အခန်း (၁၈)
ရှောင်ယွမ်က လုဖုန်းအတွက် မိုးပြာရောင်နှင့် မီးခိုရောင် ချုပ်ပြီးသား ၂ထည်အားဝယ်လိုက်သည်။
သူ၏အင်္ကျီအနည်းငယ်ထဲမှ ၁ထည်မှာ တောဝက်လိုက်ပြီးနောက် ဝတ်ဆင်၍ပင် မရတော့ချေ။ ယခုနေ့စဥ် စျေးရောင်းထွက်ရမည်ဖြစ်ရာ သင့်တော်သော အဝတ်အစားအချို့ လိုအပ်ပေသည်။ ရှောင်ယွမ် ပိုက်ဆံရှင်းရန် ပြင်နေစဥ် လုဖုန်းကမေးခဲ့သည်။
"မင်းအတွက်ရော မဝယ်ဘူးလား"
"မဝယ်တော့ဘူး
လက်မထပ်ခင်က အမေချုပ်ပေးလိုက်တဲ့
အသစ်တွေရှိသေးတယ်"
"လူတိုင်းဝယ်နေတာ မင်းလည်းဝယ်ရမယ်လေ
အသစ်ရှိလည်း ဘာဖြစ်လဲ
မင်းကိုယ်တိုင်မရွေးဘူးဆိုရင်
ကိုယ်ရွေးပေးတာဝယ်ရမှာနော်"
လုဖုန်းက ပန်းရောင်အစအား လက်လှမ်းလိုက်လေရာ ရှောင်ယွမ်က အလျင်အမြန် တားဆီးလိုက်ရသည်။
အမေလေး ပန်းရောင်နုနုလေးဝတ်ထားမယ့်
ကိုယ်ကိုကိုယ်တွေးကြည့်လို့တောင်မရဘူး
မူလကိုယ်က အသားဖြူပေမယ့်လည်း
နုနုဖက်ဖက်နဲ့ အူယားလိုက်တာ
ရှောင်ယွမ်က ကြည်ပြာရောင်နှင့် ကျောက်စိမ်းရောင် ချည်ချော ၂ထည်အား ရွေးချယ်လိုက်သည်။ ပိုက်ဆံရှင်းသည့်အခါ စုစုပေါင်း ၁လျန်နီးပါးလောက်ကျသင့်ပေသည်။ ထို့ကြောင့် ရှေးခေတ်က လူများမှာ အဝတ်အစားကို စုတ်ပြဲသည်အထိ ဝတ်ဆင်ကြခြင်း ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ စျေးမျိုးနှင့် သာမန်လူများမှာ မည်သို့တတ်နိုင်ပါမည်နည်း။
"အင်း အထည်တွေက စျေးကြီးလိုက်တာနော်"
"စျေးကြီးပေမယ့် အကြာကြီးခံပါတယ်ကွာ
မင်းအခုလိုဝယ်လိုက်ရတာ
စိတ်ချမ်းသာရတယ်မလား
စိတ်ချမ်းသာတယ်ဆိုရင်
ဒါဟာ ကောင်းမွန်တဲ့ ဝယ်ယူမှုပဲလေ
စျေးကြီးတယ်လို့ ဆိုလို့မရပါဘူး"
လုဖုန်းက ဤရှေးခေတ်မှလူတစ်ဦးဖြစ်သော်ငြား သူ၏အတွေးအခေါ်များမှာ ခေတ်မှီလေသည်။ သူက ပိုက်ဆံရှာမည်၊ သုံးစရာရှိတာအတွက်သုံးမည်၊သို့သော် မဖြုန်းတီးချေ။ ပြီးမှ အခြားအရာများအတွက်စုဆောင်းပေမည်။ လူအများစုမှာ အစားကိုလျှော့ချ၍ ပိုက်ဆံကို အလွန်စုဆောင်းတတ်ကြသည်။ ၎င်းက ခေတ်အခြေအနေအရ ငွေရှာရခက်ခဲသည့်အတွက်ကြောင့်လည်း ပါလိမ့်မည်။
အထည်စများဝယ်ပြီးနောက် စျေးအတွင်းသို့ပတ်၍ ကြည့်ခဲ့ပြန်သည်။ နေရာလွတ်ထဲတွင် ဆန်နှင့်ဂျုံများရှိနေသေးသည့်အတွက် ၎င်းတို့အား မဝယ်ခဲ့ချေ။
ထို့ပြင် ၎င်းတို့အား နေရာလွတ်ထဲတွင် စိုက်ပျိုး၍ ရပေသည်။ စိုက်ပျိုးရလွယ်ကူသည့် အသီးအနှံများအား မဝယ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းတို့၏ မျိုးစေ့များတွေ့လျှင်သာ ဝယ်ယူမည်။
ယခုအခြေအနေတွင် အိမ်ပြင်ဆောက်ရန်အတွက် ပိုက်ဆံစုရပေဦးမည်။ ထို့ကြောင့် လိုအပ်သည့်အရာများကိုသာဝယ်ခဲ့သည်။ အိမ်တွင် ရေခွက်လိုအပ်နေသဖြင့် ရေခွက်၄ခွက်၊ ရေပုံး၂ပုံး၊ ပန်းကန်ပြားအချို့နှင့်အခြားလိုအပ်သည့် နေစဥ်သုံးပစ္စည်းများဝယ်ယူခဲ့သည်။
ရေခွက်နှင့်ရေပုံးမှာ သစ်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ပန်းကန်အတွက်မူ သစ်သားနှင့် မြေပန်းကန်း ရွေးချယ်စရာ ၂ခုရှိသည်။ လုဖုန်းအားမေးကြည့်ရာ မြေပန်းကန်များက ပို၍အဆင်ပြေသည်ဟုဆိုလေသည်။ ထို့ကြောင့် မြေပန်းကန်များသာ ဝယ်ယူခဲ့သည်။ ယခု သူသုံးနေသည့် ခြင်းတောင်း ၂ခုမှာ အမေလင်းထံမှ ငှားခဲ့ခြင်းဖြစ်သည်။ သူ့အတွက် ခြင်း ၂ခြင်းဝယ်သင့်ပေသည်။
လုဖုန်းအား ခြင်းဝယ်မည့်အကြောင်းပြောလေရာ ဝါး၊ကြိမ်တို့ဖြင့် ရက်လုပ်သည့် ပစ္စည်းအမျိုးရောင်းသည့်ဆိုင်သို့ ခေါ်သွားပေးသည်။ ထိုဆိုင်မှ စျေးရောင်းမည့်ခြင်း ၂ခြင်းနှင့် ခြင်းအသေးအချို့ ဝယ်ယူခဲ့သည်။
လုဖုန်းကရှောင်ယွမ်အတွက် အမေလင်း၏ခြင်းထက်အနည်းငယ်သေးသော ခြင်းအားဝယ်ခိုင်းလေသည်။ သို့မှသာ ရှောင်ယွမ်သယ်ရလွယ်ပေမည်။ နေရာလွတ်ထဲ ပစ္စည်းများထည့်သွားနိုင်သော်လည်း ဤခြင်းအလွတ်များကို ဟန်ပြသယ်ရသေးသည်။ ၎င်းက ရှောင်ယွမ်၏ကိုယ်သေးသေးလေးအတွက် အလွန် ဝန်ပိလေသည်။ လုဖုန်းကအလွန် ဂရုစိုက်ပေးတတ်သူ ဖြစ်ကြောင်းသိလာရသည်။
ပိုက်ဆံရှင်းပြီးနောက် ရှောင်ယွမ် အလွန်အံ့အားသင့်သွားရသည်။ ဤhandmadeပစ္စည်းများအား စျေးကြီးမည်ဟု ထင်ထားခဲ့သော်လည်း စျေးချိုနေခဲ့သည်။ ၂၁ရာစုမှ ငွေကြေးနှင့် တွက်ကြည့်မည်ဆိုလျှင် ရှေးခေတ်တွင် အဝတ်အစားများက စျေးကြီးသော်လည်း အချို့အရာများမှာ ပို၍စျေးချိုနေသည်။
လုဖုန်းက မည်သည့်စကားမျှမဆိုဘဲ သူ၏နောက်မှလိုက်၍ ဝယ်သမျှပစ္စည်းကူကိုင်ပေးလေသည်။
ဟင်း လုဖုန်းကတော့ တကယ့်ကို ၂၁ရာစုရဲ့ Boyfriend material type ပဲ
မင်းကြိုက်တာဝယ် ကိုယ်ကနောက်ကနေ အထုပ်လိုက်ဆွဲမယ်ဆိုတာမျိုး
ဟင်းခတ်အမွှေးအကြိုင်ရောင်းသည့်ဆိုင်များအား ဝင်ကြည့်ရာ သိပ်မရှိပေ။ သူ၏နေရာလွတ်ထဲတွင်
ရှိသည့်အရာများက ပို၍ စုံလင်နေသေးသည်။
ရှောင်ယွမ်တစ်ယောက် ဆားများစွာဝယ်ယူမိခဲ့သည့် အတွက် အလွန်ကျေးဇူးတင်မိသည်။ ဆားမှာ အလွန်စျေးကြီးလှသည်။
ဆီကလည်း ဝက်ဆီနှင့် အမည်မသိစားသုံးဆီ ၂မျိုးသာရနိုင်သည်။ လူအများစုက ဝက်သားဝယ်ပြီး ကိုယ်တိုင်သာ ဝက်ဆီထုတ်တတ်ကြသည်။ ထို့ပြင် ဝက်ဆီမှာ ကြာရှည်စွာမခံပေ။ ပျားရည်နှင့်အတူ ပျားသလပ်များကိုပါ ရောင်းနေသည်အားတွေ့ရသည်။ ပျားရည်က အလွန်စစ်ပုံရသည်။ ထို့ကြောင့် သကြားညိုနှင့် ပျားရည်အချို့သာဝယ်ယူခဲ့သည်။
တစ်စျေးလုံးအနှံ့ပတ်ကြည့်ပြီးနောက် ရှောင်ပိုင်တို့အတွက် ထန်ဟူလူ ၂ ချောင်း နှင့် နို့နှစ်မုန့် ဟုခေါ်သော ကိတ်တစ်မျိုးသာ ဝယ်ယူခဲ့သည်။
အပြန်လမ်းတွင် ကြက်ပေါက်ကလေးများရောင်းချနေသည့်အား တွေ့လိုက်ရသည်။ လုဖုန်းတောင်ပေါ်သွားလျှင် လင်းဟန်တစ်ယောက်တည်း ပျင်းနေတတ်သည်ကို သတိရလိုက်သည်။
လင်းဟန်က ရွာထဲရှိ သူနှင့်သက်တူရွယ်တူ ကလေးများနှင့် မကစားခဲ့ရချေ။ သူ၏စိတ်ထဲတွင် အစ်ကိုမရှိချိန် ညီငယ်လေးအား စောင့်ရှောက်ရမည်ဟု တွေးထားသည်။ ယခု ရှောင်ပိုင်လေးကို ရှောင်ယွမ်က ဂရုစိုက်ပေးသည့်အခါ သူတစ်ယောက်တည်း ပျင်းနေတတ်သည်။
ကြက်ပေါက်ကလေးများမွေးလိုက်လျှင် လင်းဟန်အတွက် လုပ်စရာအလုပ်တစ်ခုရှိလာမည်။ သူလည်းပျင်းရတော့မည် မဟုတ်ချေ။ ရှောင်ပိုင်လေးကလည်း ကြက်ပေါက်လေးများကို သဘောကျမည်ဟုထင်သည်။ လုဖုန်းအားမေး၍ ကြက်ပေါက်၃ကောင်ဝယ်ယူခဲ့သည်။ ကြက်ပေါက်လေးများက တစ်ကောင်လျှင် ကြေးပြား ၂၀ ပေးရသည်။
လုဖုန်းက ခြင်းတောင်း၂ခုအားထမ်း၍ ပြန်လာခဲ့သည်။ ခြင်း၁ခြင်းထဲတွင် ကြက်ပေါက်၃ကောင်ထည့်ထားပြီး တစ်ဖက်ခြင်းတွင် အမေလင်းအတွက် အထည်စကိုထည့်၍သယ်လာခဲ့သည်။ ကျန်သည့်အရာများကိုမူ ရှောင်ယွမ်၏နေရာလွတ်ထဲ၌သာ သိမထားခဲ့သည်။ ရွာအဝင်လမ်းနားရောက်မှသာ ရှောင်ယွမ်က ခြင်း၂ခြင်းအားထမ်းလိုက်သည်။ ထို့ပြင် အမေလင်းအတွက် ဂျုံ ၃ကျင်းအား လုဖုန်းက ကူ၍သယ်ပေးလေသည်။ သို့နှင့် ရှောင်ယွမ်၏ခြင်းထဲတွင် အထည်စအချို့ နှင့် ထန်ဟူလူသာပါလေသည်။
"ကျေးဇူးပါ လုဖုန်း"
"မိသားစုတွေက ကျေးဇူးတင်စကားမပြောရဘူးဆို"
လုဖုန်းက ရှောင်ယွမ်၏စကားကို ပြန်၍ ပြောလိုက်သည်။
ပထမစျေးရောင်းထွက်သည့်နေ့မှာပင် သူတို့၂ဦး ပို၍ရင်းနှီးလာသည်ဟု ခံစားရသည်။ အလွန်အကျွံစျေးဝယ်ပြီးနောက် ၅လျန်အသားတင် စုမိသည့်အတွက် ရှောင်ယွမ် ကျေနပ်နေမိသည်။ ယခုခေတ်တွင် သာမန်မိသားစုလေးအတွက် ၅လျန်စုဆောင်းမိရန်မှာ မလွယ်ကူချေ။ ထို့ပြင် ဤသည်က တစ်ရက်တာ စျေးရောင်းခြင်းမှရသော အမြတ်ဖြစ်၏။
အပြန်လမ်းတွင် တောလမ်းမှပတ်မသွားဘဲ ရွာအဝင်လမ်းအတိုင်းသာပြန်လာခဲ့သည်။ သူတို့ပြန်လာသည့်အချိန်မှာ ညနေ၃နာရီခန့်ဖြစ်၍ ရွာသားအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြဆဲပင်။ ထို့ကြောင့် ရွာလမ်းကလူရှင်းလေသည်။ လုဖုန်းအားသိသည့် လူတစ်ချို့ကနှုတ်ဆက်ကြသည့်အခါ ရှောင်ယွမ်ကလည်း ချိုသာစွာ ပြုံးပြ၍နှုတ်ဆက်ခဲ့ရသည်။