လုဖုန်းတို့ ပြန်ရောက်လာသည့်အခါ နံနက်စာမှာ အဆင်သင့်ဖြစ်နေလေပြီ။ ရှောင်ပိုင်လေးက ထိုင်ခုံပေါ်တွင်ထိုင်၍ စောင့်နေခဲ့သည်။ သူ၏ရှေ့မှ ပေါက်စီများကိုကြည့်ပြီး သွားရည်ယိုနေခဲ့သည်။ ထိုမျှမွှေးကြိုင်လွန်းသည့် မုန့်များအား မတွေ့ဖူးခဲ့ချေ။ သူ၏ဗိုက်ကလေးမှာ တဂွီဂွီ မြည်နေတော့သည်။
ခပ်လှမ်းလှမ်းမှ သူ၏အစ်ကိုကြီးတို့အား မြင်သောအခါ အော်၍ခေါ်လေတော့သည်။
"အစ်ကိုကြီး အစ်ကိုငယ် မြန်မြန်
သား ဗိုက်ဆာနေပြီ"
"ဟားဟား ဟုတ်ပါ့
ရှောင်ပိုင်လေးဗိုက်ဆာနေပြီ မြန်မြန်လာကြ"
ရှောင်ယွမ် သဘောတကျနှင့်ရယ်လိုက်မိသည်။
"ဟာ အစ်ကိုယွမ် ပေါက်စီတွေ
မိုက်လိုက်တာ
ဘယ်တုန်းကလုပ်လိုက်တာလဲ"
"အုံဖွ ဆိုပြီး ဖန်တီးလိုက်တာ ဟားဟား
မမေးနဲ့ လာစား"
ရှောင်ပိုင်အတွက် ပေါက်စီ ၁လုံး၊ လင်းဟန်အတွက် ၂လုံး၊ လုဖုန်းအတွက်မူ ပေါက်စီ ၃လုံးနှင့် သူကိုယ်တိုင်အတွက် ၂လုံး ပေါက်စီ၈လုံးကွက်တိပင်။
ဤပေါက်စီများက နာမည်ကြီးသည့် ရိုးရာဆိုင်မှဝယ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အသားများစွာပါဝင်ပြီး အရသာလည်းအလွန်ကောင်းမွန်လေသည်။ တစ်ကိုက်ကိုက်လိုက်လျှင်ပင် အသားနှင့်ကြက်သွန်ဖြူ၊ကြက်သွန်နီအရသာတို့အား စုံစုံလင်လင် ခံစားရသည်။ ၎င်းအား ပဲနို့နှင့် တွဲဖက်စားသည့်အခါ အလွန်စားမြိန်လေသည်။
လုဖုန်းနှင့် ကလေး၂ယောက်မှာ ပေါက်စီအား အလွန်နှစ်သက်သည့်ပုံပေါ်သည်။ လုဖုန်းက ပေါက်စီ၁လုံးအား ၃ခါသာ ကိုက်လေသည်။ ပေါက်စီ၃လုံးကသူ့အား အဆာပြေရုံသာ ရှိပေလိမ့်မည်။ ထို့ကြောင့် မြို့သို့သွားသည့်အခါ ထပ်ကျွေးမည်ဟု တွေးထားလိုက်သည်။
နံနက်စာ စားသုံးပြီးနောက် ကလေး၂ယောက်အားခေါ်ကာ အမေလင်းထံသို့သွားလိုက်သည်။ လက်ရှိအိမ်သည် တောနှင့်နီးသည့်အတွက် တစ်ခါတစ်ရံ ဝံပုလွေများ ဆင်းလာတတ်သည်။ သို့ဖြစ်၍ ကလေး၂ယောက်တည်း ထားခဲ့ရန်မှ မသင့်တောချေ။
လင်းဟန်သည် လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်သော်ငြား သူကလည်း ၁၁နှစ်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အမေလင်း၏ အိမ်တွင် ကလေး၂ယောက်ကိုထားခဲ့မည်။ တမြန်နေ့ညက ကြော်ထားသော ဝက်သားကြော်ကို အတူယူသွားခဲ့သည်။ ပေါက်စီများကမူ အမေလင်းမေးလာခဲ့လျှင် ဖြေရခက်မည် စိုးရိမ်သောကြောင့် မယူခဲ့ချေ။
"အမေ အိမ်မှာရှိလား
သား ချင်းယွမ်ပါဗျ"
တံခါးအား ခပ်ဖွဖွခေါက်၍ အော်လိုက်သည်။
"ဟင် သားတို့အစောကြီး
ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"မနေ့က လုဖုန်းလေ
တောဝက်ကြီးတစ်ကောင်ရခဲ့လို့
မြို့စျေးကိုသွားရောင်းမလို့ အမေရဲ့
ကလေး၂ယောက်ကို စိတ်မချတာနဲ့
အမေ့အိမ်ထားခဲ့ချင်လို့"
"အေး ထားခဲ့လေ
ကလေးတွေလိမ္မာတယ်
အမေလည်း အိမ်မှာပျင်းနေတာ
သားအဖေဆီ ဝင်ကြဦးမှာလား"
"အဖေ့ဆီလည်းဝင်မှာ အမေ
ဒါက တောဝက်သား မစားဖြစ်သေးရင်
အခြောက်လှမ်းထားလို့ရတယ်
ဒါက မနေ့ညကကြော်ထားတဲ့ ဝက်သားကြော်
အမေနဲ့ကလေးတွေစားဖို့
ဒါက အသီးအနှံတစ်ချို့ပါ"
"ဘာလို့ အများကြီးယူလာတာလဲ
အမေ့တစ်ယောက်ထဲရှိတာ ဘယ်လိုကုန်မှလဲ"
"မကုန်လည်း သိမ်းထားလို့ရပါတယ် အမေရယ်
ခြံထဲကအပင်တွေက အခုရက်ပိုင်း အရမ်းသီးနေလို့ ယူလာခဲ့တာ နောက်ရက်တွေ့လည်း ယူခဲ့ဦးမှာ
ပြီးတော့ ခြင်းတောင်း ၁ခုလောက်ငှားချင်လို့"
"ယူသွား ခြင်းက၂ခါရှိတယ်
ဝါးတုတ်ပါတစ်ခါတည်းယူသွားလိုက်လေ
သယ်ရလွယ်တာပေါ့"
"ဟုတ် အမေ
ဒါဆိုရင် ကျွန်တော်တို့သွားတော့မယ်
စျေးကိုစောစောရောက်မှ နေရာရမှာမလို့
ဘာမှာဦးမလဲ "
"အေးအေး ဂရုစိုက်သွား
ဘာမှ မှာစရာမရှိဘူး
သားအဖေကိုသာ ကျန်းမာရေးဂရုစိုက်ဖို့ပြောပေး"
သို့နှင့် လုဖုန်းက ခြင်းအလွတ်၂ခုအားထမ်းကာ အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်သို့ရောက်သောအခါ
လုဖုန်းအား နေရာလွတ်ထဲမှ ပစ္စည်းထုတ်ပုံနှင့် သိမ်းပုံအား လက်တွေ့ပြလိုက်သည်။ သူတို့ရောင်းချမည့်ပစ္စည်းများကို နေရာလွတ်ထဲတွင် သယ်သွားနိုင်ကြောင်းနှင့် ခြင်းအလွတ်များကိုအုပ်၍သာ သယ်နိုင်ကြောင်း ရှင်းပြခဲ့သည်။
လုဖုန်းက သူ၏မျက်စိရှေ့မှ ဝက်သားများပျောက်သွားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ သူက မည်မျှပင် လက်ခံနိုင်သည်ဟုဆိုစေကာမူ စိတ်တောင်မကူးဖူးသည့်အရာအတွက် အံ့သြရစမြဲပင်။
"နေရာလွတ်က တော်တော်အသုံးဝင်တာပဲ
ဒါဆို ကိုယ်တို့က ခြင်းအလွတ်တွေကို အပေါ်ကအဝတ်အုပ်ပြီး သယ်သွားရုံပဲ"
"ဟုတ်တယ်
ရွာသားတွေနဲ့တွေ့ခဲ့ရင် ပြလို့ရအောင်
ဟန်ပြလောက်တော့ထည့်ထားရမယ်"
လုဖုန်းက ခေါင်းညိတ်၍ ထောက်ခံပေးသည်။
"ကောင်းပြီ သွားကြစို့"
လုဖုန်းနှင့်ရှောင်ယွမ်တို့ ခပ်သွက်သွက်လျှောက်ကာ ထွက်လာခဲ့ကြသည်။ သူတို့က ရွာထဲသို့မဝင်တော့ဘဲ တောလမ်းကသာဖြတ်၍ သွားခဲ့ကြသည်။ ရှောင်ယွမ်တစ်ယောက် ခြင်းအလွတ် ၂ခြင်းသာထမ်း၍ သွားရသော်လည်း အလွန် မောပန်းနေသည်။
မနေ့ကပြောခဲ့တဲ့ စကားအတွက်
မျက်နှာဖြတ်ရိုက်ခံရတာပဲ
အမလေး မောလို့သေတော့မယ်
နားချင်လိုက်တာ
ရှေ့၌လျှောက်နေသည့် လုဖုန်းက ရှောင်ယွမ်အား လှည့်ကြည့်ကာ မေးလေသည်။
"ကိုယ်တို့ ခဏနားကြမလား"
"ရတယ် ကျွန်တော်လျှောက်နိုင်ပါသေးတယ်"
"အင်း ခဏလေးပဲ အားတင်းထားနော်
ရှေ့ကတောင်အကွေ့မှာ နားလို့ရတဲ့ဇရပ်ကလေးရှိတယ် အဲဒီရောက်ရင် နားကြစို့"
လုဖုန်းက ရှောင်ယွမ်အားစောင့်ရင်း ခပ်ဖြေးဖြေးသာလျှောက်လေသည်။ မကြာမီ တောင်အကွေ့သို့ရောက်သောအခါ ခဏအနားယူခဲ့ကြသည်။ တောလမ်းလေးမှာ လူသူကင်းမဲ့နေပြီး ကျေးငှက်သံများဖြင့် အလွန်သာယာလှသည်။ ရှောင်ယွမ်က နေရာလွတ်ထဲမှ ရေ၁ဗူးဖောက်၍ သောက်လေသည်။
လုဖုန်းက ရေဗူးအား အထူးအဆန်းနှင့် ကိုင်ကြည့်လေသည်။
"ဒါကို ဘယ်လိုခေါ်လဲ"
"ရေဗူးလေ အထဲကရေ
ရေကအခုကျွန်တော်တို့ရွာမှာသောက်နေတဲ့ ရေမျိုးမဟုတ်ဘူး သန့်စင်ထားတဲ့ ရေ
အပြင်က ခင်ဗျားရဲ့ ဗူးသီးခြောက်လိုပေါ့
ရေထည့်တဲ့ဗူး ပလတ်စတစ်လို့ခေါ်တဲ့အရာနဲ့ လုပ်ထားတာ ကြာရှည်ခံတယ်"
"ပလတ်စတစ်လား"
"ဟုတ်တယ် ရေသောက်ကြည့်
ဘယ်လိုနေလဲ"
လုဖုန်းက ရေဗူးထဲမှရေအား ကို့ယို့ကားယားနှင့် ယူသောက်လေသည်။ ထို့နောက် မျက်နှာ ရှုံ့ကာ ပြန်ပေး၏။
"ခါးတယ် ဘယ်လိုကြီးလဲ"
"ဟားဟား ရေသန့်စသောက်ဖူးတဲ့ လူတိုင်း
အခုလိုပြောကြတယ်ဗျ ခါးတာမဟုတ်ပါဘူး
သောက်နေကျရိုးရိုးရေလို ထူးခြားတဲ့အရသာမရှိတာပါ ပေါက်စီစားဦး ခင်ဗျားစားနိုင်သေးတာ ကျွန်တော်သိတယ် ရော့"
"ကျေးဇူးပါ"
လုဖုန်းက မငြင်းတော့ဘဲ ပေါက်စီအား ယူကာစားလေ၏။ လမ်းလျှောက်လိုက်ရ၍ အနည်းငယ် ဗိုက်ချောင်သွားပုံပေါ်သည်။ ခေတ္တမျှ အနားယူပြီးနောက် ဆက်၍ လမ်းလျှောက်ရပြန်သည်။
နာရီဝက်ခန့်ကြာသောအခါ မြို့အဝင်နားသို့ ရောက်လာသည်။ မြို့ထဲသို့မဝင်မှီ ခြင်းထဲသို့ ပစ္စည်းများကြို၍ ထည့်ထားရမည်။ လုဖုန်း၏ခြင်း၁ခြင်းထဲသို့ တောဝက်သားများထည့်လိုက်သည်။ အခြား ခြင်းထဲသို့ ခရမ်းချဥ်သီးနှင့် သခွားသီးများထည့်သည်။ ရှောင်ယွမ်အတွက် ပိုမိုပေါ့ပါးသော မုန့်ညှင်းနှင့် ပဲတောင့်ရှည်ကိုသာ သယ်ခိုင်းလေသည်။
ခြင်း၏အပေါ်မှ အဝတ်များအုပ်ကာ စျေးသို့သွားခဲ့ကြသည်။ သူတို့နှစ်ယောက် စျေးသို့ရောက်သောအခါ မိုးအနည်းငယ်ပင် လင်းနေချေပြီ။
အတန်ကြာ ပတ်ကြည့်ပြီးနောက် နေရာကောင်းတစ်ခုအားတွေ့လိုက်ရသည်။ ထိုနေရာ၏ဘေးတွင် အချဥ်တည်ထားသည့် အသီးအရွက်များကိုရောင်းသောစျေးသည်လေးရှိသည်။ သူ၏ခန္တာကိုယ်အရွယ်အစားအရ ကောလေးဖြစ်ဟန်တူသည်။ ရှောင်ယွမ်က စကားစလိုက်သည်။
"ညီအစ်ကိုရေ ဒီနေရာလူရှိလားဗျ"
"ဟင် လူသစ်တွေလား
ရတယ် နေရာယူလို့ရတယ်
ကျွန်တော်တို့လို အပြင်မှာရောင်းတဲ့သူတွေက
နေရာအတည်တကျမရှိဘူးဗျ"
"ကျေးဇူးပါ ညီအစ်ကို"
"ဘာတွေရောင်းမလို့လဲ
မနေ့က အမဲလိုက်တာရတဲ့ တောဝက်သားနဲ့
ခြံထဲက အသီးအနှံတစ်ချို့ပါ"
"အိုး ကောင်းတာပေါ့ဗျာ"