အခန်း (၁၉)
ရွာသူရွာသားအများစုမှာ ဖော်ရွေကြသည်။ ရွာတွင်လက်မထပ်ရသေးသော ကောလေးများက အပြင်သို့ ထွက်လေ့မရှိကြချေ။ ထို့ကြောင့် ချင်းယွမ်၏အမည်ကိုသာကြားဖူးကြပြီး ယခုမှ လူကိုယ်တိုင်မြင်ဖူးကြခြင်းဖြစ်သည်။ အချို့က လုဖုန်းအား လူချောလေးကိုရလိုက်၍ ကံကောင်းသည်ဟု စနောက်သွားကြသည်။
ချင်းယွမ်၏အခြေအနေအရ ဆိုလျှင် လုဖုန်းထက်သာသောသူအား ရွေးချယ်နိုင်သည်။ သို့သော် အမေလင်းတို့က လုဖုန်း၏စိတ်နေသဘောထားကို သဘောကျလေရာ လုဖုန်းနှင့် အကြောင်းပါသွားလေသည်။ သို့နှင့် အမေလင်း၏ အိမ်နားရောက်သောအခါ အိမ်ရှေ့တွင် ထိုင်နေသည့် လင်းဟန်က ဦးစွာမြင်သွားခဲ့သည်။
"ဟေး အစ်ကိုကြီးနဲ့အစ်ကိုယွမ် ပြန်လာကြပြီ"
လင်းဟန်က ရှောင်ယွမ်တို့ထံပြေးကာ လာကြိုသည်။ လင်းဟန်၏အသံကြားပြီး ရှောင်ပိုင်လေးကလည်း အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။
"အစ်ကိုယွမ် အစ်ကိုယွမ်"
ရှောင်ပိုင်က သူ၏အစ်ကိုကြီးထံ မသွားဘဲ ရှောင်ယွမ့်ထံသာ ဦးတည်၍ ပြေးလာခဲ့သည်။ ရှောင်ယွမ်က ခြင်းများကိုချကာ အသည်းအသန်ပြေးလာသော ဒုံးကျည်လေးအား မချီလိုက်သည်။
"ဟား ဟား သန်လိုက်တာကွာ
ရှောင်ပိုင်လေးကို တစ်နေကုန်သတိရနေတာ
အစ်ကိုယွမ်ကိုရော သတိရလား"
"ရတယ်"
ရှောင်ပိုင်က ခွေးပေါက်လေးနှယ် ချင်းယွမ်၏လည်ပင်းထံ တိုးဝှေ့လေတော့သည်။
"အစ်ကိုကြီး ကြက်ပေါက်လေးတွေဝယ်လာတာလားကျွန်တော် ဘာသယ်ပေးရမလဲ"
"...." (အထီးကျန်ညီအစ်ကို၂ယောက်)
"ရော့ ဒါကိုသယ် အန်တီလင်းအတွက်"
"ဟုတ်"
လုဖုန်းက သူ၏ခြင်းထဲမှ ဂျုံ၃ကျင်းအား ပေးလိုက်သည်။ ထို့နောက် ရှောင်ယွမ် ပစ်ချထားသည့် ခြင်းထဲမှ အမေလင်းအတွက် ကိတ်မုန့်နှင့် အထည်စအားထုတ်လိုက်သည်။ ရှောင်ယွမ်သယ်သည့် ခြင်းမှာ အမေလင်း၏ခြင်းရာ ပြန်ပေးရမည်။ ယနေ့ စျေးမှ ရှောင်ယွမ်အတွက် ခြင်းအသေး၂လုံးဝယ်ယူခဲ့ပြီး နေရာလွတ်ထဲတွင် သိမ်းထားလေသည်။ မကြာမီ အမေလင်းက သစ်သားဇွန်းတစ်ချောင်းကိုင်ကာ ထွက်လာခဲ့သည်။
"သားတို့ပြန်ရောက်ပြီလား စောသားပဲ
အမေ အခုပဲဟင်းချက်နေတာ
သားတို့ပြန်တာနောက်ကျရင်
စားဖို့မရှိမှာစိုးလို့လေ"
"အမေရယ် အပင်ပန်းခံလို့
ဘာလို့ချက်တာလဲ သားပြန်လာမှချက်မှပေါ့"
ရှောင်ယွမ်က ရှောင်ပိုင်လေးအားချီလျက် အိမ်ထဲသို့ဝင်လာသည်။ ရှောင်ပိုင်၏လက်တစ်ဖက်တွင် ထန်ဟူလူလေးအား ကိုင်ထားသည်။ ရှောင်ပိုင်က သူ၏လက်လေးအား အမေလင်းထံ ဆန့်တန်း၍ ကျွေးခဲ့သည်။
"အဘွား စား"
"အမလေး ငါ့မြေးလေးက တော်လိုက်တာ
ဘွား မစားဘူး သားပဲစားပါ"
လင်းဟန်ကလည်း ထန်ဟူလူ စားရသည့်အတွက် အလွန်ပျော်ရွှင်နေပုံရသည်။ ယခုမှသာ သူ၏ကလေးဆန်သည့် ဘက်ခြမ်းအား မြင်ရလေတော့သည်။ ပုံမှန်ဆိုလျှင် လင်းဟန်မှာ လူကြီးလေးတစ်ယောက်ဟန်ပန်ဖြင့် ရင့်ကျက်ဟန်ဆောင်နေတတ်သည်။
"အန်တီလင်း သားဆီကစား"
"မစားနိုင်ပါဘူး
ငါ့သွားတွေကမကောင်းဘူး
မာတာတွေမကိုက်နိုင်တော့ဘူး"
အမေလင်းက လင်းဟန်၏ခေါင်းလေးအားပုတ်ကာ ငြင်းလိုက်သည်။
"အမေ ဒီနေ့စျေးရောင်းကောင်းတယ်
သားတို့ ယူသွားသမျှ အကုန်ကုန်ခဲ့တယ်
ဒါကြောင့် အဝတ်အစား နည်းနည်းပါးပါးဝယ်လာခဲ့တာ ဒါက အမေနဲ့အဖေဖို့"
"အမေတို့ဖို့ ဘာလို့ဝယ်လာတာလဲ
အသက်ကြီးနေပါပြီ ဘယ်မှလည်းသွားစရာမရှိဘူး
သားဝတ်ဖို့သာ ပြန်ယူသွား
ရှောင်ပိုင်တို့ရှောင်ဟန်လေးတို့ကို ချုပ်ပေးလိုက်"
"ကလေးတွေအတွက်ကပါတယ် အမေရဲ့
ဒါကအမေနဲ့အဖေဖို့ ဆင်တူဗျ
ကျွန်တော် မဝတ်ရဲပါဘူ ဟိဟိ "
"တယ် ဒီကလေးကတော့"
အမေလင်းက အရှက်သည်းစွာ ဆူပူလိုက်သည်။ ရှောင်ဟန်တို့ အားလုံးအတွက် အထည်များပါကြောင်း သေချာမှသာလျှင် လက်ခံယူလေသည်။ ထို့နောက် ပိုက်ဆံအား မစုဘဲဖြုန်းတီးပစ်သည့်အတွက် ဆူပူလေတော့သည်။ လုဖုန်းကလည်း ရှောင်ယွမ်အား မတားဘဲ ဝယ်ပေးသည့်အတွက် ရော၍ ဆူခံရသည်။
"အမေ အကူအညီတောင်းချင်လို့
သားတို့က နောက်နေ့တွေလည်း စျေးရောင်းသွားကြမှာ အဲဒီတော့ အမေကလေးတွေကို ကြည့်ထားပေးပါဦးနော် ဒါက ကလေးတွေနဲ့ အမေစားဖို့ ဂျုံချော ၃ကျင်း၊အမေတို့သုံးဖို့ ငွေ ၃လျန်"
"ဘာလို့ ပိုက်ဆံတွေလာပေးနေတာလဲ
မလိုလျင်ဘူး သွား
ကလေးတွေကြည့်ပေးရတာ ဘာခက်လို့လဲ
ငါတောင် အဖော်ရသေးတယ်
ဂျုံပဲယူမယ် ကလေးတွေကိုလည်း ကောင်းကောင်းချက်ကျွေးလို့ရတယ် ပိုက်ဆံပြန်ယူသွား"
"အမေ့ သားတို့စျေးရောင်းသွားတုန်း
မပြောကောင်းမဆိုကောင်း ကလေးတွေ ဒါမှမဟုတ်
အမေတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ
ငွေလက်ထဲရှိမှ အဆင်ပြေမှပေါ့
ဒါမှလည်း သားတို့အလုပ်လုပ်ရတာ စိတ်ဖြောင့်နိုင်မှာလေ ဒီကိစ္စကို လုဖုန်းနဲ့တိုင်ပင်ပြီးတော့မှ ပေးတာပါ အမေရယ် မယုံရင် လုဖုန်းမေးကြည့်"
အမေလင်းက လုဖုန်းအားကြည့်လိုက်ရာ
လုဖုန်းက ချက်ချင်း ပြန်ဖြေခဲ့သည်။
"ဟုတ်တယ် ကျွန်တော့်ညီလေးတွေကို
အန်တီလင်းစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပိုက်ဆံကိုယူထားလိုက်ပါ"
ဟင်း...
အမေလင်းက သက်ပြင်းချပြီးနောက်
ငွေအားလက်ခံလိုက်သည်။
"ကောင်းပြီ ပိုက်ဆံကိုယူထားလိုက်မယ်
ဒီပိုက်ဆံကို ကလေးတွေအတွက်မဟုတ်ရင် မထိဘူး"
ရှောင်ယွမ်လည်း သဘောတူလိုက်ရသည်။ သူတို့နောက်ရက်များတွင်လည်း ဤအချိန်ပြန်ရောက်မည်ဖြစ်၍ ညစာမချက်ရန် မှာထားလိုက်သည်။ အမေလင်းက ကျန်းမာရေးမကောင်းလေရာ သူ့အား မည်သို့ ခိုင်းရက်ပါမည်နည်း။ ကလေးများကြည့်ခိုင်းရသည့်မှာ ကလေးများကအလွန်လိမ္မာပြီး အမေလင်းလည်း အဖော်ရအောင်နှင့်ကလေးများလည်းအန္တရာယ်ကင်းအောင်ထားခဲ့ရခြင်းဖြစ်သည်။
ယခုညစာအား ချက်ထားသည့်အတွက် အမေလင်းတို့ အိမ်၌သာစားလိုက်ကြသည်။ ဘန်းမုန့်နှင့် ကြက်ဥသခွားသီးကြော်ဖြစ်သည်။ အိမ်မှကြက်ဥများနှင့် ရှောင်ယွမ်ပေးထားသည့် သခွားသီးအားကြော်ထားလေသည်။ ဝက်သားကြော်များလည်း ကျန်သေးရာ ယခုညစာမှာ ဟင်းကောင်းသည်ဟု ဆို၍ ရလေသည်။ ညစာစားပြီးနောက် လုဖုန်းနှင့် လင်းဟန်က ပန်းကန်ကူဆေးလေရာ အမေလင်ကသူ၏သမက်လေးအား အလွန်သဘောတွေ့နေတော့သည်။ လုဖုန်းလစ်သည်နှင့် ရှောင်ယွမ်ထံသို့ကပ်ကာ မေးလေတော့သည်။
"သား လုဖုန်းကဘယ်လိုနေလဲ
သားအပေါ်ကောင်းလား
သူက သားကို အနိုင်ကျင့်ရင်
အမေတို့ကိုချက်ချင်းပြောရမယ်နော်"
"အမေရယ် လုဖုန်းကဒီလောက်လိမ္မာတာကို
သူလာပြီး အနိုင်ကျင့်ရဲရင်
သားက ဒီလိုထိုးချပစ်လိုက်မှာ"
ရှောင်ယွမ်က လက်သီးလက်မောင်းတန်း၍ ဟန်ပန်လုပ်ပြလေသည်။ အမေလင်းက သဘောတကျနှင့်ရယ်လေ၏။
"အဖေက တွေ့တွေ့ချင်း အမေ့ကိုအရင်မေးတယ်လေ
တော်တော် သတိရနေပုံရတယ် အဖေ အလုပ်ပြန်သွားရတာ ၁၀ရက်လောက်ပဲရှိသေးတာကို အမေ့ကိုလွမ်းနေပြီတဲ့ဗျ ဟီးဟီး"
"ဒီကလေး ငါ့ကိုပဲလိုက်စနေတယ်
ယောကျာ်းရပြီဆိုပြီး အားကိုးရှိတော့
မကြောက်တော့ဘူးလေ ဟမ်"
"အား ကြောက်ပါတယ် အမေရဲ့
လုဖုန်း လုဖုန်းရေ ကယ်ပါဦး"
အမေလင်းက ရိုက်မည့်ပုံ ဟန်ဆောင်ရာ
ရှောင်ယွမ်က ပန်းကန်ဆေးပြီးပြန်လာသော လုဖုန်း၏နောက်သို့ ပြေး၍ ပုန်းလေသည်။ တစ်မိသားစုလုံး စိတ်ချမ်းသာ ပျော်ရွှင်နေကြသည်။ ရှောင်ယွမ်က ပြန်ခါနီးတွင် ခြင်းထဲမှထုတ်လိုက်သည့် ဟန်ဆောင်ကာ နေရာလွတ်ထဲမှ အသီးအနှံများကိုထုတ်လိုက်သည်။ အမေလင်းအား နောက်ရက်တွင် ချက်ရန်အတွက် ပေးထားခဲ့သည်။
"အသီးအရွက်တွေက
အမေတို့ခြံထဲမှာလည်းရှိပါတယ်
ပိုက်ဆံရအောင် ရောင်းခဲ့တာမဟုတ်ဘူး
တကူးတက ပြန်သယ်လာသေးတယ်"
"ကျွန်တော်တို့အိမ်က
အသီးအရွက်တွေက မတူဘူးဗျ
စားရင်အားရှိတယ် ကျန်းမာရေးအတွက်
အထောက်အကူပိုဖြစ်တယ်"
"ယွမ်ကောအာ တစ်ယောက်ကတော့လေ
ယောကျာ်းရသွားမှ သူ့ယောကျာ်းအိမ်က
အသီးအရွက်ကပိုကောင်းသတဲ့"
အမေလင်းကပြန်၍ စနောက်ခဲ့သည်။
"တကယ်ပြောတာပါ အမေရာ"
ထမင်းစားပြီးကတည်းက ကလေးနှစ်ယောက်မှာ
ကြက်ပေါက်၃ကောင်နှင့် အလုပ်ရှုပ်နေခဲ့သည်။
ရှောင်ပိုင်လေးမှာ ကြက်ကလေးများအား အလွန်အူယားနေသည့်ပုံပင်။ လင်းဟန်ကတော့ အိမ်တွင် ကြက်မွေးသည့်အခါ သူက ကြက်စာပင်များခုတ်ပေးမည်ဟု ဆိုလေ၏။
"အင်း အစ်ကိုကတော့ ကြက်စာအတွက်
လင်းဟန်ကိုပဲ အားကိုးရတော့မှာ"
"ဟုတ် အစ်ကိုယွမ်
ကျွန်တော် ကြက်ကလေးတွေကြီးလာပြီး
ကြက်ဥတွေဥတဲ့အထိ သေချာဂရုစိုက်ပေးမှာ"
"ဟားဟား ဟုတ်ပါပြီကွာ
ကြက်ဥရရင် ကြက်ဥကြော်ကျွေးမယ်"
လင်းဟန်၏ခေါင်းလေးအား
ပုတ်ကာ ပြောလိုက်သည်။