လုဖုန်းက တောဝက်ကို အိမ်ရှေ့ကွပ်ပျစ်နားတွင်
ချထားလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် တောဝက်၏သွေးများ စွန်းထင်းနေလေသည်။ တောင်ပေါ်သို့မတက်မှီက ဝတ်ဆင်သွားခဲ့သည့်
အင်္ကျီအဟောင်းလေးမှာ ပို၍စုတ်ပြဲလာသည်။ သို့သော်လည်း ထိုကဲ့သို့ ညစ်ပတ်ပေရေမှုများက သူ၏ချောမောမှုအား အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။
ရှောင်ယွမ်သည် လုဖုန်းအား ပြုံး၍သာကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ အတွေးပေါင်းစုံဖြတ်ပြေးနေခဲ့သည်။
အမလေး ချောလိုက်တာ
အင်္ကျီအစုတ်နဲ့ရေမချိုးရသေးတာတောင်
အရိုင်းဆန်ဆန်ချောနေတယ်
အားကျလိုက်တာကွာ
ဒီလိုမျိုးချောတဲ့သူကို
ယောကျာ်းတော်ထားရတာ မဆိုးပါဘူးလေ
ရှောင်ယွမ်၏အကြည့်အောက်တွင်
လုဖုန်းက သူ့ထံလျှောက်လှမ်းလာခဲ့သည်။
"မင်း နေရထိုင်ရတာသက်သာရဲ့လား"
"အင်း ကောင်းသွားပြီ
နေ့လယ်က အမေ လာသေးတယ်
နောက်ဖေးက ခြံဝန်းကို
ကလေးတွေနဲ့အတူ ပေါင်းနှုတ်ထားတယ်
ညစာလည်း ချက်ထားပြီးပြီ"
"တော်တယ်"
ဟမ် ငါ့ကိုချီးကျူးနေတာလား
ရှောင်ယွမ် ရှက်သွေးဖြာသွားရလေ၏။ လင်းဟန်က သူတို့၂ယောက်ကြားသို့ ဝင်ကာစကားပြောလေသည်။
"အစ်ကိုကြီး ဝက်ကြီးကိုဘယ်လိုလုပ်မလဲ"
"အိမ်နဲ့အန်တီလင်းအတွက်ချန်ထားပြီးရင်
မနက်ဖြန် မနက်သွားရောင်းကြမယ်"
"ရေအရင်ချိုးမလား"
ရှောင်ယွမ်က မေးလိုက်သည်။
"ကိုယ် တောဝက်ကိုအရင် ပြင်ဆင်ဦးမယ်
ပြီးမှ မြစ်ကိုသွားချိုးမှာ"
"ကျွန်တော်လည်း ကူပေးမယ် အစ်ကိုကြီး"
"အင်း
မင်းနဲ့ရှောင်ပိုင်လေးပဲ ချိုးလိုက်ကြလေ"
"ကောင်းပါပြီ"
လုဖုန်းက မီးခိုထဲမှ အသားလှီးသည့် ဓါးတုံးတုံးကြီးအားယူ၍ ထွက်ခွာသွားသည်။ ထိုဓါးဖြင့် လှီးမည်ဆိုလျှင် အချိန်အတော်ပေးရလိမ့်မည်။ အရိုးများကို ခုတ်ပိုင်းရန်အတွက်လည်း အားကုန်ပေမည်။
"ခဏလေး "
ရှောင်ယွမ်က သူ၏သေတ္တာလေးထံပြေးကာ
အသားခုတ်သည့်ဓါး၁ချောင်းကို နေရာလွတ်ထဲမှ ယူ၍ပေးလိုက်သည်။
"ဒါကို သုံး"
လုဖုန်း အံအားသွင့်သွားသည်။ ထိုမျှပြတ်ရှပြီး ချောမွေ့သည့် ဓါးမျိုးမမြင်ဖူးချေ။ ဓါးကပေါ့ပေါ့ပါးပါးနှင့် အလွန်ထက်မည့်ပုံပေါ်သည်။ သူ၏စိတ်ထဲတွင် သံသယအချို့ဖြစ်လာပြီး ချင်းယွမ်အားကြည့်လိုက်သည်။
"မမေးနဲ့
ကျွန်တော် ညကျရင် ပြောစရာရှိတယ်
အခုတော့ ဒီဓါးကိုသာ သုံးပြီးခုတ်လိုက်နော်"
"အင်း..."
လုဖုန်းက ဓါးအသစ်အားအလွန်သဘောတွေ့နေသည်။ အသားခုတ်ရန်အလွန်အဆင်ပြေပြီး အားစိုက်ရန်လည်း မလိုအပ်ချေ။ ယခင်ဓါးဖြင့်ခုတ်လျှင် ဓါးကတုံးသဖြင့် အရိုးခုတ်သည့်အခါ အရိုးအပိုင်းအစများထွက်လာတတ်သည်။ ၎င်းတို့က အသားထဲသို့စိုက်ဝင်သွားတတ်ပြီး စားသည့်အခါ အဆင်မပြေဖြစ်ရ၏။ ယခုအခါ အရိုးများကိုလည်း လျင်မြန်စွာ ပိုင်းဖြတ်နိုင်သည်။
လင်းဟန်ကလည်း ဓါးအားအလွန်သဘောကျနေသည်။ သူကိုယ်တိုင် စမ်း၍ ခုတ်ကြည့်ချင်နေ၏။
ရှောင်ယွမ်နှင့်ရှောင်ပိုင်တို့က အတူရေချိုးလိုက်ကြသည်။ ဆပ်ပြာမွှေးမွှေးလေးအား သုံး၍ ချိုးရသည့်အတွက် ရှောင်ပိုင်ကအလွန်ပျော်မြူးနေသည်။
ယနေ့တွင်တော့ ကလေးအား ခေါင်းလျှော်မပေးလိုက်ချေ။ ဆံပင်ကရှည်သည့်အတွက် နေ့တိုင်းလျှော်နေမည်ဆိုလျှင် ဖျားနာနိုင်သည်။ ဤခေတ်အခါတွင် ကျန်းမာရေးဂရုစိုက်မှသာ တော်ခါကြပေမည်။ သာမန်အဖျားလေးကပင် လူအားသေစေနိုင်သည်။
"ရှောင်ပိုင် မွှေးမွှေးလေး"
"အစ်ကိုယွမ်လည်း မွှေး"
ရေချိုး အဝတ်အစားလဲပြီးနောက် ရှောင်ပိုင်လေး၏ မျက်နှာပေါ်သို့ အစိုဓါတ်ဖြည့်ပေးသည့် ခရမ်အနည်းငယ် လိမ်းပေးလိုက်သေးသည်။
နှစ်ယောက်သား မွှေးမွှေးကြိုင်ကြိုင်နှင့်
ထွက်လာသည့်အချိန်တွင် ညီအစ်ကိုနှစ်ယောက်မှာမူ ပေတာတူးနေသည်။ ယခုအခါ လင်းဟန်ကလည်း ဝင်၍ အကူအညီပေးရင် ပေတူးသွားသည်။
လုဖုန်း အနည်းငယ် ရှက်ရွံ့သွားရသည်။
"အသားတွေကအဆင်သင့်ဖြစ်ပြီ
မနက်ဖြန်ရောင်းဖို့အတွက်လည်း ပြင်ဆင်ပြီးပြီ
ကိုယ်တို့ ရေသွားချိုးလိုက်ဦးမယ်"
"မြန်မြန်ချိုးကြနော်
ညရောက်နေပြီ အအေးပက်လိမ့်မယ်
ရေမသယ်နဲ့တော့ တစ်ဝက်လောက်ကျန်သေးတယ်
နောက်နေ့မှသယ်ကြစို့"
"ကောင်းပါပြီ"
ရှောင်ပိုင်လေးက နှာခေါင်းလေးပိတ်ကာ
လက်ညိုးထိုး၍ ပြောလေသည်။
"အစ်ကိုငယ် ညစ်ပတ်"
"ဒီညစ်ပိတ်တဲ့အစ်ကိုက
ရှောင်ပိုင်လေးကိုမွှေးချင်လို့ပါ
လာပါဦး လာပါဦး"
လင်းဟန်က ရှောင်ပိုင်အား စနောက်၍ လိုက်ဖမ်းလေသည်။
"အား အစ်ကိုယွမ် ကယ်ပါဦး "
"ဟား ဟား ဟား
အစ်ကိုချီထားပေးမယ် လာ"
ဤရက်ပိုင်းအတွင်း ရှောင်ပိုင်လေးမှာ အလွန် သက်ဝင်တက်ကြွလာသည်။ ၎င်းက ညီအစ်ကို၂ယောက်အား စိတ်သက်သာရာရစေသည်။
လုဖုန်းက ပြုံး၍ပြောလိုက်သည်။
"လင်းဟန် ကလေးကိုမစနဲ့တော့
သွားကြစို့"
"ဟုတ် အစ်ကိုကြီးဗျ
ရှောင်ပိုင်လေးကို အိမ်ပြန်ရောက်မှ မွှေးမယ်ကွာ"
"ညစ်ပတ် မမွှေးနဲ့"
ရှောင်ပိုင်အား ကုတင်ပေါ်သို့တင်ထားပေးပြီးနောက် မီးဖိုထဲသို့ ဝင်ကြည့်လိုက်သည်။ တောဝက်သားကို အရိုးအသားခွဲခြားထားလေသည်။ တောဝက်၏ပေါင်သားအချို့ကိုယူ၍ တုံးကာ ပျားရည်နှင့်ကြော်လိုက်သည်။ မနက်ဖြန် စျေးသို့သွားရောင်းမည်ဖြစ်သောကြောင့် ကလေးများစားရန်အတွက် ပိုကြော်ထားလိုက်သည်။ ဆန်ပြုတ်နှင့်ဘန်းမုန့်ကိုလည်း ပြန်နွှေးလိုက်သည်။
လုဖုန်းတို့ ပြန်ရောက်လာသောအခါ ညစာမှာ အဆက်သင့်ဖြစ်နေပြီ။ လုဖုန်းသည် သေချာဆေးကြောထားသော ဓါးအား ချင်းယွမ်ထံပြန်ပေး၏။
"ခင်ဗျားပဲသိမ်းထားလိုက်ပါ
အိမ်မှာသုံးဖို့ပဲဟာ"
"လင်းဟန်ရေ ရှောင်ပိုင်လေးကိုခေါ်ခဲ့ပါဦး"
မိသားစုလေးယောက်သည် ညစာအားအတူတကွ စားလိုက်ကြသည်။ သခွားသီးသုပ်၊ခရမ်းချဥ်သီကြက်ဥချက်နှင့် ဝက်သားကြော်တို့အား ဆန်ပြုတ်နှင့်တွဲဖက်စားသည်။ လုဖုန်းအတွက်မူ ဘန်းမုန့်နှင့် ဆန်ပြုတ် ၂မျိုးစလုံးပြင်ဆင်ပေးထားသည်။
"ဘန်းမုန့်က ခင်ဗျားအတွက် အမေပေးခဲ့တာလေ "
"အင်း မနက်ဖြန် အန်တီလင်းကို
ဝက်သားပို့ပေးရင်း ကျေးဇူးတင်ကြောင်း
ပြောလိုက်မယ်"
"ပြောစရာမလိုပါဘူး မိသားစုတွေပဲဟာ"
ညစာစားပြီးနောက် ရောင်းချမည့်အသားများနှင့်
အိမ်အတွက်အသားများကို ခွဲကာ မနက်ဖြန်အတွက် ပြင်ဆင်ရသည်။ မြို့သို့ ခြေလျင်သာသွားရပေမည်။ ရွာတွင် နွားလှည်း၂စီးသာရှိပြီး ယခုအချိန်က လယ်ယာလုပ်ငန်းဝင်နေကြ၍ အငှားမလိုက်ကြချေ။
ထို့နောက် လုဖုန်းနှင့်ပြောဆိုရမည့် ကိစ္စရှိသည့်အတွက် လင်းဟန်ကို ရှောင်ပိုင်လေးအားသိပ်ခိုင်းလိုက်သည်။ ရှောင်ပိုင်က မအိပ်ချင်ဟု ပြောနေသောကြောင့် နို့သကြားလုံးဖြင့် လာဘ်ထိုးကာ
အိပ်ခိုင်းလိုက်၏။
"ရော့ နို့သကြားလုံးယူထား
အိပ်ယာဝင်ခါနီး စားလို့မရဘူးနော်
မနက်ဖြန်မှစားရမယ်
အစ်ကိုယွမ် စျေးကပြန်ရင်
မုန့်ဝယ်ခဲ့ဦးမှာမလို့ အခုစောစောအိပ်နော်"
"ဟင်း...
ဟုတ် အစ်ကိုယွမ်"
"ရှောင်ပိုင်လေးက လိမ္မာလိုက်တာ
အစ်ကိုချီမယ် လာ"
လင်းဟန်က လူကြီး၂ယောက် စကားပြောစရာများရှိနေသည်ကို သိသဖြင့် ရှောင်ထွက်သွားပေးသည်။