အခန်း (၂၇)
ညဉ့်နက်သန်းခေါင် ကလေးများ အိပ်မောကျနေချိန်တွင် လုဖုန်းနှင့် ရှောင်ယွမ်တို့က စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ မီးခွက်၏ မှိန်ပျပျအလင်းရောင်အောက်တွင် သူတို့၏ မျက်နှာများကအလေးအနက် ဖြစ်နေကြပြီး စိုးရိမ်သည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။
"လုဖုန်း
ကျွန်တော်တို့ နေရာလွတ်ထဲက
အသီးအနှံတွေက အရမ်းထူးခြားလွန်းတယ်
တစ်နေ့နေ့ကျရင် တစ်ယောက်ယောက်က
လာပြီး စုံစမ်းတာမျိုး ဖြစ်လာနိုင်တယ်"
ရှောင်ယွမ်က စိုးရိမ်တကြီး ပြောသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ထင်ရှားနေပြီး မျက်ခုံးများပင် တွန့်ချိုးထားသည်။
"အင်း ဒါဆို ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ"
လုဖုန်းလည်း ရှောင်ယွမ်ပြောသည်ကို နားလည်သည်။ သူတို့ ရရှိနေသော အသီးအနှံများသည် အလွန်အကျွံ ထူးခြားနေပြီး ရွာသူရွာသားများ၏ သဘာဝအလျောက် ရိတ်သိမ်းရရှိသည့် အသီးအနှံများနှင့် မတူညီသည်မှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ သူ၏မျက်နှာတွင်လည်း စဉ်းစားရကျပ်နေသော အမူအရာပေါ်လာသည်။
"ကျွန်တော်တို့ ခြံနောက်ဖေးက
မြေကွက်အလွတ်လေးကို ထွန်ယက်ပြီး
စိုက်ခင်းလေး လုပ်ထားရအောင်"
ရှောင်ယွမ်က အကြံပေးလိုက်သည်။
သူ၏မျက်လုံးများက ရုတ်တရက်ဆိုသလို
တောက်ပသွားပြီး အကြံဥာဏ်များပေါ်လာသည်။
"ပြီးရင် နေရာလွတ်ထဲက
အပင်ပေါက်လေးတွေကို ရွှေ့ပြီး
ခြံနောက်ဖေးက မြေကွက်ထဲမှာ စိုက်လိုက်မယ်
ပြီးတော့ နေရာလွတ်ထဲက စမ်းရေနဲ့ လောင်းပေးမယ်ဆိုရင် အပင်တွေက မြန်မြန်ကြီးပြီး
အသီးတွေလည်း အမြန်သီးလာမှာပဲ
တစ်ယောက်ယောက်က လာစစ်ဆေးခဲ့ရင်
ဒါတွေက ကျွန်တော်တို့ရဲ့ ခြံနောက်ဖေးက
စိုက်ခင်းကနေ ရတာလို့ ပြောလို့ရတာပေါ့
ဒါဆို ဘယ်သူမှ သံသယ မဝင်တော့ဘူးလေ။"
လုဖုန်းက ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင်ကျေနပ်သည့်အပြုံးလေး ပေါ်လာသည်။
"ကောင်းတယ်
ဒါက အန္တရာယ်ကင်းတဲ့ နည်းလမ်းပဲ
မင်းရဲ့ဉာဏ်က တကယ်ကို အံ့ဩစရာပဲ
ရှောင်ယွမ်ရာ"
သူ၏ ဇနီးသည်၏ ဉာဏ်ရည်ကို သူ အမြဲတမ်း အံ့သြချီးကျူးမိသည်။ ပြဿနာတိုင်းအတွက် အဖြေတစ်ခု အမြဲတမ်း ရှာတွေ့တတ်သူဖြစ်သည်။
"မနက်ဖြန် မနက်စောစောကျရင်
ကိုယ်တို့ အဲ့ဒီ မြေကိုထွန်ယက်ကြမယ်
အခုတော့ အိပ်ကြစို့"
နောက်တစ်နေ့ မနက်စောစောတွင် လုဖုန်းနှင့် ရှောင်ယွမ်တို့သည် ခြံနောက်ဖေးက မြေကွက်ကို စတင်ထွန်ယက်ကြသည်။ မြေကြီးက တော်တော်လေး မာကျောသော်လည်း လုဖုန်း၏ သန်မာသော လက်များကြောင့် အချိန်အကြာကြီး မယူလိုက်ရချေ။
"လုဖုန်း ဒီအတိုင်းဆို ခင်များက
အတော်ဆုံး တောင်သူလယ်သမားဘွဲ့ကို
ရတော့မယ်နော်"
ရှောင်ယွမ်က စနောက်လိုက်သည်။
"ဟား ဟား ဒါဆိုရင်တော့
ကိုယ်က ဇနီးလေးရဲ့စကားကို
လိုက်နာနေရတဲ့လယ်သမားပါဗျာ
အနာခံတတ်ဆုံး တောင်သူလယ်သမားဘွဲ့
ကိုပဲရလိမ့်မယ်"
လုဖုန်းက ပြန်နောက်ရင်း
ချွေးတွေကို သုတ်လိုက်သည်။
"ဒါပေမဲ့ ဒီမြေကွက်ကြီးကို
ထွန်ပြီးသွားရင်တော့ ခင်ဗျားက
ကမ္ဘာ့အချောဆုံး လယ်သမားတစ်ယောက်
ဖြစ်သွားပြီပဲ"
လုဖုန်း၏ကြွက်သားများက တင်းမာနေသော်လည်း
မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးများ ရှိနေခဲ့သည်။ မြေကြီးကို ညက်ညက်ထွန်ပြီးတော့ ရှောင်ယွမ်က နေရာလွတ်ထဲမှ ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲတောင့်ရှည်၊ ငရုတ်သီး အစရှိသည့် အပင်ပေါက်လေးများကိုထုတ်ပြီး မြေကြီးထဲ စိုက်လိုက်သည်။ အပင်ငယ်လေးတွေက လက်ဖဝါးတစ်ဝက်စာလောက်သာ ရှိသေးသည်။
ထို့နောက် စမ်းရေအနည်းငယ်ကို တိုက်ရိုက်
လောင်းပေးလိုက်သည်။ အပင်လေးများက ချက်ချင်းဆိုသလို စိမ်းလန်းစိုပြည်လာပြီး အညှာတံလေးတွေ ဝါးလုံးလို တောင့်တင်းလာသည်။ ဤမြင်ကွင်းကြောင့် ရှောင်ယွမ်ကိုယ်တိုင်ပင် အံ့သြသွားရသည်။ စမ်းရေ၏အစွမ်းကို သိနှင့်ပြီးသားဖြစ်သော်ငြား နေရာလွတ်ပြင်ပမှာပင် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူမထင်ထားမိခဲ့ချေ။ မျက်လုံးများပြူးကျယ်သွားပြီး ခဏတာ ဆွံ့အသွားရသည်။
လင်းဟန် နှင့် ရှောင်ပိုင် တို့ နိုးလာသောအခါ
သူတို့၏ အစ်ကိုကြီးနှင့် မရီးက အပင်များ စိုက်သည်ကို မြင်သောအခါ ဝမ်းသာအားရ ပြေးလာကြသည်။ သူတို့က မျက်လုံးလေးများ ဝိုင်းစက်ကာ စိတ်ဝင်တစား ကြည့်နေကြသည်။
"အစ်ကိုကြီး အစ်ကိုယွမ် ဘာစိုက်နေတာလဲဟင်"
ရှောင်ပိုင်လေးက တီတီတာတာ အသံလေးဖြင့် မေးသည်။ သူ၏လက်သေးသေးလေးတွေက အပင်တွေကို လှမ်း၍ညွှန်ပြနေသည်။
"သားတို့ စားဖို့ အသီးအရွက်တွေ စိုက်နေတာလေ"
ရှောင်ယွမ်က ပြုံးရယ်ပြီး ပြန်ဖြေသည်။ သူ့မျက်နှာမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံနေသည်။
"အစ်ကိုယွမ်တို့ကို့ လာကူပေးမလား"
"ကူမယ်! ကူမယ်!"
ရှောင်ပိုင်လေးက လက်ခုပ်တီးပြီး ပြောသည်။ သူ၏မျက်နှာလေးမှာ ပျော်ရွှင်မှုအပြည့်ဖြင့် ဖြစ်နေပြီး စိတ်လှုပ်ရှားကာ တစွစွ ခုန်ပေါက်နေခဲ့သည်။ သူက ရှောင်ယွမ်ထံပြေးသွားပြီး အင်္ကျီစကို ဆွဲကာ တစာစာ ပြောတော့သည်။
"သားလည်း ကူညီပေးမယ်
ပေါင်းပင်တွေ ကူနုတ်ပေးမယ် နော် နော်"
လင်းဟန်ကလည်း ဘေးနားက ရေပုံးကိုယူကာ အပင်များကို ရေလောင်းပေးသည်။ သူက ပုံးကို ဂရုတစိုက် ကိုင်ပြီး သေချာရေလောင်းနေပုံက တကယ်ကို လေးနက်နေသည်။ သို့သော်လည်း ရေပုံးက သူ့အတွက် အနည်းငယ်ကြီးနေရာ ရေအချို့က အပင်ပေါ် မကျဘဲ မြေကြီးပေါ်သာ ဖိတ်စင်ကျသွားတတ်သည်။
ရှောင်ပိုင်လေးက သူ၏လက်သေးသေးလေးများဖြင့်မြေကြီးထဲမှ မြက်ပင်သေးသေးလေးများကို ဆွဲနုတ်နေခဲ့သည်။ သူက မြေကြီးပေါ်တွင် လေးဘက်ထောက်ကာ အပင်များကို အားရပါးရ ဆွဲနှုတ်နေပြီးရှောင်ယွမ်ကို တက်တက်ကြွကြွ ကူညီနေသည်။
"အစ်ကိုယွမ် ဒါလေးက မလိုဘူးမလားဟင်"
ရှောင်ပိုင်ကပြောရင်း မလိုအပ်သည့် ပေါင်းပင်အစား ပေါင်းပင်နှင့် ခပ်ဆင်ဆင်တူသည့် အပင်ငယ်လေးများကိုပါ နုတ်ဖို့ ကြိုးစားနေသည်။
"အား ရှောင်ပိုင်ရေ
အဲ့ဒါက အစ်ကိုတို့စိုက်တဲ့
ခရမ်းချဉ်ပင်လေးလေ ပေါက်စရဲ့
နုတ်ပစ်လို့ ဘယ်ဖြစ်မလဲ
ပေး အစ်ကိုပြန်စိုက်ပေးမယ်"
ရှောင်ယွမ်တစ်ယောက် ကလေး၏လက်ထဲက အပင်လေးက ပြန်ယူကာစိုက်ရင်း ရယ်နေမိသည်။
ရှောင်ပိုင်လေးကတော့ နားမလည်သည့် မျက်နှာလေးနှင့်မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း သူ၏လက်ထဲမှ ခရမ်းချဉ်ပင်ပျိုးပင်လေးကို ကြည့်ကာ ခပ်တိုးတိုးလေး ပြန်ပြောသည်။
"ဒါက မြက်ပင်နဲ့ တူတယ်လေ အစ်ကိုယွမ်ရဲ့"
ရှောင်ယွမ်က ရယ်မောရင်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
လုဖုန်းကလည်း ကလေးတွေကို ကြည့်ပြီး ပြုံးနေမိသည်။ သူက မြေကြီးထဲက ပေါင်းပင်အမြစ်များကို ရှင်းထုတ်ပေးသည်။ တစ်ခါတစ်ရံ ကလေးများနှင့် စကားပြောရင်း တစ်မိသားစုလုံး အလုပ်လုပ်နေကြသည်။
"လင်းဟန် ရေလောင်းတာ တော်လိုက်တာကွာ
ဒါပေမယ့် ရေပုံးကို နည်းနည်းလေး ငဲ့ပြီး
လောင်းတာ ပိုကောင်းတယ်
အပင်လေးတွေ ရေမဝရင် ညှိုးသွားလိမ့်မယ်"
လင်းဟန်က မော့ကြည့်ပြီး သေချာနားထောင်သည်။ နောက်တစ်ကြိမ် ရေလောင်းသည့်အခါ ပိုပြီး ဂရုစိုက်လောင်းခဲ့သည်။
ရှောင်ပိုင်လေးက မြေကြီးပေါ်တွင် ထိုင်ချပြီး ရွှံ့များကို လက်နှင့်ပွတ်သပ်နေခဲ့သည်။ သူ၏လက်ချောင်းလေးများကြားတွင် ရွှံ့များကို ဖျစ်လိုက် လုံးလိုက်နှင်ပျော်နေသည့်ပုံပင်။ ရုတ်တရက် သူ၏မျက်နှာသို့ ရွှံ့တစ်စက် စင်သွားကာ နှာခေါင်းထိပ်တွင် ကပ်တင်နေသည်။
၎င်းအား လင်းဟန် မြင်သောအခါ ရယ်လေတော့သည်။
"ရှောင်ပိုင်ရေ ဟားဟားဟား
မင်း နှာခေါင်းမှာ ရွှံ့ကပ်နေတယ်
ရှောင်ပိုင် ပေတာတူး ပေတာတူး"
"ဟင် ရွှံ့လား
ရှောင်ပိုင်က ပေတာတူးမဟုတ်ဘူး
သားက အစ်ကိုယွမ်ရဲ့ မွှေးမွှေးနဲ့ရေချိုးတယ်!"
ရှောင်ပိုင်က အော်ပြောရင်း သူ၏နှာခေါင်းကို လက်ဖြင့် ပွတ်လိုက်သည့်အခါ ရွှံ့က ပိုပြီး ပေကျံသွားခဲ့သည်။ ရှောင်ယွမ်က သူတို့ကိုကြည့်ပြီး ရယ်မောကာ အဝတ်ဖြင့်သုတ်ပေးလိုက်ရသည်။
မိသားစုလေးယောက်သား ခြံနောက်ဖေးလေးမှာ အတူတူ အလုပ်လုပ်နေကြသည့် မြင်ကွင်းက တကယ်ကို ချစ်စရာကောင်းပြီး နွေးထွေးလှသည်။ နေရောင်ခြည်က သူတို့အပေါ် နွေးထွေးစွာ လွှမ်းခြုံကျနေသည်။ လတ်ဆတ်သော လေကောင်းလေသန့်က သူတို့ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ငှက်ကလေးများ၏တေးသံကလည်း နောက်ခံတေးဂီတသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းနေသည်။
ဤခြံနောက်ဖေးမှ စိုက်ခင်းလေးက သူတို့မိသားစု၏ လျှို့ဝှက်ချက်လေးတစ်ခု အဖြစ်
တည်ရှိနေဦးမည်လား သို့မဟုတ် တစ်ယောက်ယောက်က လာ၍ဖော်ထုတ်မည်လားဆိုတာ မည်သူမျှ မပြောနိုင်သေးပေ။