အခန်း (၁၆)
ရှောင်ယွမ်က အိမ်မှယူလာသည့်အခင်းအား ဦးစွာခင်းလိုက်သည်။ သူတို့ရထားသည့် နေရာက လမ်းထောင့်ဖြစ်၍ ပစ္စည်းများကို နေရာ၂ဖက်ချထားနိုင်သည်။ အသီးအရွက်ချဥ်သည်လေး၏ ဘေးကပ်ရပ်နေရာ၌ ရှောင်ယွမ်က သူ၏အသီးအရွက်များကိုဦးစွာ ခင်းကျင်းလိုက်သည်။ အသားနှင့်အသီးအရွက်တို့က အတူရောထားလျှင် မကောင်းလေရာ တစ်ခြားဘက်တွင် တောဝက်သားအချို့ကိုနေရာချထားခဲ့သည်။
စနစ်တကျခင်းကျင်းပြီးနောက် စျေးရောင်းရန်ပြင်ဆင်လေသည်။ လုဖုန်းအား ယခင်ကမည်သို့ရောင်းချခဲ့သလဲဟု မေးကြည့်လေရာ အသားဖောက်သည်ယူသည့်သူများထံသို့ တိုက်ရိုက်ပေးလိုက်သည်ဟုဆို၏။
၎င်းကအချိန်ကုန်၊လူပင်ပန်းသက်သာသော်လည်း အမြတ်နည်းလေသည်။ ထို့ကြောင့် ကိုယ်တိုင်ရောင်းချရန် အရင်ကြိုးစားကြည့်မည်။ သူ၏အသီးအရွက်များ၏ကောင်းကျိုးကို လူအများသိရှိလာလျှင် ဖောက်သည်လာယူမည့်သူများ တန်းစီနေပေလိမ့်မည်။ ထိုအချိန်၌ ၎င်းတို့ကလည်း စျေးနှိမ်ရဲမည်မဟုတ်ချေ။
ရှောင်ယွမ်တစ်ယောက် လည်ချောင်း ရှင်းကာအော်လိုက်သည်။
"အသီးအရွက်လတ်လတ်ဆတ်ဆတ်လေးတွေ ရမယ်နော် ခြံထွက်သီးနှံလေးတွေပါ အခုမနက်မှခူးလာခဲ့တာလေးတွေမလို့ အရမ်းလတ်ဆတ်ပါတယ်ဗျ
"တောဝက်သားလည်းရမယ် တောဝက်သားစစ်ပါဗျ
ကျွန်တော်အမျိုးသားကိုယ်တိုင် အမဲလိုက်ပြီး ရလာခဲ့တာပါဗျ"
"ကြည့်ရုံနဲ့ ဝယ်စရာမလိုပါဘူး
လာရောက်ကြည့်ရှုနိုင်ပါတယ်ဗျ"
"ခရမ်းချဥ်သီးအရမ်းလတ်ဆတ်ပြီး အရည်ရွှမ်းပါတယ် မဝယ်ခင် တစ်စိတ်အရင်မြည်းကြည့်လို့ရပါတယ်"
ရှောင်ယွမ်က နေရာလွတ်ထဲမှ ဓါးနှင့် မြေပန်းကန်အားထုတ်ကာ ခရမ်းချဥ်သီးနှင့် သခွားသီးများကို ရေဆေး၍ လှီးထားလိုက်သည်။ ဝယ်ယူသူများ မြည်းစမ်းကြည့်ပြီးလျှင် သေချာပေါက်ဝယ်မည်ဟု သူယုံကြည်သည်။ စျေးဝယ်များက ခပ်လှမ်းလှမ်းမှသာ ကြည့်နေကြပြီး မည်သူကမျှ အစပြု၍ မစားရဲကြချေ။ သူတို့စားမိလျှင် ပိုက်ဆံပေးရမည်ကိုကြောက်၍လား သို့မဟုတ် ရှက်ရွံ့၍လား မသိချေ။
ရှောင်ယွမ်က ဘေးမှစျေးသည်လေးအား
ခရမ်းချဥ်သီး တစ်စိတ်ပေး၍ မြည်းခိုင်းလိုက်သည်။
"ညီအစ်ကို မြည်းကြည့်စမ်းပါဗျာ
ပိုက်ဆံမပေးရပါဘူး အလကားကျွေးတာပါ
ကျွန်တော်ခြံထွက်အသီးတွေလတ်ဆတ်ကြောင်း သက်သေပြချင်လို့ပါ"
ကောလေးက ရှက်ရွံစွာဖြင့် တစ်စိတ်ယူ၍စားလေသည်။
"ကျေးဇူးပါ ညီအစ်ကို"
"ဟင် အရမ်းကောင်းတာပဲ
ခရမ်းချဥ်သီးကဘာလို့ ဒီလိုအရသာမျိုးလဲ
ချိုချိုချဥ်ချဥ်လေး တကယ်ကောင်းတယ်
ကျွန်တော့်အိမ်က ကလေးတွေတောင်ကြိုက်နိုင်တယ်"
ရှောင်ယွမ်က ဂုဏ်ယူစွာဖြင့် ခပ်ကျယ်ကျယ်လေး အော်လိုက်သည်။
"ကောင်းတယ်မလား
ကျွန်တော်ပြောပါတယ်
ရော့ဗျာ သခွားသီးလေး မြည်းကြည့်ပါဦး"
"သခွားသီးလေးက အရည်ရွှမ်းလိုက်တာ
ကျွန်တော် ဝယ်မယ် ဘယ်လောက်လဲ"
"ခရမ်းချဥ်သီးက ၁ကျင်း ကြေးပြား၅ပြား
သခွားသီးသီးက ၁ကျင်း ကြေးပြား၃ပြား
ပဲတောင့်ရှည်က ၁ကျင်း ကြေးပြား၂ပြား
မုန့်ညှင်းက ဒီလို၁စီးကို ကြေးပြား ၂ပြား"
"အို့ တောဝက်သားလည်းရတယ်နော်
၁ကျင်းကို ကြေးပြား၃၀ပါဗျ
လတ်ဆတ်သလားမမေးနဲ့
မနေ့ကမှ ရလာတာ"
လုဖုန်းက ရှောင်ယွမ်စျေးရောင်းနေသည်အား ပြုံး၍ကြည့်နေခဲ့သည်။ သူ၏ဘဝတွင် ဤလူသားလေးနှင့်တွေ့ဖို့ရန်အတွက် ကံကောင်းမှုများအားလုံး သိမ်းထားခဲ့ပုံပေါ်သည်။ ရှောင်ယွမ် သူ၏ဘဝထဲသို့ ဝင်လာသည့်နေမှစ၍ အရာအားလုံး တစ်ဖြေးဖြေးနှင့် အဆင်ပြေလာခဲ့သည်။
ရှောင်ယွမ်၏ ရုပ်ချောချောနှင့်အပြောချိုချိုကလေးများအောက်ဝယ် လူတစ်ချို့ မြည်းစမ်းကြည့်ရန် တိုးလာခဲ့ကြသည်။ စားကြည့်ပြီးသည့်နောက် ချင်းချင်း ဝယ်ကြလေတော့သည်။
"အမလေး တကယ်ကောင်းတာတော်
အိမ်ကလေးတွေကို ဒီတိုင်းကျွေးရင်တောင်ကြိုက်မှာ အန်တီ့ကို ခရမ်းချဥ်သီး ၂ကျင်း၊ သခွားသီး ၁ကျင်းပေးပါ"
"ဒီကိုလည်း ခရမ်းချဥ်သီး ၁ကျင်း နဲ့ ပဲတောင့်ရှည် ၁ကျင်းပေး"
"ကျွန်တော့်ကို တောဝက်သား ၁ကျင်း နဲ့ မုန့်ညှင်းပေးပါ"
"တောဝက်သား ၂ကျင်း၊ခရမ်းချဥ်သီး ၂ကျင်း၊
သခွား ၁ကျင်းနဲ့ ပဲတောင့်ရှည်ကျင်းတစ်ဝက်ပေးပါဗျို့"
လူအများက စုပြုံ၍ဝယ်လိုက်ကြရာ မကြာမီမှာပင်
ယူလာသမျှ၏ တစ်ဝက်ခန့်က ကုန်သွားလေသည်။ ပဲတောင့်ရှည်မှာ လုံးဝကုန်သွားခဲ့သည်။ မနက်ခင်းက နေရာလွတ်ထဲသို့ မဝင်မိခဲ့ပေ။ ထို့ကြောင့် ပဲတောင့်ရှည်များကို ထပ်မံမခူးခဲ့မိလေရာ နောင်တများပင်ရလာသည်။
မကြာမီတွင် အသက်၄၀ခန့် ဦးလေးကြီး တစ်ယောက်ရောက်လာခဲ့သည်။ သူက အသီးအနှံများကို မြည်းကြည့်ချင်သည်ဟုဆို၍ ခရမ်းချဥ်သီးနှင့် သခွားသီးအား ထပ်မံစိတ်ပေးလိုက်သည်။ သူသည် တစ်ခဏမျှအရသာခံပြီးနောက် သဘောကျသွားခဲ့သည်။
"ကောင်းတယ် တကယ်ကိုလတ်ဆတ်ပြီး အရသာရှိတာပဲ ဘယ်လောက်ကျန်သေးလဲ ရှိသမျှအကုန်ယူမယ် တောဝက်သားလည်း အကုန်ယူမယ်"
"ဗျာ ကျွန်တော်တို့ရဲ့ အသီးတွေအကုန်ဝယ်မှာလား"
"အေး ငါက ချန်းမိသားစုစားသောက်ဆိုင်က
ခဏနေရင် အလုပ်သမားလေးကို လာယူခိုင်းလိုက်မယ် စုစုပေါင်း ဘယ်လောက်ကျလဲ တွက်ပေးပါ"
"ကျေးဇူးတင်ပါတယ်ဗျ ခဏလေးပါနော်"
ရှောင်ယွမ် အလျင်အမြန်တွက်ချက်ပြီးနောက်
တောဝက်သားအပါဆိုလျှင် စုစုပေါင်း ၃လျန်ကျော် တန်ဖိုးရှိပေလိမ့်မည်။
"ကျွန်တော်အဖေအတွက် အနည်းငယ်ချန်ထားရဦးမယ်ဗျ ဒါလေးတွေဖယ်ထားလိုက်မယ်ဆိုရင်
စုစုပေါင်း ၃လျန်နဲ့ကြေးပြား ၆၆၀ကျပါမယ်ဗျ"
"ကောင်းပြီ ခဏနေရင် လူလွှတ်လိုက်မယ်
စောင့်ပေးပါ"
"ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ်
ရှောင်ယွမ်အလွန်ပျော်ရွှင်နေသည်။ နောက်သို့လှည့်၍ လုဖုန်း၏လက်အားဆုပ်ကိုင်ကာ ကြိတ်၍အော်နေမိသည်။ ယနေ့စုစုပေါင်းရောင်းရသည်မှာ ၇လျန်ကျော်လေသည်။ ၎င်းကသူတို့မိသားစုအတွက် အလွန်များပြားသော ပမာဏပင်ဖြစ်၏။
"လုဖုန်း လုဖုန်း
ကြည့်ပါဦး ကျွန်တော်တို့တွေ ပိုက်ဆံရပြီဗျ"
"ဟုတ်တယ်
ရှောင်ယွမ် ဒါတွေအားလုံးကမင်းတော်လို့လေ"
"မဟုတ်ဘူး ခင်ဗျားလည်းတော်လို့
ပိုက်ဆံတစ်ဝက်ကျော်လောက်က တောဝက်သားရောင်းလို့ရတာ ကျွန်တော်အရမ်းပျော်တယ်
ခင်ဗျားရော ပျော်လား"
လုဖုန်း၏အပြုံးကြောင့် သူ၏မျက်လုံးထောင့်လေးများပင် ကွေးလာရသည်။ ရှောင်ယွမ်ကလည်း လုဖုန်း၏လက်အားဆွဲအား ပြုံးရွှင်စွာကြည့်နေမိသည်။
အချင်းချင်းလက်ကိုင်၍ကြည်နူးနေကျသော လင်လင်နှစ်ယောက်အားကြည့်ကာ ဘေးမှ အသီးအရွက်ချဥ်သည်လေးသည် သူ၏နှာခေါင်းများပင် ချဥ်စူးလာရသည်။
ဟင်း ကြည်နူးနေလိုက်ကြတာ
အိမ်ကဟာကြီးတောင်လွမ်းလာပြီ
သူကဖြင့် ငါ့ကိုသတိရောရပါ့မလား
မကြာမီ လူငယ်လေးတစ်ယောက်က လက်တွန်းလှည်းအားတွန်း၍ ရောက်လာခဲ့သည်။
ရှောင်ယွမ်နှင့်လုဖုန်းက ပစ္စည်းများကို ကူ၍ထည့်ပေးခဲ့ကြသည်။ လူငယ်လေးက ရှောင်ယွမ်အား ၃လျန် နှင့် ကြေးပြား၆၆၀ကွက်တိပေးလေသည်။ ရှောက်ယွမ်ကသူ့အား ကြေးပြား ၅ပြား ပြန်ပေးခဲ့သည်။ စားသောက်ဆိုင်တွင်လုပ်ကိုင်သည့် လူတစ်ယောက်နှင့်ခင်မင်ရင်းနှီးရန်လိုအပ်သည်။
ထိုလူငယ်လေး၏အမည်က ကျိုးကွမ်ဖြစ်ပြီး စျေးလာဝယ်သွားသည့် ဦးလေးကြီးမှာ ဆိုင်၏ အဝယ်တော်ဖြစ်သည်။ သူ့အား စန်းလောင်ဟုခေါ်ကြလေသည်။ ကျိုးကွမ်ကအချင်းချင်းမိတ်ဆက်ကာ အလုပ်များရှိသေး၍ နှုတ်ဆက်ပြီးပြန်သွားခဲ့သည်။
"ကိုယ်တို့အခုဘယ်သွားကြမလဲ"
"အဖေ့ဆီကိုအရင်သွားကြမယ်
ပြီးမှ စျေးကိုပြန်လာပြီ လိုအပ်တာတွေဝယ်ကြစို့"
"ကောင်းပြီ မင်းသဘောပါ"
ရှောင်ယွမ်နှင့်လုဖုန်းက အခင်းများခေါက်၍ သေချာသိမ်းခဲ့သည်။ သူတို့ချန်ထားသည့်အထဲမှ တောဝက်သားအချို့ကို ဘေးဆိုင်မှ ကောလေးအားပေးခဲ့သည်။ ထိုကောလေးက အလွန်အံ့အားသင့်သွားလေသည်။
"မိတ်ဖြစ်ဆွေဖြစ်ပေးတာယူပါဗျာ
ကျွန်တော်ကနောက်ရက်တွေလည်း လာဖွင့်ဦးမှာဆိုတော့ ညီအစ်ကိုကိုပဲအားကိုမယ်နော်
ကျွန်တော် မသိတာတွေရှိရင်လည်း ပြောပြပေးပါဦး"
"ကျေးဇူးပါဗျာ
အလုပ်ရှုပ်နေလို့ မိတ်မဆက်ရသေးဘူး
ကျွန်တော်က ပိုင်လွေ့ပါ ဒီမြို့ပေါ်ကပဲဗျ
ညီအစ်ကိုတို့က ရွာကလာတာမလား
ကျွန်တော်ကအမြဲစောစောရောက်တတ်လို့
နေရာဦးထားပေးမယ်ဗျာ"
ရှောင်ယွမ်အလွန်ဝမ်းသာသွားရသည်။
"ကျေးဇူးတင်ပါတယ်ဗျာ
တကယ်ကျေးဇူးပါ
ကျွန်တော်ကရှောင်ယွမ်၊ ကျွန်တော့်ခင်ပွန်းကလုဖုန်း
ကျွန်တော်တို့က ရွာကနေလာရတာဆိုတော့
၁နာရီခွဲလောက်လမ်းလျှောက်ရတယ်
စောထွက်ပေမယ့် အစ်ကိုလွေ့တို့လောက်တော့
စောပြီးမရောက်နိုင်ဘူးဗျ"
"ရပါတယ် ရပါတယ်"
ပိုင်လွေ့က လက်ကာပြလိုက်လေသည်။ သူ့တွင်ရောင်းစရာများကျန်နေသေးရာ ဆက်၍ရောင်းရပေဦးမည်။