အခန်း(၂၆)
Viewers 4k

အခန်း (၂၆)


မနက်ခင်းသည် လတ်ဆတ်သော လေပြည်နှင့်အတူ စတင်ခဲ့သည်။ တောင်ပေါ်ဒေသ၏ အေးမြမှုက ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး၊ ဝမ်းပြည့်နွေးထွေးသော မနက်စာ စားပြီးနောက် ရှောင်ယွမ်နှင့် လုဖုန်းတို့ နှစ်ဦးသား တက်ကြွစွာဖြင့် ပြင်ဆင်နေကြသည်။ 


မနေ့က နွားလှည်းတစ်စီး ပိုင်ဆိုင်ခဲ့ပြီဖြစ်သောကြောင့် ယခင်ကလို စျေးသည်အများအပြားကြား တိုးဝှေ့ပြီး အသီးအနှံ သယ်ယူပို့ဆောင်ရန် မလိုတော့ပေ။ နွားလှည်း၏ ကျေးဇူးကြောင့် အချိန်ကုန်သက်သာသည့်အပြင် အပင်ပန်းလည်း သက်သာသွားခဲ့သည်။ 


သို့သော် ဒီနေ့အတွက်မူ စျေးကိစ္စထက် ပိုမိုအရေးကြီးသည့် ကိစ္စတစ်ခု သူတို့နှစ်ဦး ရှေ့တွင် ရှိနေခဲ့သည်။ ၎င်းမှာ ဆောင်းတွင်းအတွက် အလွန်အသုံးဝင်မည့် ခန်ကုတင်အကြောင်း လက်သမားဆရာနှင့် သွားရောက်ဆွေးနွေးရန်ပင် ဖြစ်သည်။


မနက်စာစားပြီးသည်နှင့် ကလေးများကို အမေလင်းအိမ်သို့ ခဏအပ်နှံထားခဲ့ကြသည်။ လင်းဟန်နှင့် ရှောင်ပိုင်တို့ကမူ သူတို့အဒေါ်လင်းအိမ်တွင် ကစားရမည်ဖြစ်သောကြောင့် ပျော်ရွှင်စွာ ပြေးလွှားသွားကြသည်။ 


ရှောင်ယွမ်နှင့် လုဖုန်းတို့နှစ်ဦးသား တစ်ဦးလက်ကို တစ်ဦးတွဲကာ ရွာလယ်လမ်းအတိုင်း လျှောက်လှမ်းခဲ့ကြသည်။ လမ်းတစ်လျှောက် ရွာသားအချို့နှင့် တွေ့ဆုံရာတွင်လည်း သူတို့အား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။


"မနက်ခင်းပါ လုဖုန်း နဲ့ ယွမ်​ကောလေး 

ဘယ်သွားမလို့တုံး မနက်စောစောစီးစီး"


အသက်ကြီးပိုင်း အဘွားအိုတစ်ဦးက ပြုံးရွှင်စွာ မေးလိုက်သည်။ 


ရှောင်ယွမ်တို့ကလည်း 

ပြန်လည်ပြုံးပြရင်း ​ဖြေ​လိုက်သည်။


"မင်္ဂလာ မနက်ခင်းပါ အဘွား

ဦးလေးကျင်းဆီ သွားမလို့ပါ"


"ဪ ကောင်းပါပြီ ကောင်းပါပြီ အေးအေးဆေးဆေးသွားကြနော်

ကြည့်ရတာ ဒီနှစ် ဆောင်းရာသီ အတော်လေး ချမ်းအေးမယ့်ပုံပဲ မင်းတို့ အ​နွေးထည်​တွေရှိရဲ့လား က​လေး​တွေအတွက်​ရောဘယ်လိုလဲ"


အဘွားအို၏ နွေးထွေးသော မေးခွန်းများက သူတို့နှစ်ဦးကို ပိုမိုရင်းနှီးစေခဲ့သည်။ 


"ဟုတ်ကဲ့ အဘွား

ကျွန်​တော်တို့ အဆင်ပြေအောင် 

ပြင်ဆင်ထားပါတယ်"


​ရှောင်ယွမ်က ပြောရင်း လုဖုန်းဘက်လှည့်ကြည့်ကာ ပြုံးလိုက်သည်။ လုဖုန်းကလည်း ပြန်ပြုံးပြသည်။


ထို့နောက်တွင်တော့ လမ်းဘေး၌ ထင်းခုတ်နေသည့် ရွာသားတစ်ဦးနှင့် တွေ့ဆုံသည်။ ထိုသူမှာ အမြဲတမ်း ပျော်ပျော်နေတတ်သူ ဦး​လေးကြီးဖြစ်သည်။


"ဟေ့ကောင် လုဖုန်း 

မင်းမိန်းမလေးနဲ့ ဘယ်လျှောက်သွားနေတာလဲ

ငါ့ကို ထင်းခုတ်ကူဦးကွ ​ဆောင်းတွင်းဝင်ဖို့နီးလာပြီ " 


ဦး​လေးကြီးက ခပ်ပြောင်ပြောင် စ​နောက်ပြောသည်။


လုဖုန်းက ရယ်မောရင်း ​ပြန်​ဖြေခဲ့သည်။


"ဒီနေ့တော့ အခွင့်မသာသေးဘူး ဦး​လေး​ရေ 

ဦးလေးကျင်းဆီ ခဏသွားမလို့"


"အေးအေး ​ဖြေး​ဖြေးသွား

ဒါဆို ငါ ဆက်ခုတ်လိုက်ဦးမယ်

မင်းတို့လည်း အေးဆေးသွားကြ"


ဦး​လေးကြီး၏ စကားကြောင့် ရှောင်ယွမ်လည်း ပြုံးမိသည်။ ရွာ၏ ရိုးသားပြီး ဖော်ရွေသော လူမှုပတ်ဝန်းကျင်က သူ့စိတ်ကို ပိုမိုပျော်ရွှင်စေခဲ့သည်။


လုဖုန်း၏သူငယ်ချင်းကျင်းလန်၏ ဖခင်ဖြစ်သူ လက်သမားဆရာ ဦး​လေးကျင်းအိမ်သို့ ရောက်သောအခါ ဦး​လေးကျင်းက သူတို့ကို ဖော်ဖော်ရွေရွေ ကြိုဆိုသည်။ ကျင်းဦး​လေးသည် အသက်ကြီးနေပြီဖြစ်သော်လည်း သူ့လက်ထဲမှ သစ်သားထည် ပုံစံငယ်လေးများကို ကြည့်ရုံဖြင့် လက်ရာမြောက်သော လက်သမားဆရာတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ သူ့မျက်လုံးများသည် အရာအားလုံးကိုတိကျစွာတိုင်းတာနေသကဲ့သို့ တောက်ပနေတတ်ပြီး၊ လက်များမှာလည်း ခိုင်မာတောင့်တင်းနေခဲ့သည်။


"မင်းတို့ ဘာများ ကူညီပေးရမလဲ" 

ဦးကျင်းက သူတို့ကို ထိုင်ရန်နေရာ 

ပေးရင်း ​ဖော်​ရွေစွာမေးလိုက်သည်။


"ဦးလေးကျင်း ကျွန်တော်တို့ ဦးလေးဆီမှာ အကူအညီတောင်းစရာလေး ရှိလို့ပါ" 

လုဖုန်းက စကားစသည်။ 


"ကျွန်တော့်ဇနီး ရှောင်ယွမ်က 

ခန်ကုတင်​ဆောက်ဖို့ စိတ်ကူးရှိတယ်

အဲ့ဒါ ဆောင်းတွင်းအတွက် အရမ်းအသုံးဝင်ပြီး သက်သောင့်သက်သာရှိမယ်လို့တဲ့ 

ဦးလေးရဲ့ လက်ရာနဲ့ဆိုရင် ဒါကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"


ဦး​လေးကျင်း၏ မျက်မှောင်နှစ်ဖက်မှာ 

တွန့်ချိုးသွားခဲ့သည်။


"ခန်ကုတင်? အဲ့ဒါ ဘာကြီးလဲ 

တစ်ခါမှ မကြားဖူးပါလား" 


သူ၏မျက်လုံးများက စိတ်ဝင်တစားဖြင့် 

ရှောင်ယွမ်ကို ကြည့်လိုက်သည်။ မည်သည့် ပုံစံမျိုး၊ မည်သည့်အရာမျိုးကို ဆိုလိုသည်ကို သိလိုစိတ်က သူ့မျက်ဝန်းထဲတွင် ထင်ရှားစွာ ပေါ်လွင်နေသည်။ သူ၏လက်သမားလုပ်သက် တစ်သက်လုံးတွင် မကြားဖူးသော အမည်နာမတစ်ခုဖြစ်သောကြောင့် အံ့အားသင့်နေပုံရသည်။


ရှောင်ယွမ်က ရှေ့သို့တိုးလာပြီး 

သေချာစွာ ရှင်းပြသည်။ 


"ဦးလေးကျင်း ခန်ကုတင်ဆိုတာက 

အပူပေးလို့ရတဲ့အိပ်ရာတစ်မျိုးပါပဲ 

အခန်းရဲ့ တစ်ဖက်ခြမ်း (ဒါမှမဟုတ်) 

နံရံတစ်ခုဘေးမှာ အုတ် (ဒါမှမဟုတ်) 

မြေကြီးတွေနဲ့ ဆောက်ရတာပါ

သူ့အောက်မှာ မီးခိုးခေါင်းတိုင်လို 

လမ်းကြောင်းတွေ ပါရှိပါတယ် 

မီးဖိုကနေ ထွက်လာတဲ့ မီးခိုးငွေ့ပူတွေကို 

ဒီလမ်းကြောင်းတွေထဲကနေ ဖြတ်သန်းသွားစေပြီး ခန်တစ်ခုလုံးကို နွေးထွေးအောင် လုပ်ပေးတာပါ မီးခိုးတွေကတော့ အိမ်အပြင်ဘက်ကို ထွက်သွားတော့ အိမ်ထဲမှာ မီးခိုးလည်း မထွက်ဘဲ 

​ဆောင်းတွင်းမှာ ကျွန်​တော်တို့က ကုတင်​ပေါ်မှာတင်နွေးထွေးနေလို့ရတာပေါ့"


ရှောင်ယွမ်၏ ရှင်းပြချက်ကို ဦး​လေးကျင်းက စိတ်ဝင်တစား နားထောင်နေသည်။ သူ့မျက်နှာပေါ်တွင် စဉ်းစားခန်းဝင်နေသည့် အရိပ်အယောင်များ ပေါ်လာပြီး တစ်ချက်တစ်ချက် ခေါင်းငြိမ့်ပြသည်။ 


"အင်း... စိတ်ဝင်စားစရာပဲ

ဒါဆို ဒါကို ဘယ်လိုပုံစံနဲ့ ဆောက်ရမှာလဲ"


"ဦးလေးကျင်း စိတ်မပူပါနဲ့

ကျွန်တော် ဒီခန်ကုတင်ရဲ့ ပုံစံ၊ တည်ဆောက်ပုံ အသေးစိတ်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ အဆင့်ဆင့် ပြောပြပေးနိုင်ပါတယ်" 


ရှောင်ယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


"ဒါက ဆောင်းတွင်းအတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာမှာပါ 

လူတိုင်းကလည်း​သေချာ​ပေါက် လိုချင်ကြမှာ 

မြို့​ပေါ်က သူ​ဌေး​တွေလည်း သ​ဘောကျမယ်ဆိုတာသေချာပါတယ်"


"ဒါပေမယ့် ကျွန်တော်မှာ 

တောင်းဆိုစရာတစ်ခု ရှိပါတယ်" 

ရှောင်ယွမ်က ဆက်ပြောသည်။


"ဦးလေးနဲ့ ကျွန်တော်တို့ အတူတူ 

စီးပွားရေး လုပ်ကြမယ်ဆိုရင် 

ခန်ကုတင်တစ်လုံး ဆောက်လုပ်ရတိုင်း 

ရတဲ့ အမြတ်ငွေရဲ့ ၅% ကို ကျွန်တော် လိုချင်ပါတယ် ပြီးတော့ ဦးလေးသာ ကျွန်တော်တို့ကို ယုံကြည်ပြီး လက်တွဲမယ်ဆိုရင် နောက်ပိုင်းမှာ အခြားအသုံးဝင်တဲ့ ပရိဘောဂပုံစံအသစ်တွေ၊ ဥပမာ- လက်တွန်းလှည်း​တွေ၊ ဘီးတပ်ကုလားထိုင်တွေလိုမျိုးကိုလည်း ကျွန်တော် ပြောပြပေးနိုင်ပါတယ်"


ဦး​​လေးကျင်းက စဉ်းစားလိုက်သည်။ သူ၏စိတ်ထဲတွင် လတ်တ​လော အဖြစ်အပျက်များ ပြန်လည်ပေါ်လာခဲ့သည်။ ဤ​ကောလေး၏ စိတ်ကူးများသည် ထူးဆန်းသော်လည်း စွဲဆောင်မှုတော့ ရှိသည်။ 


လွန်ခဲ့သည့် လအနည်းငယ်က ​အသီးအနှံများနှင့်ပန်းဂေါ်ဖီလို အသစ်အဆန်းများကို စျေးထဲတွင် အောင်မြင်အောင် ရောင်းချနိုင်ခဲ့သည်ကို သူကြားထားခဲ့သည်။ ထိုအချိန်က ရွာသူရွာသားများပင် ထိုအသီးအရွက်များကို အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည်။ 


ထိုမျှသာမက၊ လုဖုန်းကိုယ်တိုင်ကပင် သူ၏ဇနီးအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်ကိုလည်း ဦး​လေးကျင်း သတိထားမိသည်။ ဤကလေးငယ်၏ ဉာဏ်ကို ဦးကျင် လျှော့မတွက်ရဲချေ။ သူ့မျက်နှာတွင် သဘောတူညီချက်၏ အရိပ်အယောင်များ ပေါ်လာသည်။


"ကောင်းပြီ ကောင်လေး 

ငါ့သားကလည်း လုဖုန်းရဲ့သူငယ်ချင်း

သူက လုဖုန်းကိုယုံတယ်

လုဖုန်းကလည်း မင်းကို ယုံကြည်တာဆိုတော့ 

ငါလည်း မင်းကို ယုံကြည်ကြည့်မယ်" 


ဦး​လေးကျင်းက ပြောလိုက်သည်။ သူ့အသံမှာဆုံးဖြတ်ချက် ခိုင်မာမှုအပြည့် ပါဝင်နေသည်။ 


"မင်းရဲ့ စိတ်ကူးတွေကို 

ငါ အကောင်အထည်ဖော်ပေးမယ် 

အမြတ်ငွေ ၅% ကိုလည်း ငါ သဘောတူပါတယ်"


ရှောင်ယွမ်နှင့် လုဖုန်းတို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို၏မျက်နှာများတွင် ပျော်ရွှင်မှုအပြည့် ပေါ်လွင်နေသည်။ ဦး​လေးကျင်းက သူတို့နှင့်အတူတူ လက်တွဲဖို့ သဘောတူလိုက်ပြီဖြစ်သောကြောင့် သူတို့၏ ခန်ကုတင် စီးပွားရေးအိပ်မက် စတင်အကောင်အထည် ပေါ်တော့မည်ပင်။ နွေးထွေးသော လက်ချင်းဆုပ်မိကြရင်း အနာဂတ်၏ ကြီးမားသော အခွင့်အရေးကို မြင်ယောင်နေခဲ့ကြသည်။


ဦး​လေးကျင်းနှင့် ​ဆွေး​နွေးပြီး​နောက် ရှောင်ယွမ်နှင့် လုဖုန်းတို့က လင်းဟန်နှင့် ရှောင်ပိုင်ကို အမေလင်းအိမ်မှ ပြန်ခေါ်လာခဲ့သည်။ 


ကလေးများသည် တစ်နေ့တာလုံး ကစားထားသဖြင့် ပျော်ရွှင်ကြည်နူးနေကြသည်။ အိမ်ထဲသို့ ဝင်သည်နှင့် ရှောင်ပိုင်လေးက ရှောင်ယွမ်ဆီသို့ ပြေးဝင်လာပြီး သူ့ခြေထောက်ကို ဖက်တွယ်လိုက်သည်။


"အစ်ကိုယွမ်! အစ်ကိုယွမ်!" 


ရှောင်ပိုင်လေးက အသံသေးသေးလေးနှင့် ပြောသည်။


"ဒီနေ့ အဒေါ်ကြီးအိမ်က 

ကြက်ကလေးတွေကို လိုက်ဖမ်းတယ်"


"ဟမ် ကြက်တွေကို ဖမ်းလို့ရလို့လား" 

ရှောင်ယွမ်က ပြုံးရယ်ရင်း မေးလိုက်သည်။ သူ၏မျက်လုံးများက ကလေးငယ်၏ ဖြူစင်မှုကို ကြည့်ကာ နူးညံ့နေသည်။


"မဖမ်းရဘူးတဲ့ အစ်ကိုယွမ်ရဲ့

ဒါပေမယ့် သားတို့ ပြေးဖမ်းကြည့်တာ

ကြက်ပိစိ​လေးတွေက အရမ်းမြန်တာပဲ!" 


ရှောင်ပိုင်လေးက မျက်လုံးလေးတွေ ဝိုင်းစက်ကာ သူ့ရဲ့ တစ်နေ့တာ အတွေ့အကြုံကို တီတီတာတာ ပြောပြသည်။ သူ့ပုံစံလေးက ချစ်စရာကောင်းလှသည်။ 


"ဖုယွီကလည်း သားနဲ့အတူတူ 

ကြက်က​လေး​တွေလိုက်ဖမ်း​ပေးတယ် 

သားတို့ ကစားတာ ပျော်စရာကြီး!"


လင်းဟန်ကလည်း စိတ်ပျက်လက်ပျက်လေး ပြောသည်။


"ကျွန်တော်နဲ့ ဖုကျောင်းတို့ 

ဒီနေ့ ရွာထိပ်က စမ်းချောင်းမှာ ငါးသွားဖမ်းကြတယ် ဒါပေမယ့် မမိဘူး အစ်ကိုယွမ်

ကျွန်​တော်ကို ငါးဖမ်းနည်းသင်​ပေးပါ"


"ဖုကျောင်းကလည်း ငါးမဖမ်းတတ်ဘူးတဲ့"


ရှောင်ယွမ်က ရယ်မောရင်း ချော့မော့လိုက်သည်။


"အေးပါကွာ နောက်တစ်ခါ 

အစ်ကို လိုက်ပြပေးမယ်နော် 

ငါးဘယ်လိုဖမ်းရလဲဆိုတာ"


ကလေးများ၏ တီတီတာတာ စကားသံလေးများကြောင့် အိမ်လေးက ပိုပြီး အသက်ဝင်လာသလိုပင်။ တစ်နေ့တာလုံး ပင်ပန်းလာသမျှ ရှောင်ယွမ်နှင့် လုဖုန်းတို့လည်း ကလေးများပျော်နေသည်ကို မြင်တော့ စိတ်ချမ်းသာရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်မှုနှင့်ဖြင့် ပြည့်နှက်နေခဲ့သည်။