အခန်း (၁၇)
ရှောင်ယွမ်တို့ စကားပြောနေစဥ်တွင် လုဖုန်းက ပစ္စည်းအားလုံးကို သိမ်းဆည်းခဲ့သည်။ ရှောင်ယွမ်က ပိုင်လွေ့အား နှုတ်ဆက်ပြီးနောက် ခြင်းအလွတ်၂ခုကို ထမ်းကာ အဖေကျိုးထံ ထွက်လာခဲ့သည်။ အဖေကျိုးအတွက် တောဝက်သားနှင့် အသီးအနှံများ ပေးရမည်။
အဖေကျိုး၏အလုပ်ရုံထံသွားသည့်လမ်းတွင် ဂျုံချောရောင်းနေသည့် စျေးသည်အားတွေ့ရာ ၅ကျင်းခန့်ဝယ်ယူလိုက်သည်။ ၁ကျင်းလျှင် ကြေးပြား ၃၀ခန့်ကျသင့်သည်။ မကြာမီပင် အဖေကျိုး၏အလုပ်ရုံထံရောက်လာခဲ့သည်။
"ဦးလေး ဦးလေး "
ရှောင်ယွမ်က အလုပ်ရုံ၏တံခါးဝတွင် တွေ့ရသည့် ဦးလေးကြီးတစ်ယောက်အား အော်ခေါ်လိုက်သည်။
"ဦးလေး
ဒီမှာ အလုပ်လုပ်တဲ့ ကျိုးချန်ရှိလားဗျ
ကျွန်တော်က သူ့ရဲ့သားပါ
အဖေ့ကိုလာတွေ့တာပါဗျ"
"ဟေး သန့်ပိုင်ရွာက လောင်ကျိုးလား
"ဟုတ်ပါတယ်ဗျ"
"ရှိတယ် ခဏနေဦးကွာ
ငါသွားခေါ်ပေးမယ်"
ဦးလေးကြီးက အလုပ်ရုံထဲသို့ပြန်ဝင်သွားသည်။ အဖေကျိုးတို့လုပ်ရသည့် အလုပ်ရုံမှာ သစ်မာများဖြင့် ပရိဘောဂပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံဖြစ်သည်။ အလုပ်ရုံမှာအလွန်ဆူညံနေခဲ့သည်။ သစ်သားစများဖြတ်တောက်ရာမှ ထွက်ပေါ်လာသည့် သစ်သားနံ့က လေထဲတွင် လွင့်ပျံနေသည်။
အဖေကျိုးသည် ယခင်က တောက်တိုမယ်ရ အလုပ်မျိုးစုံလုပ်ခဲ့ရသော်လည်း အသိတစ်ယောက်၏အကူအညီဖြင့် ဤအလုပ်ရုံတွင်အလုပ်ရပြီးနောက် အနည်းငယ်အဆင်ပြေသွားခဲ့ရသည်။
ပရိဘောဂစက်ရုံက တစ်လလျှင် ရက်၂၀ အလုပ်လုပ်ရပြီး ကြေးပြား ၅၀၀ခန့်ရသည်။ ယခင် ချင်းယွမ် လက်မထပ်ခင်က အဖေကျိုးမှာ တစ်ပတ်သာအလုပ်လုပ်ခဲ့ရပြီး ကြေးပြား ၁၀၀ရရှိခဲ့သည်။
သို့နှင့်အမေလင်း၏ ဆေးစရိတ်အတွက် လောက်ငရုံသာမက ပိုလျှံသည့် ငွေလေးများ စုဆောင်းမိ၍ ကြက်မတစ်ကောင်ပင် ဝယ်၍ မွေးလိုက်သေးသည်။
ရှောင်ယွမ် အတွေးနက်နေစဥ် အဖေကျိုးတစ်ယောက် အလုပ်ရုံထဲမှ ခပ်သွက်သွက်ထွက်လာခဲ့သည်။
"သား ယွမ်ကောအာ
ဘယ်လိုရောက်လာတာလဲ"
"အဖေ့ သားတို့စျေးလာရောင်းတာ
မနေ့က လုဖုန်း တောဝက်ကြီးဖမ်းမိလာတာလေ
အဲဒါ တောဝက်သားနဲ့ ခြံထဲအသီးအရွက်ကလေးတွေ လာရောင်းတာ
အခုအကုန်ရောင်းကုန်သွားပြီမလို့
အဖေ့ဆီ လာခဲ့တာ"
အဖေကျိုးက အင်္ကျီလက်ဖြင့် နဖူးမှချွေးများကို သုတ်ရင်း မေးလိုက်သည်။
"သား အမေဆီဝင်ခဲ့သေးလား
သူနေကောင်းရဲ့လား"
"အဖေကတော့လေ အမေ့ကိုတန်းမေးတာပဲ
ကောင်းပါ့ အဖေ့ကိုကျန်းမာရေးဂရုစိုက်ဖို့
မှာလိုက်တယ် သားတို့ကကြိုမပြောမိလိုက်တော့ ဘာမှမထည့်ပေးလိုက်ရဘူး ဒါပေမဲ့ သားတို့မှာပါပါတယ်
ဒါက အဖေ့အတွက် တောဝက်သား၊ အသီးအနှံတွေက ဒီနေ့ရောင်းတဲ့ ခြံထွက်သီးနှံ၊ အဖေ့အတွက် ဂျုံ၂ကျင်း လမ်းကြုံလို့ဝယ်လာခဲ့တာ"
"ဘာလို့ဝယ်လာတာလဲ ပြန်ယူသွားပါကွာ
သားတို့အိမ်ကလူပိုများတယ်
ကလေးတွေကိုသာကျွေးလိုက်ပါ
တောဝက်သားကိုလည်း ပြန်ယူသွားချည်
အဖေက အလုပ်ရုံကကျွေးတယ်
စားရေးသောက်ရေးကအဆင်ပြေတယ် စိတ်မပူနဲ့"
အဖေကျိုးက ဇွတ်ငြင်းနေခဲ့သည်။
"အဖေ့အတွက်ယူလာတာ
အိမ်မှာသားတို့အတွက်ရှိတယ်
ဂျုံကလည်း သားတို့အတွက်ရော၊အမေ့အတွက်ပါ ဝယ်ပြီးသားပါ ဒီနေ့ရောင်းကောင်းလို့
နည်းနည်းပါးပါးဝယ်လာခဲ့တာ
ယူပါ အဖေရယ်"
အဖေကျိုးကငြင်းလိုက် ရှောင်ယွမ်ကပြန်ပေးလိုက်နဲ့ သံသယလည်နေတော့သည်။ နောက်ဆုံး လုဖုန်းဝင်ဖျောင်းဖျမှသာ အဖေကျိုးက လက်ခံ၍ ယူလေသည်။ လက်ရှိအချိန်မှာ အလုပ်ချိန်ဖြစ်နေ၍ ကြာရှည်စွာ စကားပြောနေဖို့ မသင့်ချေ။ ထို့ကြောင့် အဖေကျိုးအားနှုတ်ဆက်၍ ပြန်လာခဲ့သည်။
အပြန်လမ်းတွင် ရှောင်ယွမ်က လုဖုန်းအား လူလစ်သည့်လမ်းသို့ သွားခိုင်းလိုက်သည်။ ဤမြို့လေးသည် မြို့ဟုအမည်ရသော်လည်း ၂၀ရာစု မှရွာလောက်သာရှိသည်။ အိမ်ခြေများကလည်း သာမန်ပျဥ်ထောင်အိမ်များသားဖြစ်ပြီး ပိုမိုကောင်းမွန်သော အိမ်က အုပ်ကြွပ်မိုးများမိုးထားသည့် အုပ်အိမ်အချို့ဖြစ်သည်။ လမ်းသွားလမ်းလာ အများစုမှာ ခြေလျင်သာလျှောက်ကြသည်။ စျေးအနီးတွင် နွားလှည်းအချို့တွေ့ခဲ့ရသော်လည်း မြင်းလှည်း(ရထားလုံး)မှာ တစ်စီးသာ တွေ့ရသည်။
သို့သော် လမ်းကြိုလမ်းကြားများနှင့် စျေးထဲတွင် တောင်းသည့်ကလေးငယ်(သူတောင်းစား) အနည်းငယ်သာတွေ့ရသည်။ ထို့ကြောင့် သူကူးပြောင်းလာသည့်နေရာမှာ စားနပ်ရိက္ခာရှားပါးသော်ငြား သူ့ဟာနှင့်သူ အဆင်ပြေနေသည့်ပုံပေါ်သည်။
လုဖုန်းက လူရှင်းလင်းသည့် လမ်းကြိုလမ်းကြားသို့ ပတ်၍ ခေါ်သွားပေးသည်။ ထို့နောက် ခြင်းတောင်းများကို နေရာလွတ်ထဲသို့ထည့်ထားလိုက်၏။
ယနေ့ရောင်းရငွေ ၇ လျန်ကျော်မှာ ဂျုံချောဝယ်လိုက်၍ ၇လျန်ကွက်တိသာကျန်လေတော့သည်။
ထို့ကြောင့် ၅လျန်အား နေရာလွတ်ထဲတွင်သိမ်းထားလိုက်ပြီး ၂လျန်ကို ယနေ့စျေးဝယ်ရန်ထုတ်ခဲ့သည်။
၁လျန်လျှင် ကြေးပြား ၁၀၀၀ နှင့်ညီမျှလေသည်။
"ကျွန်တော်တို့ ၅လျန်ကို သိမ်းထားကြမယ်
၂လျန်ကို အခုစျေးဝယ်ချင်တယ်"
"ရတယ် မင်းသဘော
ဒါ မင်းရှာလို့ရတဲ့ငွေပါ
ကိုယ်တစ်ယောက်တည်း လာရောင်းရင်
တောဝက်သားက အများဆုံးမှ ၂လျန်ပဲရလိမ့်မယ်"
လုဖုန်းက ရှောင်ယွမ်၏ခေါင်းလေးအား ပုတ်ကာပြောလေသည်။
"ကျွန်တော်တို့အတူတူရှာလို့ရတဲ့ငွေပါဗျာ
ကျန်တဲ့ ၅လျန်ထဲက ၃လျန်ကို အမေ့ကို ပေးထားချင်တယ် နောက်ရက်တွေလည်း ကလေးတွေကိုထားခဲ့ရမှာဆိုတော့ တစ်ခုခုလိုအပ်လာရင် လက်ထဲ ပိုက်ဆံရှိစေချင်လို့"
"ကိုယ်က မင်းဆုံးဖြတ်သမျှ
ဘာမှကန့်ကွက်စရာမရှိပါဘူးကွာ
မင်း သင့်တော်မယ် ထင်သလိုသာလုပ်ပါ
ကိုယ်တို့မိသားစုကိစ္စပဲ
ငွေရေးကြေးရေတွေထည့်မပြောပါနဲ့"
"အင်း ကျွန်တော်ကို ယုံကြည်ပေးလို့
ကျေးဇူးတင်ပါတယ်
အခုအထည်သွားဝယ်ကြရအောင်"
လုဖုန်းနှင့်အတူ စျေးအားပတ်ကြည့်ပြီးနောက်
ကလေးများအတွက် အဝတ်အစားဝယ်ရန် အထည်ဆိုင်သို့ ဦးစွာသွားလိုက်သည်။ အထည်စများစွာရှိပြီး အများစုမှာ သာမန်ပြောင်နှင့် အကြမ်းခံသည့် ချည်ကြမ်းသားဖြစ်သည်။ ရှောင်ပိုင်လေးအတွက်မူ ဝတ်ရသည်မှာသက်သောင့်သက်သာရှိလောက်မည့် ချည်ချောသား ၂စ ယူလိုက်သည်။
မူလက ချုပ်ပြီးသားအင်္ကျီဝယ်ရန် ကြံစည်ထားသော်လည်း စျေးမှာအလွန်ကွာလွန်းလှသည်။ ချုပ်ပြီးသားအင်္ကျီ၁ထည်၏တန်ဖိုးမှာ အဝတ်စ ၂စ၏စျေးထက်ပင် များနေသေးသည်။
ရှောင်ပိုင်လေးအတွက် အဖြူရောင်နှင့်မိုးပြာရောင် အထည်စ ၂စ၊ လင်းဟန်အတွက်မူ အပေအရည်ခံအောင် မီးခိုရောင်နှင့်အဖြူအထည် ၂စ၊ အဖေကျိုးနှင့် အမေလင်းတို့အတွက် ဆင်တူအထည် ၂စ ရွေးချယ်လိုက်သည်။ ရှောင်ယွမ်က အစများ ရွေးနေရင်း လုဖုန်းအား မည်သည့်အရောင်ကြိုက်လည်းဟု မေးလိုက်သည်။
"မင်းရွေးပေးလေ မင်းရွေးသမျှကိုယ်ကြိုက်တယ်"
ရှောင်ယွမ်က နားရွက်ဖျားနီနီများဖြင့် ပန်းရောင်အစတစ်စအားကိုင်ကာ ပြန်၍ပြောလိုက်သည်။
"ဒီအရောင်ရော ကျွန်တော်ရွေးပေးရင်ဝတ်မှာလား"
"အဟင်း မင်းနဲ့အတူအန်တီလင်းတို့လို
ဆင်တူဝတ်စုံချုပ်ရမယ်ဆိုရင် ဝတ်မှာပေါ့ကွာ"
"ခင်ဗျားနော်"
အနေအေးတဲ့ လုဖုန်းကိုပြန်ခေါ်ပေးကြပါ
ဒီကလေး ဘယ်လိုဖြစ်ပြီး ကျီစယ်တတ်သွားတာလဲ
ထိုစဥ် စျေးသည် အဒေါ်ကြီးမှဝင်၍ပြောလေသည််။
"ကောအာလေး
မင်းတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ
ခင်ပွန်းသည်ပြောသလို ဆင်တူဝတ်ကြလေ
ငါပြောရဲတယ် သေချာပေါက် ကြည့်ကောင်းစေရမယ်"
"ကျေးဇူးပါ အဒေါ်
ကျွန်တော်ဒါလေးပဲယူပါတော့မယ်"
ရှောင်ယွမ် ရှက်ရွံ့စွာ ငြင်းပယ်လိုက်ပြီး
လုဖုန်းက ပြုံး၍ ကြည့်နေခဲ့သည်။