၁၀မိနစ်ခန့် ကိုယ့်ကိုကိုယ်ကြည့်၍ ချီးမွမ်းပြီးနောက် စိတ်ကျေနပ်သွားသည်။ စမ်းရေ၏အကျိုးအာနိသင်အား သိနေ၍ သောက်ကိုသောက်ရပေမည်။ စမ်းရေတစ်ခွက်သောက်ပြီး စမ်းရည်ဖြင့်ပင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်၍ ထွက်လာခဲ့သည်။
အပြင်သို့ရောက်သောအခါ လုဖုန်းနှင့်ကလေးများမှာ နိုးလာခဲ့သည့် ပုံမပေါ်ချေ။ ထိုမှသာ စိတ်သက်သာရာရသွားသည်။ နေရာလွတ်ထဲ၌ အချိန်အလွန်ကြာမြင့်ခဲ့သော်လည်း ပြင်ပလောကတွင် အမွှေးတိုင် တစ်တိုင်ခန့်ပင် မကြာသေးချေ။
ရှောင်ယွမ်က ပင်ပန်းလာသောကြောင့် ရှောင်ပိုင်လေးအားဖက်ပြီး ချက်ချင်း အိပ်ပျော်သွားသည်။
နံနက်မိုးသောက်သောအခါ လုဖုန်းက အရင်ဦးဆုံး နိုးလာခဲ့သည်။ လုဖုန်းအိပ်ယာမှထချိန်တွင် လင်းဟန်လေးပါ နိုးကာ သူ၏အစ်ကိုနှင့်အတူလိုက်၍ ထလေသည်။
"အိပ်ဦး စောသေးတယ်
အစ်ကိုကလုပ်စရာရှိလို့ ထတာ"
"ရတယ် ကျွန်တော် အိပ်ရေးဝပြီ အစ်ကို"
သို့နှင့် ညီအစ်ကိုနှစ်ယောက်အတူ အိပ်ယာထလိုက်ကြသည်။ မျက်နှာသစ်ပြီးနောက် လုဖုန်းက ရေပုံးအားဆွဲကာ မြစ်သို့သွား၍ ရေဆွဲလေသည်။ လင်းဟန်လေးက အိမ်တွင် ဆန်ပြုတ်ပြုတ်ရန် မီးဖိုဖို၍ ကျန်ခဲ့လေသည်။ အိမ်၌ စားသောက်စရာကုန်ကြမ်းမှာ မပေါလှချေ။ ဆန်ကြမ်း၁ကျင်း၊ ကြက်ဥ ၂လုံး၊ တောဝက်သားခြောက်အနည်းငယ်နှင့် ကန်စွန်းဥအချို့သာရှိသည်။ ထို့ကြောင့် ဆန်ကြမ်းကိုသာ ပြုတ်၍ မနက်စာအား ဖြစ်သလိုသာ စားလေ့ရှိသည်။
မီးခိုးနံ့က ရှောင်ယွမ့်အားနိုးလာစေသည်။ ဘေး၌ လုဖုန်းတို့အားမတွေ့ရသည့်အခါ ရှောင်ယွမ်လည်း ထလိုက်တော့သည်။ ရှောင်ပိုင်လေး မနိုးစေရန် ဖြေးငြင်းစွာ ကုတင်ပေါ်မှ ဆင်း၍ မျက်နှာသစ်လိုက်သည်။ သွားတိုက်တံနှင့် သွားတိုက်ဆေး မရှိကြောင်း တွေ့ရသည့်အခါ အနည်းငယ် စိတ်ဓါတ်ကျမိသွားသည်။ နေရာလွတ်ထဲမှ ဆားအနည်းငယ် ထုတ်၍သာ သွားတိုက်လိုက်ရသည်။
မနေ့ညက စမ်းရေ၂ကြိမ်သောက်ပြီးနောက် ခန္ဓာကိုယ်က သိသိသာသာ သက်သာလာကြောင်း တွေ့ရသည်။ မနေ့က လမ်းသာလျှောက်နိုင်သော်လည်း ယခု ရေပုံးပါ ထမ်းနိုင်လောက်မည်
ဟု ထင်မိသည်။
သူနိုးလာကတည်းက လုဖုန်းကမတွေ့ရချေ။ တစ်နေရာရာသို့ သွားပုံပေါ်သည်။ ထို့ကြောင့် လင်းဟန်လေးရှိသည့် မီးဖိုချောင်သို့သာ သွားလိုက်သည်။
"လင်းဟန် အစ်ကို ဘာကူပေးရမလဲ"
"မရီး နိုးပြီလား
သက်သာသလိုသာနေပါ
မရီးကဖြင့် အခုမှ နေကောင်းတာကို
ကျွန်တော်လုပ်နိုင်ပါတယ်ဗျ"
"အစ်ကို နေကောင်းနေပါပြီ
ပြီးတော့လေ အစ်ကိုကို့ အစ်ကိုယွမ်လို့ပဲခေါ်ပါ့လား "
"ဟင် မရီးက မရီးပဲဟာ
မရီးကို မရီးလို့ဘာလို့ခေါ်မရတာလဲ"
ကောင်းကွာ မရီးမခေါ်ပါနဲ့ဆို
၄ခါဆက်တိုက်ခေါ်ရတယ်လို့ ကောင်စုတ်လေး...
"အစ်ကိုယွမ်ဆိုတာကို ပိုပြီးကျင့်သားနေရနေလို့လေ
မရီး ဆိုတော့ နည်းနည်းတစ်မျိုးဖြစ်နေလို့
ရှောင်ပိုင်လေးကတောင် အစ်ကိုယွမ် လို့ခေါ်နေပြီ"
"အာ ဟုတ်လား ကောင်းပါပြီ
ဒါဆို မရီးကို အစ်ကိုယွမ်လို့ ခေါ်မယ်နော်"
"ယောင်လို့ အစ်ကိုယွမ်"
"ဟား ဟား လင်းဟန်ကလိမ္မာတယ်ကွာ"
"ရော့ နို့သကြားလုံး
ရှောင်ပိုင်လေးဖို့ရှိပြီသား ဒါက မင်းဖို့"
"ကျေးဇူးပါ အစ်ကိုယွမ်"
"ပေး အစ်ကိုသက်သာနေပြီ
အစ်ကို ချက်လိုက်မယ်
ရှောင်ပိုင်လေးကိုနှိုးပြီး မျက်နှာသစ်ပေးလိုက်"
"ဟုတ် ဒါဆိုလည်း ရှောင်ပိုင်ဆီသွားလိုက်မယ်
အစ်ကိုယွမ် မလုပ်နိုင်တာရှိရင် ခေါ်လိုက်နော်
ကျွန်တော် လာခဲ့မယ်"
"သွားပါကွာ ကလေးကပြန်စိတ်ပူပေးနေတယ်"
လင်းဟန်ထွက်သွားပြီးနောက် ရှောင်ယွမ်က
ဆန်ပြုတ်အိုးအားကြည့်လိုက်သည်။ တကယ့်ကို ဆန်ကိုရေနှင့်ပြုတ်ထားခြင်းဖြစ်သည်။ အသားနှင့်ပုဇွန်တို့ ပါဖို့နေနေသာသာ ကြက်ဥပင်မပါချေ။
နေရာလွတ်ထဲမှ သကြားနှင့်ဆားအနည်းငယ်ထုတ်ကာ မသိသာအောင်ထည့်လိုက်သည်။ ထို့နောက်
ကြက်သားမှုန့်အနည်းငယ်ကိုပါ ထည့်လိုက်၏။
အရသာထူးခြားနေသည်အား မသိသာစေရန်
ကြက်ဥတစ်လုံးဖောက်ထည့်ပြီး မွှေပေးလိုက်သည်။
သို့နှင့် ကြက်ဥဆန်ပြုတ်ဖြစ်သွားရသည်။
လုဖုန်း ရေသယ်၍ပြန်လာသောအခါ ရှောင်ယွမ်အား မီးဖိုထဲတွင်တွေ့လိုက်ရသည်။ ရေအား ရေစည်ထဲသို့ အမြန်ထည့်ပြီး ရှောင်ယွမ်ထံသွားလိုက်သည်။
"ဘာလို့ အစောကြီးထပြီး မီးဖိုထဲဝင်နေတာလဲ
အခုမှ နေပြန်ကောင်းတာကို
မနက်ခင်းလေက အေးသေးတယ်"
"ကျွန်တော် လုံးဝ နေကောင်းသွားပါပြီဗျာ"
"လင်းဟန်ကလည်း တားပါသေးတယ်
ကျွန်တော်ကကို ချက်ပေးချင်လို့ပါ"
"ဟင်း..."
လုဖုန်းက မနိုင်ဘူးဆိုသည့် သဘောနှင့် သက်ပြင်းချကာ ရေပုံးဆွဲ၍ ပြန်ထွက်သွားသည်။
"လုဖုန်း ဘယ်နှစ်ခေါက်လောက်ဆွဲရဦးမှာလဲ"
"ဒီတစ်ခေါက်ဆိုရပြီ"
"ကောင်းပါပြီ ခင်ဗျားပြန်ရောက်ရင်
ဆန်ပြုတ်ချက်လောက်ပြီ"
လုဖုန်း ရေထမ်းထွက်သွားသည်အားကြည့်ပြီး ရှောင်ယွမ်စိတ်မကောင်းဖြစ်နေမိသည်။ မြစ်သည် သိပ်မဝေးသော်ငြား ရေထမ်းရသည်မှာ မလွယ်ပါချေ။ သို့သော် ရွာထဲတွင် ရေတွင်းမှာလည်း ၂တွင်းသာရှိသည်။ ရွာလယ်တွင် ၁တွင်းနှင့် ရွာ၏မျက်နှာဖုံး
သူဌေးကြီးအိမ်တွင် ၁တွင်းရှိသည်။ မြစ်ကြီးရှိနေ၍ မည်သူသမျှ ရေတွင်းမတူးကြချေ။ ရေတွင်းတူးဖို့ရန် ငွေကြေးမတတ်နိုင်ဟု ဆိုသည်က ပို၍မှန်ပေလိမ့်မည်။ ရွာသားအများစုက မြစ်သို့သွားကာ ရေသယ်ကြသည်။
သူ့ပိုက်ဆံစုမိသည့်အခါ အိမ်ပြင်ပြီး ရေတွင်းတူးမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့တွင် ရွှေလက်ချောင်းရှိသောကြောင့် ငွေရှာရန်မှာ မခက်ခဲချေ။ သူ၏နေရာလွတ်အကြောင်း လုဖုန်းအား မည်သို့ ပြောပြရမည်မှန်း မသိတော့ချေ။ ၎င်းကသာ အခက်အခဲဖြစ်နေရသည်။
မကြာမီတွင် လုဖုန်းပြန်ရောက်လာပြီး ဆန်ပြုတ်လည်းကျက်သွားလေပြီ။ လင်းဟန်က ထမင်းဝိုင်းကူ၍ပြင်ပေးသည်။ ရှောင်ပိုင်အား ခုံပေါ်သို့ ချီ၍တင်ပေးပြီးနောက် မနက်စာစားကြလေသည်။
"ဟင် အစ်ကိုယွမ် ကောင်းလိုက်တာ"
"ချိုချိုလေး ကြက်ဥဆန်ပြုတ်မလား
အရမ်းအရသာရှိတာပဲ ဘယ်လိုချက်လိုက်တာလဲ"
"အစ်ကိုယွမ် ကောင်း"
ရှောင်ပိုင်နှင့် လင်းဟန်တို့ကချက်ချင်း ချီးကျူးလေသည်။ လုဖုန်းကလည်း နှစ်သက်သည့်ပုံပေါ်ပြီး စကားဆိုလာ၏။
"အင်း ကောင်းတယ်"
ရှောင်ယွမ် တစ်ယောက် ရှက်လာရသည်။ သာမန်ဆန်ပြုတ်တစ်ခွက်ကြောင့် ထိုကဲ့သို့ ချီးကျူးခံရလိမ့်မည်ဟု မထင်ခဲ့ချေ။
"ကြက်ဥထည့်လိုက်လို့ဖြစ်မှာပါ
အစ်ကို ဆားနည်းနည်းလည်း ထည့်လိုက်သေးတယ်လေ ဒါကြောင့် အရသာပိုကောင်းသွားတာ"
"ဖြေးဖြေး စားကြ ပူသေးတယ်နော်"
ဤသို့ဖြင့် သာယာသောနံနက်ခင်းလေးမှာ အရသာရှိသည့် ဆန်ပြုတ်တစ်ခွက်နှင့် ပြီးပြည့်စုံသွားလေသည်။ လုဖုန်းက သူလက်ထပ်လိုက်သည်မှာ
မှန်ကန်သည့်လုပ်ရပ်ဟု တွေးနေမိသည်။
စားသောက်ပြီးနောက် လုဖုန်းကတောင်ပေါ်သို့ တက်ရန် ပြင်လေသည်။ သူ့ထံတွင် ဖခင်ချန်ထားရစ်ခဲ့သော လေးနှင့်မြှားရှိလေသည်။ ထို့ပြင် ဓါးမြှောင်တစ်ချောင်းနှင့် ရေထည့်ရန် ဗူးသီးခြောက် ၁လုံး ယူသွားတတ်သည်။
လုဖုန်း၏ ဓါးမြှောင်မှာ အသွားတုံးနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ရှောင်ယွမ်၏နေရာလွတ်ထဲတွင်
ကမ္ဘာပျက်ကပ်ရောက်တော့မည်ဟုထင်ပြီး ဓါးအမျိုးအစားများစွာ ဝယ်ယူသိမ်းထားမိလေသည်။ သူထဲတွင် ထိုကဲ့သို့ ဓါးမြှောင်များရှိသော်လည်း မည်သို့ပေးရမည်အား မသိပါချေ။ ဤခေတ်တွင် ဓါးများမှာ ရှားပါးသည့်ထဲတွင် ပါဝင်သည်။ အိမ်တိုင်း၏ မီးဖိုချောင်ထဲတွင် အသားခုတ်သည့် ဓါး ၁လက်သာရှိတတ်ကြသည်။
လုဖုန်း ပြင်ဆင်နေသည်အားကြည့်ပြီး မေးလိုက်မိသည်။
"ခင်ဗျား ဘယ်အချိန်လောက်ပြန်ရောက်နိုင်လဲ"
"ဒီနေ့ တောင်အတွင်းပိုင်းထိသွားဖို့ စီစဥ်ထားတယ်
မင်းလည်း သက်သာလာပြီဆိုတော့
တောကောင်ကြီးကြီးရအောင် သွားရှာချင်တယ်
ကလေးတွေနဲ့ နေ့လယ်စာစားထားလိုက်ပါ
ကိုယ့်ကို မစောင့်နဲ့
ညနေလောက်မှ ပြန်ရောက်နိုင်တယ်"
"ဒါဆို တောထဲမှာ နေ့လယ်စာ ဘယ်လိုစားမှာလဲ"
"တောထဲမှာ အသီးတွေပေါပါတယ်ကွာ
ကိုယ့်ကို စိတ်မပူနဲ့
မင်းသာ ဂရုစိုက် အပြင်ကိုမသွားနဲ့ဦး"
"ကျွန်တော်မသွားပါဘူး ခဏနေဦး
အဆာပြေစားဖို့ ပေးလိုက်ဦးမယ်"
ချင်းယွမ်လက်ထပ်ဝင်ရောက်လာချိန်ကပါလာသည့် သေတ္တာအတွင်းသို့ နှိုက်ယူလိုက်သည့်ပုံပြပြီး
နေရာလွတ်ထဲမှ ဆန်မုန့်ခြောက်အား ထုတ်ယူလိုက်သည်။ ဆန်မုန့်ခြောက်မှာ ပလတ်စတစ်အိတ်နှင့်ဖြစ်နေရာ ဒီတိုင်းပေးလိုက်၍ မရချေ။ မီးဖိုချောင်ထဲမှ
ထုတ်ပိုး၍ရသည့် အမည်မသိသော သစ်ရွက်ကြီး၁ရွက်အားယူ၍ ထုပ်ပေးလိုက်သည်။
"ကျွန်တောင် အရင်တုန်းကလုပ်ထားတဲ့ မုန့်ခြောက်
ဗိုက်ဆာတဲ့အခါ အဆာပြေစားလို့ရတယ်
ယူသွားလိုက်နော်"
လုဖုန်း၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
လုဖုန်း၏ရင်ထဲတွင် နွေးထွေးသွားရသည်။
သူ၏မိဘများဆုံးပါးသွားပြီးနောက် သူသာလျှင် အစ်ကိုကြီး အဖရာ ညီငယ်များအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်။ အားတင်းကာ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမျှ မယူခဲ့ချေ။ ယခု သူနှင့်လက်ထပ်ထားသည့် ကောလေးက ကြင်နာပေးသည့်အခါ ကြည်နူးရသည်။
"ကောင်းပြီ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာလား မိသားစုတွေကို
လမ်းမှာ ဂရုစိုက်ရမယ်နော်
တောကောင် ရတာ မရတာက အရေးမကြီးဘူး"
"အစ်ကိုကြီး လမ်းခရီးဖြောင့်ဖြူးပါစေဗျ"
ရှောင်ယွမ်နှင့် လင်းဟန်က နှုတ်ဆက်နေစဥ်တွင် ရှောင်ပိုင်လေးကလည်း လက်ပြနှုတ်ဆက်လေသည်။
လုဖုန်းမှာ ဒါမျိုးကို အိမ် လို့ခေါ်တာလား နွေးထွေးလိုက်တာဟု တွေးမိသွားစေသည်။ တောကောင်ဖမ်းရန် ပို၍ပင် အားတက်လာရသည်။