လုဖုန်းထွက်ခွာသွားပြီးနောက် လင်းဟန်က သူ၏ပုံမှန်အလုပ်ဖြစ်သည့် ထင်းများအားပေါက်လေသည်။ ၁၁နှစ်ဆိုသည့် အရွယ်မှာ ခေတ်သစ်တွင် ငယ်ရွယ်သေးလေး ကလေးအရွယ်သာဖြစ်လေရာ
လင်းဟန်အား ထိုအလုပ်များ မလုပ်စေချင်ပေ။
သို့သော် ကောင်ကလေးအား တား၍မရပေ။ သူလုပ်နိုင်သည်ဟုသာ ဆိုလေသည်။ သစ်တုံးကြီးများကို မပေါက်ရန်နှင့် ထင်းစိုက်၍ရသည့် သစ်တိုအရွယ်များသာ ပုဆိန်နှင့် ပေါက်ပေးရန် မှာရလေတော့သည်။
ရှောင်ပိုင်က ချင်းယွမ်အား အလွန်ကပ်လေသည်။ ချင်းယွမ်မရှိခင်က ဤကဲ့သို့ လုဖုန်း တောင်ပေါ်တက်သည့်အချိန်မျိုးတွင် သူတို့ ညီအစ်ကိုနှစ်ယောက်မှာအထီးကျန်စွာနေခဲ့ရသည်။
ရှောင်ပိုင်လေးအား နို့သကြားလုံး တစ်လုံးကျွေးလိုက်သည်။
"အစ်ကိုငယ်ကို ကျွေးပြီးပြီ
ဒါက ရှောင်ပိုင်ဖို့
ခုစားမလား သိမ်းထားမှာလား"
"အခု စားမယ်"
"ရှောင်ပိုင်လေးပျင်းနေပြီလား
အစ်ကိုယွမ်နဲ့ တူတူပုန်းတိုင်းဆော့မလား"
"ဘယ်လို ဆော့ရ တာလဲ"
"အစ်ကိုယွမ်ကပုန်းမယ် ရှောင်ပိုင်လေးက
လိုက်ရှာရမှာ အစ်ကို့ကိုတွေ့အောင်
ရှာနိုင်ရင် ရှောင်ပိုင်လေးကနိုင်မယ်"
"ဟုတ် ဆော့မယ်"
"အင်း အစ်ကိုက အိမ်ထဲမှာပဲ ပုန်းမယ်
မီးဖိုခန်းထဲမပုန်းဘူး ရှောင်ပိုင်လည်း
မသွားရဘူး အန္တရာယ်များလို့နော်
အစ်ကိုတို့ ဒီဧည့်ခန်းလေးမှာပဲ ဆော့ကြမယ်
အိမ်ပြင်လည်း မထွက်ဘူး "
"ဟုတ်"
"ရှောင်ပိုင်က မျက်စိခဏမှိတ်ထားပေး
ပြီးရင် အစ်ကိုကိုလိုက်ရှာလို့ရပြီ"
"ဟုတ်"
ရှောင်ပိုင်လေးက သူ၏လက်သေးသေးလေး
နှစ်ဖက်ဖြင့် မျက်လုံးများကိုအုပ်၍ ကုတင်ပေါ်တွင် ထိုင်နေသည်။ နေရာလွတ်ထဲသို့ဝင်ပြီး မနေ့ညကစိုက်ထားသည့် အပင်များ၏အခြေအနေအားကြည့်ချင်၍ ဖြစ်သည်။ နေရာလွတ်နှင့် လက်ရှိကာလ အချိန်မှာ အစပေါင်းသောင်းချီ ကွာခြားလေရာ
တခဏခန့် ဝင်ရဲလေသည်။ သို့မဟုတ်ပါလျှင်
ကလေးအား တစ်ယောက်ထဲ ထားခဲ့ရဲလိမ့်မည် မဟုတ်ချေ။
နေရာလွတ်ထဲသို့ရောက်သောအခါ အံ့အားသင့်ဖွယ်ကောင်းစွာပင် မနေ့ညကစိုက်ပျိုးခဲ့သည့်
အပင်အားလုံးမှာ ကြီးနေလေပြီ။ ခရမ်းချဥ်သီးပင်များက အပင်ကြီး၍ အချို့အသီးများပင် မှည့်နေသည်။ သခွားသီးနှင့် ပဲတောင့်ရှည်များလည်း
သီးနေကြပြီး မုန့်ညှင်းပင်များက အနေတော်
အရွယ်သို့ရောက်နေကြလေပြီ။ ဤကဲ့သို့ ချက်ချင်း ကြီးလာလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။ အချိန်ကာလကွာခြားချက်အရ အချိန်အနည်းငယ်နောက်ကျလိမ့်မည်ဟုပင် ထားခဲ့သေးသည်။
ယခု အပင်အားလုံးများ ခူးဆွတ်ရိတ်သိမ်း၍
ရနေလေပြီ။ အိမ်လေးထဲသို့ဝင်ပြီး ခြင်းတောင်းများ ယူလာခဲ့သည်။ ခရမ်းချဥ်သီး၊သခွားသီးနှင့် ပဲတောင့်ရှည်များကို ခူး၍ ခြင်း၃ခြင်းခွဲထည့်ရသည်။ မုန့်ညှင်းရွက်များမှာ ဒီတိုင်းထား၍ ရနိုင်သည့် အနေအထားတွင် ရှိနေ၍ အနည်းငယ်သာ ခူးခဲ့သည်။
ညနေရေချိုးစဥ်က အိမ်နောက်ဖေးတွင်
သီးပင်များစိုက်ပျိုးထားသည့် ခြံငယ်လေးအားတွေ့မိသည်။ ထိုအပင်များကြားတွင် သခွားပင်နှင့် ခရမ်းချဥ်သီးပင် ရှိလေရာ ခြံထဲမှ ခူးလာသည့်ပုံ
ဟန်ဆောင်၍ ရလေသည်။
သခွားသီး ၂လုံးနှင့် ခရမ်းချဥ်သီးအမှည့် ၆လုံးခန့်ကို ယူ၍နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။ ယခုအခါတွင် အလွန်လျင်မြန်စွာ အလုပ်လုပ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှောင်ပိုင်လေးမှာ
မျက်စိပိတ်လျက်သားလေးသာရှိသေးသည်။
သခွားသီးနှင့် ခရမ်းချဥ်သီးများကို နောက်ဖေးမှ
ခြံလေးထဲသို့ သွား၍ဝှက်ထားလိုက်သည်။
ထို့နောက် ဗီဒိုနောက်တွင် ဝင်၍ ပုန်းနေလိုက်သည်။
ရှောင်ပိုင်က မျက်လုံးပေါ်မှ လက်ချောင်းလေးများ ကြားထဲမှ အပြင်အား ချောင်းကြည့်လိုက်သည်။
သူ၏ရှေ့တွင် မည်သူမျှမရှိတော့သည်အား
တွေ့ရသည့်အခါ ကုတင်ပေါ်မှ ဆင်း၍ လိုက်ရှာလေသည်။
ပထမဦးစွာ ကုတင်အောက်သို့ ငုံ့ကြည့်၏။
အမယ် မဆိုးဘူး ရှောင်ပိုင်က ဥာဏ်ကောင်းသားပဲ..
ချင်းယွမ်၏ ချီးကျူးနေသည့် အတွေးမဆုံးလိုက်ပါချေ။ ထို့နောက် စားပွဲပေါ်မှ မြေအိုးအဖုံးအား လှပ်ကြည့်လေသည်။
ဟမ် အဲဒီအိုးလေးထဲ
ငါကဘယ်လိုလုပ်ဝင်လို့ရမှာလဲ ပေါက်စရယ်...
ကုန်း၍ရှာလိုက် ခြေဖျားလေးထောက်၍ စားပွဲပေါ်သို့ မော့ကြည့်လိုက်နှင့် နောက်ဆုံးတွင် ချင်းယွမ်
ရှိသည့် ဗီဒိုနားရောက်လာသည်။ ဗီဒိုအား ဆွဲကြည့်သေးသည်။ သို့သော် သူ၏ကလေးအားနှင့် ဆွဲမရချေ။ ထို့နောက် ဗီဒိုနောက်မှ ချင်းယွမ်အားတွေ့သွားလေသည်။
အင်း ကလေးရှာလို့တွေ့အောင် ကိုယ်တစ်ဝက်လောက် အပြင်ထုတ်ပြလိုက်ရတယ်...
"အား ယွမ်ကောကော တွေ့ပြီ ခစ်ခစ်ခစ်"
"ရှောင်ပိုင်လေးက တော်လိုက်တာကွာ"
ချင်းယွမ်က ရှောင်ပိုင်အား မြှောက်၍ချီလိုက်သည်။ ရှောင်ပိုင်လေးမှာ ဒီရက်ပိုင်းအတွင်း သိသိသာသာ သက်ဝင်တက်ကြွလာလေသည်။ ခြံထဲမှ အသီးကိစ္စအား ရှင်းရဦးမည်ဖြစ်၍ ရှောင်ပိုင်လေးအား ခေါ်ကာ အသီးခူးမည်ဟုပြောလိုက်သည်။
"အစ်ကိုတို့ အသီးသွားခူးမယ်
နေ့လည်ကျရင် ချက်စားမယ် ဟုတ်ပြီလား"
"ဟုတ်"
"ရှောင်ပိုင်လေးက သေချာရှာရမယ်နော်"
"ဟုတ်"
မီးဖိုထဲမှ ခြင်းပေါက်စလေးအားဆွဲ၍ အပင်များကြားဝင်လိုက်သည်။ ကြိုတင်စီစဥ်ထားသည့်အတိုင်း သခွားသီးများကို အပင်မှတွေ့၍
ခူးလိုက်သည့်ဟန် လုပ်ပြခဲ့သည်။
"ရှောင်ပိုင် ဒီမှာကြည့်
သခွားသီး ၁လုံးရပြီ
ရှောင်ပိုင်လေးရော တွေ့မလား ရှာကြည့်"
ရှောင်ပိုင်က သခွားသီးနောက်၁လုံးအား
တွေ့သွားသည်။ ထို့နောက် ခရမ်းချဥ်သီးများကိုလည်း ထိုနည်းလည်းကောင်း ကြံစည်၍ ရှောင်ပိုင်လေးနှင့် အတူ ကောက်လိုက်ကြသည်။
"ရှောင်ပိုင်က တော်တယ်ကွာ
ကြည့်ဦး အသီးတွေအများကြီးတွေ့တာပဲ"
"ဟီး ဟီး"
"ရှောင်ပိုင်လေးတို့ကို
အစ်ကိုက နေ့လည်စာ
ကောင်းကောင်းချက်ကျွေးမယ်"
"လင်းဟန်ရေ လာနားဦး
ရှောင်ပိုင်လေးကိုကြည့်ထားပေး
အစ်ကို နေ့လည်စာ ပြင်ဆင်လိုက်ဦးမယ်"
"ရော့ အဆာပြေ
ညီအစ်ကို၂ယောက် ခရမ်းချဥ်သီး ၁လုံး
စားထားလိုက်ကြနော်"
"ဟင် အစ်ကိုယွမ်
ခရမ်းချဥ်သီးက ဘယ်ကရတာလဲ "
"နောက်ဖေးခြံထဲကလေ
ခုလေးတင် ရှောင်ယွမ်နဲ့ခူးလာတာ
ဒီအသီးကလည်း ရှောင်ယွမ်တွေ့တာ"
"အစ်ကိုငယ် သား တွေ့"
"ကျွန်တော် မနေ့ကသွားရှာသေးတယ် မတွေ့ဘူး
မျက်စိမှောက်တာထင်တယ်
အား တို့ ရှောင်ပိုင်လေးက တော်တယ်ဗျာ"
ကလေးနှစ်ယောက်အား ခရမ်းချဥ်သီး
၁လုံးပေးခဲ့ပြီး မီးဖိုချောင်သို့ ဝင်လိုက်သည်။
သခွားသီးကြော်ပြီး ခရမ်းချဥ်သီးကြက်ဥချက်ရန်
စီစဥ်ထားသည်။ နေရာလွတ်ထဲမှ ဆီအနည်းငယ်အား အိမ်ရှိ မြေအိုးလေးထဲသို့ ခိုးထည့်ထားလိုက်သည်။
သခွားသီးအား ရေဆေးကာ နေရာလွတ်ထဲမှ
ဓါးဖြင့်ပင် ခပ်ပါးပါးလှီးလိုက်သည်။ ဆားနှင့်
ရေညှိမှုန့်အနည်းငယ်ထည့်ကာ ဆီအနည်းငယ်ဖြင့်
ကြော်လိုက်၏။ သခွားသီး၏ လက်ဆတ်သော
အရသာအား မပျော်စေရန် မီးအေးအေးဖြင့်
ခေတ္တခဏသာ ကြော်ပေးသည်။
ထို့နောက် ခရမ်းချဥ်သီးများကို အတုံးအသေးလေးများတုံး၍ ဆီအနည်းငယ်နှင့် ချက်လိုက်သည်။
ခရမ်းချဥ်သီးအဖက်များ ကြေမွသွားသောအခါ
ဆားအနည်းငယ်နှင့် ကြက်သားမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ခန့်ထည့်သည်။ ကြာကြာမွှေပေးပြီးနောက် ရေထည့်ကာ ကြက်ဥပါ ဖောက်ထည့်လိုက်သည်။ မီးဖိုပေါ်တွင် ခေတ္တတင်၍ တည်ထားလိုက်သည်။
အမွှေးရနံ့ကြောင့် ကလေး၂ယောက်မှာ သွားရည်ယိုနေလေပြီ။ သူတို့ဘဝတွင် ထိုမျှမွှေးကြိုင်သော ဟင်းများအား မစားဖူးပါချေ။ နှာခေါင်းလေး တရှုံ့ရှုံ့နှင့် အနံ့ခံနေကြသည်။
ခရမ်းချဥ်သီးကြက်ဥချက် ကျက်သွားသည့်အခါ
မြေပန်းကန်ထဲသို့ ပြောင်း၍ထည့်လိုက်သည်။
လင်းဟန်က မြေအိုးအား သူဆေးပေးမည်ဟုဆို၍ သူ့ကိုသာ ပေးလိုက်တော့သည်။ မနက်က ဆန်ပြုတ်ကျန်သေးသည့်အတွက် ဆန်ပြုတ်နှင့် ဟင်း၂ခွက်စားရပေမည်။ သူ၏စိတ်အတိုင်းသာဆို ထမင်းဖြူချက်စားချင်မိသည်။ သို့သော် ဆန်များက လေထဲမှရောက်လာ၍ မဖြစ်ချေ။