အခန်း(၂၃)
Viewers 4k

အခန်း (၂၃)


​ရှောင်ယွမ်တစ်​ယောက် ပန်း​ဂေါ်ဖီများ အကုန်​ရောင်းကုန်သွားပြီး​နောက် သူ၏ခေါင်းထဲတွင် နောက်ထပ် စိန်ခေါ်မှုတစ်ခု ရှိနေသေးသည်။ ၎င်းက​တော့ငရုတ်သီးပင်။ နေရာလွတ်ထဲက ငရုတ်သီးတွေက နီနီရဲရဲနှင့် လှပတောက်ပနေ​သော်လည်း ဒီခေတ်က

လူတွေက ငရုတ်သီးဆိုတာ ဘာမှန်း မသိကြသေး​ချေ။ စပ်သည့် အရသာဆိုတာလည်း သူတို့ရဲ့အဘိဓာန်မှာ မရှိသေး​ပေ။ 


ငရုတ်သီးကို ဘယ်လို မိတ်ဆက်ပေးရမလဲဟု 

ရှောင်ယွမ်က စဉ်းစားနေခဲ့သည်။


စျေးထဲတွင် တိုက်ရိုက် မိတ်ဆက်လိုက်ပါက 

လူတွေက ပန်းဂေါ်ဖီနှင့်အခြားအသီးအရွက်များကဲ့သို့ သ​ဘောကျနှစ်သက်ခြင်းထက် မြည်းကြည့်ပြီး​နောက် ကြောက်လန့်နေကြမည်မှာ သေချာသည်။ထို့ကြောင့် အထူးခြားဆုံးနှင့် ယုံကြည်စိတ်ချရသည့် ချန်းမိသားစု စားသောက်ဆိုင်မှ စားဖိုမှူးကြီးကိုသာ ပြသရန် ဆုံးဖြတ်လိုက်သည်။


စျေးမှအပြန်လမ်းတွင် ရှောင်ယွမ်နှင့် လုဖုန်းတို့က 

ချန်းမိသားစု စားသောက်ဆိုင်ဆီသို့ ဦးတည်ခဲ့ကြသည်။ မကြာ​သေးမီက အကူအညီပေးခဲ့သည့် အဝယ်တော် စန်းလောင်နှင့်လည်း ပြန်တွေ့ချင်သည်။ ဆိုင်ထဲရောက်​သောအခါ စန်းလောင်က 

သူတို့ကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုသည်။


"ဒီနေ့ အသီးအနှံတွေ ရောင်းကောင်းရဲလား 

ကောင်လေးတို့"


"ဟုတ်ကဲ့ ဦး​လေးစန်းလောင် 

အဆင်ပြေပါတယ်ဗျ" 


ရှောင်ယွမ်က ပြန်ဖြေသည်။


"ကျွန်တော်တို့ အခု စားဖိုမှူးကြီးနဲ့ တွေ့ချင်လို့ပါ အရေးကြီးတာလေး ပြစရာရှိလို့ဗျ"

စန်းလောင်က မျက်မှောင်ကြုတ်လိုက်သည်။ 


"ဘာ​တွေများ အရေးကြီးလို့လဲ 

အခု စားဖိုမှူးကြီးက မအားသေးဘူး ဖြစ်နေတယ်"


"ဒါက ကျွန်တော်တို့ရဲ့ အနာဂတ် စီးပွားရေးနဲ့ သက်ဆိုင်ပါတယ် ဦး​လေးစန်းလောင်

ကျွန်တော် အသီးအနှံအသစ်တစ်ခု 

မိတ်ဆက်ပေးချင်လို့ပါ" 


လုဖုန်းက ဝင်ပြောလိုက်သည်။ သူ့၏ခန့်ညားသည့်ပုံစံက တမြန်​နေ့ကဝယ်ယူခဲ့သည့် အဝတ်အစားများဝတ်လိုက်ကြည့်အခါ ပို၍ခန့်ညားသွားပြီး ယုံကြည်မှုရှိသည့်အသံကြောင့် စန်းလောင် အနည်းငယ် ​တွေ​ဝေသွားရသည်။


"ဒါဆို ခဏလေး စောင့်ကြဦး

ငါ သွားပြောကြည့်လိုက်မယ်" 


စန်းလောင်ကပြောပြီး​နောက် 

စားဖိုမှူးခန်းထဲသို့ ဝင်သွားသည်။


မကြာမီတွင် စန်းလောင်က ပြန်ထွက်လာပြီး 

​ပြော​လေသည်။


"ကဲ ​ကောင်​လေးတို့ 

စားဖိုမှူးကြီးက တွေ့မယ်တဲ့ လာခဲ့ကြပါ" 


ရှောင်ယွမ်နှင့် လုဖုန်းတို့က စားဖိုမှူး၏ မီးဖိုခန်းထဲသို့ ​ရောက်​​​သောအခါ ဝတုတ်တုတ်နှင့် မျက်နှာတည်တည် စားဖိုမှူးကြီးတစ်ယောက်က မတ်တပ်ရပ်၍ 

ကြည့်​နေသည်။


"ဘာများလဲ ကောင်လေးတို့ ငါမအားဘူး" 

စားဖိုမှူးကြီးက မေးသည်။


ရှောင်ယွမ်က သူ၏ခြင်းထဲက နီနီရဲရဲ ငရုတ်သီးအနည်းငယ်ကို ထုတ်ပြလိုက်သည်။ 


"စားဖိုမှူးကြီး ဒီအသီးကို ကြည့်ပေးပါဦး"


စားဖိုမှူးကြီးက ငရုတ်သီးကို အံ့ဩစွာ ကြည့်သည်။ 

သူ၏စားဖိုမှူးသက်တမ်းတစ်​လျှောက် ဤကဲ့သို့အသီးမျိုးကို တစ်ခါမျှမမြင်ဖူးပေ။ 


"ဒါ ဘာအသီးလဲ ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး"


"ဒါက ငရုတ်သီးလို့​ခေါ်ပါတယ် စားဖိုမှူးကြီး" 


ရှောင်ယွမ်က ပြုံးရင်း ပြောသည်။


"ဒါကို ဟင်းချက်ရာမှာ သုံးလို့ရပြီး

ထူးခြားတဲ့ အရသာကို ပေးနိုင်ပါတယ်"


"ထူးခြားတဲ့ အရသာဟုတ်လား

ဘယ်လို အရသာမျိုးလဲ" 


စားဖိုမှူးကြီးက စိတ်ဝင်တစား မေးသည်။


"ပူတဲ့ စပ်တဲ့ အရသာပါ စားဖိုမှူးကြီး အစားအသောက်တွေကို ပိုပြီး အသက်ဝင်စေနိုင်ပါတယ်"


စားဖိုမှူးကြီးက ငရုတ်သီးတစ်​တောင့်ကို 

ယူပြီး အနံ့ခံကြည့်သည်။

"ဘာနံ့မှလည်း အနံ့မရပါလား 

ဒါက တကယ် စပ်တာသေချာလို့လား"


"ဟုတ်ပါတယ် စားဖိုမှူးကြီး 

စမ်းစားကြည့်ချင်ရင်

တစ်ခြား အသီး​တွေလိုမျိုး

ဒီတိုင်း အစိမ်းလိုက် ကိုက်မစားဖို့ 

အကြံပြုချင်ပါတယ်" 


ရှောင်ယွမ် သတိပေးလိုက်သည်။


"ဟင်း ဒီလောက် လှပနေတာကို 

ဘာလို့အစိမ်းစားမကြည့်ရမှာလဲ" 


စားဖိုမှူးကြီးက မယုံသလို ပြောပြီး 

ငရုတ်သီးတစ်ဝက်ကို လှီးကာ 

ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


"အွတ်! အွတ်!"


စားဖိုမှူးကြီးက မျက်လုံးပြူးသွားပြီး ချက်ချင်း မီးဖိုချောင်ထဲက ရေကို ခွက်နှင့် အမြန် 

ခပ်သောက်ချလိုက်သည်။ သူ၏မျက်နှာတစ်ခုလုံးက နီရဲ​နေပြီး ချွေးတွေပင် ပြန်လာသည်။


"အဟွတ်! အဟွတ်! ဒါ...ဒါ ဘာကြီးလဲ! 

အရမ်းပူတာပဲ! လျှာ​ပေါ်မှာမီးလောင်နေသလိုပဲ အားးး!" 


စားဖိုမှူးကြီးက အသက်ရှူကျပ်သလို ဖြစ်နေသည်။


လုဖုန်းနှင့် ရှောင်ယွမ်တို့က စားဖိုမှူးကြီး၏ပုံစံကို ကြည့်ပြီး ကြိတ်ရယ်လိုက်ကြသည်။ လုဖုန်းကလည်း သူကိုယ်တိုင် ငရုတ်သီးအစိမ်းကို မစားဖူးလို့ စားဖိုမှူးကြီးကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်မိသည်။


"စားဖိုမှူးကြီး 

ကျွန်တော် အစောကြီးကတည်းက 

သတိပေးခဲ့ရဲ့သားနဲ့" 

ရှောင်ယွမ်က ခပ်ဖွဖွရီကာ ပြောသည်။


"ဒါကို ဒီတိုင်း အစိမ်းလိုက် မစားရပါဘူးဆို

ဟင်းချက်ရာမှာ နည်းနည်းလေးပဲ ထည့်ပြီး 

သုံးရတာ အစိမ်းလိုက်စားချင်ရင်​တော့ တစ်ခြားအရွက်​တွေနဲ့အတူ သုပ်ပြီး စားလို့ရတယ်"


စားဖိုမှူးကြီးက ရေထပ်သောက်ပြီး အနည်းငယ် တည်ငြိမ်လာမှ ​​မေးလာသည်။


"ဒါဆို ဘယ်လိုသုံးရမှာလဲ

ဒီလောက် ပူ​လောင်​နေတာ 

ဘယ်သူကစားနိုင်မှာလဲ"


"စားဖိုမှူးကြီး

ငရုတ်သီးက ဟင်းခွက်တွေကို 

အရသာပိုရှိစေရုံသာမက 

စားချင်စိတ်ကိုလည်း တိုးပွားစေတယ် 

ဥပမာ- အသားဟင်းတွေ၊ ဟင်းချိုတွေ၊ 

ဆီပြန်ကြော်တွေမှာ ထည့်ချက်လို့ရတယ်

သူ့ကိုနည်းနည်းလေး ထည့်လိုက်တာနဲ့ 

ဟင်းရဲ့ အရသာက အဆတစ်ရာ​လောက် 

ပြောင်းလဲသွားမှာဗျ"

ရှောင်ယွမ်က ​သေ​သေချာချာ ရှင်းပြ​ပေးသည်။


"အခု ကျွန်တော် စားဖိုမှူးကြီးအတွက် 

ရိုးရှင်းတဲ့ ကြက်ဥကြော် တစ်ပွဲ ချက်ပြပါ့မယ်

ဒီငရုတ်သီးရဲ့အစွမ်းကို မြည်းစမ်းကြည့်ပါ"


ရှောင်ယွမ်က မီးဖိုချောင်ထဲမှ ကြက်ဥနှစ်လုံး၊ ကြက်သွန်နီအနည်းငယ်၊ ဆီနဲ့ ဆားတို့ကို ယူလိုက်သည်။ ပြီးတော့ ငရုတ်သီးနီနီရဲရဲလေး တစ်လုံးကို ယူပြီး ပါးပါးလှီးကာ အနည်းငယ်သာ ထည့်လိုက်သည်။ 


သူက ကြက်ဥကို ခေါက်၊ ကြက်သွန်နီ လှီး၊ ငရုတ်သီးနည်းနည်းထည့်ပြီး ဆားအနည်းငယ်နှင့် ရောမွှေလိုက်သည်။ ထို့​နောက် ဆီပူပူမှာ မွှေကြော်လိုက်သည်။ မကြာခင်မှာ ကြက်ဥကြော်အနံ့က မီးဖိုချောင်တစ်ခုလုံးကို မွှေးပျံ့သွားစေသည်။


လွယ်ကူရိုးရှင်း​သောဟင်းပွဲလေး ပြီးသွားပြီး​နောက်ရှောင်ယွမ်က စားဖိုမှူးကြီးနှင့် လုဖုန်းကို မြည်းကြည့်ရန် ခွဲပေးလိုက်သည်။


စားဖိုမှူးကြီးက တွန့်ဆုတ်တွန့်ဆုတ်နှင့် ကြက်ဥကြော်ကို ခက်ရင်းဖြင့် ထိုးပြီး ပါးစပ်ထဲထည့်လိုက်သည်။ တစ်ကိုက် ကိုက်လိုက်ပြီး​နောက် သူ၏မျက်လုံးများပြူးကျယ်သွားသည်။


"အင်း! ဒီအရသာက... တကယ်ကို ထူးဆန်းတာပဲ! အစပ်အရသာလေးက နည်းနည်းပါးပါးလေးပဲ 

ပါပေမယ့် စားချင်စိတ်ကို တကယ်တိုးလာစေတယ်! ဒီကြက်ဥကြော်က ပုံမှန်ကြက်ဥကြော်ထက် အများကြီး ပိုကောင်းတယ်ကွ" 

စားဖိုမှူးကြီးက အံ့ဩတကြီး ပြောသည်။


လုဖုန်းကလည်း ကြက်ဥကြော်ကို စမ်းမြည်းကြည့်လိုက်သည်။ သူက ငရုတ်သီးကို မစားဖူးသူမို့ အစပိုင်းတွင်အနည်းငယ် စိုးရိမ်​နေမိသည်။ သို့​သော်

တစ်ကိုက်စားလိုက်သည်နှင့် သူ၏မျက်နှာတွင် 

အံ့အားသင့်မှုများ ပေါ်လာသည်။


"တကယ်ကို စားဖိုမှူးကြီး ပြောသလိုပဲ 

ဒီအစပ်ဓာတ်လေးက ဟင်းကို ပိုပြီးအရသာရှိစေတယ် လျှာကိုပူ​စေတယ်ဆိုပေမယ့် မခံနိုင်အောင် မဟုတ်ဘဲ စားကောင်းလောက်အောင်လေးပဲ" 

လုဖုန်းက ​ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောသည်။ 


စားဖိုမှူးကြီးက ရှောင်ယွမ်အား အလေးအနက်ထားသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ 


"ကောင်လေး မင်းရဲ့ ငရုတ်သီးတွေက 

ငါ့စားသောက်ဆိုင်အတွက် 

တကယ် အသုံးဝင်လိမ့်မယ် 

ငါ မင်းဆီကနေ ဒီငရုတ်သီးတွေကို ဝယ်ချင်တယ်

ဒါပေမယ့် ဒီလို အစပ်အရသာကို လူတွေက ချက်ချင်း လက်ခံနိုင်ပါ့မလား"


"စားဖိုမှူးကြီး စိတ်မပူပါနဲ့

ကျွန်တော်တို့က ဒီငရုတ်သီးကို 

အစားအသောက်တွေထဲမှာ နည်းနည်းချင်းစီ 

ထည့်ပြီး လူတွေကို စပ်တဲ့အရသာနဲ့ ရင်းနှီးအောင် လုပ်ပေးသွားမယ် နောက်ပိုင်းမှာ ဒါက မရှိမဖြစ်တဲ့ အရသာတစ်ခု ဖြစ်လာလိမ့်မယ်" 


ရှောင်ယွမ်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။


စားဖိုမှူးကြီးက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ 


"ကောင်းပြီ မင်းရဲ့ ငရုတ်သီးတွေကို ငါ ဝယ်မယ်

အခုအစပိုင်းမှာ​တော့ မင်းဆီမှာရသမျှ 

ငရုတ်သီး​တွေကို ငါ့ဆီကိုပဲ ပို့​ပေးရမယ်

မင်းသ​ဘောတူနိုင်လား 

ငါတို့ ချန်းမိသားစုဆိုင်က မင်းကို ထိုက်ထိုက်တန်တန်​ပေးမှာပါကွာ "


"​ကောင်းပါပြီ ဒါကဒီ​နေ့ပါသမျှပါဗျ 

​နောက်တစ်သုတ်ရတဲ့အခါ ထပ်လာပို့​ပေးပါ့မယ်"


"​ကောင်းပြီ 

ငရုတ်သီး ၁ကျင်းကို ​ကြေးပြား ၂၀၀ ​ပေးမယ်

ငါတို့ဆီကိုပဲ​ရောင်း​ပေးပါ"


သ​ဘောတူညီမှုရပြီး​နောက် ရှောင်ယွမ်နှင့် လုဖုန်းတို့ နှစ်ယောက်က ငရုတ်သီးကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့​သောကြောင့် ဝမ်းသာအားရ ဖြစ်နေကြသည်။ သူတို့၏ အနာဂတ်စီးပွားရေးလုပ်ငန်းက တောက်ပလာပြီဆိုတာ သေချာသွားခဲ့သည်။


စားဖိုမှူးကြီးနှင့် ငရုတ်သီးကို ဘယ်လို 

စတင်အသုံးပြုသွားမယ်ဆိုတာ ဆွေးနွေးပြီးနောက် 

ရွာသို့ပြန်လာခဲ့ကြသည်။ သူတို့နှစ်ယောက်က အမေလင်းထံမှ ကလေးများကို ခေါ်ရန် ထွက်လာခဲ့ကြသည်။ လင်းဟန်နှင့် ရှောင်ပိုင်တို့က အမေလင်းနှင့်ဆော့ပြီး ပျော်နေကြတာကို တွေ့ရသည့်အခါ ရှောင်ယွမ်လည်း စိတ်အေးရသည်။ 


အိမ်ပြန်ရောက်သည့်အခါ လင်းဟန်နှင့် လုဖုန်းတို့က မြစ်သို့ရေချိုးသွားကြသည်။ ရှောင်ယွမ်ကတော့ ရှောင်ပိုင်လေးနဲ့အတူ မီးဖိုချောင်ထဲတွင် ညစာအတွက် ပြင်ဆင်​လေတော့သည်။ 


လုဖုန်းက ​ရေချိုးမသွားမှီတွင် ကြက်ဥ​ကြော်အား ငရုတ်သီးနှင့်​ကြော်​ပေးရန် တကူးတကမှာသွားခဲ့သည်။ ထိုအ​ကြောင်း​တွေးမိ​သောအခါ ရှောင်ယွမ်တစ်​ယောက် ဟင်းချက်ရင်း ခပ်တိုးတိုး ရယ်လိုက်မိသည်။