ချင်းယွမ် ထမင်းဝိုင်းပြင်နေသည့်အချိန်၌
အမေလင်း ရောက်လာခဲ့သည်။ အပေါ်တွင်
အဝတ်ဖြင့်အုပ်ထားသည့် ခြင်းတောင်းကလေးအား ပိုက်ကာ အိမ်ထဲသို့ဝင်လာသည်။
"ဟင် သားယွမ်ကောအာ သက်သာသွားပြီလား"
မနေ့ကအထိ အိပ်ယာထဲတွင် လဲနေသော ချင်းယွမ်အား အကောင်းအတိုင်းမြင်ရသည့်အခါ အနည်းငယ် အံ့သားသင့်သွားပုံပေါ်သည်။
"အမေ နေ့ပူကြီးကို ဘာလို့လာတာလဲ
ထိုင် ထိုင် "
"လုဖုန်း တောထဲသွားရင်
သားတို့၃ယောက် စားဖို့ဟင်းမရှိမှာစိုးလို့
အမေ လာပို့ပေးတာ "
"အမေရယ် စိတ်မပူပါနဲ့
သားတို့ ဟင်းတောင်ချက်ပြီးပြီ
လင်းဟန်လေးကလည်း အရမ်းလိမ္မာတာ
ကျွန်တော့်ကို သူပဲကူညီပေးနေတာလေ"
မီးဖိုထဲမှထွက်လာသော လင်းဟန်က
ရှက်ပြုံးပြုံး၍ ခေါင်းကုတ်လေသည်။
"အမေ ကျွန်တော်တို့နဲ့ ဝင်စားသွားလိုက်နော်
ဟင်းတွေကအများကြီးချက်ထားတာ
လုဖုန်းက ညနေမှပြန်လာမှာတဲ့"
အမေလင်းက အသည်းအသန်ငြင်းလေသည်။
"ရော့ အမေက
ကလေးတွေအတွက်ဘန်းမုန့်တစ်ချို့နဲ့
သားဖို့ ဆန်ပြုတ် ယူလာခဲ့တယ်"
"အိမ်မှာ ဆန်ပြုတ်တွေရှိသေးတယ်
လာပါဗျာ တစ်ခါတည်းစားသွားလိုက်ပါ အမေရဲ့
လုဖုန်းကညနေမှ ပြန်ရောက်မှဆိုတော့
သားတစ်ယောက်ထဲပျင်းနေမှာ
သားတို့နဲ့ နေပေးပါဦးဗျာ"
"အန်တီလင်း
အစ်ကိုယွမ်က အန်တီလင်းကို သတိရနေတာတဲ့
နေ့လည်စာ အတူစားသွားလိုက်ပါဗျာ"
လင်းဟန်ကပါ ဝင်၍ ပြောနေသည့်အတွက် အမေလင်း လက်လျှော့လိုက်ရသည်။
"ကောင်းပြီ
အမေယူလာတဲ့ ဘန်းမုန့်ပဲစားမယ်
သားတို့ဆန်ပြုတ်က လုဖုန်းအတွက် ချန်ထားရဦးမယ်လေ"
"အမေ့သဘောပါဗျာ
ဒီ၂ခွက်က သားချက်ထားတာ
ဘန်းမုန့်နဲ့လိုက်ဖက်တယ်
အမေ ထည့်စား"
သို့နှင့် လေးယောက်သား ထမင်းစားပွဲဝိုင်းလေးတွင်
အတူထိုင်၍ စားကြလေတော့သည်။
"ကြည့်ဦး ယွမ်ကောလေးက
ဟင်းချက် လက်ရာတိုးတက်လာတာပဲ
အမေနဲ့ခွဲတာ ရက်ပိုင်းပဲရှိသေးတယ်
ပိုတော်ပြီး လိမ္မာလာပြီပေါ့လေ"
"အိမ်နောက်ဖေးက လတ်လတ်ဆတ်ဆတ်
အသီးတွေခူးပြီး ချက်ထားလို့ပါ အမေရယ်"
အမေလင်းက ဘန်းမုန့် ၁ခုနှင့် သူနှင့်အတူပါလာသည့် ဆန်ပြုတ်အား သောက်ပြီး သူ၏ အခြားဘန်းမုန့် ၂ခုကို ညနေစာအတွက် ချန်ထားခိုင်းသည်။
"လုဖုန်းလိုလူကြီး တစ်ယောက်က
ဘယ်လိုလုပ်ပြီး ဆန်ပြုတ်လေးနဲ့ ဗိုက်ဝပါ့မလဲ
ဘန်းမုန့် ၂ခုက ညနေသူပြန်လာရင် စားပါစေ"
ထမင်းစားပြီးနောက် လင်းဟန်က ပန်းကန်များဆေးပေးမည်ဟု ဆိုကာ သိမ်းသွားသည်။ အမေလင်းကလည်း လင်းဟန်၏နောက်သို့ လိုက်ကာ ကူညီပေးလေ၏။ ချင်းယွမ်အား နေမကောင်းသေးသည်ကို အကြောင်းပြ၍ ဘာကိုမှမလုပ်ခိုင်းချေ။
အမေလင်းက ကျန်းမာရေးမကောင်းသောကြောင့် ထမင်းစားနေစဥ်တွင် ရေအိုးထဲသို့ စမ်းရေတစ်စက်ထည့်ခဲ့သည်။ သာမန်လူများက စမ်းရေအားတိုက်ရိုက်သောက်နိုင်ပါ့မည်လား မသိသောကြောင့် အနည်းငယ်သာ ထည့်၍ရေနှင့်ရောလိုက်သည်။
ချင်းယွမ်နှင့်ရှောင်ပိုင်က အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် ထိုင်၍ စောင့်နေကြသည်။ ပန်းကန်များဆေးကြောပြီးနောက် အမေလင်းတို့ပါ အတူရောက်လာသည်။
သူတို့တွင် လယ်ယာမရှိသောကြောင့် ချို့တဲ့ သော်ငြား နေ့လယ်ခင်းတွင် လုပ်စရာမရှိ၍ အားနေတတ်သည်။ အမေလင်းနှင့်အတူ စကားစမြည်းပြောရင်း အချိန်ဖြုန်းနေခဲ့ရသည်။
အချိန်အတော်ကြာအောင်နေပြီးနောက် အမေလင်းက အိမ်ရှိကြက်များကို ခွေးဆွဲမည်ဆိုး၍ ပြန်ရမည်ဟု ဆိုလာခဲ့သည်။ အမေလင်း၏အိမ်သည် သန့်ပိုင်ရွာကလေး၏အစွန်အဖျားတွင်ရှိသည်။ ယခု ချင်းယွမ် လက်ထပ်သွားသောအခါ အိမ်တွင် သူ့တစ်ယောက်ထဲသာဖြစ်နေသည်။ ချင်းယွမ်က အမေလင်းအား အတူခေါ်ထားချင်သော်လည်း မိမိတို့အိမ်၏ အခြေအနေအား ထည့်သွင်းစဥ်းစားမိသောအခါ ငြိမ်နေလိုက်ရသည်။
အင်း ပိုက်ဆံအမြန်ရှာနိုင်မှဖြစ်မယ်
အမေကလည်း ကျန်းမာရေးက အကောင်းကြီးမဟုတ်ဘူး...
"အမေ ဒီမှာ ခရမ်းချဥ်သီး၃လုံး ယူသွားပါဦး
သားတို့အတွက်က ခရမ်းချဥ်သီးနဲ့
ကြက်ဥချက်ကျန်သေးတယ်
အိမ်ကအပင်မှာ နောက်နေ့ဆို ခူးရမယ့်
အသီးတွေကလည်း အများကြီးပဲ"
ချင်းယွမ် အကြိမ်ကြိမ် ပြောဆိုပြီးနောက်မှသာ ခရမ်းချဥ်သီးအား ယူသွားလေသည်။
အမေလင်းပြန်သွားပြီးနောက် ကလေး၂ယောက်နှင့်အတူ နောက်ဖေးက ဥယျာဥ်ခြံအား ပေါင်းနှုတ်လိုက်ကြသည်။ ရှေ့လျှောက် နေရာလွတ်ထဲမှ အပင်များအား ဤခြံသို့ ရွှေ့စိုက်ရလိမ့်မည်။ စမ်းရေ၏အကျိုးသက်ရောက်မှုကြောင့် ဤအသီးအနှံများကလည်း သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။
ချင်းယွမ်တစ်ယောက် ပေါင်းပင်များနှုတ်ရင်း စဥ်းစားတွေးတောနေမိသည်။ သူက ပိုက်ဆံရှာချင်သော်လည်း ဘာမှမလုပ်တတ်ပါချေ။
သူဖတ်ဖူးသည့် ဝတ္ထုများကဲ့သို့ ရှေးခေတ်၌ ဟင်းအသစ်အစမ်းများချက်၍ ရောင်းချရအောင်ကလည်း သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေဖြင့် သူ့တစ်ကိုယ်စာကိုသာ ကောင်းစွာချက်တတ်ပေ၏။
ဟော့ပေါ့လုပ်ရောင်းရန် တွေးမိခဲ့သော်ငြား သူက ဟော့ပေါ့အား စားသာစားတတ်ပြီး ဟော့ပေါ့အနှစ်အား မလုပ်တတ်ကြောင်း သတိရသွားပြန်သည်။
ကောင်းကွာ
စားပဲစားတတ်တယ် ဘာမှမလုပ်တတ်ဘူး
အေးတာပဲ...
ဖတ်ဖူးသမျှဝတ္ထုမျိုးစုံအား ပြန်၍စဥ်းစားပြီး အကြံမျိုးစုံထုတ်နေခဲ့သည်။ နောက်ဆုံး၌ သူ၏ ရွှေလက်ချောင်းဖြစ်သော နေရာလွတ်ထဲမှ သီးနှံများမှာ သာမန်ထက် ထူးကဲစွာ အရသာရှိကြောင်း သတိထားမိသည်။ ထို့ကြောင့် သူ၏ ငွေရှာမည့် ပထမခြေလှမ်းအား ဟင်းသီးဟင်းရွက်ရောင်းဖြင့် စတင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
လုဖုန်းအား သူ၏နေရာလွတ်အကြောင်းပြောပြထားမှ ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင် မည်သို့ အလုပ်တွင်မည်နည်း။ ဒီရက်ပိုင်းတွင် လုဖုန်းအားလေ့လာကြည့်ရာ သူက ရိုးသားကြိုးစားပြီး အားကိုးထိုက်သော သူဖြစ်ကြောင်း သတိထားမိခဲ့သည်။ သူ၏အတွင်းစိတ်ထဲ၌လည်း လုဖုန်းကယုံကြည်အားကိုး၍ရသည် ဟုထင်မိသည်။
ပေါင်းနှုတ်ပြီးနောက် လက်ဆေးကာ ညနေစာအတွက် ထပ်မံစီစဥ်ရပေဦးမည်။ လုဖုန်းက သားကောင်ရ၏ မရ၏ မသေချာသေးသောကြောင့် ဟင်း၁ခွက်တော့ ကြိုတင်ပြင်ဆင်ထားရမည်။
သခွားသီးတစ်လုံးကျန်နေသေး၍ သခွားသီးနှင့်ကြက်ဥ သုပ်ရန် စီစဥ်လိုက်သည်။ ကြက်ဥအား ဦးစွာပြုတ်ထားလိုက်၏။ သခွားသီးအား ပါးပါးလှီးကာ ဆား၊ကြက်သားမှုန့်၊ရှာလကာရည်နှင့် နေကြာဆီအနည်းငယ်ထည့်၍ သုပ်လိုက်သည်။ ကြက်ဥပြုတ်ကျက်သည့်အခါ ကြက်ဥပြုတ်အား လှီး၍ထည့်လိုက်၏။ နေရာလွတ်ထဲမှ ခရမ်းချဥ်သီး ၁လုံး ယူကာ အတုံးလေးများလှီး၍ အတူနှယ်လိုက်သည်။
ကြက်ဥအနှစ်များက ချေသွားပြီး ခပ်ဆိမ့်ဆိမ့်အရသာလေးထွက်လာသည်။ အသီးများ၏ လတ်ဆတ်သော အရသာနှင့်အတူ ချိုချို ချဥ်ချဥ် အရသာရှိသည့် အသုပ်တစ်ပွဲဖြစ်သည်။ ငရုတ်သီးအလှော်မှုန့်ထည့်လျှင် ပို၍အရသာကောင်းမွန်သော်လည်း ဤဒေသ၌ ငရုတ်သီးမရှိ။
သူ၏မှတ်ဥာဏ်များအရ သန့်ပိုင်ရွာကလေးအပြင် မြို့ပေါ်၌ပင် စပ်သည့်အရသာအား မစားဖူးကြချေ။
ကလေး၂ယောက်အား မြည်းကြည့်ခိုင်းလေရာ သူတို့ကလည်း ကြိုက်ကြသည်။
ညနေ နေဝင်လုနီးပါးအချိန်၌ လုဖုန်းတစ်ယောက် တောဝက်ကြီးအား ထမ်းကာ ပြန်ရောက်လာခဲ့သည်။
"ယေး အစ်ကိုကြီး ပြန်လာပြီကွ"
"တောဝက်ကြီး ဖမ်းမိလာတယ်
အစ်ကိုကြီး အရမ်းတော်တာပဲဗျာ"
"အစ်ကိုကြီး တော်...တယ်
ဝက်...ဝက်သား"
ချင်းယွမ်ကလည်း အပျော်ကူးစက်ကာ
ကလေးများနှင့်အတူ ပြုံး၍ကြည့်နေမိသည်။
ခပ်လှမ်းလှမ်းမှလျှောက်လာသော လုဖုန်းသည် အိမ်ရှေ့တွင် သူ့အားထွက်၍ကြိုနေသည့် လူကြီးပေါက်စလေးနှင့် ကလေး၂ယောက်အား ကြည့်ကာ ယနေ့တစ်နေ့တာ ပင်ပန်းရခဲ့သမျှ ပြေပျောက်သွားရသည်။