အခန်း(၂၄)
Viewers 4k

အခန်း (၂၄)


မနက်စောစောစီးစီး လေအေးက တိုက်ခတ်နေသည်။ ရှောင်ယွမ်နှင့် လုဖုန်းတို့နှစ်ဦးသား စျေးရောင်းရန်အတွက် အိမ်မှ ထွက်လာခဲ့ကြသည်။ ပုံမှန်အတိုင်း ကလေးများကို အမေလင်းအိမ်တွင် ထားခဲ့သည်။ မနေ့ညက နေရာလွတ်ထဲရှိ ငရုတ်သီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲတောင့်ရှည်၊ အာလူး၊ မုန်လာဥ၊ မြေပဲ အစရှိသည့် အသီးအနှံတွေကို ​စနစ်တကျခြင်းအပြည့် ခူးထားခဲ့ပြီး​လေပြီ။


တောလမ်းတစ်လျှောက် လာရင်းနှင့် စျေးနားနီးလျှင် လူအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ သူတို့၂​ယောက်က အချင်းချင်းကြည့်တာ ​ခေါင်းငြိမ့်ပြလိုက်သည်။ ထို့​နောက် စိတ်ဝင်တစားချဉ်းကပ်ကြည့်လိုက်​သောအခါ နွားတစ်ကောင်နှင့် နွားလှည်းတစ်စီးရောင်းချနေတာ တွေ့လိုက်ရသည်။ နွားကောင်လေးက ပိန်လှီနွမ်းလျနေပြီး မျက်လုံးများကလည်း ညှိုးငယ်သည်။ ထိုကဲ့သို့ မြင်ရ​​​သောအခါ ရှောင်ယွမ် သနားစိတ်ဝင်သွားသည်။


"ဒါ နွားနဲ့ နွားလှည်း ရောင်းတာလား" 

ရှောင်ယွမ် မေးလိုက်သည်။


"ဟုတ်ပါတယ် ​​ကောအာလေး

ဒီနွားလေးက နေမကောင်းလို့

လှည်းကလည်း ဟောင်းနေပါပြီ

ဦး​လေးတို့အိမ်မှာ သူ့ကို​ကျွေးဖို့​တောင် အနိုင်အနိုင်ပါ

အခုလို သူ​နေမ​ကောင်းဖြစ်တဲ့အခါ 

​ဆေးလည်း ကုမ​ပေးနိုင်တာမလို့ 

​ရောင်းရတာပါ သူ့ကိုသားသတ်တာမျိုးလည်း 

မလုပ်ရက်ဘူး ဦး​လေးတို့ကိုယ်တိုင်​မွေးထားခဲ့တာ

ဒါပေမယ့် ဈေးချိုချိုနဲ့ ပေးမှာပါ" 

နွားပိုင်ရှင်က ညှိုးငယ်စွာ ပြောသည်။


ရှောင်ယွမ် စိတ်ထဲတွင် တစ်ခုခု တွေးလိုက်မိသည်။ သူ၏နေရာလွတ်ထဲက စမ်းရေအစွမ်းနဲ့ဆိုရင် ဒီနွားလေး သက်သာလာမှာ သေချာသည်။ 


သူတို့လည်း စျေးကို လမ်းလျှောက်သွားနေရတာမို့ နွားလှည်းလေး ရလိုက်ရင်တော့ သက်သာတာပေါ့။


"ဦး​လေး ဒါကို ဘယ်လောက်နဲ့ ရောင်းမလဲ" 

ရှောင်ယွမ် မေးလိုက်သည်။


"နွား​​လေး​​နဲ့နွားလှည်း ၂ခု​ပေါင်း ၁လျန်ပဲ​ပေးပါ"


နွားပိုင်ရှင် ပြောလိုက်သည့် ဈေးက တကယ်ကို 

နည်းလွန်းတာကြောင့် ရှောင်ယွမ် မစဉ်းစားတော့ဘဲ ဝယ်လိုက်သည်။ 


"ဒါဆို ကျွန်တော် ဝယ်လိုက်မယ်"

လုဖုန်းက ရှောင်ယွမ်ကို အံ့ဩစွာ ကြည့်သည်။ 


"ရှောင်ယွမ်

ဘာလို့ ဒီလိုနွား​လေးကို ဝယ်လိုက်တာလဲ

သူက နေမကောင်းဘူးလေ"


"စိတ်မပူပါနဲ့ လုဖုန်း

ကျွန်တော်တို့ နွားလေးကို 

ကျန်းမာအောင် ပြန်လုပ်နိုင်ပါတယ်" 


ရှောင်ယွမ်က လုဖုန်းနား တိုးတိုးလေး ကပ်ပြောလိုက်သည်။ လုဖုန်း မျက်လုံးတွေ ပြူးကျယ်သွားပြီး ရှောင်ယွမ်၏စကားကို နားလည်သွားသည်။ ​ရှောင်ယွမ်က နေရာလွတ်ထဲမှ စမ်းရေ၏အစွမ်းကို သူ့အား ​ပြောပြဖူးသည်။


နွားနဲ့ နွားလှည်းကို ဝယ်ပြီးသည်နှင့် ရှောင်ယွမ်က နွားလေး၏နားကပ်ပြီး မြက်​ကျွေးသည့်ပုံဟန်​ဆောင်ကာ မြက်​ပေါ်သို့ စမ်း​ရေအစက်အနည်းငယ်ချ၍ တိတ်တိတ်လေး တိုက်လိုက်သည်။ 


မြက်စားပြီး​နောက် နွားလေး၏မျက်လုံးများကချက်ချင်း အရောင်တောက်လာပြီး အားမာန်တွေ ပြန်ပြည့်လာသလိုပင်။ လုဖုန်းက ​ခေါင်း​ထောင်လာ​​သောနွားလေးကိုကြည့်ပြီး အံ့ဩနေမိသည်။ ရှောင်ယွမ် ၏နေရာလွတ်က တကယ်ကို အံ့မခန်းပင်။ သူတို့နှစ်​​ယောက်၏ ခြင်းများကို နွားလှည်း​​ပေါ်သို့တင်ပြီး 

​စျေးသို့ ထွက်လာခဲ့ကြသည်။


စျေးထဲသို့ရောက်​​သောအခါ လူအုပ်ကြီးက မနက်အ​စောကတည်းက စောင့်နေကြပုံရသည်။ ရှောင်ယွမ်နှင့် လုဖုန်းတို့၏နွားလှည်းရောက်လာသည်နှင့် စျေးဝယ်သူတွေက ဝရုန်းသုန်းကား ပြုံတိုးလာကြသည်။


"ရောက်ပြီဟေ့ ဒီကောင်လေးတွေ လာပြီ!"


"ဟိုတစ်နေ့က ပန်းဂေါ်ဖီဝယ်မလိုက်ရဘူး

ဒီနေ့တော့ လုံးဝ ဝယ်ရမယ်!"


"အစ်ကိုတို့ ကျွန်​တော်ကို ခရမ်းချဉ်သီးအရင်ပေးပါ!"


လူတွေက နွားလှည်းပေါ်က ခြင်းတွေချသည်အထိ အ​စောင့်​တော့ဘဲ အတင်း လုယက်သလို တိုးကြတော့သည်။ ရှောင်ယွမ်နှင့်လုဖုန်းတို့ တော်တော်လေး အလုပ်များသွားသည်။


"တစ်ယောက်ချင်းစီ တန်းစီပြီး ဝယ်ကြပါခင်ဗျာ!"

 

လုဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်​သော်ငြားဘယ်သူကမှ နားမထောင်ကြ​ပေ။ အားလုံးက ကိုယ်စားချင်သည့် အသီးအနှံတွေကိုသာ အမြန်ဆုံး လုယက်နေကြသည်။


အသီးအနှံများကလည်း ပုံမှန်ထက် ပို၍လတ်ဆတ်ကာ ပိုလှပပြီး ပို၍အရသာရှိတာကြောင့် စျေးဝယ်သူတွေကြားမှာ အလုအယက် ဖြစ်နေကြသည်။


ခရမ်းချဉ်သီးတွေ၊ သခွားသီးတွေ၊ ပဲတောင့်ရှည်တွေက မိနစ်ပိုင်းအတွင်း ကုန်သွားသည်။ ပန်းဂေါ်ဖီတွေနှင့် အာလူး၊ မုန်လာဥတွေလည်း အတော်လေး ရောင်းကောင်းသည်။


ဘေးနားက တခြားအသီးအရွက်သည်များ၏ မျက်နှာတွေကတော့ မဲမှောင်နေသည်။ သူတို့၏ဆိုင်များတွင် ဖောက်သည်တွေ မရှိတော့ဘဲ ရှောင်ယွမ်တို့ဆိုင်မှာပဲ လူတွေ ပြုံနေတာကို မြင်တော့ မနာလိုသည့် စကားသံတွေက ပွင့်အန်လာသည်။


"ဟွန်း ဘယ်က လာတဲ့ 

ကောင်တွေမှန်းမသိဘူး ကံကောင်းကြတာကိုး"


"ဘာတွေပဲ သုံးထားသလဲ မသိဘူး

ဒီလို လတ်ဆတ်တာတွေ

နေ့တိုင်း ထွက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး"


ဖန်းလင်မယားကတော့ မျက်နှာတွေ နီရဲပြီး 

ဘာမှ မပြောနိုင်တော့ပေ။ သူတို့၏အမာခံဖောက်သည်တွေကပါ ရှောင်ယွမ်တို့ဆီ ပြောင်းကုန်ပြီ ဖြစ်သည်။


​ဘေးဆိုင်မှ ပိုင်လွေ့ကလည်း ရှောင်ယွမ်တို့ ရောင်းကောင်းနေတာကို တွေ့ရသည့်အခါ မျက်လုံးပြူးပြီး အားကျနေမိသည်။ ယခင်က ရှောင်ယွမ်ကို သူနှင့်အတူတူ နိမ့်ကျသည့်​စျေးသည်​လေးဟု မြင်ခဲ့​သည်။ ယခု ရှောင်ယွမ်၏စီးပွားရေး ကောင်းစားပုံကို မြင်ရ​သောအခါ ​ရှောက်ယွမ်က စျေးသည်​လေးတစ်​ယောက် ဘဝထက် ပို၍တိုးတက်ဦးမည်ကို သိလိုက်ရသည်။ သူလည်း အားကျမိကာ ထိုကဲ့သို့ ဖြစ်ချင်နေမိသည်။


အသီးအရွယ်အားလုံး​ရောင်းချပြီးမှသာ ​ရှောင်ယွမ်က ​ပိုင်​လွေ့နှင့်စကား​ပြောနိုင်​တော့သည်။ ပိုင်​လွေ့၏ မနာလိုခြင်းမပါဝင်သည့် အားကျသည့် စကားသံများကို ကြားရသည့်အခါ ​စိတ်ထဲတွင်ကြည်နူးမိသည်။ ​အစ်ကိုပိုင်​လွေ့၏ရိုးရှင်း​သော စိတ်ထားကို သ​ဘောကျမိ​သော​ကြောင့် ​ခေတ်သစ်မှ အချဥ်တည်နည်းအချို့ကို သူသိသ​လောက်​ပြောပြခဲ့သည်။ အကယ်၍ အချဥ်တည်ရန် သူ့ထံမှ အသီးအရွက်များလိုချင်လျှင်လည်း အချိန်မ​ရွေးဖယ်ထား​ပေးမည့်အ​ကြောင်း ​ပြောခဲ့သည်။ 


​ပိုင်​လွေ့က ​ရှောင်ယွမ်​ပြောသည့် နည်းများကို 

အ​သေအချာမှတ်ထားပြီး ​ရှောင်ယွမ်အား အလွန်​ကျေးဇူးတင်​နေမိသည်။ 


"​ကျေးဇူးပါ တကယ်​ကျေးဇူးတင်ပါတယ်

ဒါဆိုရင် ​ရှောင်ယွမ် မင်း​ပြောတဲ့အ​တိုင်း 

ငါအိမ်မှာ စမ်းလုပ်ကြည့်ဦးမယ်

မုန်လာဥအချဥ်လည်းလုပ်ချင်တယ်

မင်းတို့ စိုက်ခင်းက မုန်လာဥရတဲ့အခါ 

ငါ့အတွက်ချန်ထား​ပေးနိုင်မလား"


"ရတာ​ပေါ့ ကျွန်​တော်တို့က မိတ်​​ဆွေ​တွေပဲ 

ဒါမျိုး​တွေ မလိုပါဘူး"


​ရှောင်ယွမ်က ပိုင်​လွေ့အား လက်ကာပြကာ 

​ပြောလိုက်သည်။ ထို့​နောက် ​နောက်ရက်တွင် ​စျေးထွက်ဖြစ်လိမ့်မည် မဟုတ်​ကြောင်း အသိ​ပေးခဲ့သည်။


နွားလှည်း​လေးဖြင့် ​တောလမ်းသို့ပြန်သွားပြီး​နောက် လူရှင်းသည့်အခါ ခြင်းထဲသို့ အသီးအနှံများပြန်ဖြည့်လိုက်သည်။ ယခုအ​ခေါက်တွင် အဝတ်ဖြင့်အုပ်ထားသည့် ငရုတ်သီး ခြင်း၁ခြင်းပါ အပိုပါလာသည်။ ၎င်းတို့က ချန်းမိသားစုစား​သောက်ဆိုင်မှ မှာယူထား​​သော အသီးအနှံများဖြစ်သည်။ သို့နှင့် စား​သောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ 


ဆိုင်ထဲသို့​​ရောက်​သောအခါ မနေ့က တွေ့ခဲ့သည့် ချန်းမိသားစု စားသောက်ဆိုင်က စားဖိုမှူးကြီး ကိုယ်တိုင် ရောက်ချလာသည်။ သူက သူ့၏ စားဖိုမှူးဝတ်စုံအပြည့်အစုံဖြင့်ရောက်လာသည်မို့ လူအများက လေးစားစွာ ဖယ်ပေးကြသည်။


"​မင်းတို့ ဒီနေ့လည်း ရောင်းကောင်းပုံရတယ်" စားဖိုမှူးကြီးက ပြုံးရင်း ပြောသည်။


"ဟုတ်ကဲ့ စားဖိုမှူးကြီး ကျေးဇူးပါပဲ" 

ရှောင်ယွမ် ပြန်ဖြေသည်။


"မနေ့က မင်းပေးခဲ့တဲ့ ငရုတ်သီးလေးကို 

ငါ စမ်းကြည့်လိုက်ပြီ" 


စားဖိုမှူးကြီးက လေးနက်စွာ ပြောသည်။ 


"ငါ့ဆိုင်က ဟင်းပွဲအချို့မှာ 

နည်းနည်းလေး ထည့်ကြည့်တာ

တကယ်ကို ထူးခြားတဲ့ အရသာကို ပေးနိုင်တာပဲ ဖောက်သည်တွေကလည်း စိတ်ဝင်စားကြတယ် 

ဒီနေ့ ငါမင်းဆီက ငရုတ်သီးတွေ ထပ်ဝယ်ချင်တယ် ပြီးတော့ ငါ့စားသောက်ဆိုင်အတွက် ငရုတ်သီးနဲ့ ချက်လို့ရတဲ့ ဟင်းပွဲအသစ်တွေ ဖန်တီးချင်တယ်

ဒီအတွက်မင်းရဲ့ အတွေးအခေါ်တွေ လိုအပ်တယ်

ဟင်းပွဲ​တွေကို ငါတို့ မင်းဆီကဝယ်ယူမှာပါ 

အလကားမယူပါဘူးကွာ"


ရှောင်ယွမ် ပြုံးလိုက်သည်။ သူခန့်မှန်းထားတဲ့အတိုင်းဖြစ်​နေ၏။ 


"စားဖိုမှူးကြီး 

ကျွန်တော်က စားဖိုမှူးတစ်ယောက် မဟုတ်ပါဘူး 

ဒါပေမယ့် ကျွန်တော်ထားသိတဲ့ 

ငရုတ်သီးနဲ့ ချက်လို့ရတဲ့ ဟင်းပွဲလေးတွေ 

ပြောပြပေးလို့ရပါတယ် 

ဥပမာ ကြက်သားအစပ်ဟင်း၊ ငရုတ်သီးပဲငံပြာရည်ဆမ်းထားတဲ့ ငါးဟင်း၊ ​​​​ခေါက်ဆွဲပြုတ်အစပ်ချက်နည်းတွေလိုမျိုးပေါ့ ပြီးတော့ ဆောင်းတွင်းနဲ့ လိုက်ဖက်တဲ့ ဟော့ပေါ့ ဆိုတဲ့ အစားအစာလည်း ရှိပါသေးတယ်"