်။
ထို့နောက် နေရာလွတ်ထဲသို့ တိတ်တဆိတ်ဝင်သွားခဲ့သည်။
နေရာလွတ်ထဲတွင် ရှောင်ယွမ်ဝယ်၍ ထည့်ထားသည့် ပစ္စည်းအားလုံးများက အဆောင်အဦးကလေးရှိသည့်ဘက်တွင် နေရာတကျရှိနေသည်။ အစားအစာများက သိုလှောင်ခန်းထဲတွင် ရှိပြီး အခြားနေ့စဥ်သုံးပစ္စည်းများမှာ အမျိုးအစားအလိုက် ဘေးတွင် စီတန်း၍ ရှိနေသည်။
ဦးစွာ စမ်းချောင်းလေမှ ရေအားခပ်သောက်လိုက်သည်။ သိုလှောင်ခန်းထဲသို့သွား၍ ဆေးပတ်လည်အောင် ဆေးသောက်ပြီးနောက် ဘီစကစ်မုန့်စားပြီး ပဲနို့သောက်ရင်း ပတ်ကြည့်နေခဲ့သည်။
လယ်ယာသုံးပစ္စည်းများအစုံအလင်ရှိနေပြီ ဖြစ်၍
စတင်၍ စိုက်ပျိုးနိုင်ပြီ။ သို့သော် ရှောင်ယွမ်က တစ်ခါမျှ လယ်ယာမစိုက်ဖူးချေ။ မည်သို့စတင်ရမည်မှန်းလည်း မသိချေ။ ထို့ကြောင့် ဆန်စပါး၊ဂျုံ၊ပြောင်းစသည့် အပင်များ မစိုက်သေးဘဲ လွယ်ကူရိုးရှင်းသည့် သီးနှံပင်များစိုက်ရန် ကြံရွယ်ထားသည်။
တစ်ဖက်ခြမ်းသို့သွား၍ လေးထောင့်ဆန်ဆန်လယ်ကွက်အသေးလေး လေးကွက် ဖော်လိုက်သည်။ ထို့နောက် ခရမ်းချဥ်သီး၊ ပဲတောင့်ရှည်သီး၊
မုန့်ညှင်း နှင့် သခွားသီးတို့အား ဦးစွာ စိုက်ထားလိုက်သည်။ မျိုးစေ့ချပြီးနောက် စမ်းချောင်းထဲမှ ရေကိုသာခပ်၍ လောင်းလိုက်သည်။
အလုပ်ကြိုးစားပြီးနောက် ရှောင်ယွမ် သိသိသာသာ
ပင်ပန်းလာသည်။ မူလခန္ဓာကိုယ်က နေမကောင်းနေသည့်အပြင် သူကအလုပ်ဖိလုပ်နေမိသည်။ သို့နှင့်
စမ်းရေတစ်ခွက်သောက်ပြီး ပြန်ရန်ပြင်လိုက်သည်။
စမ်းရေသောက်ရန် ငုံလိုက်သည့်အခါ၌
ရေပေါ်တွင်ပေါ်နေသော ပုံရိပ်အား သတိလက်လွတ်ကြည့်နေမိသည်။ လူငယ်လေးမှာ နက်မှောင်၍သောဆံကေသာနှင့် မျက်ဝန်းကြည်ကြည်တောက်တော်ကလေးများရှိပြီး နှာတံသေးသေးလေးနှင့် နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးမှာ ထပ်တိုး၍အလှတိုးစေသည်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီက
လှပရုံသာမက အားလုံးပေါင်းလိုက်လျှင် သူ၏
ရိုးသားဟန်ပေါ်သော မျက်ဝန်းလေးနှင့် လူအပေါင်းအား ဖေးမပေးလိုစိတ်များဖြစ်စေသည်။
သူ၏မှတ်ဥာဏ်များအရ ခန္ဓာကိုယ်ပိုင်ရှင်က
အလွန်လှပသည်ဟု သိထားသော်လည်း ထိုမျှ မြင်သူတကာငေးမောရလောက်အောင် လှပလိမ့်မည်ဟု မထင်မိချေ။ မူလကိုယ်က နဂိုကတည်းက အိမ်ပြင်သိပ်မထွက်သည့်အပြင် ကျန်းမာရေးကလည်း မကောင်းလေရာ ဖြူဖက်ဖြူရော်နှင့် နေမကောင်းသည့် အလှလေးအသွင်ပေါ်စေသည်။
ရေထဲမှပုံရိပ်အားကြည့်ပြီး ရှောင်ယွမ်အလွန်ကျေနပ်နေမိသည်။ သူသည်လည်း ရုပ်ရည်ကြည့်ကောင်းသောကြောင့် ကျောင်းတွင် နာမည်ကြီးလေသည်။ သို့သော် ယခုလူငယ်လေးလောက် မဟုတ်ချေ။ ဤမျှ ချောမော၍ လှပသည့်လူငယ်လေးအား တစ်ခါမျှ မမြင်ဖူးခဲ့ပေ။