အခန်း (၂၈)
ယနေ့ နံနက်ခင်းတွင် ရှောင်ယွမ်တို့ မိသားစုလေးကနွားလှည်းလေးနှင့်အတူ မြို့စျေးသို့ ထွက်ခဲ့ကြသည်။ ဤခရီးစဥ်လေးက ထူးခြားသည့် ခရီးစဉ်လေးတစ်ခုဖြစ်သည်။ အကြောင်းအရင်းမှာ မြို့သို့ မရောက်ဖူးသေးသည့် လင်းဟန်နှင့် ရှောင်ပိုင်လေးတို့အား စျေးသို့ခေါ်သွားမည်ဖြစ်သည်။
ကလေးနှစ်ယောက်မှာ မြို့သွားရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် လင်းဟန်ကအလွန်စိတ်ဝင်စားနေသည်။ သူ၏အစ်ကိုကြီး စျေးရောင်းသွားစဥ်က သူလည်း စျေးကို ရောက်ဖူးချင်ခဲ့သည်။ သူ၏အစ်ကိုကြီးနှင့်မရီးတို့အား ကူညီ၍စျေးရောင်းပေးချင်သည်။ လင်းဟန်သည် သူတို့၏မိသားစုစီးပွားရေးတွင် ပါဝင်ကူညီပေးလိုခဲ့သည်။
ရှောင်ယွမ်နှင့် လုဖုန်းတို့က အမေလင်းဆီမှ ခြင်းနှစ်ခုကိုပါ ထပ်ငှားလာပြီး အသီးအရွက်များကို အကြီးအကျယ် ရောင်းချရန် စီစဉ်ထားသည်။ သူတို့မျှော်မှန်းထားသည်ကတော့ သူတို့၏လုံ့လနှင့်ကြိုးစားအားထုတ်မှုများကို ပေါင်းစပ်ပြီး ဝင်ငွေကောင်းကောင်း ရရှိရန်ပင်။ နွားလှည်းလေးပါသည့်အတွက် ခြင်းများကိုလိုအပ်သလို သယ်နိုင်ပြီး ယခင်ကထက်ပို၍ ရောင်းချနိုင်တော့မည်ဖြစ်သည်။
မြို့သို့ တစ်ခါမျှ မရောက်ဖူးသည့် လင်းဟန်နှင့် ရှောင်ပိုင်တို့အတွက် ဤခရီးက တကယ့်ကို ထူးခြားသည့် စွန့်စားခန်းတစ်ခုလိုပင် ဖြစ်နေသည်။
သူတို၏ မျက်လုံးလေးများ ဝိုင်းကာ လမ်းတစ်လျှောက်လုံး မြင်မြင်သမျှကို စူးစမ်းကြည့်ရှုရင်းပျော်ရွှင်နေကြသည်။ လယ်ကွင်းပြင်စိမ်းစိမ်းများ၊ လေယူရာယိမ်းနွဲ့နေသည့် သစ်ပင်တောတန်း၊ မြင့်မားသည့် တောင်တန်းကြီးများနှင့် ကောင်းကင်ပြာကြီးပေါ်က တိမ်တိုက်ဖြူဖြူများသည် သူတို့အတွက်တော့ ပန်းချီကားတစ်ချပ်လိုပင်ဖြစ်နေသည်။
လင်းဟန်က သူ့လက်ညှိုးလေးနှင့် တိမ်တိုက်များကို ထိုးပြရင်း စိတ်လှုပ်ရှားစွာ အော်ပြောသည်။
"အစ်ကိုကြီး ၊အစ်ကိုယွမ် ဟိုမှာ ကြည့်ပါဦး
တိမ်တွေက ဘယ်လောက်တောင် လှလိုက်လဲ
ရွာရဲ့အပြင်ဘက်က ဒီလောက်လှပမှန်း မသိခဲ့ဘူး
အစ်ကိုကြီး နောက်တစ်ခါ စျေးရောင်းထွက်ရင်
ကျွန်တော်ရော လိုက်ခဲ့လို့ရမလား
ကျွန်တော် ကူညီပေးချင်တယ်"
လင်းဟန်၏စကားကို ရှောင်ယွမ်က ကြားဖြတ်၍ ဝင်ဖြေပေးလိုက်သည်။
"လင်းဟန်က လူကြီးလေးဆိုတော့
သားညီလေး ရှောင်ယွမ်နဲ့ အမေလင်းကို
စောင့်ရှောက်ဖို့ အိမ်မှာနေခဲ့ရမယ်လေ
သားမရှိရင် ရှောင်ယွမ်တို့၂ယောက်ထဲဖြစ်နေမှာ
အစ်ကိုတို့ ဘယ်စိတ်ချရပါ့မလဲနော်
သားရှိနေမှ ရှောင်ယွမ်လည်း အဖော်ရမယ်
အစ်ကိုနဲ့လုဖုန်းလည်း စိတ်ဖြောင့်ဖြောင့်
စျေးရောင်းထွက်လို့ရတာပေါ့"
အမှန်တကယ်က လင်းဟန်လေးအား စျေးသို့မလိုက်စေချင်သေးပေ။ သူ့အား ကလေးဘဝပျော်ရွှင်မှုများ ခံစားစေချင်သည်။ အသက် ၁၁နှစ်အရွယ် ကလေးအဖြစ် ပျော်ရွှင်စေချင်သည်။ လင်းဟန်လေးအား မြှောက်ပင့်ပြော၍ ချီးကျူးပေးလိုက်သည်။
ရှောင်ပိုင်ကတော့ စကားသိပ်မပြောတတ်သူပီပီ မျက်လုံးလေးများ ဝိုင်းကာ လိုက်ကြည့်နေပြီး
ခေါင်းလေးတငြိမ့်ငြိမ့်နှင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ပွင့် ပန်ဆင်ထားသည်။
နွားလှည်း၏ တကျွိကျွိမြည်သံ၊ တခွပ်ခွပ် ခွာသံများနှင့်အတူ မနက်ခင်း၏လေပြည်နုနုက သူတို့၏ပါးပြင်ကို ညင်သာစွာ ဖြတ်တိုက်သွားသည်။
မြို့စျေးကို ရောက်သည့်အခါ လူသံ၊ ပစ္စည်းရောင်းဝယ်သံတွေ ဆူညံနေပြီး မုန့်အနံ့အမျိုးမျိုးနှင့် လူများစည်ကားနေသည်ကို တွေ့လိုက်ရသောအခါ ကလေးနှစ်ယောက်လုံး အံ့သြတကြီး ဖြစ်သွားကြသည်။
ရောင်စုံအထည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းမျိုးစုံရောင်းသည့် ဆိုင်တန်းများက သူတို့အတွက်တော့ တကယ့်ကို ထူးဆန်းသည့် ကမ္ဘာကြီးဖြစ်နေသည်။ မြေပြင်တွင် ခင်းကျင်းထားသည့် ဆေးပင်၊ဆေးမြစ်များ၊ပန်းများ၊ဟင်းသီးဟင်းရွက်နှင့် အသားငါးများ၏ ရနံ့များက ပေါင်းစပ်နေပြီး မြို့စျေး၏ကိုယ်ပိုင်ရနံ့တစ်ခုကို ဖြစ်ပေါ်စေသည်။
ရှောင်ယွမ်နှင့် လုဖုန်းတို့က နွားလှည်းကို သူတို့ရောင်းနေကျ နေရာဘေးတွင်သာ ကျကျနန ရပ်ပြီး အသီးအရွက်တွေကို စတင်ရောင်းချကြသည်။ အမေလင်းဆီမှ ငှားလာသည့် ခြင်းနှစ်ခုအပြည့် ပဲတောင့်ရှည်၊ သခွားသီး၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ အစရှိသဖြင့်အစုံပါလာသောကြောင့် ယခင်ထက် ပို၍ရောင်းကောင်းရန် မျှော်လင့်ထားကြသည်။
သူတို့၏မျှော်လင့်ချက်အတိုင်းပင် စျေးစရောင်းလိုက်သည်နှင့် ၎င်းတို့အား မသိသူမရှိသလောက် ဖြစ်နေရာ စျေးဝယ်သူများက ဝိုင်းလာကြသည်။
"ကောင်လေးတို့ရေ
မနေ့က ဘာလို့ စျေးမထွက်တာလဲ
မင်းတို့ဆီက အသီးအရွက်တွေ ဝယ်မလို့
စောင့်နေရတာ ကြာလှပြီ"
အဒေါ်ကြီးတစ်ဦးက ပြုံးရွှင်စွာ ပြောသည်။
"ဟုတ်ပါ့ ပန်းဂေါ်ဖီတွေက အရမ်းအသုံးဝင်ပြီး
စားလို့ကောင်းတယ် အရင်ရက်တွေက
မတွေ့လို့ စိတ်တောင် ပျက်နေတာ"
နောက်တစ်ယောက်က အားတက်သရော ပြောသည်။ သူတို့၏ အသီးအရွက်တများက တခဏလေးအတွင်း ရောင်းမလောက်အောင် ဖြစ်ကုန်သည်။ ကြေးပြားများက သူတို့၏တောင်းထဲတွင်တဖြည်းဖြည်း တိုးလာပြီး ပျော်ရွှင်ခြင်းအပြုံးတွေကလည်း သူတို့မျက်နှာမှာ ထွန်းလင်းလာသည်။ လင်းဟန်ကလည်း အလွန်အကူအညီပေးသည်။ စျေးဝယ်များထံသို့ ပစ္စည်းများထုပ်ပိုးပေးပြီး ငွေသိမ်းရာတွင်လည်း ကူညီပေးသည်။
"အစ်ကိုကြီး ဟိုမှာ ကြည့်ပါဦး!"
ထိုစဉ် လင်းဟန်က ရုတ်တရက် လက်ညှိုးထိုးပြသည်။
ရှောင်ယွမ်လှည့်ကြည့်လိုက်သည့်အခါ လူအုပ်ကြီးကြားထဲတွင် မျက်လှည့်ပြနေသူတစ်ဦးကို တွေ့လိုက်ရသည်။ ရှေးဟောင်း တရုတ်ပြည်၏နာမည်ကြီး မျက်လှည့်ပညာရှင်များထဲက တစ်ဦးဖြစ်သည့်
ဝူကျန်မင်း၏ နည်းပညာများနှင့် ဆင်တူသည့် ပြကွက်တွေကို ပြသနေသည်။
ပန်းကန်လုံးအောက်က ငါးပျောက်သွားတာ၊ လက်ဖဝါးထဲကနေ ရေတွေ ထွက်လာတာမျိုးတွေက ကလေးတွေအတွက်တော့ တကယ့်ကို အံ့သြစရာကောင်းနေခဲ့သည်။
ဝတ်စုံအနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာတွင် ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်ဖော်ထားသည့် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသော မျက်လှည့်ဆရာက သူ၏ပရိသတ်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူ၏ရှေ့က သစ်သားစားပွဲငယ်လေးပေါ်တွင် ကြွေအိုးအလွတ်တစ်လုံးနှင့် သားရေအိတ်သေးသေးလေးတစ်ခု တင်ထားသည်။
မျက်လှည့်ဆရာက ပရိသတ်ကို လက်ကာပြပြီး တိတ်ဆိတ်သွားအောင် အချက်ပြလိုက်သည်။ ထို့နောက် သူက ကြွေအိုးအလွတ်ကို ပရိသတ်ထံသေချာလှည့်ပတ်ပြသပြီး ဘာမှမရှိကြောင်း သက်သေပြသည်။ လင်းဟန်နှင့်ရှောင်ပိုင်တို့က မျက်လုံးလေးများ ပြူးကာ စိတ်လှုပ်ရှားစွာနှင့် စောင့်ကြည့်နေကြသည်။
မျက်လှည့်ဆရာက သားရေအိတ်ထဲမှ အစေ့အနည်းငယ်ကို ထုတ်ယူလိုက်ပြီး သူ၏လက်ဖဝါးပေါ်မှာ တင်ကာ ပရိသတ်ကို ပြသည်။ အစေ့များက သာမန် ဆန်စေ့အရွယ်အစားဖြစ်သော်လည်း အရောင်မှာ နီညိုရောင် သန်းနေသည်။
"ကြည့်ကြပါခင်ဗျာ... ဒီအစေ့လေးတွေကို ကျွန်တော် ကြွေအိုးထဲကို ထည့်လိုက်မယ်"
မျက်လှည့်ဆရာက ပြောပြီး အစေ့များကို ကြွေအိုးထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်သည်။ ထို့နောက် သူက အိုး၏အဝကို လက်ဝါးနှင့် အုပ်လိုက်ပြီး တီးတိုးရေရွတ်သံများ ပြုလုပ်နေသည်။
လူအုပ်ကြီးထဲတွင် တချို့က အံ့အားသင့်နေပြီး တစ်ချို့က မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။ တခဏအကြာတွင် မျက်လှည့်ဆရာက သူ၏လက်ကို အိုးပေါ်က ဖယ်လိုက်သည့်အခါ အားလုံး အံ့အားသင့်သွားကြရသည်။
အိုးထဲတွင် အစေ့လေးများအစား နီရဲတောက်ပပြီး မွှေးကြိုင်သည့် ပန်းပွင့်လေးများ ပွင့်နေသည်ကို တွေ့လိုက်ရသည်။ ပန်းပွင့်လေးတများက အိုး၏အပြင်ဘက်သို့ လျှံထွက်လာသည်အထိ များပြားလှသည်။
"ဝါး မိုက်လိုက်တာ
အစ်ကိုကြီး မြင်လား အစ်ကိုယွမ် မြင်လိုက်လား
သူဘယ်လိုလုပ်လိုက်တာလဲ"
လင်းဟန်က ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီး မေးသည်။ ရှောင်ပိုင်ကလည်း လက်ခုပ်တီးကာ ပျော်ရွှင်နေသည်။
ပရိသတ်ထဲမှ အချို့ကလည်း "မယုံနိုင်စရာပဲ" "ဘယ်လိုများ လုပ်လိုက်တာလဲ" "ပန်းတွေကဘယ်ကရောက်လာတာလဲ" "အစေ့ကနေပန်းပွင့်တာလား" "တော်တယ်ကွာ" စသည့် အံ့သြ ချီးကျူးသံများ ဆူညံသွားသည်။ မျက်လှည့်ဆရာက ပြုံးပြီး ပန်းပွင့်များနှင့်အိုးကို ပရိသတ်ကို ထပ်မံလှည့်ပတ်ပြသသည်။
မျက်လှည့်ဆရာ ပြန်သွားသည်အထိ လင်းဟန်က စိတ်မပြေနိုင်စွာ မျက်လှည့်ပညာရှင်၏ ပြကွက်အကြောင်းကို ထပ်ခါထပ်ခါ မေးနေမိသည်။
"အစ်ကိုယွမ်
ဟိုလူကြီးက ပန်းတွေကို ဘယ်လိုလုပ်
အိုးထဲကနေ ထုတ်လိုက်တာလဲဟင်
အစေ့လေးတွေပဲ ထည့်လိုက်တာကိုး"
လင်းဟန်က သူမသိသည့်အရာများကို ချင်းယွမ်ထံမေးခဲ့သည်။ သူ၏စိတ်ထဲတွင် သူ၏အစ်ကိုကြီးကသာ အတော်ဆုံးဟုတွေးထားသော်လည်း သူ မသိနားမလည်တော့သည့်အခါ ချင်းယွမ်ကိုသာ မေးတတ်သည်။
ရှောင်ယွမ်က ရှောင်ပိုင်၏ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး လင်းဟန်အားရှင်းပြလိုက်သည်။
"အဲ့ဒါ မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက်ပဲ
တကယ်တော့ အိုးထဲမှာ ပန်းအစစ်တွေ အရင်ကတည်းက ရှိနေတာ"
လင်းဟန်က မျက်မှောင်ကြုတ်ပြီး ပြန်မေးသည်။
"ဟင်! ဘယ်လိုလုပ်
အရင်ကတည်းက ရှိနေနိုင်တာလဲ
ကျနော်တို့ အိုးထဲကိုသေချာကြည့်လိုက်တာပဲဟာ"
ရှောင်ယွမ်က ပြုံးကာ ရှင်းပြလိုက်သည်။
"အဲ့ဒါကိုက မျက်လှည့်ဆရာရဲ့ ကျွမ်းကျင်မှုပဲပေါ့
သူက အိုးရဲ့အတွင်းဘက်နံရံမှာ
ပန်းသေးသေးလေးတွေကို ကြိုပြီးကပ်ထားခဲ့တာ
ပထမ အိုးလွတ်ကို ပြတဲ့အခါမှာ အဲ့ဒီပန်းလေးတွေကို မမြင်ရအောင် ဖုံးထားလိုက်တယ်
ပြီးတော့ အစေ့တွေကို ထည့်လိုက်တဲ့ပုံစံလုပ်ပြီး
သူ့ရဲ့လက်နဲ့ အိုးကိုအုပ်လိုက်တဲ့ အချိန်လေးအတွင်းမှာ ကပ်ထားတဲ့ ပန်းလေးတွေကို
ဖြည်းဖြည်းချင်း ခွာချလိုက်တာ
အစေ့တွေကတော့ တကယ်တမ်း အရေးမပါဘူး အဓိကက အစေ့ကိုထည့်ပြီး လူတွေရဲ့အမြင်ကိုလှည့်စားလိုက်တာပဲ"
လင်းဟန်က နားထောင်ပြီး
တစ်ခဏမျှ စဉ်းစားနေခဲ့သည်။
"သြော် ဒါကြောင့် သူကလက်နဲ့ အိုးကို
အုပ်ထားတာကိုး ပြီးတော့
တီးတိုးရေရွတ်သံတွေ လုပ်နေတာက
သူ ပန်းကိုလက်ချောင်းနဲ့ခွာနေတာကို
သတိမထားမိအောင်လို့ အာရုံလွှဲပြောင်းဖို့ပေါ့"
လင်းဟန်က သဘောပေါက်သွားသည့်ပုံစံဖြင့် ပြောသည်။
"ဟုတ်တယ် မျက်လှည့်ပညာဆိုတာ အဲ့ဒီလိုပဲ
ရှေ့မှာမြင်နေရတဲ့အရာကို မယုံကြည်ရဘူး
နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အမြဲရှိတယ်
ဒါက သူတို့ရဲ့အတတ်ပညာ ကျွမ်းကျင်မှုပဲ"
လင်းဟန်က သူ၏မရီးအား ပို၍ပင်အထင်ကြီးသွားတော့သည်။ လုဖုန်းကလည်း ကြိတ်၍ ဂုဏ်ယူနေမိသည်။ သူ၏ဇနီးလေးက အလွန်တော်ပြီး ထက်မြက်လှပေသည်။
ကလေး၂ယောက်၏ မျက်လုံးထဲတွင် အံ့အားသင့်မှု နှင့် သိလိုစိတ်များ ပြည့်နှက်နေသည်ကို မြင်ရသည့်အခါ ရှောင်ယွမ်တို့ ပျော်ရွှင်ရသည်။ ဤကဲ့သို့ မြင်ဖူး၊ ကြုံဖူးခြင်းကသာ သူတို့၏ဘဝအတွေ့အကြုံကို ကျယ်ပြန့်စေမည်။ ၎င်းက လင်းဟန်ကို ပတ်ဝန်းကျင်အား သေချာလေ့လာဆန်းစစ်တတ်ရန် သင်ပေးနိုင်လိမ့်မည်ဟု ရှောင်ယွမ် ယုံကြည်သည်။