အခန်း (၂၀)
ရှောင်ယွမ်တို့က အမေလင်းအား နှုတ်ဆက်ကာပြန်လာခဲ့သည်။ သူတို့အိမ်ပြန်ရောက်သည့်အချိန်တွင် ည ၆ နာရီခန့်ရှိနေပြီဖြစ်သည်။ လုဖုန်းက ကြက်ကလေးများအတွက် ကြက်ခြံဆောက်မည်ဟုဆိုကာ သစ်ပင်အချို့ခုတ်ရန်ထွက်သွားလေသည်။ လုဖုန်းအား ညနေစောင်းနေပြီဖြစ်သောကြောင့် တောထဲထိမသွားရန်မှာလိုက်သည်။ လင်းဟန်ကလည်း သူ၏အစ်ကိုကြီးနောက်သို့လိုက်သွားခဲ့သည်။
အိမ်တွင် ရှောင်ယွမ်နှင့်ရှောင်ပိုင်သာ ကျန်ခဲ့တော့သည်။ ယနေ့စျေးမှ ရှောင်ပိုင်လေးအတွက် ဝယ်လာခဲ့သော ခေါင်းစီးကွင်းအလုံးလေးများကို ထုတ်၍ပြလိုက်သည်။ ရှောင်ပိုင်က အလွန်သဘောကျနေခဲ့သည်။ သူ့အား ရေချိုးပြီးလျှင် ဆံပင်စီးပေးပါဟု တောင်းဆိုတော့သည်။
ရှောင်ပိုင်လေးမှာ တစ်နေ့တစ်ခြား သိသိသာသာပင် စကားတတ်လာပြီး ပို၍လည်း ချွဲနွဲ့တတ်လာသည်။ သူ၏ချစ်စဖွယ်ရုပ်ကလေးနှင့် စကားချိုချိုများကြောင့် ရှောင်ယွမ်တစ်ယောက် အမြဲပင် အူယားနေရသည်။
"အစ်ကိုယွမ် ရေချိုးပြီးရင်
သားဆံပင်ကိုစီးပေးမှာပေါ့နော်"
"ဒါပေါ့ စီးပေးမှာပေါ့ "
"အစ်ကိုယွမ်ကော စီးမှာလား"
ဟမ် ငါခေါင်းမှာအလုံး၂လုံးစီးထားတဲ့ပုံကို
တွေးကြည့်လို့တောင်မရဘူး
"ဒါလေးတွေက ကလေးတွေအတွက်ပဲ
သုံးရတာ ရှောင်ပိုင်လေးရဲ့
အစ်ကိုတို့ လူကြီးတွေ စီးလို့မရဘူး
ကြည့်ပါ့လား ကြိုးကသေးသေးလေးလေ"
"ဟုတ်လား
သားကအစ်ကိုယွမ်နဲ့ဆင်တူဝတ်ချင်တာ"
ရှောင်ပိုင်က မျက်နှာငယ်လေးနှင့်ပြောလေသည်။
သူ၏ငြိုးငယ်နေသည့်မျက်နှာလေးအားကြည့်ပြီး ရှောင်ယွမ်တစ်ယောက် အဘယ်သို့ တောင့်ခံနိုင်မည်နည်း။
သို့နှင့် လုဖုန်းတို့ သစ်ခုတ်ကာ ကြက်ခြံဆောက်ပြီးနောက် ရေချိုး၍ပြန်လာသည့်အချိန်တွင်
ခေါင်းစီးကွင်း အလုံးလေးများစီးထားသည့် ကောလေး၂ယောက်အား တွေ့လိုက်ရသည်။
ရှောင်ယွမ်က နားရွက်နီနီများဖြင့်ပင် နှုတ်ဆက်လိုက်သည်။
"ပြန်လာကြပြီလား
ညကြီး မြစ်ရေတွေချိုးလာတာအအေးပက်လိမ့်မယ်
မြန်မြန်အထဲဝင်ပြီး မီးလှုံကြဦး"
လင်းဟန်က ရှောင်ပိုင်လေးအား အသည်းယားကာ သွား၍စနောက်နေခဲ့သည်။ ရှောင်ပိုင်က သူ၏ဆံပင်လုံးလေးများကို မထိနဲ့ ဟုအော်ပြီး ကုတင်ပေါ်တွင် ပတ်ပြေးနေသည်။ ရှောင်ပိုင်လေးအား ကျေနပ်သည်ထိ စနောက်ပြီး မီးသွားလှုံလေသည်။
လုဖုန်းကလည်း ရှောင်ယွမ့်၏ နားနားသို့ကပ်ကာ ခပ်တိုးတိုးဆိုခဲ့သည်။
"ကိုယ့်အိမ်မှာ ကလေးလေးတစ်ယောက်
ထပ်တိုးလာတာပါ့ရော"
"ခင်ဗျားနဲ့ သွား မီးလေးရှိတုန်း မီးသွားလှုံချည်"
"ကောင်းပါပြီ
ကိုယ့်ဇနီးပေါက်စလေး စကားနားထောင်ပါ့မယ်"
"ခင်ဗျား!"
ညအိပ်ယာဝင်သည့်အခါ၌ လုဖုန်းအား ခန်ကုတင်အကြောင်းပြောပြမိသည်။ ခန်ကုတင်က အတွင်းကိုအပူပေးလို့ရပြီး ဆောင်းတွင်းမှာအလွန်အသုံးဝင်ကြောင်းနှင့် မီးဖိုကဲ့သို့ အိမ်ထဲတွင် မီးခိုးများ မထွက်ကြောင်းရှင်းပြခဲ့သည်။ ၎င်းကအပူပေးရသည့် အိပ်ယာတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ခန်က အခန်း၏တစ်ဖက်ခြမ်း (သို့မဟုတ်) နံရံတစ်ခုဖက်ကပ်၍ တည်ဆောက်ရသည်။ အများအားဖြင့် အုတ် (သို့မဟုတ်) မြေကြီးများဖြင့် ပြုလုပ်လေ့ရှိသည်။ ခန်၏အောက်ခြေတွင် မီးခိုးခေါင်းတိုင်ကဲ့သို့လမ်းကြောင်းများ ပါရှိသည်။ မီးဖို (သို့မဟုတ်) အပူပေးစနစ်မှထွက်လာသည့် မီးခိုးငွေ့ပူတွေက ထိုလမ်းကြောင်းထဲကနေ ဖြတ်သန်းသွားပြီး ခန်တစ်ခုလုံးကို နွေးထွေးစေသည်။ မီးခိုးများကတော့ အိမ်အပြင်ဘက်သို့ ထွက်သွားသည်။ ခန်၏အပေါ်တွင်သစ်သားပျဉ်ပြား ခံထားတာမျိုး (သို့မဟုတ်) ဖျာခင်းပြီး အသုံးပြုတတ်ကြသည်။
ခန်ဆောက်လုပ်ဖို့ရန်အတွက် ပထမဦးစွာ
အိမ်အား ပြင်ဆင်ရန်လိုအပ်သည်။ ထို့ကြောင့် စျေးရောင်းကာ ပိုက်ဆံကြိုးစားစုရမည်။ လုဖုန်းကလည်း ခန်ဆိုသည့်အရာမှာ အလွန်အသုံးဝင်နိုင်ကြောင်း ထောက်ခံပေးသည်။ ရှောင်ယွမ်က ခန်၏ပုံစံကို မြင်ဖူပေမယ့် သိသော်လည်း မည်သို့ဆောက်လုပ်ရမည်ကို မသိချေ။
ထို့ကြောင့် လက်သမားဆရာများကို ပုံဆွဲပြကာ ဖန်တီးခိုင်းရပေတော့မည်။ လုဖုန်းက သူ့မိတ်ဆွေ၏အဖေမှာ လက်သမားဆရာတစ်ဦးဖြစ်ပြီး အလွန်တော်ကြောင်း ပြောလေသည်။ ရှောင်ယွမ်က သူတို့စျေးရောင်းမထွက်သည့်နေတွင် ထိုဦးလေးထံသွားတွေ့၍ ဆွေးနွေးလိုကြောင်း ပြောလိုက်သည်။
အကယ်၍ ထိုလက်သမားဆရာကသာ ယုံကြည်စိတ်ချရမည်ဆိုလျှင် သူတို့ခန်တည်ဆောက်ခြင်းမှ ငွေရှာနိုင်ပေမည်။ သူက ခန်၏ပုံစံ၊တည်ဆောက်ပုံနှင့်အသုံးဝင်ပုံအား ပြောပြပေးမည်။ ထိုလူမှလက်တွေ့အကောင်အထည်ဖော်နိုင်လျှင် ၎င်းက နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည်။
"ကောင်းပြီ ကိုယ့်သူငယ်ချင်းကို ပြောထားလိုက်မယ်
အိပ်ကြစို့ မနက်စောစောထရဦးမယ်"
"ကောင်းပါပြီ"
ရှောင်ပိုင်နှင့် လင်းဟန်တို့ အိပ်ပျော်သွားသည်မှာ
ကြာလေပြီ။ မကြာမီ လုဖုန်းလည်း အိပ်ပျော်သွားလေသည်။ သို့မှသာ ရှောင်ယွမ်က နေရာလွတ်ထဲသို့ဝင်လိုက်သည်။
နေရာလွတ်သို့ဝင်လိုက်လျှင် မြေလေးကွက်လုံး၌ အသီးများပြတ်ခဲနေသည်ကို တွေ့လိုက်ရသည်။
ခရမ်းချဥ်သီးများမှာ ပြောင်လက်၍မှည့်နေပြီး သခွားသီးများကလည်း ထပ်၍သီးနေသေးသည်။ ပဲတောင့်ရှည်များကလည်း ဆံပင်များကဲ့သို့ပင် တစ်ပင်လုံး တွဲလောင်းကျ၍သီးနေသည်။ ငရုတ်ပင်များတွင်လည်း ငရုတ်သီးများပြည့်နေသည်။
ရှောင်ယွမ်က အသီးများအားလုံးကို သူတို့၏ သက်ဆိုင်ရာ ခြင်းအသီးသီးဖြင့် ခူး၍ထည့်ထားလိုက်သည်။ မြေလေးကွက်လုံး ခူးပြီးနောက် သူ၏ခါးများပင် နာကျင်လာရသည်။
ထို့နောက် စမ်းရေတစ်ခွက်သောက်ပြီး မြေကွက်အသစ်များဆက်၍ တူးဖော်ခဲ့သည်။ ခြေ၂ကွမ်းအကွာတွင် နောက်ထပ် မြေကွက်၄ကွက်အား ထပ်မံဖော်လိုက်သည်။
မြေအား သေချာထွန်ယက်ပြီးနောက် စမ်းရေလောင်းကာ မျိုးစေ့များချလိုက်သည်။ အာလူး၊မုန်လာဥ၊မြေပဲနှင့် ပန်းဂေါဖီတို့ကို စိုက်လိုက်သည်။
အားလူးနှင့် မုန်လာဥမှာ ယနေ့စျေးထဲတွင်တွေ့ခဲ့ရသည်။ မြေပဲက ရှိမရှိမသေချာသေးသော်လည်း ပန်းဂေါ်ဖီမရှိကြောင်း သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူလိုက်လံမေးမြန်းခဲ့ရာ မည်သူကမျှ မသိကြချေ။
မျိုးစေ့ချပြီးနောက် စမ်းရေထပ်၍လောင်းပေးလိုက်သည်။ စမ်းရေ၏အကျိုးကျေးဇူးဖြင့် ပန်းဂေါ်ဖီများ လျင်မြန်စွာ ကြီးလာစေရန်ဖြစ်သည်။
ရှောင်ယွမ်တစ်ယောက် လယ်ယာစိုက်ပျိုးပြီးနောက် ချွေးမထွက်သော်ငြား စိတ်ထဲအသန့်သဖြင့် နေရာလွတ်ထဲမှာပင် ရေချိုးလိုက်သည်။ ၎င်းက စမ်းရေဖြင့် ပထမဆုံးအကြိမ် ရေချိုးခြင်းဖြစ်သည်။ ရေချိုးပြီးနောက် အလွန်သန့်ရှင်း လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။
အင်း တကယ်ကို လန်းဆန်းသွားတာပဲကွာ
စိတ်သစ်လူသစ်ဖြစ်သွားသလိုပဲ
စောနက ပင်ပန်းထားတာတွေ
ဘယ်ရောက်သွားလဲမသိဘူး
စမ်းရေက တကယ်အကျိုးထူးတာပဲ
ဆေးပင်တစ်ချို့နေရာလွတ်ထဲယူပြီး
စိုက်ကြည့်ဦးမှထင်တယ်
ရှောင်ယွမ် နေရာလွတ်ထဲမှ ဂရုတစိုက်ဖြင့် ထွက်ပြီး
ဘေးမှ ရှောက်ပိုင်လေးအားကြည့်လိုက်သည်။ ရှောင်ပိုင်လေး နိုးမလာကြောင်း သေချာသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သို့သော် ခေါင်းမော့လိုက်သောအခါ သူ့အားစိုက်ကြည့်နေသော လုဖုန်းနှင့် တည့်တည့်တိုးလေသည်။
"အမလေး လန့်လိုက်တာ
လုဖုန်း ခင်ဗျား ဘယ်တုန်းကနိုးနေတာလဲ"
"ကိုယ် မအိပ်ရသေးဘူး
မင်းအသက်ရှုသံပျောက်သွားလို့
မျက်လုံးဖွင့်ကြည့်လိုက်တာ မင်းကမရှိဘူး
ရှောင်ယွမ် ကိုယ်ဘယ်လောက်တောင်
လန့်သွားရလဲဆိုတာ သိရဲ့လား
မင်းရဲ့ကမ္ဘာကိုပြန်ရောက်သွားပြီ
လို့တောင်ထင်သွားတာ
ကိုယ်အခုမင်းကို ထရှာမလို့ပြင်နေတုန်း
မင်းပြန်ပေါ်လာတာပဲ"
လုဖုန်းက အလွန်ထိတ်လန့်သွားပုံရသည်။ ရှောင်ယွမ် တွေးထားခဲ့သည့် ထိတ်လန့်ပုံမျိုးမဟုတ်ဘဲ သူက ရှောင်ယွမ် သူ၏ကမ္ဘာပြန်သွားမည်ကိုသာ ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။